မမ

[၁၉]

မောင်မောင်လတ်နှင့် ကိုအောင်မိုးသည် မီးရထား ဟိုတယ်မှ ထွက်လာခဲ့ကြကာ မော်တော်ကား ထားရာဆီသို့ လျှောက်လာခဲ့ကြသည်။ သူတို့ နှစ်ယောက်သည် မီးရထား ဟိုတယ်ထဲတွင် ကျန်ရစ်ခဲ့သော ကိုသက်ဆွေ အကြောင်းကို ပြောလာကြသည်။

“လူတစ်ယောက်ကို အဝေးကနေပြီး ဆုံးဖြတ်ထားတာ မကောင်းဘူးနော်”

ကိုအောင်မိုးက ကိုယ့်အတွေးနှင့် ကိုယ် ပြောလိုက်သည်။ သူသည် ကို သက်ဆွေကို များစွာ အထင်သေးသူ ဖြစ်သည်။ ခင်သီသီ ကိစ္စကြောင့် လည်းကောင်း၊ မမနှင့် ပတ်သက်သည့် ကိစ္စကြောင့် လည်းကောင်း အလိုလို ကိုသက် ဆွေကို ရွံမုန်းခဲ့သည်။ ထိုမျှမက ကိုသက်ဆွေ ကိစ္စကြောင့်ပင် ခင်သီသီနှင့် ကတောက်ကဆ ဖြစ်ခဲ့ရသေးသည်။

ကိုအောင်မိုးနှင့် ခင်သီသီသည် လွန်ခဲ့သော သုံးလလောက်က စ၍ မန္တလေးသို့ ပြောင်းလာခဲ့ကြသည်။ ခင်သီသီမှာ ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်၍ ဒေါ် ညွန့်ညွန့်က မန္တလေးတွင် မွေးဖွားစေလိုသည်ဟု ဆိုသဖြင့် ဆင်းလာခဲ့ကြရ ခြင်း ဖြစ်၏။ ကိုအောင်မိုးသည် ဇီဇာကြောင်လှသော ဒေါ်ညွန့်ညွန့်နှင့် သဘောမတူသော်လည်း ခင်သီသီ စိတ်မကောင်းမည် စိုး၍ လိုက်လျောခဲ့သည်။

တစ်နေ့၌ ခင်သီသီသည် ဖခင် ဦးငွေခင်နှင့် အတူ နန်းတွင်းရှိ တပ်မင်းကတော် ခင်လှလှတို့ အိမ်သို့ သွားရောက် လည်ပတ်ရာတွင် ကိုသက်ဆွေနှင့် သွား၍ တွေ့နေလေသည်။ ခင်သီသီသည် ကိုသက်ဆွေကို မြင်တော့ အသက်ရှူမှားကာ ရှက်သွေးတွေ ဖြာလာသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်လာသည်။

ခင်သီသီသည် ကိုသက်ဆွေကို ပြုံး၍ နှုတ်ဆက်ကာ စကား တစ်လုံးစ နှစ်လုံးစ ပြောပြီး အသာပင် နေလိုက်သည်။ ကိုသက်ဆွေမှာ ဦးငွေခင်နှင့် စကားကောင်း နေသဖြင့်လည်း ခင်သီသီမှာ ကိုသက်ဆွေနှင့် စကားပြောချိန် မရတော့ဘဲ ခင်လှလှနှင့်သာ စကားကောင်းနေကြသည်။

ပြန်ခါနီးတော့မှ ခင်သီသီမှာ လောကဝတ် အနေဖြင့် ကိုသက်ဆွေကို လှမ်း၍ နှုတ်ဆက်လိုက်လေသည်။

အိမ်သို့ ရောက်လျှင် ခင်သီသီက ကိုသက်ဆွေနှင့် တွေ့ခဲ့ကြောင်းကို ကို အောင်မိုးအား ပြန်ပြောလိုက်သော အခါတွင် ကိုအောင်မိုးမှာ မျက်နှာကြီး နီ သွားသည်ကို သတိ ထားလိုက်မိရာက နှစ်ယောက်သား စကားနာတွေထိုးကာ ကတောက်ကဆ ဖြစ်ကြသည်။ နှစ်ရက်လောက် စိတ်ကောက်နေကြပြီးမှ ပြန်၍ တည့်သွားကြလေသည်။

ကိုအောင်မိုးသည် မီးရထား ဟိုတယ်တွင် ကိုသက်ဆွေကို တွေ့လိုက်သောအခါ နဂိုက ဓာတ်ခံသည် ပြန်၍ ပေါ်လာကာ တစ်စားပွဲတည်း လာထိုင်သည်ကိုပင် မကြိုက်သလို မျက်နှာထားနှင့် ကြည့်နေခဲ့သည်။ မောင်မောင်လတ် ကိုယ်တိုင်က သူ့ အစ်မ၏ နောက်ယောက်ျား ကိုသက်ဆွေကို ခင်ခင် မင်မင် နှုတ်ဆက် စကားပြောနိုင်သော်လည်း ကိုအောင်မိုးမှာ စကား မပြောနိုင်ဘဲ မှုန်သိုးသိုး ဖြစ်နေသည်။

အတော် ကြာ၍ ကိုသက်ဆွေက ကိုအောင်မိုးဘက်သို့ လှည့်၍ စကားစမြည် စပြောလာတော့မှ ကိုသက်ဆွေမှာ သူ ထင်သလောက် ရိုင်းစိုင်းသူ မဟုတ်ကြောင်းကို သိလာခဲ့သည်။ ကိုသက်ဆွေသည် ရိုးသား ပွင့်လင်းသူ တစ်ယောက် ဖြစ်မှန်း သိလာသည်။

ထိုမှ စ၍ ကိုသက်ဆွေ အပေါ်တွင် ကိုအောင်မိုး ထားရှိသော သဘော ထားမှာ ပြောင်းလဲ သွားခဲ့လေသည်။ ထို့ကြောင့် ကိုအောင်မိုးသည် သူ့ သဘောထားများကို မောင်မောင်လတ်အား ဖွင့်ပြောလိုက်ခြင်း ဖြစ်ပေသည်။

“ဟုတ်တယ်ဗျာ၊ ကျွန်တော်လည်း ဒီလူဟာ အကျင့်ပျက်တဲ့လူ သစ္စာမရှိတဲ့လူ ဆိုပြီး တော်တော် အထင်သေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ထင်သလောက်တော့ မဟုတ်ပါဘူး၊ ဖော်ရွေတယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်၊ သူ ယုံကြည်ရာကို သူ လုပ်ရဲတယ်၊ အစတုန်းကတော့ ကျွန်တော်လည်း စိတ်နာတာနှင့် မမဆီကိုတောင် မသွားဘူး၊ ကျွန်တော် မမဆီကို သွားတွေ့ဦးမှ ကောင်းမယ် ထင်တယ် ကိုအောင်မိုး၊ ခင်ဗျား လိုက်ခဲ့ပါ”

သူတို့ နှစ်ယောက်သည် ကားပေါ်သို့ တက်ကာ ထွက်လာခဲ့ကြသည်။

“ဗျာ”

ကိုအောင်မိုးမှာ သူ့အား မောင်မောင်လတ်က မမထံ ခေါ်သည်ကို မမျှော် လင့်ဘဲ ကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

“သူတို့ မန္တလေး ရောက်နေတယ် ဆိုတာ ကျွန်တော် သိတယ် ကိုအောင် မိုး၊ ဒါပေမဲ့ ကျွန်တော် ရှက်လည်းရှက် စိတ်လည်းနာ ဆိုတော့ သွားမတွေ့ ဘူး၊ လာတွေ့တာတောင် အတွေ့ မခံလိုက်ဘူး၊ ခုတော့ သွားတွေ့မှ ကောင်းမယ် ထင်တယ်၊ ခင်ဗျားပါ လိုက်ခဲ့ပါ”

“ကျွန်တော် လိုက်လို့ ကောင်းပါ့မလား”

ကိုအောင်မိုးက တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ သူတို့ မောင်နှမ တွေ့ကြရာတွင် လိုက်ပါ ကောင်းပါမည်လားဟုလည်း သံသယ ဖြစ်နေသည်။

