မမ

[၂၀]

မနက်ကျတော့လည်း မမသည် မနေ့ညက ကျန်သော သိမ်းဆည်းစရာများကို ဆက်၍ သိမ်းဆည်းနေသည်။ သို့ရာတွင် မေမြို့ကို ပြန်မည့်ရက်မှာ မသေချာသေးပေ။ တနင်္လာ သို့မဟုတ် အင်္ဂါ တစ်နေ့နေ့တွင် ပြန်ဖြစ်အောင် ပြန်မည်ဟု ဆုံးဖြတ်ထားလေသည်။

မမသည် အောက်ထပ် ပြတင်းပေါက်မှ ခန်းဆီးများကို ဖြုတ်၍ သေတ္တာထဲသို့ ထည့်နေစဉ်တွင် ကိုသက်ဆွေသည် အဝတ်အစားလဲကာ ဆင်းလာသည်။ သူ့ကို ကြည့်ရသည်မှာ အပြင် ထွက်မည့်ဟန် ပေါ်နေသည်။

“မေမေ မနေ့ ညက ရထားနှင့် ရောက်လာတယ်၊ မောင့်ကို ဒီနေ့ ငွေ ငါးထောင် ပေးမယ် ပြောတယ်၊ အဲဒါ သွားယူမလို့၊ ဒီနေ့ လိုတာ ပြုတာကို ဝယ်ခြမ်းပြီး မနက်ဖြန် ရထားနှင့် တက်ကြတာပေါ့”

မမသည် ကိုသက်ဆွေ၏ မေမေ မန္တလေးသို့ ရောက်လာသည်ဟု ကြား လိုက်သည်နှင့် စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။ သူ့ မေမေနှင့် တွေ့လျှင် သူ့ အပေါ်တွင် စိတ်ပျက်စ ပြုနေသော ကိုသက်ဆွေသည် ပို၍ စိတ်ပျက်သွားကာ သူ့ကိုများ စွန့်ပစ်လိုက်လေမည်လား ဟူ၍လည်း တွေး၍ ပူမိသည်။

မမသည် ကိုသက်ဆွေအား သူ့ မေမေနှင့် မတွေ့ရန် တားထားလိုက် ချင်သည်။ သို့ရာတွင် စိတ်ကို အနိုင်နိုင် ထိန်းချုပ် ထားလိုက်သည်။ ကိုယ်ချင်းစာစိတ်၊ မိခင် စိတ်သည် မမ၏ ရင်ထဲတွင် တဖွားဖွား ပေါ်လာကြ သည်။

မမသည် သူ့သား တူးတူးကို ချစ်သလိုပင် ကိုသက်ဆွေ၏ မေမေသည်လည်း သူ့သားကို ချစ်ရှာပေလိမ့်မည်။

သူ့အား တူးတူးနှင့် မတွေ့ရန် ကိုသက်ဆွေက တားလျှင် မမ ဘယ်လို နေမည်နည်း။ သားနှင့် မတွေ့ရသော ကိုသက်ဆွေ၏ မေမေသည်လည်း ဘယ်လို နေလေမည်နည်း။

“ဟုတ်လား မောင်၊ ဒီလိုဆိုလည်း သွားပါ မောင်၊ တွေ့ချင် ရှာပေမပေါ့၊ သွား မောင်၊ ထမင်းစားခန်းထဲမှာ မောင့်ဖို့ ကော်ဖီ ရှိတယ်၊ သွားသောက်ချေ၊ မမတော့ ပစ္စည်းလေးတွေ သိမ်းလက်စနှင့် သိမ်းလိုက်ဦးမယ်”

မမသည် ကိုသက်ဆွေ စိတ်ချမ်းသာအောင် အစွမ်းကုန် လိုက်လျောမည် ဟု စိတ်ကို လျှော့ပြီး ဖြစ်လေသည်။

ထို့ကြောင့် မမသည် စကားလှရုံ ဟန်ဆောင် ပြောခြင်း မဟုတ်ဘဲ ကိုယ် ချင်းစာစိတ်ဖြင့် ရိုးသားစွာ ပြောလိုက်၏။

ပစ္စည်းတွေ သိမ်းပြီး၍ မမ ထမင်းစားခန်းထဲသို့ ဝင်လာသော အခါတွင် ကိုသက်ဆွေသည် ပေါင်မုန့် ထောပတ်သုတ်ကို စားလျက် ရှိသည်။ မမသည် နဖူးတွင် ဖွာရာကျနေသော ဆံပင်များကို လက်ဖြင့် သိမ်းဖယ်ကာ ကိုသက်ဆွေ ဘေးတွင် ဝင်ထိုင်လိုက်ရင်း…

“မနက်ဖြန်တော့ မေမြို့ကို ပြန်ဖြစ်အောင် ပြန်ကြစို့နော် မောင်၊ မမတော့ ရောက်ကတည်းက မေမြို့ကို ပြန်ချင်နေတာ မောင်၊ မောင့်အလို လိုက်ပြီးသာ နေရတာ၊ တကယ်တော့ မေမြို့မှာ နေရတာဟာ မမနှင့် မောင့် အဖို့ လောက နိဗ္ဗာန်ကလေးပါ မောင်၊ ဪ မောင် ဒါထက် မောင့် မြင်းတွေ အတွက်ကော”

“မြင်း နှစ်ကောင်ပဲ ကျန်တော့တာ၊ ဟိုမှာ မြင်းဇောင်း ဆောက်ပြီးမှ ယူ တော့မယ်လေ”

“ကောင်းသားပဲ၊ အိမ် ခြံထောင့်မှာ မြင်းဇောင်း ဆောက်လိုက်ပေါ့၊ မမလည်း ဘုရားကြီးဘက်က စက်ဆိုင်ကို အင်္ကျီတွေ သွားရွေးဦးမယ်နော် မောင်”

မမ၏ မျက်နှာမှာ ချိုသာ ရွှင်လန်းနေသည်။ အသံသည် ကြည်လင်အေးမြ၍ နေသည်။

နော်တူးသည် ကြေးနန်း စာရွက် တစ်ရွက်ကို ကိုင်ကာ ကိုသက်ဆွေအား လာပေးသည်။

ကိုသက်ဆွေက ကြေးနန်းကို လက်မှတ် ထိုး၍ ယူလိုက်သည်။

မမသည် ကြေးနန်းကို ဖတ်နေသော ကိုသက်ဆွေအား အကဲခတ်လိုက်ပြီး…

“ဘယ်က ကြေးနန်းလဲ မောင်”

မမက မအောင့်နိုင်တော့ဘဲ လှမ်း၍ မေးလိုက်သည်။

“ကိုမောင်မောင်လတ်ဆီကပါ”

“ဘာတဲ့လဲ မောင်၊ မမ မသိရဘူးလား၊ မမနှင့် မောင့် ကြားမှာ ထိမ်ဝှက်စရာများ ရှိသလား”

“မမကို မပြချင်ဘူး မမ၊ ကိုမောင်မောင်လတ်ကလည်း တစ်ဆိတ်ရှိ ကြေးနန်းချည်းပဲ ရိုက်နေတာပဲ၊ ဘာ အကြောင်းမှ မထူးဘဲ ကြေးနန်း ရိုက်လို့ အလကားပေါ့”

“ကွာရှင်းဖို့ ကိစ္စလား မောင်”

“ဟုတ်တယ်၊ ခုထိတော့ ဘာမှ မထူးသေးဘူးတဲ့၊ တစ်ရက် နှစ်ရက် အတွင်း အဖြေပေးမယ် ဆိုလို့ စောင့်နေတယ်တဲ့၊ ဖတ်ကြည့်လေ”

မမသည် တုန်ယင်သော လက်များဖြင့် ကြေးနန်း စာရွက်ကို ကောက် ဖတ်လိုက်သည်။ ကြေးနန်း အောက်ဆုံး တစ်ပိုဒ်တွင်… “ မျှော်လင့်ချက် သိပ် မရှိ၊ အတတ်နိုင်ဆုံး ကြိုးစားမည်” ဟု ရေးထားသည်ကို တွေ့ရလေသည်။

“ကွာရှင်းခွင့် ရရ မရရ မမ အဖို့ အရေး မကြီးပါဘူးလို့ မနေ့ကပဲ ပြောပြီးသားပဲ မောင်ရယ်၊ မောင်က ဘာဖြစ်လို့ ဒီလောက် ကြိုးစားနေရတာလဲ၊ တကယ်ဆိုရင် မောင် လုပ်နေတာကို မမကို ဖွင့်ပြောပါလား”

မမသည် ကိုသက်ဆွေက သူ့အား ဖုံးကွယ်ထားသည်ကို ဝမ်းနည်းလာ သည်။ တခြား မိန်းကလေး တစ်ယောက်ယောက်နှင့် ဖြစ်နေကြလျှင်လည်း ကိုသက်ဆွေသည် သူ့ကို ဖုံးကွယ်ထားမည်မှာ သေချာပေသည်။

မမသည် တွေးရင်း ကိုသက်ဆွေကို မကျေမနပ် ဖြစ်လာသည်။

“နေပါဦး၊ မောင်က မမကို ဘာဖြစ်လို့ ဒီ ကြေးနန်းကို မပြချင်ရတာလဲ”

“မမ စိတ်မကောင်း ဖြစ်မှာ စိုးလို့ပါ”

“ဒီမှာ မောင်၊ မမ ဘာမှ စိတ်မကောင်း ဖြစ်စရာ မလိုတော့ဘူး၊ ကွာပေးချင်ပေး မပေးချင်နေ မမ အဖို့ မထူးတော့ဘူး”

