မမ

(၃)

ရေချိုးခန်းထဲမှ ထွက်လာသော အခါတွင် ဖိုးရွှေသည် သူ့ အဝတ်အစားများကို အသင့် ယူလာပြီး ဖြစ်၏။ မောင်မောင်လတ်သည် တိုက် အောက်ထပ် ဧည့်ခန်း ထဲမှာပင် အဝတ်အစားများကို လဲလိုက်သည်။ ရုံးတက်ချိန် နီးပြီ ဖြစ်၍ စာ ခြင်းကို အဆင်သင့် လုပ်ထားရန်နှင့် ကားထုတ်ထားရန်တို့ကို ဖိုးရွှေအား တစ်ဆက်တည်း ခိုင်းပြီး သူကိုယ်တိုင်ကမူ ရှပ်အင်္ကျီ၊ သက္ကလတ် ဘောင်းဘီ မီးခိုးရောင်၊ ကုတ်အင်္ကျီ မီးခိုးရောင်တို့ကို ဝတ်လိုက်ပြီး လည်စည်းကို စည်း နေသည်။

အဝတ်အစား ဝတ်ဆင်ပြီးနောက် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ ထမင်းစားခန်းထဲတွင် ခင်ရီရီကိုလည်း မတွေ့ရ၊ သမီး နှစ်ယောက်ကိုလည်း မတွေ့ရပေ။ ခါတိုင်းဆိုလျှင် နံနက် ကော်ဖီ သောက်ချိန်၊ ထမင်း စားချိန် ဆိုလျှင် ထမင်းစားခန်းထဲ သားအမိ သားအဖ တစ်တွေ တစ်သိုက် တစ်ဝန်းကြီး ရှိကြစမြဲ ဖြစ်၏။

မှန်ဗီရိုပေါ်တွင် ဆင်စွယ် ခွေ၍ တင်ထားသည့် မောင်းကလေးကို အစေခံ တစ်ယောက်က တီးလိုက်သည်နှင့် မောင်မောင်လတ်၊ ခင်ရီရီနှင့် ကလေးတွေကို စာသင်ပေးသော ဆရာမလေးနှင့် တကွ ကလေးများပါ ရောက်လာကြကာ စားပွဲတွင် ဝိုင်းထိုင်လေ့ ရှိကြသည်။

ယခုတော့ ဘယ်သူမှ မရှိဘဲ မောင်မောင်လတ် တစ်ယောက်တည်း ဟာ၍ နေသည်။

မောင်မောင်လတ်သည် ဟာလာ ဟင်းလင်း ဖြစ်နေသော ထမင်းစားခန်းကြီးကို မြင်လိုက်ရသဖြင့် ရင်ထဲမှာ ဟာသွားသလိုတော့ ရှိလေသည်။ ခင်ရီရီသည် သူနှင့် မတွေ့အောင် တမင် ရှောင်နေခြင်း ဖြစ်ကြောင်း သိသဖြင့် စိတ်ပြေနေရာက ဒေါသ ထောင်းခနဲ ထွက်လာကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်က ကော်ဖီ ကရား၊ လက်ဖက်ရည် ပန်းကန်၊ ပေါင်မုန့်လွှာများ ထည့်ထားသော ပန်းကန်၊ ထောပတ် ထည့်သည့် ငွေအစ်၊ ဓားနှင့် ခက်ရင်း အစုံ၊ မကျက်တကျက် ကြော်ထားသော ကြက်ဥကြော် လေးလုံး၊ သစ်တော်သီးနှင့် ငှက်ပျောသီး သုံးလေးလုံး ထည့်ထားသည့် ပန်းကန်ပြားများကို တွေ့ရသည်။

မောင်မောင်လတ်သည် စိတ်ထဲမှာ ဟာတာတာ ရှိသည်နှင့် ရုံးစာခြင်း နှင့် သူ့ အတွက် ရောက်နေသော စာများကို ဖိုးရွှေအား အယူ ခိုင်းလိုက်ပြီး ကော်ဖီ သောက်ရင်း ဖတ်နေသည်။ စာတစ်စောင်မှာ မတ္တရာမှ ဆန်စက်ပိုင် တစ်ဦးထံမှ စာ ဖြစ်သည်။ ထိုစာမှာ ခင်ရီရီဘက်မှ အမွေရသော မတ္တရာ တစ်ဝိုက်မှ လယ်များကို သူ့အား ရောင်းပါရန် ရေးလိုက်သော စာ ဖြစ်၏။