“လိုက်ခဲ့ပါ၊ ကိစ္စ မရှိပါဘူး၊ ခင်ဗျားလည်း မမနှင့် မတွေ့ဖူးသေးဘူး မဟုတ်လား၊ ပြီးတော့မှ သူတို့ ကိစ္စဟာ ခုလိုကြီး တန်းလန်း ဖြစ်နေတာကိုလည်း ကျွန်တော် မကြိုက်ဘူးဗျာ၊ ဒီတော့ ဒီကိစ္စကိုလည်း ကျွန်တော် ပြောချင်တယ်၊ ခင်ဗျား လိုက်ခဲ့ရမယ်”

“ဘယ်လို အခြေအနေ ရောက်နေလို့လဲ”

“ဦးသက်ထွန်းနှင့် နှစ်ဦး သဘောတူ ကွာရှင်းရေး အတွက် ကျွန်တော် ကပဲ ကြားကဝင်နေတယ်၊ မတတ်နိုင်တော့ဘူးဗျာ၊ ရှက်စရာတော့ ကောင်းသားပဲ၊ ဒါပေမဲ့ ခုလို မပြတ်မစဲ ဖြစ်နေတာကြီးကြောင့် အရှက် ရတာနှင့် စာရင် ကိုယ်တိုင်ကြားဝင် လုပ်ပေးရတာက တော်သေးတယ်လို့ အောက်မေ့ရတာပဲ၊ ခုတော့ ဦးသက်ထွန်းကလည်း ကွာရှင်းပေးဖို့ သဘော တူလိုက်ပါပြီ၊ ဒါပေမဲ့ ကလေးကိစ္စကြောင့် အခက်တွေ့နေတယ်၊ ကွာရှင်း ပြီးရင်တော့ ကိုသက်ဆွေနှင့် လက်ထပ်ကြမယ် ထင်ပါရဲ့၊ ခုတော့ မမလည်း သူ့ဟာသူ ရှက်ပြီး ဘယ်မှလည်း မသွားဘူး၊ ဘယ်သူ့ကိုမှလည်း မတွေ့ဘူး၊ အတွေ့ လည်း မခံဘူး၊ ရီ တစ်ယောက်နှင့်ပဲ တွေ့သေးတယ်”

မောင်မောင်လတ်သည် မော်တော်ကားကို မမတို့ အိမ်သို့ မောင်းလာခဲ့၏။ မောင်မောင်လတ်ကို မြင်ရသောအခါ မမမှာ ဝမ်းသာ ရွှင်မြူးနေသည်။ မောင်မောင်လတ်က မမအား ကိုအောင်မိုးနှင့် မိတ်ဖွဲ့ပေးသည်။

ကိုအောင်မိုးသည် ကျက်သရေ ရှိသော မမကို ငေး၍ ကြည့်နေ၏။ မမ၏ အလှမှာ ထင်ရှား ပေါ်လွင်သောအလှ ဖြစ်သည်။

ကိုအောင်မိုးသည် မမနှင့် မောင်မောင်လတ်တို့ စကား ပြောနေစဉ်တွင်လည်း မမကိုသာ အကဲခတ်နေမိသည်။

မမ၏ အပြုံး၊ မမ၏ အကြည့်၊ မမ၏ ဟန် အားလုံးတို့သည် တင့်တယ် လှပ၍ နေကြပေသည်။

ညဉ့်နက်သည် အထိ စကားကောင်းနေကြပြီးမှ မောင်မောင်လတ်နှင့် ကိုအောင်မိုးသည် ပြန်လာခဲ့သည်။

ကိုအောင်မိုးသည် မောင်မောင်လတ်ကို နှုတ်ဆက်ကာ အိမ်သို့ ပြန်လာရာ ခင်သီသီမှာ သူ့ကို စောင့်မျှော်နေသည်ကို တွေ့ရလေသည်။ မျက်နှာမှာ ညိုနေ လေ၏။

“ဘယ်ကိုများ ကြွနေလို့ ဒီလောက် နောက်ကျနေရတာလဲ”

“ဪ ကိုသက်ဆွေနှင့် တွေ့လို့ပါ သီရာ၊ ကိုသက်ဆွေကို အထင် သေးခဲ့တာဟာ အစ်ကိုအောင် မှားတယ် သီ၊ တကယ်ဆိုတော့ ကိုသက်ဆွေဟာ အစ်ကိုအောင် ထင်သလို မဟုတ်ပါဘူး”

ကိုအောင်မိုးက သူ့ အမှားကို ဖွင့်၍ ဝန်ခံလိုက်သည်။

ခင်သီသီမှာ မျက်နှာထား တင်းတင်း နေရင်းကပင်…

“ပြီးတော့ ဘယ်သွားသေးလဲ”

“မောင်မောင်လတ်က ခေါ်လို့ မမဆီ လိုက်သွားတယ်”

ခင်သီသီ၏ မျက်နှာသည် မမ၏ အမည်ကို ကြားလိုက်ရသည်နှင့် ပို၍ မျက်နှာ တင်းထားသည်။ နှုတ်ခမ်းကိုလည်း မေ့ပစ်လိုက်သည်။

ကိုအောင်မိုးသည် ခင်သီသီကို တစ်ချက်မျှ အကဲခတ် ကြည့်လိုက်ရင်း…

“အစ်ကိုအောင်ကို စိတ်ဆိုးသလား သီ၊ ကိုမောင်မောင်လတ်က ခေါ်လို့ လိုက်သွားရတာပါ”

“အို ကိုယ့်စိတ်နှင့် ကိုယ် သွားတာ ပြောစရာ မလိုပါဘူး”

“တကယ်တော့ မမဟာ သနားစရာပါ သီရယ်၊ စိတ်ကောင်း ရှိပေမဲ့ လောကကြီးမှာ စိတ်ဆင်းရဲနေရတဲ့ မိန်းမ တစ်ယောက်ပါ”

“သနားကြပေါ့ သနားကြ၊ မေတ္တာ ရှိကြ”

ခင်သီသီ ခပ်ဆတ်ဆတ် လှမ်းပြောလိုက်သည်။

ကိုအောင်မိုးသည် ခင်သီသီ ဒေါပွနေသည်ကို သိသဖြင့် ဘာမျှ မပြောဘဲ အပေါ် အင်္ကျီကို ချွတ်၍ ချိတ်နေသည်။

ခင်သီသီသည် တရှုပ်ရှုပ် ငိုနေသည်။

“ဟင် ဘာဖြစ်လို့ ငိုတာလဲ သီ၊ ဘာဖြစ်လို့လဲ”

“အစ်ကိုဟာ သီ့ကို မချစ်ဘူး၊ ဒီ မိန်းမနှင့် တွေ့တော့ အစ်ကိုအောင် ဒီ မိန်းမဘက်ကို ယိုင်သွားပြီ မဟုတ်လား ဟင်၊ အစ်ကိုဟာ အရင်နှင့် မတူဘူး၊ အရင်တုန်းက အစ်ကိုဟာ အရက် မသောက်ဘူး၊ လူတွေနှင့် မရောဘူး၊ ခု အစ်ကို နေ့တိုင်း အရက် သောက်တယ်၊ ကလပ် သွားတယ်၊ တော်ပြီ သီ တခြား သွားမယ်၊ သီ မနေတော့ဘူး”

ခင်သီသီသည် ရင်ထဲတွင် တလှိုက်လှိုက် ဖြစ်လာကာ ငိုချလိုက်သည်။ ကိုအောင်မိုးသည် ပျာပျာသလဲ ဖြစ်ကာ ခင်သီသီကို ချော့မော့နေသည်။

ကိုအောင်မိုးက ယနေ့ ညတွင် သူ အနည်းငယ် မူးသွားကြောင်း၊ မမကို မြင်လိုက်ရတော့ သနားမိကြောင်း၊ နောင်တွင် မမအား မတွေ့ရန် ရှောင်မည် ဖြစ်ကြောင်း ဝန်ခံ ကတိ ပေးကာ ချော့မော့တော့မှ ခင်သီသီမှာ စိတ်ဆိုးပြေ သွားလေတော့သည်။

သည်တော့မှ ကိုအောင်မိုးသည် မန္တလေးသို့ ရောက်သည့် အချိန်မှ စ၍ အရက်နေ့တိုင်းသောက်ခြင်း၊ ကလပ်တက်ခြင်း၊ ဖဲဝိုင်းသွားခြင်းဖြင့် တစ်စတစ်စ ပျက်စီးနေကြောင်းကို သတိထားလိုက်မိလေတော့သည်။

