မမ

(၅)

မောင်မောင်လတ်မှာ ကျောင်းနေ ကတည်းက မိန်းမ ပွေသူ တစ်ဦး ဖြစ်သည်။ အင်းလျားနှင့် ဘင်တန်သို့ နေ့တိုင်း ရောက်ကာ မိန်းကလေးများကို ထည်လဲနှင့် တွဲတတ်သူ ဖြစ်သည်။ သို့ရာတွင် ဉာဏ်ကောင်းသဖြင့် အတန်းကျသည် ဟူ၍ မရှိဘဲ တစ်နှစ် တစ်တန်း မှန်မှန် အောင်လာခဲ့ပေသည်။

ဘီအေ အောင်ပြီး ရာထူးဝန် အဖွဲ့တွင် မြန်မာနိုင်ငံ ဝန်ထမ်း အကြီးတန်းကို ဖြေဆိုခဲ့ပြီးနောက် အလုပ်သင် မြို့အုပ် အဖြစ် ဝင်လုပ်ခဲ့သည်။ နောက် နယ်ပိုင် ဝန်ထောက် အဖြစ် လုပ်ကိုင်ခဲ့ပြီး မကြာမီ သူနှင့် တစ်နှစ်တည်း အောင်သူများကို ကျော်လွှားကာ ခရိုင်ဝန် အဆင့်သို့ ရောက်ရှိလာခဲ့ပြီး ဝဏ္ဏကျော်ထင် ဘွဲ့ကိုပင် ရရှိခဲ့သည်။ သူနှင့် ပြိုင်ဘက်များ အနက် အတော်ဆုံးသော သူတို့ပင်လျှင် နယ်ပိုင် ဝန်ထောက်လောက်သာ ဖြစ်သေးသည့် အချိန်တွင် မောင်မောင်လတ်မှာ ခရိုင်ဝန် အဖြစ် ရာထူး တိုးမြှင့်ခြင်း ခံခဲ့ရပေသည်။

ယင်းသို့ အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦး၏ နေရာသို့ လျင်မြန်စွာ ရောက်လာရခြင်းကား မောင်မောင်လတ်၏ အစ်မ၊ မမ၏ ခင်ပွန်း အစိုးရ ဌာန တစ်ခုမှ မင်းကြီး တစ်ဦး ဖြစ်သူ စည်သူ ဦးသက်ထွန်း၏ ကျေးဇူးကြောင့် ဖြစ်ပေသည်။ အကယ်၍ မင်းကြီး စည်သူ ဦးသက်ထွန်းက အကူ အညီ မပေးသည့်တိုင် မောင်မောင်လတ်သည် သည်လို ရာထူးမျိုးကို သူ၏ အစ်ကိုများ၊ အစ်မများ၊ ဝမ်းကွဲ ဆွေမျိုးများ၊ ဦးလေးများမှ တစ်ဆင့် အလွယ် တကူပင် ရနိုင်ပေသည်။ သူ့ ဆွေမျိုးများမှာ အာဏာရ ပါတီ ခေါင်းဆောင်များနှင့် လည်းကောင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် လည်းကောင်း အင်မတန် ရင်းနှီးသည့် အထက်တန်းလွှာမှသာ ဖြစ်ကြပေသည်။

မန္တလေးမြို့ တစ်မြို့လုံး အထက်တန်းလွှာများနှင့် ရန်ကုန် အထက်တန်းလွှာမှ အများစု အစိတ်အပိုင်းမှာ မောင်မောင်လတ်၏ မိတ်ဆွေများ၊ ဆွေမျိုး များသာ ဖြစ်ကြပေသည်။

မောင်မောင်လတ်သည် တန်ခိုး အာဏာရှင်တို့၏ အသိုင်းအဝိုင်းထဲတွင် မွေးဖွား ကြီးပြင်း လာခဲ့သူ ဖြစ်၏။

အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အနက် သုံးပုံ တစ်ပုံလောက်မှာ သူ့အစ်ကို များ၊ အစ်မများ၊ ဦးလေးများနှင့် ရင်းနှီးသော ကျောင်းနေဖက်များ ဖြစ်ကြပြီး ရှေးခေတ်ကတည်းက ယခုထိ အမှု ထမ်းရွက်နေသော အိုင်စီအက်စ်များနှင့် ထိပ်သီး အစိုးရ အရာရှိကြီးများ၊ သူ့အဖေ အတွင်းဝန် အိုင်စီအက်စ် ဦး သိန်းဖေ၏ မိတ်ဆွေရင်းချာများ ဖြစ်ကြ၏။ ကျန် ဒုတိယ အတွင်းဝန်များ၊ လက်ထောက် အတွင်းဝန်များမှာ သူနှင့် ကျောင်းနေဖက်များ ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုလို ထိပ်တန်း အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦး အဖြစ်သို့ ရောက်ရှိရေးမှာ မောင်မောင်လတ် အဖို့ ခက်ခဲလှသော အလုပ် မဟုတ်ပေ။

သူ့ဘက်က တာဝန် ကျေပွန်အောင် ဆောင်ရွက်နိုင်ပြီး လူကြီးလူငယ် မရွေး ဝင်ဆံ့ဖို့သာလျှင် လိုပေသည်။ သို့သော်လည်း မောင်မောင်လတ်လို လူတစ်ယောက် အဖို့ ထိုအရည်အချင်းများမှာလည်း အင်မတန် ခက်ခဲလှသော အရည်အချင်းများ မဟုတ်ပါပေ။ သူ၏ ပွင့်လင်းမှု၊ သဘော ကောင်းမှုနှင့် ရိုးသားမှုတို့ကြောင့် မောင်မောင်လတ်ကို မိတ်ဆွေများက ခင်မင်တတ်ကြပေသည်။ နယ်ပိုင် ဝန်ထောက် အဖြစ် သုံးနှစ်လောက် အမှုထမ်း ပြီးသည်နှင့် တ ပြိုင်နက် အတွင်းဝန်ချုပ်၊ တိုင်းမင်းကြီး အတွင်းဝန်၊ လက်ထောက် အတွင်း ဝန်များကပါ မောင်မောင်လတ်ကို မျက်စိ ကျလာကြသည်။ သူ့ လက်အောက် ငယ်သားများကလည်း သူ့ကို ချစ်ကြောက် ရိုသေလာကြသည်။ ဤအချိန်တွင် သူ့ အစ်မ မမ၏ ခင်ပွန်း မင်းကြီး စည်သူ ဦးသက်ထွန်းက စကား တစ်ခွန်း ပြောလိုက်သည်နှင့် မောင်မောင်လတ်သည် ထိပ်သီး အုပ်ချုပ်ရေး အရာရှိကြီး၏ နေရာသို့ တစ်ချက်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ရုံးသို့ ရောက်သည်နှင့် မောင်မောင်လတ်သည် သူ၏ ကိုယ်ပိုင် အခန်းထဲသို့ ဝင်ကာ ခေါင်းပေါင်းကို ကောက်စွပ်ခဲ့ပြီး အစည်းအဝေး ခန်းမထဲသို့ ဝင်လာခဲ့သည်။

ခရိုင် ပြည်တော်သာ အစည်းအဝေး ကျင်းပမည် ဖြစ်သဖြင့် ခရိုင် မြို့နယ်များမှ ပြည်သူ့ လွှတ်တော် အမတ်များ၊ နိုင်ငံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရ အရာရှိများ အားလုံး ရောက်ရှိကာ စကား ပြောနေကြသည်ကို တွေ့ရပေ၏။

မောင်မောင်လတ်သည် ရောက်နှင့်သော ပုဂ္ဂိုလ်များကို လှမ်း၍ နှုတ်ဆက်ကာ စားပွဲထိပ်တွင် ဝင်ထိုင်လိုက်သည်။

ပြည်တော်သာ အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သော နယ်ပိုင် ဝန်ထောက်က စာရွက်စာတမ်းများကို ယူလာကာ သူ့ ရှေ့သို့ ချပေးရင်း…