ကိုသက်ဆွေသည် မမကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

“မမ အဖို့ မထူးပေမဲ့ မောင့် အဖို့ ထူးတယ်၊ မောင်က သောင်မတင် ရေမကျ ဖြစ်နေတာကြီးကို မခံနိုင်ဘူး၊ ပြတ်သားချင်တယ်”

ကိုသက်ဆွေက ခပ်မာမာ ပြောလိုက်သည်။ တကယ်လည်း သူ့ ရင်ထဲတွင် မခံမရပ်နိုင် ဖြစ်နေသည်။

“ပြတ်သားတာ မပြတ်သားတာက အရေးမကြီးပါဘူး မောင်၊ မောင်နှင့် မမဟာ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ချစ်ကြသလဲ ဆိုတာသာ အရေးကြီးတာပါ၊ ဒီဘဝရောက်မှ မောင်က ဘာဖြစ်လို့ ဒီလောက် ပြတ်ပြတ် သားသား ဖြစ်နေချင်ရတာလဲ၊ လင်မယားလို နေပြီးတဲ့နောက် ဘာများ ပြတ်သားစရာ လိုသေးသလဲ”

“အများကြီး လိုတယ်၊ ဒီကိစ္စဟာ ပြတ်သားမှ ဖြစ်မယ်၊ ဒီ့ထက် ပြတ်သားဖို့ မလိုဘူး ထင်ရင် ထင်တဲ့ လူဟာ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပဲ”

“ဘာဖြစ်လို့ လိမ်ရမှာလဲ”

“အို လိမ်လို့ လိမ်တာပေါ့၊ မမ သိပါတယ်၊ ဒီကိစ္စ ပြတ်သားအောင် လုပ်နေတာဟာ မောင့် အတွက် မဟုတ်ဘူး၊ မမ အတွက်နှင့် ကလေးတွေရဲ့ နောင်ရေးတွေ အတွက်”

“ဘယ်က ကလေးတွေလဲ”

“အို ဘယ်က ကလေးတွေ ရမှာလဲ၊ ခု သမီးလေး ရှိပြီ၊ နောင်မှာ ကလေးတွေ လာကြလိမ့်မယ် မဟုတ်လား”

“အို နောင်မှာ ဘယ်ကလေးမှ မလာတော့ဘူး၊ မမ ကလေး မရအောင် လုပ်ပြီးပြီ”

ကိုသက်ဆွေသည် မမကို အံ့အားသင့်သလို လှည့်ကြည့်လိုက်သည်။

ကလေး မရတော့ဘူး ဆို၍ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ မနေ့က ကိုသက်ဆွေသည် ခင်သီသီ မျက်နှာ မြင်သည်ဟု ကိုအောင်မိုးထံမှ ကြားခဲ့ပြီးသည့် အချိန်မှ စ၍ ကိုသက်ဆွေသည် မမနှင့် သူတို့၏ ဘဝနှစ်ခုကို တင်းကျပ်သည်ထက် တင်းကျပ်အောင် ချည်နှောင်ပေးမည့် သံယောဇဉ်ကြိုးကလေးများ တစ်ပင်ပြီး တစ်ပင် ပေါ်ပေါက်လာစေချင်သည်။

အထူးသဖြင့် မမက သမီးလေးကို ဦးသက်ထွန်းနှင့် ရသည့်သားလောက် မချစ်သည်ကို တွေ့ရသော အခါ ပိုမို၍ စိတ်ဆင်းရဲကာ နောက် ကလေးတွေ ရတော့ ချစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့ရာတွင် မမက ကလေး မရတော့ဘူးဟု ပြောလိုက်သဖြင့် ကိုသက်ဆွေ၏ မျှော်လင့်ချက်များမှာ ပြိုလဲ ပျက်စီးသွားသည်ဟု ထင်မှတ်လိုက်ရပေသည်။

ကိုသက်ဆွေသည် နောက်ထပ် ကလေးတွေ ရလာလျှင် သူတို့ နှစ်ဦး၏ အိမ်ထောင်ရေးသည် ပို၍ စိုပြည်လာလိမ့်မည် ဟူသော စိတ်ကူးဖြင့် ဆပ်ပြာ ပူဖောင်းကို မှုတ်၍ ကစားရသော ကလေးငယ်လို ပူဖောင်းလေးများကို ကြည့် ၍ ကြည်နူးခဲ့ရသည်။

ယခုတော့ ကိုသက်ဆွေ၏ ဆပ်ပြာ ပူဖောင်းကလေးများသည် ပေါက်ကွဲ ပျောက်ပျက်သွားကြပေပြီ။

“ဒါတော့ မမဟာ မိုက်မဲလွန်းတယ် ထင်တယ်”

ကိုသက်ဆွေက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

“ဟုတ်တယ်၊ မမဟာ မိုက်မဲရာ ရောက်ချင် ရောက်မယ်၊ ဒါပေမဲ့ မောင် ဒီလောက် ကလေး လိုချင်နေရတဲ့ အကြောင်းကို မမ သိတယ်၊ မောင်ဟာ မမကို ငြီးငွေ့နေပြီ မဟုတ်လား ဟင်၊ စိတ်ပျက်နေပြီ မဟုတ်လား”

နောက်ထပ် ကလေး ရရေး မရရေး ပြဿနာကို မမသည် ရှည်လျားစွာ စဉ်းစားပြီးမှ နောက်ဆုံးတွင် ကလေး မရအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ကိုသက်ဆွေက နောက်ထပ် ကလေး လိုချင်သည့် အကြောင်းရင်းမှာ ကိုသက်ဆွေသည် သူ့ အလှ သူ့ အချစ်ကို တန်ဖိုး လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု မမ အဖို့ အဓိပ္ပာယ် ထွက်နေသည်။

“မောင် … ပြတ်ပြတ်သားသား ဖြစ်စေချင်တာက ကလေးတွေ နောင်ရေးတင် မကဘူး၊ မမရဲ့ နောင်ရေး အတွက်လည်း ပါတယ်လို့ ပြောတယ် မဟုတ်လား၊ မမကို ငြီးငွေ့တယ် မငြီးငွေ့ဘူး ဆိုတဲ့ ပြဿနာ မပေါ်ပါဘူး၊ မမဟာ စိတ် မငြိမ်ဘူး၊ မောင် သိတယ်၊ မမဟာ ဆောက်တည်ရာ မရ ယောက်ယက် ခတ်နေတယ်၊ ဒီလို ဖြစ်ရတာဟာ ခုလို ဦးသက်ထွန်းနှင့် သောင်မတင် မကျ ဖြစ်နေလို့ပဲလို့ မောင် ထင်တယ်”

“အို မဆိုင်ပါဘူး၊ ဒီ့ထက် ဘာ ပြတ်သားရဦးမှာလဲလို့ ပြောပြီးပြီကော”

မမသည် ဘာမျှ မပြောဘဲ ကော်ဖီ သောက်နေသည်။

“မမဟာ မောင့် အလိုကျ မောင့် သဘောကျ နေခဲ့တယ်၊ မောင့်ကို ချစ်လွန်းလို့ ဆွေပစ် မျိုးပစ် လင်ပစ် သားပစ် လိုက်ခဲ့တယ်၊ ပတ်ဝန်းကျင်က လက်ညှိုး ထိုးတာကို ခံခဲ့တယ်၊ မောင်ဟာ ပတ်ဝန်းကျင်က မမတို့ အပေါ် လက်ညှိုးတွေ ဝဲလာတိုင်း မမ တစ်ယောက်တည်း ဒီလက်ညှိုးတွေအောက်မှာ အထိုးခံပြီး မောင်က ရှောင်ပြေးတယ်၊ မောင့်မှာ ဘာမှ မစွန့်ရဘူး”

“အကုန်လုံး စွန့်ရတယ် မမ၊ ဒီလို မပြောပါနှင့်”

“အကုန်လုံး မစွန့်ရလို့ ခု အမေ့ကို သွားတွေ့တာပေါ့၊ မမ ကိုယ်ချင်း

စာပြီး အစက မပြောပါဘူး၊ စွန့်ရရင် အမေကို ဘာသွားတွေ့စရာ ရှိသလဲ”

“ဒီကိစ္စနှင့် ဘာမှ မဆိုင်ပါဘူး”

“ဆိုင်တယ်၊ သိပ် ဆိုင်တယ်၊ မမကို ဘယ် ဆွေမျိုးကမှ လှည့်မကြည့်တဲ့ အချိန်မှာ မောင်ဟာ မောင့် ဆွေမျိုးတွေ ကျေနပ်အောင် မောင့် အစ်မ ကျေနပ်အောင် လုပ်နေရတယ်၊ မောင့် အမေလို အသည်းနှလုံး မရှိတဲ့ မိန်းမမျိုး ကိုယ်ချင်းမစာတဲ့ မိန်းမမျိုးနှင့် မမ မပတ်သက်ပါရစေနှင့်”

“မေမေ့ကိုတော့ ဒီလို မပြောပါနှင့်”

“အို မောင့် မေမေကို ကွက်ပြောတာ မဟုတ်ပါဘူး၊ သဘောကို ပြော တာ၊ ကိုယ့်သားသမီးရဲ့ ပျော်ရွှင် စိတ်ချမ်းသာမှု ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာကို နည်းနည်းမှ မငဲ့တဲ့ မိန်းမဟာ အသည်းနှလုံး မရှိတဲ့ မိန်းမရင်လည်း ဖြစ်ရမယ်၊ ဒါမှ မဟုတ်ရင်

“မမ တော်နော်”

“အို မတော်ဘူး၊ ပြောရဦးမယ်”

ကိုသက်ဆွေသည် ဝုန်းခနဲ ထရပ်ကာ မမ၏ ပါးကို လက်ဝါးဖြင့် ရိုက် လိုက်သည်။ ထို့နောက် လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ အရှိန် ပြင်းသဖြင့် မမသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

