(၄)
ခင်ရီရီသည် အိပ်ခန်းထဲက အဝတ်ထည့် ဗီရိုကြီးကို ဖွင့်ကာ တစ်စုံတစ်ခုကို ရှာနေသည်။ အခန်းထဲတွင် ပစ္စည်းများမှာ ပြန့်ကြဲနေ၏။ ကုလားထိုင်ပေါ်တွင် မောင်မောင်လတ်၏ ညဝတ် အင်္ကျီကြီးမှာ အပုံလိုက် ကျနေသည်။ ခင်ရီရီ၏ ညဝတ် အင်္ကျီမှာ ခုတင်ပေါ် ခြေရင်းတွင် တင်ထားသည်။ ခြင်ထောင်မှာ ချထားလျက်ပင် ရှိသည်။ ဘရိုကိတ် လုံချည်များမှာ အထပ်လိုက် အထပ်လိုက် ကုလားထိုင်များပေါ်တွင် တင်ထားသည်။ ခင်ရီရီတွင် ဘရိုကိတ် လုံချည်များ ဆယ်ဒါဇင်လောက် ရှိမည်ဟု ထင်ရသည်။ ခင်ရီရီသည် သူ အမြတ်နိုးဆုံး ဘရိုကိတ် လုံချည်တွေကို ရွေးထုတ်ပြီး အိမ် ပြောင်းသွားဖို့များ စိတ်ကူးနေသလား မသိပေ။
ခင်ရီရီမှာ အဝတ်အစား လဲပြီး ဖြစ်၏။ လေဒီ ဟယ်မီတန် အင်္ကျီ၊ လေဟယ်မီတန် လုံချည်ကို ဝတ်ထားပြီး အခန်းထဲတွင် စီးသည့် လွှာချင်း ဖိနပ် ပါးပါးကလေးကို စီးထား၏။ ဆံပင်ကို ခပ်မြင့်မြင့် ထုံးထားပြီး ရွှေဘီး အသေးကလေးကို စိုက်ထားသည်။ ဆံနွယ်များသည် ဝါဝင်းသော လည်ကုပ်ပေါ်တွင် ဝဲကျနေကြသည်။
မောင်မောင်လတ်သည် ပွတ်လုံးများလို ဝါဝင်း ချောမွတ်နေသော ပခုံး နှစ်ဖက်ကို လည်းကောင်း၊ နွယ်ရှင်များလို လှုပ်ရှားနေကြသော အိစက်သည့် လက်မောင်းများကို လည်းကောင်း၊ ဖြိုးမောက်နေသော ကိုယ် အထက်ပိုင်း၊ သေးသွယ်ကျစ်လျစ်သည့် ခါးနှင့် ပိုးပျော့ လုံချည်ထဲတွင် ထင်ရှားစွာ ပေါ် နေကြသော ကားစွင့်သည့် တင်ပါးများနှင့် အိစက်လုံးချောသော ပေါင်တံများကို နောက်မှ နေ၍ သိုင်းခြုံ ကြည့်လိုက်သည်။
ရန်ဖြစ်ပြီး ကတည်းက ခင်ရီရီသည် မိဘ အိမ်သို့ ဆင်းသွားမည်ဟု တကဲကဲ လုပ်နေသည်။ မောင်မောင်လတ်အား သူ့ အပြစ် အတွက် ဒဏ်ခတ် ချင်သည်။ သို့ရာတွင် ဖြစ်ချင်ရာ ဖြစ်ချေတော့ဟု ပြတ်ပြတ်စဲစဲ လုပ်ရဲသည် မဟုတ်ပေ။ တကယ်တော့ ခင်ရီရီသည် သူ့လင်ကို မမုန်းနိုင်သေးဘဲ ချစ်မြဲ ချစ်လျက်ပင် ရှိ၏။ သူ့ မိဘများအိမ် ဆင်းသွား၍ မေးလားမြန်းလား လုပ်လျှင်လည်း သူတို့ ကိစ္စမှာ ဖွင့်၍ မပြောအပ်သော ကိစ္စ ဖြစ်နေသည်။ ယခုလို ဆင်းသွားမည်ဟု ဟန်ရေး ပြနေခြင်းမှာ မဖြစ်နိုင်မှန်း သိလျက် ကိုယ့်ကိုယ် ကိုယ် လိမ်လည်နေခြင်းမျှသာ ဖြစ်သည်။ ယောက်ျားက လာ၍ ချော့အောင် ဟန်ဆောင်နေခြင်းမျှသာ ဖြစ်ပေသည်။