ကိုအောင်မိုးသည် ခင်သီသီနှင့် အတော်ကြာ စကားပြောနေကြပြီး သုံးနာရီထိုးတော့မှ အိပ်ပျော်သွား၏။

မောင်မောင်လတ်နှင့် ကိုအောင်မိုးတို့ ပြန်သွားသော အခါတွင် မမသည် ဂနာမငြိမ်ဘဲ ကျန်ရစ်ခဲ့လေသည်။ မမသည် ကိုအောင်မိုး အထင်ကြီးစေရန် တစ်ညနေလုံး ပုံဆောင်၍ နေခဲ့သည်။ မမသည် လူငယ် လူရွယ်များနှင့် တွေ့တိုင်း သည်လို ပုံဆောင်သော အကျင့်ကို အလိုလို ရပြီးသား ဖြစ်နေသည်။

ကိုအောင်မိုးနှင့် ကိုသက်ဆွေတို့သည် အသွင်အပြင်အားဖြင့် လည်းကောင်း၊ စိတ်သဘောအားဖြင့် လည်းကောင်း ခြားနားကြသည် မှန်သော်လည်း ဆွဲဆောင်မှုဓာတ် ရှိပုံချင်းမှာ အတူတူပင် ဖြစ်သည်ဟု ထင်မိသည်။ ထို့ကြောင့်လည်း ခင်သီသီသည် ကိုအောင်မိုးနှင့် ကိုသက်ဆွေတို့ နှစ်ယောက် အနက် ဘယ်သူ့ကို ရွေးချယ်ရမည်ကို ဝေခွဲမရခြင်း ဖြစ်ခဲ့ဟန် တူသည်။ ထို့ပြင် ခင်သီသီ၏ ယောက်ျား ဆို၍လည်း ပို၍ စိတ်ဝင်စားနေမိသည်။

မမသည် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ရင်း တံခါးဝမှ ကားသံကို ကြားရသဖြင့် ဣန္ဒြေ ဆည်လိုက်ကာ စာအုပ် တစ်အုပ်ကို ဖတ်နေသည်။ အိမ်ပြန် နောက်ကျသည့် အတွက်လည်း ရန်တွေ့ရန် မျက်နှာကို အသင့်ပြင်ထားလိုက်သည်။

“ပျင်းနေသလား မမ၊ ဘရစ်ချ် ကစားနေကြတာ ဝိုင်း မပြတ်တာနှင့်”

“မပျင်းပါဘူး၊ ကိုယ့် ပျော်ရွှင်မှုကို ရှာတဲ့ လူက ရှာနေတော့ မမလည်း ကိုယ့်ဘာသာ ကိုယ် ပျော်အောင် နေရမယ် ဆိုတဲ့ အတတ်ပညာကို ရနေပါပြီ၊ မောင်မောင်လတ်နှင့် ကိုအောင်မိုးလည်း လာသွားတယ်”

“ဪ ဟုတ်တယ်၊ မီးရထား ဟိုတယ်မှာ တွေ့လိုက်တယ်၊ မမဆီ သွားမယ်လို့လည်း ပြောသွားကြတာပဲ၊ မမ ကြည့်ရတာ မျက်နှာ မကောင်းပါလား၊ ဘာဖြစ်လို့လဲဟင် မမ”

မမသည် ဘာမျှ မပြောဘဲ မျက်နှာကို တမင်ညိုထားလိုက်လေသည်။ စိတ်ထဲတွင်မူ ကိုသက်ဆွေက သူ့ကို ဂရုစိုက်သဖြင့် ကျေနပ်၍ နေသည်။

“မောင့်ကို စိတ်ဆိုးသလား ဟင် မမ’

“မေးနေရသေးလား၊ ကိုယ့်ဘာသာ ကိုယ် ပြန် စစ်ဆေးကြည့်ပေါ့၊ မောင်ဟာ မမကို ပစ်ထားတယ်၊ မောင် သွားချင်ရာ သွားတယ်၊ မောင် လာချင်ရာ လာတယ်၊ မောင် ပြန်ချင်တဲ့ အချိန်ကျမှ ပြန်တယ်၊ ဒီနေ့လည်း မနက်ကတည်းက ထွက်သွားတာပဲ၊ မောင့်စိတ်နှင့် မောင့်ကိုယ် မောင်ထင်ရာ လုပ်နေတာပဲ မဟုတ်ဘူးလား”

ကိုသက်ဆွေသည် မမကို ဘာမျှ ပြန်မပြောဘဲ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။

မမ သူ့ကို ချစ်ပုံ ချစ်နည်းမှာ မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖြစ်နေသည်။ သူ့ကို မသင်္ကာစိတ်တွေ များနေသည်ဟု ကိုသက်ဆွေ ထင်သည်။ ကြာတော့လည်း ကိုသက်ဆွေသည် မမ၏ အချစ်ကို နားမလည်နိုင်အောင် ဖြစ်လာလေသည်။ ထို့ကြောင့် ကိုသက်ဆွေသည် မသိမသာ ခေါင်းယမ်းနေမိသည်။ မမက ကိုသက်ဆွေ စိတ်မသက်မသာဖြင့် ခေါင်းယမ်းနေသည်ကို မြင် သွားကာ…

“ဘာလဲ မောင်၊ မမကို စိတ်ပျက်နေပြီ မဟုတ်လား၊ သိပါတယ် မောင် သိပါတယ်၊ မောင်ဟာ မမထက် မောင့် လွတ်လပ်မှုကို ပိုပြီး မြတ်နိုးတယ်၊ မမနှင့် နေရတာထက် ပျော်ပါးမှုတွေကို ပိုပြီး နှစ်သက်တယ်၊ မမထက် တခြား မိန်းကလေးတွေကို ပိုပြီး ဂရုစိုက်တယ်၊ မမ သိပါတယ် မောင်ရယ်”

မမသည် ကျိတ်၍ ငိုနေသည်။ ကိုသက်ဆွေသည် မမကို လှမ်းကြည့် လိုက်သည်။

“မမ ဘာတွေ ပြောနေတာလဲ ဟင်၊ မောင်ဟာ ဘာ ပျော်ရွှင်မှုကိုများ ရှာလို့လဲ၊ ဘယ် မိန်းမနှင့်များ တွဲနေလို့လဲ၊ မမ စိတ်ချမ်းသာအောင် မောင် ဘာလုပ်ရမလဲ ပြောပါ၊ မမ စိတ်ချမ်းသာဖို့ အတွက် မောင် လုပ်ပေးဖို့ အဆင်သင့် ရှိပါတယ်”

“အို ဘာမှ လုပ်မပေးပါနှင့်၊ လုပ်စရာ မလိုပါဘူး၊ မမ ထိုက်နှင့် မမ ကံ ရှိပါစေတော့”

ကိုသက်ဆွေသည် နော်တူး ခူးပေးသော ထမင်း စားပွဲတွင် ထိုင်ကာ ထမင်း စားနေသည်။

မမကို အရှုံးပေး ပေါင်းသင်းနေရသဖြင့်လည်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပုံ ရသည်။

မမ အဖို့ ဆိုလျှင်လည်း ကိုသက်ဆွေသည် သူ့ကို ချစ်ကောင်း ချစ်ဦးမည် မှန်သော်လည်း အချစ်ကို ဘေးဖယ်ကာ လွတ်လပ်မှုကို ရှာလွန်းသည်ဟု ထင်မိလေသည်။

မမ ဘဝသည် ဘဝတစ်ခုကို နေရသလို မဟုတ်ဘဲ အဖြစ်အပျက် တစ်ခုကို တွေ့ကြုံရန် ခေတ္တ အသက်ရှင် လာရသူလို ဖြစ်နေသည်။ ဦးသက်ထွန်းထံ ကွာရှင်းခွင့် ပေးရန် စာရေးခဲ့သော်လည်း ယခု အထိ ဘာမျှ ပြန်မလာသော အခါ မမ၏ စိတ်သည် ယောက်ယက်ခတ်စ ပြုလာပေသည်။