မမသည် ရှိုက်ငို၍ ကျန်ရစ်ခဲ့သည်။ လင်ယောက်ျား၏ အရိုက်ကို ခံရ သည်မှာ တစ်သက်နှင့် တစ်ကိုယ် သည်တစ်ကြိမ်သည် ပထမ အကြိမ် ဖြစ်သည်။

တကယ်တော့ မမသည် ဘယ်သူ မပြု မိမိမှုဟု ဆိုသည့် အတိုင်း ကိုယ့် ကိုယ်ကိုယ်သာ အပြစ် ဖို့မိသည်။ လေမုန်တိုင်း ဆိုသည်မှာ လေမရှိသော အရပ်တွင် ဘယ်နည်းနှင့်မျှ မရှိ၊ လေရှိမှသာ လေမုန်တိုင်းသည် ပေါ်ပေါက် လာနိုင်သည် မဟုတ်ပါလော။ မမသည် လေမုန်တိုင်းကို ဖိတ်ခေါ်ခဲ့သူသာ ဖြစ်သည်။ သည်အရာများ အားလုံးသည် သူ့ အပြစ်ချည်းသာ ဖြစ်သည်ကို မမ သိပါပြီ။

သည်နေ့သည် သူတို့ နှစ်ဦး တစ်ဦးကို တစ်ဦး ကြင်နာ ချစ်ခင်မှု လျော့ပါး လာပုံကို နှစ်ဦးစလုံးက ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြသလိုက်ကြသော နေ့ ကြီးပင် ဖြစ်လေသည်။

မမသည် ဘုရားကြီးဘက်ရှိ အပ်ချုပ်ဆိုင်မှ အင်္ကျီများကို ရွေးခဲ့ပြီး ဘယ်မှ မထွက်ဘဲ တစ်နေ့လုံး အိပ်ရာထဲတွင်သာ လှဲနေမိသည်။ သူနှင့် ကိုသက်ဆွေ တို့သည် သည်လိုနှင့် ဝေးကြတော့မည်လော၊ ပြန်လည် သင့်မြတ်သွားကြရ မည်လော၊ ကိုသက်ဆွေ ပြန်လာသည် အထိ စောင့်ရဦးမည်လော၊ သို့မဟုတ် မေမြို့သို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့ရမည်လော။

မေးခွန်းများသည် မမ၏ ဦးနှောက်ကို တဒေါက်ဒေါက် တီးခေါက်နေ ကြသည်။

မမသည် နံနက်လင်းကတည်းက ထွက်သွားသော ကိုသက်ဆွေကို ပြန်လာနိုးဖြင့် စောင့်နေမိသည်။

ညဘက်တွင် မော်တော်ကားသံ ကြားရပြီး ကိုသက်ဆွေ၏ ခြေသံ၊ စကား ပြောသံတို့ကို အောက်ထပ်မှ ကြားနေရသည်။

နောက် ခဏ ကြာလျှင် အိမ်ပေါ်သို့ တက်လာသံကို ကြားရသည်။ ကို သက်ဆွေသည် အခန်းထဲသို့ ဝင်လာကာ စီးကရက်ကို ဖွာ၍ စာအုပ် တစ်အုပ်ကို ဖတ်နေသည့် မမ နောက် သူ့ဘေး အိပ်ရာထဲသို့ ဝင်လာခဲ့သည်။

မမသည် ကျောပေးလှဲရင်း ကိုသက်ဆွေက သူ့ကို ချော့လိမ့်နိုးဖြင့် စောင့် နေခဲ့သည်။ သို့ရာတွင် ကိုသက်ဆွေမှာ သူ့ကို ကျောပေးကာ ခဏချင်း အတွင်းမှာပင် အိပ်မောကျသွားသည်ကို တွေ့ရသောအခါ မမသည် စိတ်ပျက် လက်လျှော့ လိုက်မိလေသည်။

သူတို့ နှစ်ဦးသည် သည်လိုနှင့် ဝေးကြတော့မည်လားဟု တွေးကာ မျက်ရည်တွေ ဖြိုင်ဖြိုင် စီးကျလာသည်။

ကိုသက်ဆွေသည် တကယ်ပင် သူ့ကို မုန်းလေပြီလားဟု ယူဆလိုက်မိ သည်။ အစတုန်းက တစ်လောကလုံးက အမုန်းခံရသော မမသည် သူ့ဘက်တွင် ကိုသက်ဆွေ ရှိသေးသည်ဟု အားတက်ခဲ့ရသည်။ မျှော်လင့်ချက် ထားခဲ့ရသည်။ ယခု ကိုသက်ဆွေကပါ မုန်းပြီ ဆိုလျှင် မမ၏ ဘဝသည် ဘာအဓိပ္ပာယ် ရှိပါတော့သနည်း။

ဦးသက်ထွန်းထံမှ ကွာရှင်းခွင့် ရ မရ ဆိုသည့် ပြဿနာသည် လည်း ကောင်း၊ မေမြို့သို့ ပြန်ရေး မပြန်ရေး ပြဿနာသည် လည်းကောင်း မမသည် ဘာကိုမျှ မစဉ်းစားတော့ပေ။ သူ့ အဖို့ အရေးကြီးဆုံး ပြဿနာများလည်း မဟုတ်တော့ပေ။ အရေးကြီးဆုံး ပြဿနာမှာ ကိုသက်ဆွေက သူ့ကို အမုန်းပြေ၍ အချစ် ဝေစေရန် ဖြစ်ပေသည်။

မမသည် သူ သောက်နေကျ အိပ်ဆေးကို ထ၍ သောက်သည်။ အိပ်ဆေးပုလင်းကို ကြည့်၍ တစ်ပုလင်းလုံး မျိုချလိုက်သည်ကပင် ကောင်းလိမ့် မည်လားဟု တွေးလိုက်မိသေးသည်။ နောက်မှ သူ့ စိတ်ကို သူ ထိန်းချုပ်ကာ သောက်နေကျအတိုင်း သောက်လိုက်သည်။

မမသည် အိပ်ရာပေါ်တွင် လှဲကာ မှိန်မှိန် လင်းနေသော မီးပွင့်ကို စိုက် ၍ ကြည့်ရင်း တွေးနေမိသည်။ သူ မရှိလျှင် ကိုသက်ဆွေသည် ဘယ်လို နေမည်ကို တွေးကြည့်မိသည်။ သူ မရှိလျှင် သူ့အား ပါးချကာ ရက်ရက်စက်စက် ထွက်သွားသည့် အတွက် နောင်တ ရမလားဟု တွေးမိ၏။

သို့ရာတွင် သေသေချာချာ စဉ်းစားကြည့်တော့ မမသည် ကိုသက်ဆွေ အား စိတ်နာခြင်း မဟုတ်။ သူ အေးစက်စက် နေသည်ကို မကျေနပ်ခြင်းသာ ဖြစ်သည်ကို တွေ့ရသည်။ မုန်းခြင်း မဟုတ်၊ သူ့အား အသည်းနင့်အောင် ချစ်ခြင်း ဖြစ်သည်ကို တွေ့လာရသည်။

မမသည် အိပ်ရာမှ ထထိုင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကိုသက်ဆွေ၏ မျက်နှာကို ငုံ့ကြည့်ပြီး နဖူးပြင်ကို ညင်သာစွာ မွှေးလိုက်မိသည်။ ကြည်နူးဝမ်းသာခြင်းကြောင့် မျက်ရည်များသည် ပါးပြင်ပေါ်တွင် ဝဲကျလာကြသည်။

မမသည် စောင်ကို ယူကာ ကိုသက်ဆွေ၏ ကိုယ်ပေါ်သို့ အသာ လွှမ်း ပေးလိုက်ပြီးနောက် နောက်ထပ် အိပ်ဆေး တစ်လုံးကို သောက်ကာ အိပ်ပျော် သွားလေသည်။

နံနက် လင်း၍ အိပ်ရာမှ နိုးသော အခါ ကိုသက်ဆွေ မရှိတော့ပေ။

မမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သဖြင့် လန်းသွားသည်။ မနေ့က ရန်ဖြစ်ကြသည့် ကိစ္စသည် ခေါင်းထဲတွင် ရေးရေးမျှသာ ရှိတော့သည်။ မမသည် နက်ဖြန်တွင် မေမြို့သို့ ပြန်ရေးအတွက် ကိုသက်ဆွေအား ပြောရန် ရေမိုးချိုးပြီး အောက်ထပ် ထမင်းစားခန်းထဲသို့ ဆင်းလာခဲ့သည်။ သည်အချိန် ကိုသက်ဆွေသည် ထမင်းစားခန်းထဲတွင် ကောက်ဖီ သောက်ချိန် ဖြစ်လေသည်။

လှေကားထိပ်သို့ အရောက်တွင် ဆင်ဝင်အောက်၌ ကားတစ်စီး ရပ် ထားသည်ကို မြင်ရပြီး ကားပေါ်မှ မိန်းမရွယ်ရွယ် တစ်ယောက် နော်တူးအား တစ်စုံတစ်ရာ လှမ်းပြောနေသဖြင့် မမသည် ရပ်၍ ကြည့်နေမိသည်။

ခဏ ကြာလျှင် ထမင်းစားခန်းထဲမှ ကိုသက်ဆွေ ပျာယီးပျာယာ ထွက် လာကာ ကားဆီသို့ လျှောက်သွားပြီး ပြုံးပြုံးရယ်ရယ်နှင့် စကား ပြောနေသည်။ မိန်းမရွယ်က ကားပေါ်မှ အထုပ်တစ်ခုကို လှမ်းပေးလိုက်ပြီးနောက် ထွက်သွားလေသည်။