မောင်မောင်လတ်၏ ခြေသံကို ကြားသဖြင့် ခင်ရီရီသည် လှည့်၍ ကြည့် လိုက်သည်။ သူ့ မျက်လုံးများမှာ ဝင်းဝင်း တောက်နေကြသည်။ မျက်နှာမှာ ဒေါသကြောင့် ပန်းနုသွေး လျှမ်းနေပေသည်။
ခင်ရီရီသည် တစ်ချက်မျှ ကြည့်လိုက်ပြီး ဗီရို အံဆွဲကို လိုသည်ထက် ပို၍ တအား ဆွဲဆောင့်လိုက်ပြီး တစ်စုံတစ်ရာကို ရှာနေပြန်သည်။
“ရီ”
မောင်မောင်လတ်က မရဲတရဲဖြင့် ခပ်တိုးတိုး ခေါ်လိုက်သည်။ ခေါင်း ကို တမင် ငုံ့လားလိုက်ပြီး သနားစရာ အသွင် ဖြစ်အောင် လုပ်နေလိုက်သည်။ သို့ရာတွင် ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားသဖြင့် သူ့ သွင်ပြင်မှာ လန်းဆန်းနေသည်ဟု ထင်ရပေသည်။
“သူ့မှာတော့ ပျော်လို့၊ ငါ့မှာသာ စိတ်ဆင်းရဲနေရတာ၊ မထူးဘူး၊ သွား မယ်၊ သူနှင့် မနေတော့ဘူး”
ခင်ရီရီက စိတ်ထဲမှ ပြောနေခြင်း ဖြစ်သည်။ နီရဲသော နှုတ်ခမ်းကလေးများသည် တရွရွ တုန်လာကြသည်။ မောင်မောင်လတ်ကို မြင်တော့ ဒေါသတွေ မီးလျှံလို တောက်လာသည်။
“ရီ”
မောင်မောင်လတ်၏ မရဲတရဲ အသံ။
“ဘာလဲ”
ခင်ရီရီက ခပ်ဆတ်ဆတ် ထူးလိုက်၏။ ခင်ရီရီ၏ ကိုယ်မှ ဂိုယာ ရေမွှေး နံ့သည် တသင်းသင်း ပျံ့လာ၏။ စွဲမက်စရာ ကောင်းသော ရူပါရုံ၏ အင်အား လို ဂန္ဓရုံ အင်အားက စစ်ကူ ဖြည့်ပေးလိုက်သကဲ့သို့ ရှိပေသည်။ အဆင်းနှင့် အနံ့ကြောင့် မောင်မောင်လတ်၏ စိတ်သည် ပို၍ ပျော့ပျောင်းလာသည် ထင်ရ၏။
“ဒီနေ့ မမ ရောက်လာလိမ့်မယ်”
“သူ့ဘာသာသူ ရောက်တာ ရီနှင့် ဘာဆိုင်သလဲ၊ ရီ မေမေတို့အိမ် သွား နေမယ်၊ မတွေ့ချင်ဘူး”
“ရီ ဒီလို မလုပ်ပါနှင့်ကွယ်၊ မမကို ရီ တွေ့မှ ဖြစ်မှာပေါ့”
“အို မတွေ့ဘူး၊ မတွေ့ဘူး သွား”
ခင်ရီရီက သူ့ကို မကြည့်ဘဲ အော်ပစ်လိုက်သည်။ ခင်ရီရီမှာ မချိမဆံ့ ဝေဒနာကို ခံစားနေရသူလို ဖြစ်နေ၏။ သူ့ မျက်နှာထားတို့ကလည်း မောင်မောင်လတ် အပေါ်တွင် ဒေါသ မပြေသေးကြောင်း သက်သေ ပြနေသည်။ မောင်မောင်လတ်က တံတွေးကို တစ်ချက် မျိုလိုက်ပြီး…