ခင်ရီရီသည် မတ္တရာဘက်တွင် လယ်ယာမြေ ဧက ငါးရာလောက်ကို အမွေများ ရလိုက်လေသည်။ သို့ရာတွင် အစိုးရ၏ လယ်ယာမြေ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေကြောင့် လည်းကောင်း၊ သူပုန်များကြောင့် လည်းကောင်း သီးစားခ မရသည်မှာ ကြာလှပြီ ဖြစ်၏။ သူတို့ ကိုယ်တိုင်ကလည်း ခေတ် ပညာတတ်များ အဖြစ် ကြီးပြင်းလာကြပြီး အစိုးရ အရာရှိကြီးများ ဖြစ်နေ ပေရာ လယ်မြေ ကိစ္စကို ရောင်းပစ်ချင်သည်မှာ ကြာပြီ ဖြစ်၏။ သို့ရာတွင် ပြည်တွင်းစစ်ကြီးနှင့် အစိုးရ၏ လယ်ယာမြေ ပြည်သူပိုင် ပြုလုပ်ရေး ဥပဒေ ကြောင့် ဝယ်သူ မရှိခဲ့ဘဲ သည်အတိုင်းပင် ပစ်ထားခဲ့ရသည်။ ယခု မတ္တရာ ဆန်စက် ပိုင်ရှင်က လယ်မြေများကို ဝယ်ရန် စကား ကမ်းလှမ်း လာသည်ကို တွေ့ရသော အခါ အံ့အားသင့်နေပေသည်။ ယခုလို မြေရှင် အများအပြား မြေယာတွေကို စွန့်လွှတ်နေရသော အချိန်တွင် ဘာ စိတ်ကူးနှင့် ဝယ်သည်ကို စဉ်းစား မရအောင် ဖြစ်နေသည်။

ဦးမောင်မောင်လတ်မှာ အစိုးရ အရာရှိကြီး ဖြစ်နေသည့်ပြင် လယ်များကို ဂရုစိုက်ချိန် မရဟု သိရသည့် အတွက် ယခုကဲ့သို့ ကမ်းလှမ်းခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ သီးစားခ မရဘဲ စွန့်ပစ်ထားသည့် အတူတူ သင့်လျော် သောနှုန်း ရလျှင် ရောင်းလိမ့်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ရောင်းမည် ဆိုပါက စကားပြောဆိုရန် ကျွန်တော် မန္တလေးသို့ ဆင်းလာပါမည်။

မောင်မောင်လတ်သည် စာကို သေချာစွာ ဖတ်နေ၏။ လယ်များကို ဈေးချောင်ချောင်နှင့် ရလိမ့်မည် အထင်ဖြင့် ရေးလိုက်သောစာ ဖြစ်သည်။ အမှန်ကတော့ မောင်မောင်လတ်တို့ကလည်း မတ္တရာ တစ်ဝိုက်မှ လယ်မြေများကို ရောင်းချင်နေသည်မှာ ကြာပြီ ဖြစ်၏။ သူတို့ စိတ်ကူးမှာ မတ္တရာဘက်မှ လယ်ကို အစိုးရက ပြည်သူပိုင် မသိမ်းမီ အလျင်အမြန် ရောင်းချ ပစ်လိုက်ကာ ခင်ရီရီ အမည်ဖြင့် ညီအစ်မတစ်တွေ စုပေါင်းကာ ကန်ထရိုက် လုပ်ငန်းကြီး တစ်ခု လုပ်လိုသည်။ သို့မဟုတ် သွင်းကုန် လုပ်ငန်းကြီး တစ်ခု လုပ်လိုသည်၊ သို့မဟုတ် ခင်ရီရီ၏ ဖခင်ကြီး လုပ်နေသော မုပ္ပလင်ဘက်မှ ကွာရီထဲတွင် ရှယ်ယာ ထည့်လိုသည်။

သို့ရာတွင် ယခု လောလောဆယ် အချိန်၌ မောင်မောင်လတ်နှင့်ခင်ရီရီတို့ စိတ်ဆိုး မပြေ၊ ပြန်ပေါင်း မထုပ်သေးသမျှတော့ သည်အကြောင်းတွေကို စဉ်းစားနိုင်မည် မဟုတ်သေးပေ။ သည်စာကို ပြ၍ ခင်ရီရီနှင့် စေ့စပ်ရေး စကားပြောကြလျှင်လည်း သည်ယုန် မြင်၍ သည်ချို ထွင်သည်ဟု အထင် ရောက်ခံရမည်ကို စိုးရိမ်ရသေးသည်။ ထို့ကြောင့် သည်ကိစ္စကို စိတ်ကူးထဲ မထည့်နိုင်သေးဘဲ ဘေးဖယ် ထားလိုက်ရသည်။