မောင်မောင်လတ်သည် အစိုးရ ကိစ္စဖြင့် ရန်ကုန်သို့ ရောက်လာလေသည်။ ရန်ကုန်သို့ သွားခါနီးတွင် မောင်မောင်လတ်သည် ကွာရှင်းရေး ကိစ္စနှင့် စပ်လျဉ်း၍ ဦးသက်ထွန်းထံ ယတိပြတ် အဖြေ တစ်ခုခု ရအောင် ကြိုးစားခဲ့မည် ဟုလည်း မမကို ကတိပေးခဲ့သဖြင့် ဦးသက်ထွန်းနှင့်တွေ့ရန် ကိစ္စလည်း ရှိနေပေသည်။

ရန်ကုန် ရောက်ပြီး နောက်တစ်နေ့မှာပင် မောင်မောင်လတ်သည် ကန် တော်ကြီးစောင်း အိမ်ရှိ ဦးသက်ထွန်းထံသို့ ထွက်လာခဲ့လေသည်။ ဦးသက်ထွန်းသည် နိုင်ငံတော် ဘာသာ ကိစ္စကို လည်းကောင်း၊ အစိုးရ၏ အားရကျေနပ်ဖွယ် မရှိသော ဘဏ္ဍာရေး အခြေအနေကို လည်းကောင်း မောင်မောင်လတ် အား ရှည်လျားစွာ ပြောပြနေသဖြင့် မမတို့ ကိစ္စကို မပြောသာဘဲ အတော်ကြာ နားထောင်နေရလေသည်။

တစ်နာရီလောက်ကြာ၍ စကား ပြတ်သွားတော့မှ မောင်မောင်လတ်က…

“ကိုကို့ကို စကား တစ်ခွန်း ပြောစရာရှိလို့ လာတာပဲ ကိုကို၊ ဘာကိစ္စလဲ ဆိုတာတော့ ကိုကိုလည်း သိပြီးဖြစ်ပါလိမ့်မယ်၊ ကိစ္စကတော့ မမ ကိစ္စ ပါပဲ’

မမ၏ အမည်ကို ကြားလိုက်ရသည်နှင့် ဦးသက်ထွန်း၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲသွားသည်။ စောစောက ကြည်လင်သလောက် ယခု ညိုမည်း၍ သွားသည်။ စောစောက လန်းဆန်းသလောက် ယခု ညှိုးနွမ်း၍ သွားသည်။

“ကဲ လိုရင်းကို ပြောပါဦး”

ဦးသက်ထွန်းက စာကြည့် မျက်မှန်ကို စားပွဲပေါ်သို့ တင်ထားလိုက်သည်။

“လိုရင်းကတော့ မမရဲ့ ကိစ္စကို ပြီးပြီးပြတ်ပြတ် လုပ်ဖို့ပါပဲ၊ ဒီလို မပြတ်မစဲ ဖြစ်နေတာကြီးကို ပြတ်စဲအောင်လုပ်ဖို့ ဆိုပါတော့ ကိုကို၊ ကိုကို့ကို အစ်ကိုရင်း တစ်ယောက်လို အောက်မေ့ပြီး ကျွန်တော် တောင်းပန်တာပါ”

“ဘယ်လို ပြီးပြတ်စေချင်သလဲ”

ဦးသက်ထွန်းက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

“မမကို သနား ညှာတာတဲ့ စိတ်နှင့် ကြည့်ပြီး ကျွန်တော် တောင်းပန် ပါတယ် ကိုကို၊ မျက်ကွယ်ရာမှာ ဆိုရင် ကျွန်တော်လည်း ဒီလောက် မပြောပါဘူး၊ ခုတော့ သူတို့ နှစ်ယောက်လုံး မန္တလေးမှာ ရောက်နေကြပြီး မျက်စိရှေ့တင် ဖြစ်နေတော့ ကျွန်တော့်မှာလည်း မကြည့်ချင် မြင်ချင်ရက်သား ဆိုသလို ဖြစ်နေပြီ၊ ဒီအတိုင်း နေရင်တော့ သူတို့ အခြေအနေဟာ ကြာလေ နစ်လေ ဖြစ်တော့မှာပဲ ကိုကို”

‘ဟုတ်ပါတယ်၊ ငါလည်း စဉ်းစားပါတယ်၊ ဒါပေမဲ့ သူ့ အတွက် ငါ ဘာမှ လုပ်ပေးစရာ မရှိတော့ဘူး ထင်တယ် မောင်မောင်လတ်၊ သူ့မှာ အစစ အရာရာ ပြည့်စုံနေပြီ၊ သူ လိုချင်တဲ့ အရာတွေကို ရနေပြီ၊ ငါ ဘာလုပ်ပေးစရာ လိုသေးသလဲ၊ သူကကော ဘာလိုချင်သေးသလဲ”

“ဒီ့ပြင်တော့ သူ ဘာမှ မလိုချင်ပါဘူး ကိုကို၊ သူ လိုချင်တာက ကိုကို့ ဆီက ကွာရှင်းခွင့်ပါပဲ”

“ငါကတော့ ကွာရှင်းခွင့် ပေးဖို့ အဆင်သင့် ရှိတယ် မောင်မောင်လတ်၊ ဒါပေမဲ့ ကလေးကို သူ ခေါ်မသွားရဘူး ဆိုတဲ့ စည်းကမ်းချက် ပါရင် ဒီ ကွာရှင်းခွင့်ကို မင်း အစ်မက လက်ခံမတဲ့လား၊ မင်း တာဝန် ခံနိုင်မလား၊ လက်မခံဘူးကွ၊ လက်မခံဘူး၊ ကလေးကို ငါနှင့် ထားခဲ့ရင် အချိန်မရွေး ကွာရှင်းခွင့် ပေးမယ်လို့ သူ့ကို အကြောင်းပြန်ပြီးပြီ၊ ငါ့ဘက်က ကိစ္စ ကုန်အောင် လုပ်ပြီးပြီ၊ ဒီတော့ ငါလည်း ဒီကိစ္စဟာ ပြတ်ပြီ ဆိုပြီး အေးအေး နေလိုက် တာပဲ၊ တကယ်တော့ကွာ ဒီကိစ္စက ပြတ်လည်း ပြတ်နေပါပြီကွာ”

ဦးသက်ထွန်းသည် စိတ်မရှည်သလို ပြောလိုက်သည်။

ဦးသက်ထွန်းသည် မမအား အမည်ကိုတောင် မခေါ်တော့ဘဲ မင်းအစ်မ ဟု သုံးနှုန်းသည်ကို မောင်မောင်လတ် သတိထားလိုက်မိသည်။

“ဒီလို ပြတ်ပြတ်တောင်းတောင်းလည်း သဘော မထားပါနှင့်ဦး ကိုကို၊ ကျွန်တော် တောင်းပန်ပါတယ်၊ အမှန်ကတော့ ဒီကိစ္စဟာ ကိုကို ယူဆထား သလောက်ထိတော့ မပြတ်သေးဘူး ကိုကို၊ ကိုကိုဟာ သဘောထားကြီးစွာနှင့် သူ့ကို စွန့်လွှတ်ခဲ့တယ်၊ ကိုကို အလိုက်လျောနိုင်ဆုံး လိုက်လျောခဲ့တယ်၊ လွတ်လပ်ခွင့် ပေးခဲ့တယ်၊ နောက်ဆုံး ကွာရှင်းချင်သပ ဆိုရင် ကွာရှင်းခွင့်အထိ ပေးခဲ့တယ်၊ ဒါကိုလည်း သူ သဘောပေါက်ပါတယ်၊ ကိုကို သဘောထား ကြီးပုံတွေကို သူလည်း နားလည်ပါတယ်၊ ဒီလို သဘောထားကြီးမှန်း သိလို့ ကိုကို့ဆီက ထွက်သွားတော့ သူ ဘာကိုမှ မတောင်းခံခဲ့ဘူး၊ တောင်းလည်း မတောင်းရဲဘူး၊ ကလေးကို ချစ်ပေမဲ့ ကြိတ်မှိတ်ပြီး နေခဲ့တယ်၊ ဒါပေမဲ့ ခု တော့ ကြိတ်မှိတ်နေလို့ ရဟန် မတူတော့ဘူး ကိုကို၊ သားနှင့် ခွဲနေရလို့ ဘယ်လောက် ဒုက္ခကြီးတယ် ဆိုတာကို အချိန်နှင့် အတွေ့အကြုံတွေက စကား ပြောလာကြပြီ၊ ပြီးတော့ ..”