“ရီရယ်၊ ရီ ဒီလို ထင်ရာ လျှောက်လုပ်ရင် အရှက်တကွဲ ဖြစ်ကုန်ပါလိမ့် မယ်၊ မောင့် အမှားပါကွယ်၊ မောင် တောင်းပန်ပါတယ်၊ ရီ သိတဲ့ အတိုင်း”
ခင်ရီရီက ခါးကို ထောက်၍ သူ့ဘက်သို့ လှည့်ကာ ဆတ်ခနဲ ကြည့်လိုက်သဖြင့် မောင်မောင်လတ်မှာ ရှေ့ဆက် မပြောဘဲ ရပ်နေသည်။ အတန် ကြာတော့မှ…
“ရီ ကျေနပ်အောင် မောင် တောင်းပန်ပါတယ်ကွယ်၊ မောင့်ကို ပေးချင်တဲ့ အပြစ် ပေးပါနော် ရီ၊ လေး ငါး ခြောက်နှစ် ပေါင်းလာကြပြီးမှ မောင့် ဘက်က ခုလို မတော်တဆ”
“ဘာလဲ၊ တဏှာကြော ထတာကို မတော်တဆလို့ ပြောဦးမလို့လား တော်ပြီ တော်ပြီ ရှင် ကျွန်မကို တောင်းပန်မနေနှင့်၊ ရှင် တဏှာကြော ထတာတွေကိုလည်း မကြားချင်ဘူး”
ခင်ရီရီက အော်ပစ်လိုက်ပြီး အားကုန်ကာ ပန်းသွားဟန်ဖြင့် ဘရိုကိတ် လုံချည် အထပ်လိုက်ကို တင်ထားသည့် ကုလားထိုင် နောက်မှီကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ သူ့ နှလုံးမှာ တဒိတ်ဒိတ် ခုန်နေသည်။ အသက်ရှုသံမှာ မြန်၍ ပြင်းနေသည်။ လက်ဖျားများကလည်း အေးစက်နေကြပေသည်။
“ဟင်း ဟင်း ရှင့်လို ကိုယ်ကျင့်တရားကို မစောင့်ထိန်းနိုင်တဲ့ အရာရှိကြီးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှ မပျက်စီးရင် ဘယ်တိုင်းပြည် ပျက်စီးဦး မှာလဲ”
ခင်ရီရီက နှုတ်ခမ်းကို မဲ့ပြီး တမင် လုပ်၍ ရယ်လိုက်၏။
“တော်ပါတော့ ရီရယ်၊ ကိုယ် မှားပါတယ်။ ကိုယ် တောင်းပန်ပါတယ် လို့ ရီကို အထပ်ထပ် ပြောပြီးပြီ မဟုတ်လား၊ ဒါကို ရီက မကျေနပ်ဘဲ အိမ်ပေါ်က ဆင်းသွားမယ် ဆိုရင် ဘယ်အခြေ ရောက်မယ် ဆိုတာ ရီလည်း စဉ်းစား ကြည့်ပါဦး ရီရယ်၊ ကိုယ့်ကို မုန်းလို့ စွန့်ပစ်နိုင်တယ် ထားပါဦး၊ ဖေဖေတို့ မေမေတို့နှင့် ကလေးတွေ မျက်နှာကို ထောက်ဖို့ ကောင်းပါတယ်၊ ကိုယ့်ဂုဏ်ကို ငဲ့ညှာဖို့ ကောင်းပါတယ်၊ မောင့်ကို ခွင့်မလွှတ်နိုင်လို့ ဆင်း သွားရင် ကလေးတွေ မျက်နှာ ငယ်ကြတော့မယ်၊ အပြစ်ရှိတဲ့ မောင့်ကြောင့် အပြစ် မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲရမယ် ဆိုရင် မကောင်းပါဘူး