မမသည် အိပ်ခန်းထဲသို့ ပြန်၍ ဝင်လာခဲ့သည်။ စောစောက လန်းဆန်း ကြည်နူးခြင်းများသည် ပျောက်ကွယ်သွားကြပြန်သည်။ မနေ့က ပါးကို အရိုက် ခံရသည်ထက်ပင် ရင်ထဲတွင် ဆူဝေ၍ လာသည်ဟု ထင်ရလေသည်။

မမသည် အိမ်တွင် ကြာကြာ မနေချင်တော့ဘဲ တစ်နေရာရာသို့သာ အမြန်ဆုံး ထွက်ခွာ သွားချင်လှပြီ ဖြစ်သည့် အတွက် မအောင့်အည်းနိုင်တော့ဘဲ အောက်ထပ်သို့ ဆင်းလာကာ ကိုသက်ဆွေကို ဖွင့်ပြောလိုက်သည်။

“ခင်လှလှ ညီမ ရိုစီပါ၊ မေမေက ငွေ ငါးထောင်နှင့် မောင် အမေရိက သွားတုန်းက ချုပ်ခဲ့တဲ့ ကုတ်အင်္ကျီနှင့် ဘောင်းဘီ အပေး လွှတ်လိုက်တာ၊ မနေ့က မေမေ့ဆီကို မသွားဖြစ်ဘူး”

ကိုသက်ဆွေက မမကို မကြည့်ဘဲ ပြောလိုက်သည်။ မမသည် ကိုသက် ဆွေကို စူးစိုက် ကြည့်နေသည်။ စာအိတ်ထဲမှ စာတစ်စောင်ကို ဖြန့်၍ ဖတ်နေသည်။

မမက အခန်းထဲမှ လှည့်အထွက်လိုက်တွင် ကိုသက်ဆွေက…

“ဪ ဒါထက် မမ၊ မနက်ဖြန် မောင်တို့ မေမြို့ တက်ဖို့ သေချာပြီ နော်၊ အားလုံး စီစဉ်ပြီးပြီ မဟုတ်လား”

“မောင် သွားတော့၊ မမ မလိုက်တော့ဘူး”

မမက လှည့်၍ ပြောလိုက်သည်။

“ဘယ်လိုလဲ မမ၊ ဒီလိုပဲ နေကြတော့မှာလား”

“မောင့် သဘော၊ မမ သဘော မဟုတ်ဘူး”

“ဒီလိုသာ ဆိုရင် အပျက်ပျက်နှင့် နှာခေါင်း သွေး ထွက်လိမ့်မယ်နော် မမ”

“ထွက်နေပါပြီ၊ မထူးတော့ပါဘူး၊ နောက်တော့သာ မောင် နောင်တ မရပါနှင့်၊ မမကို အပြစ်မဆိုနှင့်”

ကိုသက်ဆွေသည် မမ၏ ပြုမူ ပြောဆိုပုံကို ကြည့်၍ ဒေါပွလာကာ ရိုက်ရန် ထလိုက်သည်။ သို့ရာတွင် ချက်ချင်း စိတ်ကို ချုပ်တည်းကာ အံကို ကြိတ်၍ ပြန်ထိုင်လိုက်သည်။

သူသည် မမကို အားလုံး လိုက်လျောခဲ့သူ၊ မမ အတွက် အားလုံးကို စွန့် လွှတ်ခဲ့သူဟု ထင်သည်။ ယခုတော့ မထူးတော့ပြီဟု သဘောပေါက်လာသည်။ ထို့ကြောင့် ကိုသက်ဆွေသည် ခြေသံပြင်းပြင်းနင်းကာ မြို့ထဲရှိ သူ့ မေမေထံ သွားရန် ထွက်လာခဲ့လေသည်။

မမသည် အပေါ်ထပ်သို့ ပြန်တက်ခဲ့ကာ လှေကားထိပ်မှ ရပ်၍ ကိုသက် ဆွေကို ကြည့်နေမိသည်။

ကိုသက်ဆွေသည် သူ့ကို ပြန်စောင်း၍မှ လှည့်မကြည့်ဘဲ ကားမောင်း၍ ထွက်သွားလေသည်။

“သွားပြီ၊ မောင်နှင့်တော့ ဝေးကြပြီ၊ မောင် ..မောင်၊ မောင် မသွားရဘူး၊ မောင် မသွားရဘူး”

မမသည် လှေကားထိပ်တွင် သညာ ကင်းသူလို ငေး၍ ရပ်နေပြီးနောက် အိပ်ပေါ်ထပ် ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ မမသည် တစ်ယောက်တည်း နေရမည်ကိုပင် ကြောက်သလို ဖြစ်ကာ နော်တူးကို လှမ်းခေါ်လိုက်၏။

“နင်တို့ အစ်ကို ဘယ်သွားမယ် ပြောသွားသလဲ ဟင် နော်တူး’

“မြင်းဇောင်းကို သွားကြည့်မယ် ပြောပါတယ် မမ၊ မမ ကားလိုချင် ရင် ကားကို ကိုဘအောင် အယူခိုင်းလိုက်လို့လည်း ပြောသွားပါတယ်”

“ဒါဖြင့် နေဦး၊ ငါ စာတစ်စောင် ရေးပေးလိုက်မယ်၊ ဘအောင်ကို မြင်းဇောင်း လိုက်ပြီး စာအပေးခိုင်းလိုက်”

မမသည် စားပွဲတွင် ထိုင်ကာ စာ တစ်ကြောင်း နှစ်ကြောင်း ခြစ်လိုက်သည်။

မမမှားပါတယ်။ အိမ်ကို ပြန်လာခဲ့ပါ။ မောင့်ကို မမ ရှင်းပြပါ့မယ်။ မမကို ချစ်သနားရင် မြန်မြန် လာခဲ့ပါ မောင်။

မမသည် စာအိတ်ကို ပိတ်ကာ မြန်မြန် သွားပေးရန် ဘအောင်ကို ခိုင်း လိုက်သည်။ မမသည် အပေါ်ထပ်တွင် တစ်ယောက်ထီးတည်းကြီး နေရစ်ခဲ့ရသည်ကို ကြောက်၍ လာသလိုဖြစ်ကာ အောက်ထပ် နော်တူးနှင့် သမီးလေး ရှိရာသို့ ဆင်းလာခဲ့လေသည်။

သမီးလေးမှာ လက်တွန်း လှည်းထဲတွင် ထိုင်၍ ကစားနေသည်။ ပါးစုံ ကလေးများမှာ အစ်နေကြသည်။ နှုတ်ခမ်းကလေးများနှင့် လက်ကလေးများကလည်း နီထွေး နေကြသည်။

မမသည် သမီးကို မြင်တော့ တူးတူးကို ပိုလို့ အမှတ်ရလာသည်။ တူးတူးကို ပိုလို့ လွမ်းလာရသည်။ တွေးကြည့်လိုက်သောအခါ သူ့ဘဝတွင် တူးတူးအား ဘယ်တော့မှ တွေ့ရတော့မည် မဟုတ်ဟု ထင်မြင်လာကာ ရင်ထဲတွင် တလှိုက်လှိုက် ဖြစ်လာသည်။

မမသည် မနက်ဖြန်တွင် မေမြို့သို့ ပြန်ကြမည် ဖြစ်ကြောင်း၊ အစစအရာရာ သိမ်းဆည်း၍ အဆင်သင့် ပြင်ထားစေလိုကြောင်းဖြင့် ထပ်မံသတိပေးကာ လက်တွန်းလှည်းနားက ကုလားထိုင်တွင် ထိုင်၍ ကလေးကို ချော့မြှူနေ သည်။ သို့ရာတွင် ကြာကြာ မချော့မြူနိုင်ဘဲ သမီးလေးကို မြင်သည်နှင့် ကိုသက်ဆွေကို အမှတ်ရလာလေသည်။ ကိုသက်ဆွေသည် သူ့ကို စိတ်ဆိုး သွားလေပြီလား၊ တစ်ခါတည်း စွန့်ပစ်သွားလေပြီလားဟုလည်း စိုးရိမ်လာသည်။

မမသည် လက်မှ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။ စာအပေး ခိုင်းလိုက်သည်မှာ နာရီဝက်ကျော်လောက် ရှိသွားပြီ ဖြစ်သည်။ သည်အချိန် လောက်ဆိုလျှင် ကိုသက်ဆွေသည် သူ့ စာကို ရရှိပြီး ဖြစ်လိမ့်မည် ထင်သည်။ ပြန်လာမည် ဆိုလျှင်လည်း နောက် ဆယ့်ငါး မိနစ် မိနစ် နှစ်ဆယ် အတွင်း ရောက်လာပေတော့မည်။ သို့ရာတွင် ကိုသက်ဆွေသည် သူ့ကို စိတ်နာပြီး သွားပြီဆိုလျှင်…။

မမသည် ဆက်မတွေးတော့ဘဲ ကိုသက်ဆွေ ပြန်လာရမည်ဟုသာ အားတင်းထားလိုက်သည်။ ကိုသက်ဆွေ၏ အကြိုက်ကို လိုက်တော့မည်။ သူ့ ဘဝကို ကိုသက်ဆွေ ရင်ခွင်တွင် မြှုပ်နှံတော့မည်။ ကိုသက်ဆွေ အလိုကျမည့် ဇာတ်ကို ကတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မမသည် ကိုသက်ဆွေ ပြန် လာ၍ မျက်ရည်နှင့် မျက်ခွက် မြင်ပါက စိတ်မကောင်းမည် စိုးသဖြင့် မျက်ရည်တွေကို သုတ်လိုက်သည်။ မှန်တင်ခုံရှေ့တွင်ရပ်ကာ ကိုသက်ဆွေကို ကြိုရန်အတွက် အလှပြင်နေသည်။ အလှပြင်ရင်း ခင်ရီရီတို့နှင့် သွားတွေ့ ရန် စိတ်ကူး ရလာသဖြင့် နော်တူးကို ခေါ်လိုက်သည်။