စာတွေကို ဖတ်ပြီးနောက် စာခြင်းထဲက ရုံးစာတွေကို ကောက်ဖတ်လိုက်သည်။ တစ်စောင်မှာ မြို့နယ် တစ်ခုမှ တောင်သူလယ်သမား အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင် တစ်စုက လယ်သမားများအား ထုတ်ပေးသည့် အမတော်ကြေး ငွေများကို ဖြတ်စားသည့် အစီရင်ခံစာ တစ်စောင် ဖြစ်သည်။

နောက်တစ်စောင်မှာ ပုသိမ်ကြီး-မန္တလေး ပြည်တော်သာလမ်း ဖောက်လုပ်ရေးနှင့် ပြည်တော်သာ ကျောင်းများ ဆောက်လုပ်ရေး အတွက် တင်သွင်းသော လျှောက်လွှာ ဖြစ်သည်။

မောင်မောင်လတ်သည် စာများကို အောက်မှ မှတ်ချက်များ ရေးကာ ကော်ဖီကို ဆက်၍ သောက်နေ၏။ ကော်ဖီ သောက်ရင်း လက်ဝဲ သတင်းစာ တစ်စောင်ကို ဖတ်နေသည်။

သတင်းစာ ခေါင်းကြီးပိုင်းက နု-အက်တလီ စာချုပ်တွင် စီးပွားရေး မလွတ်လပ်မှုများ ပါဝင်ကြောင်း၊ အီး စီ အေ ဘီ စီ အေနှင့် ကိုလံဘို စီမံကိန်းများသည် အမေရိကန်နှင့် ဗြိတိသျှတို့က စီးပွားရေး နယ်ပယ်များကို လက်ဝါးကြီး အုပ်ထားရေး အတွက် လမ်းဖွင့်ပေးသော စာချုပ်များ၊ စီမံကိန်း များသာ ဖြစ်ကြောင်း၊ နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေးတွင် ဗြိတိသျှ ဘဏ်များက လက်ဝါးကြီး အုပ်ထားသဖြင့် တိုင်းရင်းသား အရင်းရှင်တို့ ပျက်ပြား လာရကြောင်း၊ ဗြိတိသျှ ဘဏ်များကြောင့် မြန်မာ့ ငွေကြေး စနစ်တွင်ထို့ကြောင့် ဗြိတိသျှနှင့် အမေရိကန်တို့၏ လက်ဝါးကြီးအုပ် လုပ်ငန်းများကို တားဆီးရန်အတွက် အမျိုးသား ညီညွတ်ရေးလိုကြောင်း၊ အမျိုးသား ညီညွတ်ရေး ရရှိရန်မှာ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးသည့်ဖြင့် ရပ်စဲမှသာ ဖြစ်နိုင်ကြောင်း စသည်ဖြင့် ရှည်လျားစွာ ဝေဖန်ကာ အစိုးရအား ပြင်းထန်စွာ တိုက်ခိုက်ထားလေသည်။

      မောင်မောင်လတ်တွင် နိုင်ငံရေး ယုံကြည်ချက် မရှိပေ။ မည်သည့် နိုင်ငံရေး ပါတီ တစ်ခုဘက်ကိုမှလည်း သိမ်းပိုင်းခြင်း မရှိပေ။ သူသည် လခ တစ်ထောင်ကျော် ရသော အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးသာ ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေး ပါဒများကို လေးလေးနက်နက် မစဉ်းစားခဲ့ခြင်း ဖြစ်၏။

သူ့ အယူအဆ၌ ဘယ်အစိုးရ တက်တက် အစိုးရ အရာရှိ တစ်ဦးသည် အစိုးရ၏ ဝါဒအတိုင်း လုပ်ဆောင်ရမည်သာ ဖြစ်လေသည်။ သို့ရာတွင် မဖုံးမကွယ်ဘဲ ဆိုရသော် အာဏာရ ဖဆပလ အစိုးရ၏ ပါတီဘက်သို့ အနည်း ငယ်တော့ တိမ်းညွတ်ပေသည်။