“တော်ပါတော့ မောင်မောင်လတ်၊ ငါ သူ့ အကြောင်းတွေကို နားမထောင် ပါရစေနှင့်၊ ထောင်လည်း မထောင်ချင်ဘူး၊ စိတ်လည်း မဝင်စားဘူး”

ဦးသက်ထွန်းက စကား ဖြတ်၍ ပြောလိုက်ကာ ဆေးတံကို ဖွာနေသည်။ မောင်မောင်လတ်မှာ ဘာပြန်ပြောရမည် မသိဘဲ ကြောင်နေသည်။

“မဟုတ်ပါဘူး ကိုကို၊ ကျွန်တော် ပြောပါရစေဦး၊ ကျွန်တော်ဟာ ကြားလူ တစ်ယောက် အနေနှင့် ပြောတာပါ၊ ခု မမရဲ့ အခြေအနေဟာ ဆုပ်လည်းစူး စားလည်းရူး ဆိုတဲ့ အခြေကို ရောက်နေပါပြီ၊ ဒီ အခြေဟာ သူ့ အတွက်လည်း မကောင်းဘူး၊ ကိုကို့ အတွက်လည်း မကောင်းဘူး၊ ဘယ်သူ့ အတွက်မှလည်း မကောင်းဘူး၊ ဒါဟာ သူ့ အပြစ်နှင့် သူပဲလို့တော့ ပြောစရာ ရှိပါတယ်၊ ဟုတ်ပါတယ်၊ သူ ပြုတဲ့ အကြောင်းကြောင့် ဒီ အကျိုးတွေ ဆိုက်လာရတယ် ဆိုတာကို ကျွန်တော်လည်း မငြင်းပါဘူး၊ သူ ကိုယ်တိုင်ကလည်း မငြင်းပါဘူး၊ ဒါကြောင့်မို့ ကိုကို့ဆီက သူ ဘာမှ မတောင်းရဲဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ တစ်တွေက မနေနိုင်လို့ ကြားဝင်ရတာပါ၊ သူ ဒီလို ခံစားနေရတော့ကော ဘာအကျိုး ထူးမှာလဲ ကိုကို”

ဦးသက်ထွန်းမှာ မောင်မောင်လတ်၏ စကားများကို နားထောင်ရင်း မျက်နှာကြီး နီရဲလာသည်။ နဖူးကြောကြီးများသည် ပျဉ်ထောင်အိမ်တွင် ခြတက်သလို အထင်းသား ပေါ်လာကြသည်။

“ဒီမှာ မောင်မောင်လတ်၊ မောင်မောင်လတ် ပြောသလို ဆိုရင် ကျုပ်ကပဲ သူ ဒုက္ခ ရောက်အောင် တမင် နှိပ်စက်သလို ဖြစ်နေပြီ”

“အို အို ဒီလို ပြောတာ မဟုတ်ပါဘူး ကိုကို၊ ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပာယ်က တစ်မျိုးပါ၊ ကျွန်တော် ဆိုလိုတာက သူ့ အခြေအနေဟာ တော်တော် ဆိုးနေပြီ၊ အင်မတန် နက်တဲ့ ချောက်ကမ်းပါးကြီးထဲကို ခုန်ချမိတဲ့ လူလို ဖြစ်နေပြီ၊ သူ့ကို ဒီချောက်ကမ်းပါးကြီးထဲက ကယ်တင်နိုင်တဲ့ လူဟာ ကိုကို တစ်ယောက်သာ ရှိတော့တယ်လို့ ဆိုလိုတာပါ၊ ကိုကို့ကို အပြစ် ပြောတာ မဟုတ်ပါဘူး၊ ပြီးတော့ ကိုကို့မှာလည်း သူ့ကို ကယ်တင်လိုက်ရလို့ ဘာမှ ထိခိုက် နစ်နာသွားစရာ မရှိဘူးလို့ ထင်ပါတယ်၊ ဟုတ်ပါတယ် ကိုကို၊ ကိုကိုက အင်းလို့ တစ်ခွန်းတည်းသာ ပြောလိုက်ပါ၊ ဒီကိစ္စတွေကို ကိုကို ကိုယ်တိုင် လိုက်လုပ်မနေရပါဘူး၊ ကျွန်တော် စီစဉ်သွားပါ့မယ်၊ ကိုကိုက ကွာပေးမယ် ဆိုတဲ့ ကတိ တစ်ခုပဲ ပေးပါ”

“ကတိ ပေးပြီးပြီ မောင်မောင်လတ်၊ ကလေးဟာ တို့ ကိစ္စကို အဆုံးအဖြတ် ပေးပြီးပြီ၊ ပြီးတော့ သူ့မှာ ဒီကလေး မရှိလို့ အရေး မကြီးပါဘူးကွာ၊ ခင်တွယ်ရမယ့် လူ ကြင်နာရမယ့် လူ ရှိပါတယ်၊ ငါ့မှာသာ ခင်တွယ်စရာ ကြင်နာစရာ ဆိုလို့ ဒီကလေး တစ်ယောက်ပဲ ရှိတော့တာပါ၊ ဒီလောက်တော့ သူလည်း သဘောထား ကြီးဖို့…”

ဦးသက်ထွန်းသည် ရှေ့ဆက်၍ မပြောနိုင်တော့ဘဲ ရပ်ထားလိုက်သည်။ သူ့ အသံမှာ တုန်ယင်လာသည်။ မျက်လုံးထဲတွင် မျက်ရည်တွေ ရစ်ဝဲလာသည်။

ဦးသက်ထွန်းသည် ရှေ့ဆက် ပြောလျှင် ဣန္ဒြေ ပျက်တော့မည်ကို သိသဖြင့် မပြောဘဲ ရပ်ထားကာ ပြတင်းပေါက်ဘက်သို့ ငေး၍ ကြည့်နေသည်။

“ဟုတ်ပါတယ် ကိုကို၊ ကိုကို့ အခြေအနေကို ကျွန်တော်လည်း နားလည်ပါတယ်၊ သူကလည်း ကိုကို့ရဲ့ သဘောထား ကြီးမှုတွေကို နားလည်ပါတယ်၊ ဒါကြောင့်မို့ ကိုကို သဘောကျ စီမံတော့ ဆိုပြီး ပုံအပ်တာပါ၊ ကလေးကိုလည်း မတောင်းတော့ပါဘူး၊ ခုလို မပြတ်မစဲ သောင်မတင် ရေမကျ အခြေ ကြီးက လွတ်အောင် ကိုကိုက ကွာရှင်းပေးလိုက်ဖို့သာ အနူးအညွတ် တောင်းပန်နေတာပါ၊ ကွာရှင်းရေး ကိစ္စဟာ သူ့ အဖို့ သိပ် အရေးကြီးပါတယ် ကိုကို၊ သေရေး ရှင်ရေး ပြဿနာ ဖြစ်နေပါတယ်၊ ကိုကိုက ကွာခွင့် မပေးဘူးလို့ တစ်ခါတည်း ပြတ်ပြတ် ပြောလိုက်ရင် သူလည်း ဒီလောက် မျှော်လင့်ချက်ကြီးထားမှာ မဟုတ်ပါဘူး၊ ခုတော့ ကိုကိုက ကွာခွင့် ပေးမယ်လို့ ကတိပေးတဲ့ အတွက် ဒီအချိန်ကို တစောင့်စောင့်နှင့် နေရတော့ သူ့ဘက်က ဘယ်လောက် စိတ် တထင့်ထင့်နှင့် ဖြစ်နေမလဲ ဆိုတာကိုလည်း ကိုကို စဉ်းစားကြည့်ပါ၊ ခုဆိုရင် ကိုကို့ သဘောကို တစောင့်စောင့်နှင့် နေရတာ ခြောက်လလောက် ရှိသွားပြီ၊ နေ့တိုင်း လူတွေရဲ့ လက်ညှိုးထိုးခံ နေ့တိုင်း ကိုကို့ဆီက အဖြေကို စောင့်ပြီး ဒုက္ခ ရောက်နေရတာကိုလည်း စဉ်းစားပါဦး ကိုကို၊ သူ့ အခြေအနေ ခြောက်လလုံးလုံး လည်ပင်းမှာ ကြိုးကွင်းကြီး တန်းလန်းတပ်ခံထား ရပြီး ဘယ်နေ့ ကြိုးပေး ခံရမလဲ ဘယ်နေ့ ကွင်းလုံးကျွတ် လွတ်မလဲလို့ တထိတ် ထိတ် စောင့်နေရတဲ့ အကျဉ်းသမားနှင့် ဘာထူးသေးသလဲ ကိုကို၊ သူ့ကို သနားပါ ကိုကို၊ အပြစ်ရှိသူ တစ်ယောက် အနေနှင့် မစဉ်းစားဘဲ သာမန် သတ္တဝါ တစ်ယောက် အနေနှင့် စဉ်းစားဖို့ ကောင်းပါတယ် ကိုကို၊ ခေါင်းညိတ်လိုက်ရင် ကျွန်တော် အကုန် ပြီးအောင် လုပ်ထားပါ့မယ်၊ ဒီတော့..’