“က ပိုင်းမှာ ပြည်တော်သာ ရေတွင်း တူးဖို့နှင့် ပြည်တော်သာ တံတား ရွက်ဆောက်ဖို့ ဆုံးဖြတ်ချက်တော့ ကျပြီ အစ်ကိုကြီး၊ ဒါပေမဲ့ အစ်ကိုကြီး လက် မှတ် မထိုးရသေးတာနှင့်”

သူ့ကို “အစ်ကိုကြီး” ခေါ်သည့် နယ်ပိုင် ဝန်ထောက်မှာ အသက် လေး ဆယ် ကျော်၍ ဆံပင်ဖျားမှာ ဖြူစ ပြုနေပြီ ဖြစ်၏။ ဆံပင်ဖြူနှင့် နယ်ပိုင် ဝန်ထောက်မင်းသည် အင်္ဂလိပ် လက်ထက် အကူစာရေးမှ တစ်ဆင့် အဆင့်ဆင့် တက်လာကာ နယ်ပိုင်ဝန်ထောက် ဘဝသို့ ရောက်ရှိလာသူ ဖြစ်၏။

မောင်မောင်လတ်သည် သူ့ ရှေ့တွင် ကိုယ်ကို ယို့၍ နေသော နယ်ပိုင် ဝန်ထောက်မင်း၏ ဆံပင်ဖြူများနှင့် သူ့အား “အစ်ကိုကြီး” ဟု ခေါ်သော အသံကို ဆက်စပ် စဉ်းစားမိရာမှ ပြုံးလိုက်မိသည်။ ပြီးမှ နယ်ပိုင် ဝန်ထောက်မင်း ထိုးပေးသော ဆုံးဖြတ်ချက်များကို လက်မှတ် ထိုးလိုက်သည်။

“ဒီနေ့တော့ မနေ့က အစည်းအဝေးက မပြတ်တဲ့ ဆည်တူးဖို့ ကိစ္စကို ဆွေးနွေးရင် ကောင်းမယ်လို့ ထင်တယ်၊ ဒါပေမဲ့ တစ်ခု ခက်တာက မတ္တရာ အမတ်မင်းနှင့် ပုသိမ်ကြီး အမတ်မင်းက သူ့နယ်ထဲမှာ တူးရေး ငါ့နယ်ထဲမှာ တူးရေး ဆိုပြီး အငြင်းပွား နေကြတာက ခက်တယ်၊ ကျွန်တော်တို့ ခရိုင် ပြည် တော်သာ အဖွဲ့ရဲ့ ရန်ပုံငွေနှင့် ချိန်ကြည့်လို့ ရှိရင် ဆည်များများ တူးနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ အမတ်မင်း နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ကွန်ပရိုမိုက်စ် လုပ်လို့ ရှိရင်တော့ ကျွန်တော်တို့လည်း ဆုံးဖြတ်ဖို့ လွယ်ကူတာပေါ့၊ မဟုတ်ဘူးလားဗျာ ဟဲ ဟဲ’

မောင်မောင်လတ်က မတ္တရာ အမတ်မင်းဘက်သို့ လှည့်ကြည့်၍ ပြော လိုက်သည်။ ပြည်တော်သာ အဖွဲ့ဝင် လူကြီးများ၏ မျက်လုံးများသည် သူ့ကို စူးစိုက် ကြည့်နေကြ၏။

မောင်မောင်လတ်သည် သူတို့တစ်တွေ စူးစိုက် ကြည့်နေသည်ကို တွေ့ရ သောအခါ ကိုယ့်ဘာသာ မလုံမလဲ ဖြစ်လာသည်။ ငါ့ အကြောင်းကို သူတို့ များ သိထားကြလေသလားဟု သံသယ ဖြစ်လာသည်။ လွန်ခဲ့သော နာရီဝက် အတွင်းက သစ္စာ မဲ့သူ၊ အလေ လိုက်သူ၊ စာရိတ္တ ပျက်ပြားသူဟု အစွပ်အစွဲ ခံခဲ့ရပြီးအိမ်သူ သက်ထား၏ ဆူပူ ငေါက်ငမ်းခြင်းကို လည်စင်း ခံခဲ့ရသည့် ဘဝ၊ ခရိုင် ပြည်တော်သာ သူကြီးများ၏ ရှေ့တွင် စားပွဲထိပ်မှ ထိုင်လျက် ပြည်တော်သာ အဖွဲ့၏ ဥက္ကဋ္ဌကြီး အဖြစ် ဆောင်ရွက် နေရသော ကိုယ့်ကိုလည်း တွေးတောမိကာ ရယ်ချင်သလိုလို ဖြစ်လာပေသည်။