သို့ တိမ်းညွတ်ရာတွင်လည်း မောင်မောင်လတ်မှာ နိုင်ငံရေး အယူဝါဒ ကြောင့် တိမ်းညွှတ်ရခြင်း မဟုတ်ဘဲ သူ့ဘဝ အခြေအနေကြောင့် တိမ်းညွတ်ရခြင်းသာ ဖြစ်သည်။

သူသည် ၁၉၅ဝ ပြည့်နှစ်တွင် ဝိဇ္ဇာ ဘွဲ့ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံ ဝန်ထမ်း အကြီး စာမေးပွဲကို ပထမ အသုတ်တွင် အောင်မြင်ခဲ့ကာ အလုပ်သင်မှ နယ်ပိုင် အဖြစ် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီးသည့်နောက် နှစ်အနည်းငယ် အတွင်းမှာပင် ခရိုင်တွင် အကြီးဆုံးသော အုပ်ချုပ်ရေး အရာရှိ တစ်ဦး အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ယင်းသို့ ထိပ်တန်း အရာရှိကြီး ဘဝသို့ လျင်မြန်စွာ ရောက်ရှိခဲ့ခြင်းမှာ အာဏာရ ပါတီ ခေါင်းဆောင် အချို့၏ ထောက်ခံချက်ကြောင့်သာ ဖြစ်ပေရာ အရေးကြုံလာသော အခါ မောင်မောင်လတ်သည် အစိုးရ အရာရှိ တစ်ဦးပီး ဘက် မလိုက်ဘဲ ဆောင်ရွက်ရမည် ဖြစ်သော်လည်း အာဏာရ ပါတီဘက်သို့ တိမ်းညွတ်မိပြီးသား ဖြစ်နေပေသည်။

မောင်မောင်လတ်သည် သတင်းစာ ခေါင်းကြီးကို ဖတ်ပြီး နောက်တစ် ခွက် သောက်ရန် ကော်ဖီ ကရားကို ငှဲ့လိုက်သည်။ ဧည့်ခန်းဘက်ဆီမှ သမီး အကြီး ချိုချိုနှင့် သားငယ် မိုမို၏ အသံကို ကြားရလေသည်။

“ဟယ် မိုမိုက ကောင်းဘူးဟယ်၊ နင်က ရထားကို မိုင်းဗုံး ခဏ ခဏ မထောင်ရဘူးဟယ်”

ချိုချို၏အသံ ဖြစ်၏။ မောင်မောင်လတ်သည် မျက်လုံးပြူးကာ ထမင်းစားခန်းထဲမှ ထွက်၍ သူတို့ကို လှမ်းခေါ်လိုက်သည်။

ကလေးနှစ်ယောက်မှာ သံပတ်နှင့်သွားသော မီးရထားလေးဖြင့် ကစားနေကြ၏။

“အင်း ကလေးတွေကလည်း ကြံကြံဖန်ဖန် ဆော့ကုန်က ပြီ၊ ဘာမှ အထိန်းအကွပ် မရှိတော့ဘူး”

မောင်မောင်လတ်က စိတ်ထဲမှ ညည်းညူလိုက်လေသည်။

ကလေး နှစ်ယောက်သည် သူတို့ ဖေဖေ ခေါ်သံကြောင့် ပြေးလာကြ သည်။

“မေမေကော”

မောင်မောင်လတ်က သားငယ်ကို ပွေ့ချီလိုက်ပြီး သမီးကို လက်ဆွဲကာ ထမင်းစားခန်းထဲသို့ လှည့်ဝင်လာရင်း မေးလိုက်သည်။

“မေမေ အိပ်နေတယ်”

ချိုချိုက ဖြေ၏။ ညက ကောင်းကောင်းမှ အိပ်ပျော်ရဲ့လားဟု စိတ်ထဲတွင် ထင့်ခနဲ ဖြစ်သွားသည်။

“မေမေ နေကောင်းရဲ့လား သမီး”

ချိုချိုသည် ဖေဖေနှင့် မေမေ ရန်ဖြစ်ကြသည်ကို သိပြီး ဖြစ်၏။ သူ့ ဖေဖေနှင့် မေမေ စကား မပြောကြသည်ကိုလည်း သိပြီး ဖြစ်၏။ ထို့ကြောင့် သူ့ ဖေဖေကို ကြည့်ပြီး