“တော်ပါတော့ကွာ၊ ဒီအကြောင်း မပြောပါနှင့်တော့လို့ ငါ တောင်းပန် ပါတယ်၊ စဉ်းစားကြည့်လေ၊ ငါဟာ ငါ ကတိ ပေးပိုင်ခွင့် မရှိတာကို သွားပြီး ကတိ ပေးမိနေသလားလို့ ငါ့ကိုယ်ငါ သံသယ ရှိနေတယ်”

ဦးသက်ထွန်းက ကုလားထိုင်မှ ထကာ ပြတင်းပေါက်တွင် ရပ်၍ အပြင်သို့ ငေးကြည့်နေသည်။

“ဒါဖြင့် ကိုကို ပေးပြီးသား ကတိကို ပြန်နုတ်တဲ့ သဘောပေါ့ ကိုကို”

“ဒီမှာ မောင်မောင်လတ်၊ ငါဟာ ဖြစ်နိုင်တာ အားလုံးကို လုပ်ပေးဖို့ ဘယ်တော့မှ မငြင်းခဲ့ဘူး၊ ဒါပေမဲ့ ငါ ပေးခဲ့တဲ့ ကတိဟာ ဘယ် အတိုင်းအတာ အထိ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကိုတော့ စဉ်းစားဖို့ အချိန် ယူချင် သေးတယ်”

“ဒီလိုတော့ မလုပ်ပါနှင့် ကိုကို၊ ဆင်ပြောင်ကြီး အမြီးကျမှ တစ်အောင်တော့ မလုပ်ပါနှင့်၊ ကျွန်တော် တောင်းပန်ပါတယ်၊ မမဟာ နာရီနှင့် အမျှ နေ့နှင့် အမျှ စိတ်ဆင်းရဲနေရတဲ့ မိန်းမ တစ်ယောက်ပါ၊ ကိုကိုဟာ ဒီလောက်တော့ ငြင်းဖို့ မကောင်းဘူးလို့ ထင်ပါတယ်”

“ဖြစ်နိုင်တာ မှန်သမျှကို ငါ မငြင်းပါဘူး မောင်မောင်လတ်၊ ပြီးတော့ ငါဟာ အသွေးတွေ အသားတွေ အရိုးတွေနှင့် ဖွဲ့စည်းထားတဲ့ လူတစ်ယောက် ဆိုတာလည်း ထည့်စဉ်းစားပါ၊ မောင်မောင်လတ် ငါဟာ ကျောက်ရုပ် မဟုတ်ဘူး၊ စက်ရုပ် မဟုတ်ဘူး၊ ငါ့မှာ အသည်းနှလုံး ရှိတယ်၊ ခံစားချက် ရှိတယ်၊ လောကမှာ ငါဟာ ငါ လုပ်ချင်တဲ့ အရာတွေကို မလုပ်ရဘဲ ငါ မလုပ်ချင်တဲ့ အလုပ်တွေကိုချည်းပဲ လုပ်ခဲ့ရတယ်၊ ငါ လုပ်သင့်တာတွေကို မလုပ်ဘဲ သူများတွေက လုပ်သင့်တယ်လို့ သတ်မှတ်ထားတာတွေကိုချည်းပဲ လုပ်ခဲ့ရတယ်၊ ဒီ တစ်ခါတော့ ငါ့ကို ခွင့်လွှတ်ပါ မောင်မောင်လတ်၊ ငါ လုပ်ချင်တာကို လုပ်ပါ ရစေ၊ ငါ လုပ်သင့်တယ် ထင်တာတွေကို လုပ်ပါရစေ”

မောင်မောင်လတ်သည် ဦးသက်ထွန်းကို အံ့အားသင့်ကာ ငေးကြည့်နေ သည်။

“ကိုကို၊ ကိုကိုဟာ အရင် ကိုကိုမှ ဟုတ်သေးရဲ့လားလို့ ကျွန်တော် မေးပါရစေ၊ အရင်တုန်းက ကိုကိုဟာ ခွင့်လွှတ်တတ်တယ်၊ သဘောထားတယ်၊ လူတစ်ဖက်သားကို သနားညှာတာတယ်၊ သည်းခံတယ်၊ ပါးတစ်ဖက် ကို ရိုက်ရင် ကျန်ပါးတစ်ဖက်ကို ထိုးပေးမယ်လို့ ကိုကို ပြောတာ မှတ်မိ သေးသလား ကိုကို၊ ကိုကို့ သဘောထားဟာ ပြောင်းနေပြီ ထင်တယ်”

မောင်မောင်လတ်က အရဲစွန့်၍ ပြောလိုက်သည်။

ဦးသက်ထွန်းသည် မောင်မောင်လတ်ကို စိုက်၍ ကြည့်ပြီးလျှင် မပြုံးချင် ပြုံးချင် ပြုံးလိုက်သည်။

ပြီးမှ ဣန္ဒြေ ဆည်လိုက်ကာ…

“ဟုတ်တယ် မောင်မောင်လတ်၊ မင်း ထင်မယ် ဆိုရင်လည်း ထင်စရာပဲ၊ လူတွေဟာ မူးပြီး ရမ်းကားလေ့ရှိတဲ့ လူတစ်ယောက် မူးရမ်းတာတွေ့ရင် သူ့ သဘာဝပဲ ဆိုပြီး ခွင့်လွှတ်တတ်ကြတယ်၊ မမူးတဲ့ လူတစ်ယောက် မူးရမ်း မိရင် ဒီလူဟာ လူဆိုး ဖြစ်သွားပြီလို့ ထင်ပြီး တုန်လှုပ် သွားတတ်ကြတယ်၊ မင်းလည်း ငါ့ကို ဒီအတိုင်းပဲ ဖြစ်မှာပဲ၊ ငါဟာ လူဆိုး တစ်ယောက် ဖြစ် သွားပြီ၊ စိတ်သဘောထား ပြောင်းသွားပြီ၊ မူးပြီး ရမ်းနေပြီလို့ ယူဆချင် ယူဆမှာပဲ၊ ငါ မမူးပါဘူး မောင်မောင်လတ်၊ သဘောထားလည်း မပြောင်းပါဘူး၊ အရင်အတိုင်းပါပဲ၊ ငါဟာ တစ်ဖက်သားကို ထိခိုက်အောင် မလုပ်တတ်ပါဘူး၊ လက်စား မချေတတ်ပါဘူး၊ အနိုင်လည်း မယူတတ်ပါဘူး၊ ယူလည်း မယူချင်ပါဘူး၊ ငါ့ပါး တစ်ဖက်ကို ချရင် ကျန်တဲ့ ပါးတစ်ဖက်ကိုလည်း ထိုးပေးဖို့ ဝန်မလေးပါဘူး၊ အရင် အတိုင်းပါပဲ၊ ဒါပေမဲ့ ကျန်ပါးတစ်ဖက်ကို အချခံတဲ့ နေရာမှာတော့ လှလှပပ ခံပါရစေ၊ အနိုင် ယူချင်လို့ အရှုံးသမား ဖြစ်ရင်လည်း အကောင်းဆုံး အရှုံးသမား ဖြစ်ပါရစေ၊ ဒီတော့ နောက်ထပ် ငါ့ကို ဒီအကြောင်း မပြောပါနှင့်တော့”

ဦးသက်ထွန်းသည် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ကာ မျက်နှာကို လက် ဝါးဖြင့် အုပ်ထားလိုက်သည်။