“နော်တူးရေ၊ မမ ရီတို့ အိမ်ကို ခဏ သွားတယ် ပြောလိုက် ဟုတ်လား၊ ခုပဲ ပြန်လာခဲ့မယ်လို့”

ဦးသက်ထွန်း သဘောထားများနှင့် ပတ်သက်၍ နောက်ထပ် ဘာများ ထူးလေမလဲ။ ရန်ကုန်တွင် ရောက်နေသော မောင်မောင်လတ်ထံမှ ထိုကိစ္စနှင့် ပတ်သက်၍ ခင်ရီရီထံ စာများ ရောက်နေမလားဟု တွေးကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ဆင်ဝင် အောက်မှ ကား ရုပ်သံ ကြားရသဖြင့် မမသည် ကိုသက်ဆွေ ပြန်လာပြီ ထင်ကာ ဝမ်းသာသွားသည်။ သို့ရာတွင် ကိုသက်ဆွေ မပါလာဘဲ ကားပေါ်မှ ဆင်းလာသော ဒရိုင်ဘာ ဘအောင်ကို မြင်လိုက်ရ၏။

‘မတွေ့ခဲ့ဘူး ခင်ဗျ၊ မေမေကြီး တည်းတဲ့ တိုက်က ကားနှင့် လာခေါ် လို့ လိုက်သွားတယ်တဲ့၊ ကားကိုတော့ ထားခဲ့တယ်”

ဘအောင် မမ၏ စာကို ပြန်ပေးလိုက်သည်။ မမသည် ကိုသက်ဆွေအား သူ့ စာကို မပေးလိုက်ရသည့် အတွက် စိတ်ပျက်သွားသည်။ သူ့ မေမေ လာခေါ်သည် ဆိုသဖြင့်လည်း စိတ်ထဲတွင် ယောက်ယက်ခတ် သွားသည်။ ကို သက်ဆွေသည် သူ့ကို စွန့်ခွာ၍ သူ့ မေမေဘက်သို့ ပါသွားလေပြီလော။

“ဒါဖြင့် ဒီ စာကို သူ့ မေမေ တည်းတဲ့ တိုက်ကို လိုက်ပေးချည်၊ ဘာ ပြန်မှာမလဲ ဆိုတာလည်း စောင့်မေးခဲ့၊ သူ့ မေမေ တည်းတဲ့ တိုက်ကို သိ တယ် မဟုတ်လား”

မမသည် ဘအောင်ကို နောက်တစ်ခေါက် လွှတ်လိုက်ပြန်သည်။

ကိုသက်ဆွေကို ဆုံးရှုံးတော့မည် ဆိုသော အသိသည် ဦးနှောက်ထဲတွင် ကြီးစိုးစ ပြုလာသည်။ ခံစားချက်သည် ရင်ထဲတွင် ဘောင်ဘင်ခတ်စ ပြုလာသည်။ ဘာလုပ်ရမည် မသိဘဲ ဂနာမငြိမ် ဖြစ်လာပြီး မျက်ရည်တွေ စီးကျလာ ကြသည်။

“နော်တူး၊ မမ ဘာလုပ်ရမလဲ နော်တူးရယ်၊ မမတော့ ဒုက္ခ တွေ့ပြီ ထင်တယ်”

မမသည် ကုလားထိုင်ပေါ်တွင် ထိုင်ချကာ ရှိုက်ငိုလိုက်မိသည်။ နော်တူးသည် သူ့ မမကို ငေးကြည့်နေလေသည်။ ကိုသက်ဆွေက ပစ်သွားလျှင် မမသည် ဘယ်ကို သွားရပါမည်နည်း။ ဦးသက်ထွန်းဆီ ပြန်ဖို့ ဆိုသည့် ကိစ္စကလည်း မဖြစ်နိုင်တော့ဟု ထင်သည်။ ဦးသက်ထွန်းသည် သည်အခြေအနေ ရောက်မှတော့ သူ့ကို ခွင့်လွှတ်ပါတော့မည်လော။ ဦးသက်ထွန်းက သဘောထားကြီး၍ ခွင့်လွှတ်နိုင်သည့်တိုင်အောင် ပတ်ဝန်းကျင်က ခွင့်လွှတ်ပါဦးမည်လော။

“ငါ ရီတို့ အိမ် ခဏ သွားဦးမယ် နော်တူး၊ ဘအောင် ပြန်လာရင် စောင့်နေလို့ ပြောလိုက် ၊ ဟုတ်လား”

မမသည် မျက်ရည်စတွေကို သိမ်းကာ ရထားလုံး တစ်စီးကို ခေါ်၍ ရီရီတို့ အိမ်သို့ ထွက်လာခဲ့မိသည်။

ခင်ရီရီတို့နှင့် စကားစမြည် ပြောရသော်လည်း မမသည် အားမရှိတော့ပေ။ ခင်သီသီကိုပါ ခင်ရီရီတို့ အိမ်တွင် တွေ့ရတော့ မမသည် သူ့စိတ်သူ မလုံမလဲ ဖြစ်လာသည်။ ခင်သီသီ၏ ဟန်ပန်များမှာလည်း သူ့အား အထင်သေး နှိမ့်ချသည့်ဟန် ပေါ်လွင်နေသည်ဟု ထင်ရသည်။ မမသည် ခင်သီသီ စိတ်ထဲက ရည်မှန်းထားသူအား လုယူခဲ့သူ အဖြစ် ကိုယ့်ကိုယ်ကိုယ် နောင်တ ရကာ ရှက်လာသည်။ လူတွေ၏ အမြင်တွင် မမသည် အကျင့်သိက္ခာ မရှိသူ၊ သစ္စာမဲ့သူ၊ ဖောက်ပြားသူဟုလည်း ယူဆနေကြသည်။ သည်လို တွေးကြည့်ပြန်တော့ မမတွင် ကိုသက်ဆွေမှ တစ်ပါး အားကိုးစရာ မရှိတော့ပေ။

ခင်ရီရီတို့ အိမ်မှ ထွက်လာသော အခါ မမသည် ဘယ်ကို သွားရမည်ကို မသိဘဲ ဖြစ်နေသည်။ ကိုသက်ဆွေသည် သူ့ အမေဘက်သို့ ယိမ်းယိုင်သွား လေပြီလား။ သို့ဖြစ်လျှင် သူ့ မေမေ တည်းခိုရာ တိုက်သို့ ရောက်နေသော ကိုသက်ဆွေ နောက်သို့ လိုက်ရမည်လော။ ကိုသက်ဆွေ နောက်သို့ လိုက်လျှင် မမသည် ကိုသက်ဆွေ၏ မေမေကို တွေ့ရဲလောက်အောင် သတ္တိကို မွေးရဦးမည်။ ကိုသက်ဆွေ နောက်သို့ မလိုက်ရဲလျှင် ဦးသက်ထွန်းဆီသို့ ပြန်ပြေးရ တော့မည်လော။ ဦးသက်ထွန်းထံ ပြန်ရမည် ဆိုလျှင်လည်း သူ့အား အောက်ကျို့ တောင်းပန်ရဲလောက်အောင် သတ္တိကို မွေးရပေဦးမည်။

ရထားသမားက ဘယ်သွားမည်လဲဟု လှမ်းမေးတော့မှ မမသည် အိမ်သို့ အမောင်းခိုင်းလိုက်သည်။

အိမ်တွင် ဘအောင် ပြန်ရောက်နှင့်နေပြီ ဖြစ်သည်ကို တွေ့ရသည်။

“တွေ့ခဲ့လား ဘအောင်”

“တွေ့ခဲ့ပါတယ် မမ၊ စာပေးလိုက်ပါတယ်”

ဘအောင်က စာကို လှမ်းပေးသဖြင့် မမသည် တုန်ယင်သော လက်များ ဖြင့် စာကို လျင်မြန်စွာ ဖွင့်ဖတ်လိုက်သည်။

မေမေ့ကို မေမြို့သို့ လိုက်ပို့ရမည်။ ဘယ်လောက် ကြာမည်ဟု မပြော နိုင်ပါ။

သက်ဆွေ

စာမှာ ခပ်တိုတိုပင် ဖြစ်သည်။ မမသည် မိုက်ခနဲ ဖြစ်သွားကာ မှောင်ကျ သွားသည်ဟု ထင်လိုက်ရသည်။ ကိုယ်ကို လဲကျမသွားအောင် စားပွဲအစွန်းကို မှေး၍ ကိုင်ထားလိုက်ရသည်။ သူ ချစ်ခဲ့သော၊ သူ မြတ်နိုးခဲ့သော၊ သူ စုံမက်ခဲ့သော ကိုသက်ဆွေသည် သူ့ကို စွန့်ခွာ သွားလေပြီလော။

မမသည် တွေ၍ ရပ်နေသည်။ ကိုသက်ဆွေကို မုန်းတီး စက်ဆုပ်မှ ဟူသမျှတို့သည် ရင်ထဲတွင် အလှိုင်းလှိုင်း ကြွလာကြသည်။ တစ်ပြိုင်နက် ဦးသက်ထွန်းအား သနားစိတ်သည် ဒွန်တွဲ၍ ပေါ်လာသည်။ ဘာလုပ်ရမည် နည်း။