အစည်းအဝေးကို ယနေ့အပြီး ထိုင်ရန် ဖြစ်သဖြင့် တောက်လျှောက်ဆက် စည်းဝေးနေသည်။ အစည်းအဝေး လုပ်နေတုန်း ဆင်နားရွက် တံခါးသည် ကျိခနဲ မြည်လာပြီး ပွင့်သွားကာ ခေါင်းတစ်လုံး အခန်းထဲသို့ ဝင်လာ၏။

သို့ရာတွင် အခန်းထဲတွင် အစည်းအဝေး ရှိနေသဖြင့် ခေါင်းသည် အပြင်သို့ ပြန်၍ ထွက်သွားကာ တံခါးဝမှ ရုံးစေ လုလင်ကို မေးမြန်းနေသံ ကြားရသည်။

နေ့လယ် နာရီပြန် နှစ်ချက် ထိုး၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည့်နှင့် မောင်မောင်လတ်သည် သူ၏ သီးသန့် နားနေခန်းသို့ ပြန်လာကာ အပေါ် အင်္ကျီနှင့် ခေါင်းပေါင်းကို ချွတ်လိုက်ပြီး ပက်လက် ကုလားထိုင်ပေါ်တွင် ပစ်ထိုင်လိုက်ရင်း စီးကရက် တစ်လိပ်ကို မီးညှိ၍ ဖွာနေသည်။

စီးကရက် ဖွာရင်းလည်း သူ့ စိတ်သည် ခင်ရီရီထံသို့ ရောက်နေသည်။ သည်အချိန်ဆို မေမေတို့ အိမ်သို့ ရောက်နေပြီလားဟုလည်း တွေးနေမိသည်။ တွေး၍ အမျှင် မပြတ်မီ ရုံးစေ လုလင်သည် ဆင်နားရွက် တံခါးကို ဖွင့်၍ အထဲသို့ လှမ်းကြည့်နေသည်ကို တွေ့ရသည်။

“ဘာလဲဟေ့”

သည်တော့မှ ရုံးစေ လုလင်သည် ဖိနပ် ချွတ်၍ အခန်းထဲသို့ မရဲတရဲ ဝင်လာကာ…

“ဝန်မင်းကို အရေးတကြီး တွေ့ချင်လို့ ဆိုပြီး ဧည့်သည် တစ်ယောက် လာပါတယ်၊ ခုန အစည်းအဝေး လုပ်နေကတည်းက စောင့်နေပါတယ်”

“အေး အေး ခေါ်လိုက်”

ရုံးစေ လုလင် ထွက်သွားပြီး မကြာမီ လူတစ်ယောက် ဝင်လာလေသည်။

“ဟလို ဟလို ကိုအောင်မိုးပါလား၊ ဆိုစမ်း ဘာကိစ္စ”

မောင်မောင်လတ်က ပက်လက် ကုလားထိုင်မှ ထကာ ဝင်လာသူကို လက်ဆွဲ နှုတ်ဆက်နေ၏။

“ကိစ္စကတော့ ခင်ဗျားကို အရေးတကြီး တွေ့ချင်လို့ပဲ”

မောင်မောင်လတ်က စားပွဲ နောက်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီ အောင်မိုးက သူနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