ရီရယ်၊ ရီ မကျေနပ်ရင် မောင့်ကို ပေးချင်တဲ့ အပြစ် ပေးပါ၊ မောင် တောင်းပန်ပါတယ်၊ ရီ ဒီလို ဆင်းသွားတဲ့ အကြောင်းရင်းကို မိတ်ဆွေတွေ သိသွားရင် မောင်လည်း အရှက်ကွဲ ရီလည်း အရှက်ကွဲ တစ်မျိုးလုံး အရှက် ကွဲလိမ့်မယ် ပြီးတော့ သတင်းစာတွေကရော ရေးကြတော့မယ်၊ အို အကုန်လုံး အရှက်ကွဲ ကုန်ကြလိမ့်မယ် ရီ”
ခင်ရီရီသည် ဘာမျှ မပြောတော့ဘဲ ကုလားထိုင်ပေါ်တွင် အရုပ် ကြိုးပြတ် ထိုင်ချလိုက်သည်။
နှုတ်ခမ်းကို တမင် မဲ့လိုက်ပြီးပြီးမှ…
“ဪ ရှင်က ကလေးတွေ အတွက် ထည့်စဉ်းစားသေးသကိုး၊ ထတုန်း ကတော့ ကလေးတွေ အကြောင်း ထည့်မစဉ်းစားဘဲ ခုမှ ကလေးတွေ အတွက် ပူပန် စိုးရိမ်နေသလား၊ ဟင်း ဟင်း ရယ်စရာ ကောင်းလိုက်တာ၊ ဒီမှာ ရှင် ကလေး အတွက် ပူတယ် ဆိုတာ ကျွန်မ ပူတာထက် ဆယ်ပုံပုံ တစ်ပုံတောင် မရှိဘူး၊ ဒီကလေးတွေကို ကျွန်မက မွေးထုတ်ထားရတာပါ”
ခါတိုင်း ဆိုလျှင် ခင်ရီရီက “မောင်” ဟု ခေါ်၍ သူ့ကိုယ်သူ ‘ရီ” ဟု ပြောလေ့ ရှိ၏။ ယခုတော့ ရှင် တစ်ခွန်း ကျွန်မ တစ်ခွန်းဖြင့် ရင့်သီးစွာ ပြော နေသည်။ မောင်မောင်လတ်သည် ဘာမျှ မပြောဘဲ ကုလားထိုင် လက်တင်ပေါ် တွင် တင်ထားသည့် ခင်ရီရီ၏ လက်ကို လှမ်းဆွဲလိုက်သည်။
ခင်ရီရီက အထိ မခံဘဲ လက်ကို ရုပ်ပစ်လိုက်ကာ…
“ကလေးတွေ အတွက် ရှင် ပူတယ် ဆိုတာ ကျွန်မ အိပ်နေသလောက်ပဲ ရှိတယ်၊ ခု မေမေတို့အိမ် ဆင်းသွားဖို့ ဆုံးဖြတ်တာလည်း ကလေးတွေ အတွက် ပူလွန်းလို့ သိလား၊ သစ္စာ မဲ့တဲ့ အဖေရဲ့ ကလေးတွေ အလေ လိုက်တဲ့ အဖေရဲ့ ကလေးတွေလို့ အခေါ် မခံချင်လို့ ဆင်းသွားတာ သိပြီလား၊ ရှင်နှင့် အတူတူ နေရင် ကလေးတွေပါ အကျင့် စာရိတ္တ ပျက်ကုန်လိမ့်မယ်၊ ကြည့်စမ်းပါဦး၊ အိမ်မှာ မယားကြီး ငုတ်တုတ် ရှိရက်နှင့် ကလေးတွေ စာသင်ပေးတဲ့ ဆရာမနှင့် ဖြစ်မိအောင် ဖြစ်လိုက်သေးတယ်”
“ရီရယ် မောင် တောင်းပန်ပါတယ်၊ ရီ ကျေနပ်အောင် မောင် ဘာလုပ်ရ မလဲလို့သာ ပြောပါ၊ မောင့် အပြစ်ကို မောင် ဝန်ခံတာတောင်မှ ရီ မကျေနပ် နိုင်သေးဘူးလား”