နောက်ဆုံးတော့ မမသည် ကိုသက်ဆွေနှင့် သူ့ မေမေအား လိုက်၍ တွေ့ရဲသော သတ္တိကို မဖြစ်မနေ မွေးကာ လိုက်တွေ့ရန် ဆုံးဖြတ်လိုက်သည်။ ကိုသက်ဆွေနှင့် နောက်ဆုံး တွေ့ဆုံကာ ရင်ကို ဖွင့်ပြခဲ့ချင်သည်။ ရင်ထဲမှာ ရှိသမျှတွေကို အန်ထုတ်ပစ်ခဲ့ချင်သည်။

“ဘယ်သူတွေ ပါသေးသလဲ ဘအောင်”

“အဲဒါတော့ မသိဘူး ခင်ဗျ၊ တိုက်မှာတော့ တပ်မင်းကတော် ဒေါ်ခင် လှလှနှင့် သူ့ ညီမကို တွေ့ခဲ့တာပဲ”

ဟုတ်ပေပြီ။ ကိုသက်ဆွေသည် သူ့ကို စွန့်ပစ်ကာ ခင်လှလှ၏ ညီမ ရိုစီ နှင့် သူ့ မေမေတို့ နောက်သို့ လိုက်ပါသွားပေတော့မည်။ ထို့ကြောင့် မြန်မြန် လိုက်မှ ဖြစ်တော့မည်ကို သတိ ရလာသည်။

“သူတို့ ဘယ်တော့ သွားမတဲ့လဲ”

“ပစ္စည်းတွေ ပါလို့ မီးရထား လက်မှတ် အယူခိုင်းနေတာ မြင်တယ်”

မမသည် ဘူတာရုံကို လိုက်ရန် ဆုံးဖြတ်လိုက်သည်။ မီးရထား အချိန် စာရင်းကို လှန်လှော ကြည့်သောအခါ မေမြို့ရထား ထွက်ရန် အချိန် အနည်းငယ် လိုသေးသည်ကို တွေ့ရသည်။

ထို့ကြောင့် မမသည် မေမြို့တွင် နေထိုင်မည့် ရက်အတွက် လိုသလောက် ပစ္စည်းများကိုသာ သားရေသေတ္တာ တစ်လုံးတွင် ထည့်လိုက်သည်။ မေမြို့တွင် ကိုသက်ဆွေကို အားလုံး ဖွင့်ပြောပြီးနောက် ရန်ကုန်သို့ ပြန်ကာ ဦးသက်ထွန်းအား ဝန်ချ တောင်းပန်ရန် စိတ်ကူးသည်။ သည်အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ပြီဟု ဆုံးဖြတ်လိုက်သည်။

ကိုသက်ဆွေ၊ သူ့ မေမေနှင့် ရိုစီတို့ကို တွေ့လျှင် ဘာပြောရမည်ကိုလည်း စီစဉ်ထားလိုက်သည်။ အားလုံး ပြင်ဆင်ပြီးသည့်နောက် မမသည် သမီးလေးကို နောက်ဆုံး ကြည့်ခြင်းဖြင့် ကြည့်ကာ နောက်ဆုံး နမ်းရှုပ်ခြင်းဖြင့် နမ်းရှုပ် လိုက်သည်။ မမသည် ကလေးကို နော်တူးအား ခေါ်ပေးလိုက်ပြီး နောက်ထပ် လှည့်မကြည့်တော့ဘဲ ဆင်းလာခဲ့သည်။

ဘအောင်သည် ကား တံခါးကို ဖွင့်ကာ စောင့်နေ၏။

“မင်း လိုက်မပို့နှင့်တော့ ဘအောင်၊ နေပစေ”

“ဘူတာမှာ လက်မှတ် ခံရဦးမယ် မဟုတ်လား မမ၊ ကျွန်တော် လိုက်ပို့ ပါ့မယ်”

မမသည် ဘာမျှ မပြောတော့ဘဲ ဘအောင်ကို ယူလာသည့် သားရေ သေတ္တာကို လှမ်းပေးလိုက်ပြီး ကားထဲတွင် ထိုင်ချလိုက်သည်။

ကားသည် ဘူတာရှေ့သို့ ထိုးဆိုက်လိုက်လျှင် အရူးမ တစ်ယောက်မှာ ခေါင်းတွင် ပန်းတွေ ဝေနေအောင် ပန်ထားကာ ကခုန်နေလေသည်။ သူ့ ဘဝနှင့်စာသော် အရူးမ ဘဝကပင် စိတ်ချမ်းသာစရာ ကောင်းသေးသည်ဟု မမ ထင်လိုက်မိသည်။

မမ၏ အချစ်သည် ဒီရေလို အရှိန် ထိုးတက်နေသလောက် ကိုသက်ဆွေ၏ အချစ်သည် တအိအိ ကျဆင်းလျက် ရှိသည်။ မမက ကိုသက်ဆွေကို ပိုင်ဆိုင်လိုသလောက် ကိုသက်ဆွေက မမ၏ ပိုင်ဆိုင်မှု အောက်က ရုန်းထွက်နေသည်။

အချစ်တိမ်သလ္လာ ဖုံးနေကြတုန်းကတော့ သူတို့ နှစ်ယောက်သည် အချစ်က စေခိုင်းရာကို လုပ်ခဲ့ကြသည်။ တိမ်သလ္လာတွေ ပျောက်ကွယ်သွားသောအခါတွင်မူ တကယ့်ဘဝကို မြင်စ ပြုလာကြသည်။ ချစ်နေကြတုန်းကတော့ သူတို့ နှစ်ယောက်သည် တစ်ဦးကို တစ်ဦး တွေ့ဆုံရန် တူရူလာနေကြသော်လည်း မုန်းလာကြပြီ ဆိုတော့ တစ်ယောက်ကို တစ်ယောက် ကျောပေးကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ထွက်ခွာ သွားနေကြသည်။

လူတို့သည် အချစ်နှင့် အမုန်းတွင် သံသရာ လည်နေကြသူများသာ ဖြစ်သည်ဟု ထင်မြင်လာသည်။ အမုန်းသစ်လျှင် အချစ်သို့ ရောက်လာကြ၍ အချစ်ဆုံးလျှင် အမုန်းသို့ ရောက်လာကြသည်ကို ခံစားမိလာသည်။

အရင်တုန်းက ဦးသက်ထွန်းသည် မုန်းခဲ့သူ ဖြစ်၍ ကိုသက်ဆွေသည် သူ့ ချစ်သူ ဖြစ်ခဲ့သည်။ ဦးသက်ထွန်းက ကွာရှင်းပေးကာ တူးတူးလေးအား ထည့်လိုက်လျှင် ကိုသက်ဆွေနှင့် လက်ထပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ယခုတော့ ကိုသက်ဆွေနှင့် သူတို့၏ အချစ်သည် ဆုံးခန်းတိုင်သို့ ရောက်ခဲ့ပြီဖြစ်ရာ အမုန်းသည် အရိုးထဲ အသားထဲသို့ တစိမ့်စိမ့် ဝင်ရောက်လျက် ရှိနေသည်။ တကယ်တော့ သူတို့ နှစ်ယောက်သည် နောက်ဆုံးတွင် တစ်ယောက် ကို တစ်ယောက် အမုန်းဖြင့် အဆုံးသတ်ကြရန် မွေးဖွားလာကြသလားဟုပင် ထင်လိုက်မိသည်။

ကျောင်းက ပြန်လာသော ကလေး တစ်သိုက်သည် ဆူညံစွာ စကား ပြော၍ သွားကြသည်။

မမသည် သူတို့ကို မြင်တော့ တူးတူးကိုလည်း အမှတ်ရလာပေသည်။ သဘောထားကြီးသော၊ သနား ငဲ့ညှာတတ်သော ဦးသက်ထွန်းကိုလည်း အမှတ်ရလာသည်။

“မမရဲ့ အပြစ်တွေဟာ ဘယ်လိုပဲ ချေချေ မကျေတော့ပါဘူး ကိုကို၊ မမ ကို ခွင့်လွှတ်ပါ ကိုကို”

မမသည် ရင်ထဲမှ ရွတ်ဆိုနေမိသည်။

“မေမြို့ သွားဖို့ လက်မှတ် ခံရမှာလား မမ”

မမသည် ဘယ်ကို သွားရန် ရည်စူး၍ ဘာလုပ်နေသည်ကိုပင် မေ့လျော့ နေသည်။ ခဏကြာတော့မှ သက်ပြင်းချကာ လက်ပွေ့အိတ် အနီကလေးထဲမှ ငါးကျပ်တန် တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

ဘအောင်သည် လက်မှတ် တစ်စောင်ကိုဝယ်ကာ မမအား လာ၍ ခေါ်သဖြင့် မမသည် နောက်က ဆင်းလာခဲ့သည်။ ပလက်ဖောင်းပေါ်တွင် လူတွေ ရှုပ်ယှက်ခတ် နေသည်။ အလုပ်သမားများမှာ လက်တွန်းလှည်းများကို တွန်းလာ ကြသည်။ ကောင်လေး တချို့ကလည်း မမအား ကြည့်ကာ လေချွန်လိုက်ကြသည်။

မမသည် အထက်တန်းတွဲ တစ်တွဲပေါ်သို့ တက်လိုက်ကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး လက်ပွေ့အိတ်ကို ဘေးသို့ ချထားလိုက်သည်။ ဘအောင်သည် သားရေ းသေတ္တာကို ချပေးပြီး နှုတ်ဆက်၍ ပြန်သွားလေသည်။ မမသည် ပလက်ဖောင်းဘက် ပြတင်းပေါက်တွင် ထိုင်မိနေသဖြင့် မျက်စိရှုပ်လာသောကြောင့် တခြားဘက်သို့ ပြောင်း၍ ထိုင်လိုက်သည်။ ခဏ ကြာလျှင် လင်မယား နှစ်ယောက် တက်လာကာ ခပ်လှမ်းလှမ်းတွင် ထိုင်လိုက်ကြ၏။