“မေမေ နေမကောင်းဘူးတဲ့၊ သမီးတို့ကိုလည်း စာကျက်ရမယ်လို့ မခိုင်းတော့ဘူး၊ တီချာလည်း မရှိတော့ဘူး၊ မေမေက ကိုဘအောင်ကို ကားမောင်း ပို့ခိုင်းပြီး မေမေကြီးတို့အိမ် သွားကြတဲ့”

‘ကဲ ကဲ ဒါဖြင့် သွားကြ၊ သမီးတို့ကို ပို့ပြီး ပြန်လာတော့မှ ဖေဖေ ရုံး သွားမယ်၊ ဩော် ချိုချိုရေ ခဏ”

မောင်မောင်လတ်သည် မှန်ဗီရိုပေါ်က ချော့ကလက်ထုပ်ကို ယူ၍ ပေး လိုက်သည်။ ချော့ကလက်ထုပ်မှာ ရန်ဖြစ်သည့်နေ့ ကတည်းက ကလေးတွေဖို့ ဝယ်ခဲ့ခြင်း ဖြစ်သော်လည်း မေ့၍ မပေးဖြစ်ဘဲ ယခုတိုင် ရှိနေခြင်း ဖြစ်၏။

“ဆရာ ဧည့်သည် လာတယ်”

ဖိုးရွှေက အခန်းဝတွင် လာရပ်၍ ပြောလိုက်သည်။

‘ဘယ်က ဧည့်သည်လဲကွ၊ ရုံးကိစ္စ ဆိုရင် ရုံးကို လွှတ်ပါလို့ ဘယ်နှစ်ခါပြောရမလဲ”

ဘုန်းကြီးနှစ်ပါးဆရာ၊ အကျိုးဆောင် သံဃာအဖွဲ့ကတဲ့၊ ပထမပြန် စာမေးပွဲ မေးခွန်းပေါက်တာနှင့် ပတ်သက်လို့ လျှောက်လွှာ တင်ချင်လို့တဲ့‘

“သွား သွား၊ ခဏ စောင့်ပါလို့ ပြော”

တိုက်ရှေ့မှ ကလေးတွေကို ပို့ပြီး ပြန်လာသော ကားဆိုက်သံကို ကြားရလေသည်။

မောင်မောင်လတ်သည် အိတ်ထဲတွင် စီးကရက်ဘူး၊ မီးခြစ် စသည့် အသုံး အဆောင်တွေ ပါ မပါ စမ်းလိုက်ပြီး ဘာများ မေ့နေပါလိမ့်ဟု စဉ်းစားလိုက်သည်။ ဘာမျှ မမေ့၊ အားလုံး အစုံအလင်ပင် ရှိသည်။

ဧည့်ခန်းထဲမှ ထွက်မည် အပြုတွင် ခင်ရီရီနှင့် ရန်ဖြစ်သည့် ကိစ္စကို အမှတ်ရလာပြန်သည်။ ခင်ရီရီကို သွားပြီး ချော့မော့ရ ကောင်းလေမလားဟု စဉ်းစားမိပြန်သည်။ သူက မာလျှင် ကိုယ်ကလည်း တင်းမည် ဆိုသော မာန စိတ်ကလေးက တလူလူ ခေါင်းပြူလာပြန်သည်။

သို့ရာတွင် ကိုယ်က အမှားကို ကျူးလွန်ထားသူ ဖြစ်သဖြင့် အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ကြမည် ဆိုလျှင် ကိုယ့် တာဝန် ဖြစ်နေမည်လားဟု စိုးရိမ်လာသည်။ နောက်ပြီး သူလို ထိပ်သီး အရာရှိကြီး တစ်ယောက်၏ အိမ် ထောင်ရေး ပြိုလဲသွားသည် ဆိုလျှင် အသိုင်းအဝိုင်းတွင် အမည်းစက်ကြီး တစ်စက် အဖြစ် ထင်ကျန်ရစ်ခဲ့မည်ကိုလည်း စိုးရိမ်လာသည်။

မောင်မောင်လတ်သည် ပါးစပ်တွင် ခဲထားသော စီးကရက်ကို နှစ်ဖွာခန့် ဆက်တိုက် ဖွာရှိုက်လိုက်ပြီး စားပွဲပေါ်က ကနုကမာ ပြာခံခွက်ထဲသို့ ထိုးခြေကာ အပေါ်ထပ် အိပ်ခန်းထဲသို့ ဝင်ခဲ့လေသည်။