မောင်မောင်လတ်က အက်ကွဲ ဆွေးမြည့်သံကြီးဖြင့် ပြောလိုက်၏။ ခင်ရီရီ၏ အဖြစ်ကို ကြည့်၍ လည်းကောင်း၊ လင်မယား ရန်ဖြစ်ထားသည့် သုံးရက် အတွင်း ဖြစ်ချင်တိုင်း ဖြစ်နေကြသော ကလေးတွေ အဖြစ်ကို စဉ်းစား၍ လည်းကောင်း မောင်မောင်လတ်မှာ စိတ်မကောင်း ဖြစ်နေသည်။
သည်လောက် ခင်ရီရီက ခါးခါးသီးသီး ဖြစ်နေသော အခါ ဝမ်းနည်း၍လာကာ မျက်ရည်တွေ ဝေ့၍ လာပေသည်။
ခင်ရီရီက မျက်ရည်တွေ ဝေ့နေသော မောင်မောင်လတ်ကို လှမ်းကြည့်ကာ လှောင်ရယ် ရယ်လိုက်ပြီး…
“ဟင်းဟင်း ကွယ်ရာမှာ ကမြင်းပြီးမှ မျက်ရည်ခံ ထိုးတတ်တဲ့ ယောက်ျားမျိုး၊ မိန်းမ အပေါ်မှာ သစ္စာ မရှိတဲ့ ယောက်ျားမျိုး၊ ဟင် ရှင် ကျွန်မကို ချစ်လို့ ယူခဲ့တာ မဟုတ်ဘူး၊ ကျွန်မ သိတယ်၊ ကျွန်မကို ရှင့် ဆန္ဒ ဖြေဖျော်ဖို့ အတွက် ယူခဲ့တာ၊ ကျွန်မနှင့် ငြီးငွေ့လာတော့ ရှင် နောက်တစ်ယောက်နှင့်၊ မဟုတ်ဘူးလား ဟင်၊ နောက်တစ်ယောက်ကို ငြီးငွေ့ တော့ ရှင် အသစ် တစ်ယောက် ရှာဦးမှာပဲ၊ ကျွန်မ သိတယ်၊ ရှင့်မှာ အချစ် ဆိုတာ မရှိဘူး၊ သစ္စာ မရှိဘူး၊ အသည်းနှလုံး မရှိဘူး၊ ရှင့်လို အသည်းနှလုံး မရှိတဲ့ လူတစ်ယောက်ရဲ့ မျက်ရည်ဟာ ဘာမှ တန်ဖိုး မရှိဘူး သိလား၊ မျက်ရည်ခံထိုးမနေနှင့်၊ စဉ်းစားလေလေ ရှင့်ကို မုန်းစရာ ကောင်းလေ စက်ဆုပ်စရာ ကောင်းလေပဲ”
မောင်မောင်လတ်သည် မှုန်မှိုင်းသော မျက်လုံးများဖြင့် ခင်ရီရီကို ကြည့်လိုက်၏။ ခင်ရီရီမှာ ဒေါသကြောင့် နီမြန်းနေ၏။ နှုတ်ခမ်းများသည် တရွရွ ဖြစ်နေကြသည်။
တစ်ဖက်ခန်းမှ ကလေး အငယ်ဆုံး ပိုပို၏ ငိုသံကို ကြားရသည်။ ကလေး ငိုသံ ကြားရတော့မှ ခင်ရီရီ၏ မျက်နှာမှာ အနည်းငယ် တည် ငြိမ်သွားသည်။
ခင်ရီရီသည် ကုလားထိုင်မှ ထလိုက်ပြီး ဆက်လျက် အခန်းထဲသို့ ထ သွားသည်။
“ရီ ခဏ နေပါဦး၊ မောင် တစ်ခွန်းလောက် ပြောပါရစေဦး”
မောင်မောင်လတ်က ခင်ရီရီ နောက်သို့ လိုက်သွား၏။
“ကျွန်မ အနားကို မလာနှင့်နော်၊ ကျွန်မ ကောင်မလေးတွေကို အော်ခေါ် လိုက်မယ်၊ ရှင့်အကျင့်တွေကို ခိုင်းတဲ့ ကောင်မလေးတွေ မသိဘူးများ အောက်မေ့မနေနှင့်၊ သွားမယ်၊ မေမေတို့အိမ် သွားမယ်၊ ရှင့် မယားငယ်လေးနှင့် ရှင် နေရစ်”