မောင်မောင်လတ်က ဦးသက်ထွန်းကို ကြည့်၍ အားနာသွား၏။

“ဆောရီးပဲ ကိုကို၊ ကျွန်တော် မပြောပါဘူး၊ ကျွန်တော်က ကြားလူ တစ်ယောက် အနေနှင့် ပြောတာပါ၊ ကဲ ဒါဖြင့် ကျွန်တော် သွားမယ် ကိုကို”

မောင်မောင်လတ်က ရှေ့တွင် သွားရပ်ကာ လက်ကို ကမ်းလိုက်သည်။ ဦးသက်ထွန်းသည် မောင်မောင်လတ်၏ လက်ကို ဆွဲ၍ နှုတ်ဆက်ပြီး…

“ငါ စဉ်းစားပါဦးမယ် မောင်မောင်လတ်၊ သန်ဘက်ခါကျရင် မင်းကို ငါ နောက်ဆုံး အဖြေပေးမယ်” မောင်မောင်လတ်သည် ဦးသက်ထွန်းကို နှုတ်ဆက်၍ ထွက်လာခဲ့လေသည်။ နောက်တစ်နေ့တွင် မောင်မောင်လတ်သည် ဦးသက်ထွန်းထံမှ နောက်ဆုံး အဖြေကို ရရှိလေသည်။ ဦးသက်ထွန်း၏ အဖြေမှာ မမအား ကွာရှင်းခွင့် မပေးနိုင် ဟူသော အဖြေပင် ဖြစ်လေသည်။

သူ၏ အိမ်ထောင်ရေးသည် ဘယ်သောအခါများမှ အဆင်ပြေပါမည်နည်း ဟု မမ တွေးမိသည်။ အိမ်ထောင်ရေး သာယာချမ်းမြေ့မှုကို ရှာရာ၌လည်း လင်နှင့်မယားသည် တစ်ဦးကို တစ်ဦး စိတ်တူ ကိုယ်မျှဖြင့် ချစ်ခင် ကြင်နာဖို့ လိုသည်။ ချစ်ခင် ကြင်နာမှု လျော့ပါးလာကြပြီဆိုလျှင် လင်နှင့်မယားသည် အနည်းဆုံး တစ်ဦးကို တစ်ဦး လေးစား စောင့်စည်းမှု ရှိဖို့ လိုသည်ဟု ထင်မိသည်။ ချစ်ခင် ကြင်နာမှုနှင့် စောင့်စည်းမှု မရှိကြတော့ဘူး ဆိုသည်နှင့် အိမ်ထောင်ရေးသည် အခြေမခိုင်ချင်တော့ဘဲ ယိမ်းယိုင် လှုပ်ရှားစ ပြုလာ လေသည်။

များစွာသော အိမ်ထောင်များသည် ခိုင်ခံ့ တည်မြဲခြင်း မရှိဘဲ ယိမ်းယိုင် ပြိုလဲလျက် ရှိကြသည်။ သည်အချက်ကို လင်ရော မယားပါ သိရှိကြသော်လည်း ပြုပြင်နိုင်ခြင်း မရှိဘဲ သည်လိုနှင့်ပင် လူ့ လောကမှ ပျောက်ကွယ် သွားကြရသည်။

မမသည် ဤသို့ပင် တွေးမိလေသည်။ ချစ်ခင်ကြင်နာမှုနှင့် စောင့်စည်း မှုတို့သည် အိမ်ထောင်ရေးတွင် ဒေါက်ကြီးများ ဖြစ်ကြပေသည်။

မမနှင့် ကိုသက်ဆွေတို့၏ အိမ်ထောင်ရေးဘဝတွင် သည် ဒေါက်ကြီး နှစ်ချောင်းသည် တဖြည်းဖြည်း ကျိုးပဲ့ပျက်စီးလျက် ရှိလေ၏။

မမက ကိုသက်ဆွေ၏ အချစ်သည် တဖြည်းဖြည်း လျော့ပါးပျက်ပြယ် လာသည်ဟု ထင်သည်။

ကိုသက်ဆွေကမူ သူသည် မမ အတွက် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ သင်္ဂြိုဟ် စကားတင်း ဆိုကြခြင်းကို ရင်ဆိုင်ကာ အစစ အရာရာ စွန့်လွှတ်ခဲ့ပြီးနောက် သူကိုယ်တိုင် တကယ့် အခက်ကြီးထဲသို့ ဆင်းသက် ဝင်ရောက်ခဲ့ပါလျက် မမက သည်အခက်ကြီးကို ပြေလည်သွားအောင် မရှင်းဘဲ ခက်သည်ထက် ခက်အောင် လုပ်နေသည်ဟု ကိုသက်ဆွေက ထင်နေသည်။

သို့ရာတွင် သူတို့ နှစ်ယောက်စလုံးသည် တစ်ဦး၏ မကျေနပ်ချက်ကို တစ်ဦး ဖွင့်ပြောခြင်း မရှိကြဘဲ မြုံ၍ နေကြသည်။ ဝမ်းထဲတွင်မူ တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့ကာ သည်အပြစ်ကို လက်ဆုပ်လက်ကိုင် ထောက်ပြ နိုင်ရန် ချက်ကောင်းကို စောင့်နေကြပေသည်။

မမ အမြင်၌ ကိုသက်ဆွေသည် မိန်းမချောချောမြင်လျှင် ချစ်တတ်သူ ဟု မြင်သည်။ သည်အချက်မှာ မမ မခံရပ်နိုင်ဆုံး ဖြစ်သည်။ ကိုသက်ဆွေသည် သူ့တစ်ယောက်မှ အပ ဘယ်မိန်းမကိုမှ မချစ်သင့်ဟု ယူဆကာ မိန်းကလေး ချောချောများ အပေါ်တွင် ကိုသက်ဆွေ စိတ်ကစားတတ်သည်ကို မြင်တိုင်း မနာလို ဖြစ်မိသည်။ သို့ရာတွင် ဘယ်သူ့ အပေါ်ကိုမှ မနာလို ဖြစ် ခြင်း မဟုတ်ဘဲ တစ်စ တစ်စ လျော့ပါးလာသော ကိုသက်ဆွေ အချစ်ကိုသာ မနာလိုခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် မမ၏ မနာလို စိတ်သည် ဦးတည်ချက် ရှာ၍ မတွေ့ဘဲ ထစ်ခနဲ ရှိလျှင် မသင်္ကာသူတိုင်းကို မနာလို ပစ်လိုက်တတ်သည်။ တစ်ခါ တစ်ရံတွင် မမ၏ မနာလို စိတ်သည် ကိုသက်ဆွေ လူပျို ဘဝက တွေ့ခဲ့သော မိန်းမများဘက်သို့ မြားဦး လှည့်တတ်သည်။ တစ်ခါတစ်ရံတွင် မမ၏ မနာလို စိတ်သည် ကိုသက်ဆွေ၏ တပည့်ဟောင်း ကျောင်းသူများဘက်သို့ လည်းကောင်း၊ ကိုသက်ဆွေ၏ မိတ်ဆွေဟောင်း အရာရှိ ကတော်များဘက်သို့ လည်းကောင်း ချိန်ရွယ်ထားတတ်၏။

တစ်ခါတစ်ရံတွင်လည်း ကိုသက်ဆွေသည် သူ့ကို စွန့်ပစ်ကာ သူ့ထက် နုနယ်ငယ်ရွယ်သူများကို ယူသွားလေမလားဟု စိုးရိမ်ကာ ငယ်ရွယ်သော မိန်းကလေးများကို မနာလို ဖြစ်ရတတ်သည်။

တစ်ခါတုန်းက ကိုသက်ဆွေ၏ မေမေသည် တပ်မင်းကတော် ခင်လှလှ၏ ညီမ ရိုစီအား ကိုသက်ဆွေနှင့် လက်ဆက်ပေးရန် စိတ်ကူးကြောင်း မမအား ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် မမသည် ရိုစီလို ခပ်ရွယ်ရွယ် မိန်းကလေး ကို တွေ့လျှင် ပို၍ မနာလို ဖြစ်ရတတ်သည်။