“လက်ပွေ့အိတ်က ဒီကဟာပါလား ခင်ဗျာ”

ယောက်ျားက လက်ပွေ့အိတ် အနီကလေးကို လာ၍ ပေးသဖြင့် မမသည် သူ့ကို တစ်ချက်မျှ လှန်ကြည့်လိုက်ပြီး လက်ပွေ့အိတ်ကို ယူထားလိုက်သည်။ မမသည် ကိုသက်ဆွေတို့ ပေါ်လာနိုးဖြင့် မျှော်နေမိသည်။ သို့ရာတွင် ပထမ ဝီစီ မှုတ်သည့်တိုင်အောင် ကိုသက်ဆွေတို့ မပေါ်လာသောအခါ စိတ်ထဲတွင် ယောက်ယက်ခတ်စ ပြုလာသည်။ စကားပြောသံ၊ ရယ်သံတို့နှင့် နှုတ်ဆက်သံ ကြားနေရသည်။ မမသည် ရယ်သံများကို မကြားချင်ဘဲ နားကို ပိတ်ထားလိုက်ချင်သည်။ ဒုတိယ အကြိမ် ဝီစီမှုတ်သံ ထွက်ပေါ်လာသည့် အခါတွင် မမသည် ကိုသက်ဆွေတို့များ လာဦးမလားဟု မျှော်ကြည့်မိသည်။

သို့ရာတွင် ကိုသက်ဆွေ၏ အရိပ်အယောင်ကိုသော် လည်းကောင်း၊ ကိုသက်ဆွေ မေမေ၏ အရိပ်အယောင်ကိုသော် လည်းကောင်း မမြင်ရတော့ပေ။ တတိယ အကြိမ် ဝီစီမှုတ်သံ ပေါ်လာပြီးနောက် ရထားသည် ဂျိမ်းခနဲ မြည်ကာ တရွေ့ရွေ့ ထွက်လာသည်။ တဖြည်းဖြည်းနှင့် ရထားသည် အရှိန်ရလာကာ ရထား ဘီးများသည် သံလမ်းများပေါ်တွင် ညင်သာစွာ လိမ့်လျက် ရှိလေသည်။

အနောက်ဘက်မှ နေရောင်သည် ရထားပြတင်းမှ ကျော်ဖြတ်ကာ တွဲ ထဲသို့ ထိုးကျနေသည်။ မမသည် ဘေးပတ်ဝန်းကျင်ကို သတိမရတော့။ သူ့ ဟာသူ တွေး၍ လိုက်ပါလာသည်။

ကိုသက်ဆွေတို့သည် မေမြို့သို့ သွားမည်ဟု သူ့ကို လိမ်ပြောခြင်း ဖြစ်လေ သလားဟုလည်း တွေးမိသည်။ သို့မဟုတ် မော်တော်ကားဖြင့် တက်သွားကြ လေပြီလား ဟူ၍လည်း စဉ်းစားမိပြန်သည်။ မေမြို့သို့ ရောက်လျှင် ကိုသက် ဆွေနှင့် လည်းကောင်း၊ သူ့ မေမေနှင့် လည်းကောင်း သွားတွေ့ကာ ရင်ထဲ ရှိသမျှတွေကို ဖွင့်ထုတ်၍ အန်ချလိုက်ဦးမည်။ နောက် ခွင့်လွှတ်တတ်သော၊ ကြင်နာတတ်သော၊ သဘောထားကြီးသော ဦးသက်ထွန်းထံ ပြန်တော့မည်။

ဦးသက်ထွန်းသည် သူ့အား ဆီးကြိုခြင်း ပြုပါဦးမည်လော။ သူ့ကို လက်ခံ ပါဦးမည်လော။ ဦးသက်ထွန်းသည် တကယ် သဘောထား ကြီးသူ ဖြစ်လျှင်၊ သားနှင့် အမေတို့၏ စိတ်ချမ်းသာမှုကို လိုလားသူ ဖြစ်လျှင် သူ့အား လက်ခံလိမ့်မည်ဟု မျှော်လင့်မိသည်။

မမ ကိုယ်တိုင်လည်း ဦးသက်ထွန်း ကျေနပ်လောက်သည် အထိ အောက်ကျို့ တောင်းပန်ရဲသောသတ္တိကို မွေးမြူပြီး ဖြစ်ပေသည်။

သူ့ ကိုသက်ဆွေနှင့် သူ့ မေမေကို လိုက်တွေ့ရဲလောက်အောင် သတ္တိ ကောင်းသည်ဆိုလျှင် ဦးသက်ထွန်း၏ ခြေအစုံကို ဖက်၍ တောင်းပန်ရဲသည့် သတ္တိကိုလည်း အဘယ်ကြောင့် မမွေးမြူနိုင်ရမည်နည်း။

မမက သူ့ အမှားကို ဖွင့်ဟဝန်ခံ တောင်းပန်သည်နှင့် သဘောထား ကြီးသော ဦးသက်ထွန်းသည် မမကို ခွင့်လွှတ်လိမ့်မည်ဟု မမ မျှော်လင့်မိသည်။ မမအား တူးတူးနှင့် ပြန်လည် နေထိုင်ခွင့် ပေးလိမ့်မည်ဟုလည်း မျှော်လင့်ထား ခဲ့သည်။ ဦးသက်ထွန်းက ခွင့်မလွှတ်သည့်တိုင် မမသည် သူ့ အမှားကို ဦးသက်ထွန်းထံ ဖွင့်ဟဝန်ခံ၍ တောင်းပန်ပြီး တစ်နေရာရာတွင် ချောင်ခိုကာ ခပ်အေးအေး နေသွားတော့မည်ဟု စိတ်ကူးထားမိသည်။

မမသည် တစ်လမ်းလုံး တွေး၍ လိုက်ပါလာခဲ့သည်။ မေမြို့သို့ ရောက်လျှင် ကိုသက်ဆွေထံ သွားပြီး လေယာဉ်ပျံရက်ကို စောင့်ကာ ရန်ကုန်သို့ ပြန်တော့မည်ဟု စီစဉ်လိုက်သည်။

ခစ်ခစ် ရယ်သံ ကြားသံဖြင့် မမသည် နောက်သို့ မသိမသာ ကြည့်လိုက်မိသည်။ ညားခါစ ဖြစ်ဟန် တူသော လင်မယား နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် နောက်ပြောင် ကျီစယ်၍ လာကြသည်။ မမသည် သူတို့ ရယ်သံ ကိုလည်း မကြားချင်၊ ကြည့်လည်း မကြည့်ချင်တော့ပေ။

မေမြို့ ဘူတာထဲသို့ ရထား ဆိုက်လိုက်သောအခါတွင် နေဝင်စ ပြုနေပြီ ဖြစ်လေသည်။ ထင်းရှူးပင်များ ကြားမှ အုတ်ကြွပ်မိုး နီနီကလေးများကို တွေ့ လိုက်ရသော ရှုခင်းသည် မမ စိတ်ကို ကြည်လင်လာစေသည်။

မမသည် သားရေ သေတ္တာကို မနိုင့်တနိုင်ဆွဲကာ လက်တစ်ဖက်က လက်ပွေ့အိတ်နီကို လက်မောင်းတွင် ချိတ်ရင်း ပလက်ဖောင်းပေါ်တွင် လူအုပ် ကြားထဲသို့ တိုးဝှေ့ ဆင်းလာပြီး ရပ်နေမိသည်။ စိတ်ထဲတွင် ဘယ်ကိုသွားရမည်ကို မသိဘဲ ဖြစ်နေသည်။ ကိုသက်ဆွေတို့သည် မေမြို့သို့ ရောက်ကြပြီလော။ မေမြို့သို့ ရောက်လျှင် သူနှင့် ကိုသက်ဆွေတို့ ယခင်က နေခဲ့ကြသော ရေချမ်းအိုးဘက်က အိမ်တွင် ရှိနေမည်လောဟု စဉ်းစားနေမိ၏။

မမ၏ ဘေးတွင် လူတွေ ရှုပ်ယှက်ခတ်နေသည်။ မီးရထား အလုပ်သမားများ၊ ခရီးသည်များကို မြင်ရသည်။ လူရွယ်တစ်သိုက်သည် လှပသော မမကို ငေးကြည့်ကာ ဝေဖန်နေကြသည်။ မမသည် ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်လာသဖြင့် မျက်မှန်နက်ကြီးကို တပ်ထားလိုက်ရ၏။

မမသည် ဘယ်သွား၍ ဘယ်လာရမည်ကို မသိဘဲ ပလက်ဖောင်းပေါ်တွင် ရပ်နေပြီး နောက်ဆုံး ရေချမ်းအိုးဘက်သို့ လိုက်သွားရန် စိတ်ကူးရကာ လှည့်၍အထွက်လိုက်တွင် ကိုသက်ဆွေ၊ ရိုစီနှင့် ကိုသက်ဆွေ၏ မေမေသည် ဘူတာရုံ ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်သို့ တက်ကာ မောင်းသွားသည်ကို မြင်လိုက်ရ၏။

မမသည် မျက်မှန်နက် အောက်မှ သူတို့ကို လှမ်း၍ ကြည့်လိုက်မိပြီး အနီးသို့ ရောက်လာသော လက်မှတ်စစ် တစ်ယောက်အား…

“ဒီမှာရှင်၊ ဟို ကားပေါ် တက်သွားတဲ့ လူတွေက ဒီ ရထားနှင့် လာတာလား”

လက်မှတ်စစ်သည် သူ့ အမေးကို နားမလည်သလိုဖြင့် ကြည့်နေပြီးမှ ပြုံးကာ…

“ဪ ဆရာ ဦးသက်ဆွေတို့လား၊ မဟုတ်ပါဘူး၊ သူတို့ ပစ္စည်းတွေ ရထားမှာ ပါလာလို့ တန်ဆာလာရွေးတာပါ၊ ဆရာ ဦးသက်ဆွေနှင့် သိပါ သလား’