ခင်ရီရီသည် တစ်ဖက်ခန်းမှ တံခါးကို ဂျိုင်းခနဲ မြည်အောင် ပိတ်လိုက် သည်။ မောင်မောင်လတ်သည် နဖူးတွင် စို့လာသော ချွေးသီးတွေကို သုတ်၍ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။
“ဖိုးရွှေ ဖိုးရွှေ”
မောင်မောင်လတ် ခေါ်သံကြောင့် ဖိုးရွှေသည် ပြေးလာပြီး ရှေ့တွင် မတ်တတ်ရပ် နေသည်။
“မမ အတွက် ဘယ်အခန်း ပြင်ရမလဲလို့ မင်း မမရီကို မေးပြီး ပြင်ထားလိုက်”
မောင်မောင်လတ်က ဖိုးရွှေကို လှမ်းပြောကာ တိုက်ရှေ့က ကားပေါ်သို့ တက်လိုက်ပြီး ရုံးသို့ အမောင်းခိုင်းလိုက်သည်။
ဖိုးရွှေသည် တံခါးဝတွင် ငေး၍ ကျန်ရစ်ခဲ့လေသည်။
မော်တော်ကာ ထွက်သွားသံ ကြားတော့မှ ခင်ရီရီသည် သူ့ အိပ်ခန်းထဲ သို့ ပြန်ဝင်လာခဲ့လေသည်။ ကလေး အငယ်ကိုမူ ကရင် နနီကြီးထံ အပ်ထားခဲ့သည်။
အိပ်ခန်းထဲ ရောက်တော့ ခုတင်ပေါ်တွင် ပစ်လှဲ ချလိုက်သည်။ အိမ်မှု ကိစ္စတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်သည်။ သည်လောက် လင်မယား ကတောက်ကဆ ဖြစ်နေသည့် ကြားထဲင် အိမ်မှ ကိစ္စများမှာ တစ်ပြီး တစ်ခု ပေါ်လာကြသေးသည်။
“အငယ် ကလေးကို မင်နီ ဗီတာ တိုက်ရင် နွားနို့ထဲ ရောတိုက်လိုက်ရမလား မမလေး”
နာနီက အခန်းဝမှ မရဲတရဲ မေးလိုက်သည်။
ခင်ရီရီသည် နာနီကို လှည့်မကြည့်ဘဲ…
“မသိဘူး နာနီ၊ ခါတိုင်း တိုက်သလို တိုက်ပေါ့၊ လာ မေးနေရသေးသလား”
ခင်ရီရီက အော်လွှတ်လိုက်တော့မှ နာနီသည် မမြင်အောင် လျှာတစ်လစ် ထုတ်ပြီး ပြန်လှည့်သွားလေသည်။
မောင်မောင်လတ် ထွက်သွားသော်လည်း ခင်ရီရီမှာ ဒေါသ အရှိန် မပြေ သေးပေ။ သူ့ ကောင်မနှင့် တွေ့ကြတုန်းပဲလားဟု တွေးနေမိသည်။ သူတို့ နှစ် ယောက် ဆက်တွေ့နေကြတုန်းပဲလားဟု မမေးလိုက်ရသည်ကို နောင်တ ရနေသည်။ ပစ်ပစ်ခါခါ ပြောမည့်သာ ပြောလိုက်ရသော်လည်း ခင်ရီရီသည် မောင်မောင်လတ်ကို မမုန်းနိုင်ပေ။
တကယ်တော့ မောင်မောင်လတ်အား ယခုလို စိမ်းစိမ်းကားကား ပြော ချလိုက်ခြင်းမှာ ချစ်လွန်း၍ ပေါ်ပေါက်လာသော သဝန်တိုစိတ်က အပြောခိုင်းသောကြောင့်သာ ဖြစ်ပေသည်။