မမသည် ကိုသက်ဆွေအား မနာလိုရုံမျှမက တစ်ခါတစ်ရံလည်း ဒေါသ ထွက်မိသည်။

သည်အခြေသို့ သူ ရောက်လာရခြင်းသည် ကိုသက်ဆွေကြောင့်ဟု ဆိုကာ ကိုသက်ဆွေကို အပြစ်တင်မိသည်။ သူ့အား ပတ်ဝန်းကျင်၏ အကဲ့ရဲ့ ခံရခြင်း၊ ဦးသက်ထွန်းက ကြိုးရှည်ရှည်ဖြင့် လံထားခြင်း စသည့် ကိစ္စများသည် ကိုသက်ဆွေကြောင့်ချည်းဟု ထင်မိသည်။ အကယ်၍ ကိုသက်ဆွေသည် မမကို ချစ်ရိုး မှန်ပါလျှင် မမ၏ ဘဝကို ကိုယ်ချင်းစာနာမိကာ မမအား သည်ဘဝမှ အမြန် ဆုံး ကယ်တင်ပေးသင့်သည်ဟု ထင်မိသည်။

မမသည် လူသူနှင့် ကင်းဝေးရာ မေမြို့တွင် ရှောင်ပုန်း နေချင်သည်။ ကိုသက်ဆွေမှာ လူစည်ကားရာ မန္တလေးတွင် ပျော်ပျော်ပါးပါး နေချင်သည်။ ထို့ ပြင် တူးတူးနှင့် ယခုကဲ့သို့ ခွဲခွာနေရခြင်းသည်လည်း ကိုသက်ဆွေကြောင့်ဟု ပင် ထင်မိလေသည်။

မမသည် ရင်ထဲမှာ ဆူပွက်နေရင်း သည်အကြောင်းတွေကို စဉ်းစားနေ မိသည်။

ဘယ်လောက် ကြာသည် မသိ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့မှ အခန်းထဲတွင် မှောင်နေသည်ကို တွေ့ရသဖြင့် မီးခလုတ်ကို ဖွင့်လိုက်သည်။ ကိုသက်ဆွေသည် မိတ်ဆွေ တစ်ယောက်၏ မင်္ဂလာဦးကြို ထမင်းစားပွဲ သို့ ထွက်သွားသည်မှာ ယခုတိုင် ပြန်မလာသေးပေ။

မမသည် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ကာ သူနှင့် ကိုသက်ဆွေတို့၏ မနေ့က ရန်ပွဲကို ပြန်၍ စဉ်းစားနေမိသည်။ တကယ်တော့ မနေ့က ဖြစ်သော ရန်ပွဲသည် ဘာမျှ အရေးမကြီးလှသော ကိစ္စကလေးမှ အစ ပြုခဲ့ခြင်း ဖြစ်သည်။

မမက မိန်းကလေးများ အလှပြင်ခြင်းသည် သဘာဝ ကျသော အလုပ် ဖြစ်၍ အလှ ပြင်ထိုက်သည်ဟု ဆိုသည်။ ကိုသက်ဆွေက အလွန်အကျွံ မပြင်သင့်ဟု ထုချေသည်။

တကယ်တော့ သည်ပြဿနာသည် ဘာမျှ ကြီးကျယ်သော ကိစ္စ မဟုတ်ဘဲ အသေးအဖွဲကလေးမျှသာ ဖြစ်သည်။

သို့ရာတွင် ကျောက်ခဲနှင့် တံစဉ်တို့ ခတ်မိကြပြီ ဆိုလျှင် နှစ်ခုစလုံး သည် ဘယ်သူ့ ဘယ်သူကိုမှ အလျှော့ မပေးကြဘဲ မီးပွင့်အောင်တော့ ခတ်လိုက်ကြသည်သာ ဖြစ်ပေသည်။

ယနေ့တွင်မူ ကိုသက်ဆွေသည် တစ်နေ့လုံး အိမ်တွင် မရှိဘဲ နံနက် ကတည်းက ထွက်သွားလေသည်။ အပြင်တွင် ထမင်းစားမည် ဟူ၍လည်း နော်တူးကို မှာသွားသည်။

မမသည် အိမ်တွင် တစ်ယောက်တည်း နေရသည်ကို ငြီးငွေ့လာသည်။ ကိုသက်ဆွေနှင့် ရန်ဖြစ်မိသည်ကို နောင်တရနေသည်။ အဆင်မပြေတာတွေ အားလုံးကို မေ့ပစ်လိုက်ပြီး ကိုသက်ဆွေနှင့် တစ်ဦးကို တစ်ဦး ကြင်နာ ယုယစွာ နေလိုသည်။

ကိုသက်ဆွေ စိတ်ဆိုး ပြေရန် သူ့ကိုယ်သူသာ အပြစ် ဖို့မိသည်။

“မမကိုပဲ အပြစ်ဆိုပါ မောင်ရယ်၊ မမကို အပြစ်ဆိုပါ၊ မမဟာ မနာလို တတ်တယ်၊ စိတ်ထိခိုက် လွယ်တယ်၊ အပြောင်းအလဲ မြန်တယ်၊ ဒါတွေဟာ အပြစ်တွေချည်းပါပဲ၊ မမ မောင့်ကို အားလုံး အလျှော့ပေးပါတယ် မောင်ရယ်၊ မောင့် သဘောကျ နေပါ့မယ်၊ မေမြို့ကို ပြန်ကြပါစို့ မောင်ရယ်၊ မေမြို့ ပြန်ပြီး မမနှင့် မောင် အေးအေးဆေးဆေး နေကြပါစို့”

မမသည် စကားလုံးများကို စိတ်ထဲမှ ရွတ်နေမိသည်။

မမသည် သူ့ စိတ်တွေကို လျှော့ချကာ စဉ်းစားနေမိသည်။ သို့ရာတွင် ကိုသက်ဆွေ၏ ရင့်သီးသော စကားများကို ကြားယောင်လာပြန်သည်။

ကိုသက်ဆွေသည် မမက သူနှင့် ရသော သမီးကို မချစ်ဘဲ တူးတူးအား အချစ် ပိုနေသည်ကို တွေ့ရသောအခါ ကိုသက်ဆွေသည် သူ့အား ရင့်ရင့်သီးသီး ပြောခဲ့သည်။ တကယ်တော့ မမသည် တူးတူးကို ဘယ်လောက် ချစ်သည် ဆို သော်လည်း ကိုသက်ဆွေ အတွက် တူးတူးကို စွန့်လွှတ်ခဲ့ရသည်။ ကိုသက်ဆွေသည် သည်လောက်တော့ စဉ်းစားဖို့ ကောင်းသည်။ ယခု သည်အချက်ကိုမျှ မထောက်ဘဲ သူ့အား ရင့်သီးစွာ ပြောသောအခါ ကိုသက်ဆွေသည် သူ့ကို အပြစ် ရှာကာ တခြား မိန်းကလေး တစ်ယောက်ကိုများ တွေ့နေပြီလားဟု သံသယ ဖြစ်လာသည်။

သို့ဖြင့် မမသည် စိတ်ချမ်းသာမှုကို ရှာရင်းဖြင့် စိတ်မချမ်းသာစရာ ဟူသမျှကို ဖျောက်ပစ်လိုက်သည်။ စိတ်ချမ်းသာစရာများကို ပြန်၍ တွေးပြန်သည်။

“မောင်ဟာ သစ္စာ ရှိတယ်၊ ရိုးသားတယ်၊ မမကို ချစ်တယ်၊ မမက မောင့်ကို ချစ်တယ်၊ မကြာခင် ရန်ကုန်က ကွာရှင်းခွင့် စာက ရတော့မယ်၊ ဘာမှ မလိုတော့ဘူး၊ မောင် ပြန်လာရင် မှားမှား မှန်မှန် မမ မောင့်ကို အလျှော့ ပေးမယ် မောင်ရယ်၊ မမကပဲ အရှုံးပေးပါတယ်၊ မောင် ကျေနပ်မယ် ဆိုရင် ဘာဖြစ်ဖြစ် မမ လုပ်ပါ့မယ်၊ ပြီးတော့ မမနှင့် မောင် မေမြို့ကို ပြန်ကြမယ်”

မမသည် စိတ်ညစ်စရာတွေဆီသို့ နောက်ထပ် ပြန်ရောက်လာမည်ကို စိုးရိမ်ကာ နော်တူးနှင့် မော်လမြိုင်ဘက်က အစေခံမလေးကို ခေါ်ပြီးနောက် အထုပ်အပိုးများကို ပြင်ဆင် သိမ်းဆည်းလျက် ရှိလေသည်။

နော်တူးသည် မမကို အံ့အားသင့်စွာ ကြည့်နေမိပေသည်။