“ဪ မသိပါဘူးရှင်၊ ကျွန်မ မိတ်ဆွေ တစ်ယောက်နှင့် တူလို့ သူတို့ များလားလို့ မေးကြည့်တာပါ”

မမက အထစ်ထစ် အငေါ့ငေါ့ ဖြေလိုက်သည်။

“ဦးသက်ဆွေက ကျောင်းတုန်းက ကျွန်တော့် ဆရာ ဖြစ်ဖူးပါတယ်၊ ကျွန်တော် အင်တာမှာ ကျလို့ လက်မှတ်စစ် ဝင်လုပ်တော့ ဦးသက်ဆွေက”

လက်မှတ်စစ်က စကား ဆက်နေပြန်သည်။ မမသည် သူ ဘာပြောနေသည်ကို မသိတော့ဘဲ တွေ၍သာ နေမိသည်။ မျက်မှန်နက်အောက်မှ မျက်လုံးများတွင် မျက်ရည်တွေ ဝဲလာကြသည်။

မမသည် လက်မှတ်စစ်ကို ကျေးဇူးတင်စကား ပြောကာ ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့သည်။ ပလက်ဖောင်း အဆုံးသို့ ရောက်သောအခါ ဘယ်ကို သွားရမည်ကို မသိဘဲ တွေနေမိပြန်သည်။ ပလက်ဖောင်းတွင် ကလေးများနှင့် မိခင်သည် မန္တလေးမှ ဖြစ်ဟန်တူသော သူတို့ ဖေဖေကို အားရဝမ်းသာ စကားပြောနေကြသည်။

ကျောက်စရစ်များ တင်ထားသော ရထား တစ်စင်းသည် တဖြည်းဖြည်း ခုတ်မောင်းလာ၏။ မန္တလေးသို့ ပို့ရမည့် လမ်းခင်း ကျောက်များ ဖြစ်ပေ၏။

အစတုန်းက မမသည် ကိုသက်ဆွေအား နောက်ဆုံးတွေ့ဆုံကာ ဖွင့် ပြောပြပြီးနောက် ဦးသက်ထွန်းထံ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ကို သက်ဆွေအား ဖွင့်ပြော၍လည်း ဘာမျှ ထူးတော့မည် မဟုတ်။ ထို့ကြောင့် ကိုသက်ဆွေနှင့် မတွေ့တော့ဘဲ သူ့ အဖို့ သွားရန် တစ်လမ်းသာ ရှိတော့၏။ ထိုလမ်းမှာ ဦးသက်ထွန်းထံ ပြန်ရန် ဖြစ်၏။

“ကိုကို၊ မမဟာ ကိုကို့လို သစ္စာ ရှိတဲ့ လူတစ်ယောက် အပေါ်မှာ သစ္စာ မဲ့ခဲ့တယ်၊ ကိုကို့ကို လိမ်ခဲ့တယ်၊ ကိုကို့ကို မုန်းခဲ့တယ်၊ ခုတော့ မမ နောင်တရပါပြီ ကိုကို၊ မမ ကိုကို့ဆီကိုပဲ ပြန်လာပါရစေတော့၊ တကယ်တော့ ကိုကိုဟာ မမရဲ့ ကျေးဇူးရှင်၊ မမရဲ့ အချစ်၊ မမရဲ့ အသည်းနှလုံးပါ ကိုကို၊ အမိုက်မကို ခွင့်လွှတ်ပါတော့”

မမသည် အားလျှော့ချလိုက်ကာ ဦးသက်ထွန်းကို တောင်းပန်ရန် ဆုံး ဖြတ်လိုက်သည်။ မေမြို့တွင် လေယာဉ်ပျံရက်ကို စောင့်၍ ရန်ကုန်သို့ ပြန်ရုံသာ ရှိတော့သည်။

သို့ရာတွင် မိမိသည် ဦးသက်ထွန်းအား လိမ်လည် ဖောက်ပြားခဲ့ပြီးမှ ဦးသက်ထွန်းထံ ပြန်သွားလျှင် တရားရာ ကျပါဦးမည်လော။ သူ့လို ဖောက်ပြားခဲ့သော မိန်းမ တစ်ယောက်သည် သဘောထား ကြီး၍ ကြင်နာတတ်သော လင်တစ်ယောက်၏ ခွင့်လွှတ်မှုနှင့် ထိုက်တန်ပါသေးသလော။ တကယ်တော့ မထိုက်တန်တော့ပေ။

မမသည် ပလက်ဖောင်းတွင် ရပ်ရင်း မန္တလေးသို့ လာစဉ်က ဘူတာရုံတွင် မီးရထား ကြိတ်မိသော အဖြစ်အပျက် တစ်ခုကို သွား၍ အမှတ်ရလာလေသည်။

သည်အဖြစ်အပျက်ကို အမှတ်ရသည်နှင့် မမသည် သူ ဘယ်သွား၍ ဘာ လုပ်ရမည်ကို ရုတ်ခြည်း သိမြင်လာပေသည်။

ချက်ချင်းပင် သံလမ်း တစ်ခုကို ကျော်ကာ နောက်သံလမ်း တစ်ခု ဘေးတွင် ရပ်ရင်း တဂျိမ်းဂျိမ်း ခုတ်မောင်း လာနေသည့် ရထားကြီးကို ကြည့်နေ လေသည်။

ရထားခေါင်းတွဲသည် သူ့ဘေးမှ ဖြတ်၍ ခုတ်မောင်း သွားလေသည်။ မမသည် ရထားဘီးကြီးများကို လည်းကောင်း၊ မောင်းတံကြီးများကို လည်းကောင်းငုံ့ကြည့်နေမိသည်။ ရထား အောက်မှ ဇလီဖားတုံးများ၊ ကျောက်မီးသွေးမှုန်များကို စူးစိုက် ကြည့်နေမိသည်။ သူ့ မျက်စိထဲတွင် ဦးသက်ထွန်းနှင့် တူးတူး၏ မျက်နှာတို့သည် ရေးရေး ပေါ်လာကြသည်။

မမသည် သူ သွားရမည့် နေရာကို သိလေပြီ။

ကျောက်တွဲကြီးတွေ သူ့ ရှေ့ ရောက်လာသည်နှင့် မမသည် ရထားအောက်သို့ လှဲချလိုက်ရန် အားယူပြီး လှဲချလိုက်သည်။ သို့ရာတွင် လက်ပွေ့ အိတ်မှာ အလံချိုး တိုင်တွင် ပတ်ထားသည့် နန်းကြိုးနှင့် ငြိနေသဖြင့် တုံ့ဆွဲ လိုက်သလို ဖြစ်သွားသဖြင့် မလှဲလိုက်နိုင်ဘဲ လွတ်သွားလေ၏။

မမသည် မျက်စိထဲတွင် ငယ်ငယ်တုန်းက အဖြစ်အပျက်များ၊ အပျို ဘဝ အဖြစ်အပျက်များ စသည့် ဘဝ၏ ရုပ်ပုံများကမူ တဂျိမ်းဂျိမ်း လိမ့်လာသည့် ရထားဘီးများဆီသို့သာ ရောက်နေကြသည်။

ကျောက်တွဲ တစ်တွဲ၏ ရှေ့ဘီး လွန်သွား၍ နောက်ဘီး ရောက်မလာခင်ကြား အချိန်ပိုင်းကလေး အတွင်းတွင် မမသည် လက်ပွေ့ အိတ်ကို လွှတ်ချလိုက်ပြီး ဒူးထောက် ထိုင်ကာ သံလမ်းပေါ် ခေါင်းတင်ချလိုက်၏။

နောက်ဘီးများသည် တဂျိမ်းဂျိမ်း မြည်၍ လိမ့်လာကြသည်။ သံလမ်း များသည် တဂျွတ်ဂျွတ် မြည်နေကြသည်။ သည်တော့မှ မမသည် သူ ဘာ လုပ်၍ ဘာကိုင်နေသည်ကို သတိ ထားမိလာသည်။

ထို့ကြောင့် သတိရကာ သံလမ်းတွင် မျက်စိမှိတ်၍ ခေါင်းတင်ထားရာမှ ခေါင်းထောင်ကာ ရုတ်ခြည်း ထလိုက်လေသည်။ သို့ရာတွင် နောက်ကျလေပြီ။

အကြင်နာ ကင်းမဲ့၍ လေးလံလှသော ရထားဘီးကြီးသည် သူ့ အပေါ်သို့ တက်နင်း ဖြတ်ကျော်သွားလေပြီ။ မမသည် မျက်လုံးထဲတွင် ဝင်းခနဲ ဖြစ်သွားသည်ကိုသာ သိလိုက်တော့သည်။ ဘရိတ် ဆွဲသံ၊ အော်သံနှင့်အတူ မီးရထား အလုပ်သမားများ သူ့ထံသို့ ပြေးလာကြသည်။

ချစ်ခြင်းနှင့် မုန်းခြင်း၊ ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်း၊ ကြည်နူးခြင်းနှင့် ကြေကွဲခြင်း၊ ကောင်းခြင်းနှင့် မကောင်းခြင်းတို့သည် ရောထွေး ယှက်တင် ရှိနေသည်။ လူ့ဘဝ ဋီကာကို ဖတ်ရှုခဲ့သော မမ၏ မျက်လုံးများသည် မှိတ်သွားကြလေပြီ။ မမ၏ ကိုယ်တွင်း၌ လူ့ဘဝ မီးတိုင်သည် အပြီးအပိုင် ငြိမ်း လေပြီ။

မြသန်းတင့်