ကိုအောင်မိုးမှာ မောင်မောင်လတ်နှင့် သက်တူ ရွယ်တူ အသက် သုံးဆယ်ခန့်မျှသာ ရှိသေး၏။ သူတို့ နှစ်ယောက်သည် စစ်ပြီးခေတ် တက္ကသိုလ်သို့ တစ်နှစ်တည်း ရောက်ခဲ့ပြီး ကျောင်းဆောင် တစ်ခုတည်း နေခဲ့ကြကာ ဘာသာ အတွဲ တစ်မျိုးတည်း ယူခဲ့ကြသူများ ဖြစ်ပေသည်။

သို့ရာတွင် ကိုအောင်မိုးမှာ တက္ကသိုလ် သမဂ္ဂ၊ ဗကသ စသည်တို့တွင် ဝင်ရောက်၍ တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ပြီး မောင်မောင်လတ်မှာ ရာဇဝင် ဂုဏ်ထူးတန်း တက်ကာ စာအုပ်များနှင့်သာ ပျော်မွေ့နေခဲ့လေသည်။ အချိန်တန်၍ မောင်မောင်လတ် ဘီအေ အောင်ကာ အစိုးရ အရာရှိ ဝင်လုပ်ခဲ့သည့် အချိန်တွင် ကိုအောင်မိုးမှာ ဘီအေကို ပြီးအောင် မဖြေတော့ဘဲ နိုင်ငံရေး နယ်ထဲသို့ ခြေစုံပစ် ဝင်ခဲ့ခြင်းဖြင့် သူတို့ နှစ်ယောက်၏ ဘဝနှစ်ခု ကွာခြား လာကြပေသည်။

ကိုအောင်မိုးက မောင်မောင်လတ်တို့လို အစိုးရ အရာရှိ ဘဝမျိုးမှာ စက် ရုပ် ဘဝမျှသာ ဖြစ်၍ လွတ်လပ်သည့် အတွေးအခေါ် မရှိ၊ နောက်ပေါက် ဗျူရိုကရက်များဟု ထင်သည်။ သူသာ တကယ့် ဘဝထဲတွင် နစ်မြုပ်သူ၊ တိုင်းပြည် အကျိုးကို ဆောင်ရွက်သူဟု ထင်၍ မောင်မောင်လတ်လို လူမျိုးမှာ စိတ်ကူးယဉ် ဝဲဂယက်ထဲတွင် နစ်မြောကာ ကိုယ့် တက်လမ်းကို ရှာဖွေ နေကြသူများဟု ထင်သည်။

မောင်မောင်လတ်ကလည်း ကိုအောင်မိုးလို လူမျိုးမှာ မိဘ ငွေကို သုံး ဖြုန်းကာ ပါတီ နိုင်ငံရေး အမှောင့် ပယောဂ ပူးခံနေရသော သားကောင်များ ဖြစ်၍ စာမေးပွဲ မအောင်နိုင်သဖြင့် နိုင်ငံရေးထဲသို့ ခြေစုံပစ် ဝင်သွားသူဟု ထင်နေသည်။ သူသာလျှင် တကယ့် ဘဝကို အခြေ တည်သူ ဖြစ်၍ ကိုအောင်မိုးမှာ နိုင်ငံရေး မီးရှူး မီးပန်းများကို ကြည့်၍ ကြည်နူးကာ စိတ်ကူး ယဉ်နေသူ ဟု ထင်ပေသည်။ သို့ရာတွင် သူငယ်ချင်း အဖြစ်ကား ခင်မင် ရင်းနှီးမြဲပင် ဖြစ်ပေ၏။

မောင်မောင်လတ်က စီးကရက်ဘူးကို ထိုးပေးလိုက်လေသည်။

“ဟင့်အင်း ကျုပ် စီးကရက် မသောက်ဘူး၊ ဆေးပေါ့လိပ်ပဲ သောက်တယ်၊ စီးကရက်က ခင်ဗျားတို့လို လခကြီးစားတွေနှင့် ဇိမ်ခံ လူတန်းစားတွေ သောက်တဲ့ ပစ္စည်း၊ ကျုပ် အဖို့တော့ ဒါပဲ”

ကိုအောင်မိုးက ရယ်၍ လွယ်အိတ်ထဲက နဂါး ဆေးပေါ့လိပ် တစ်လိပ်ကို ထုတ်၍ မီးညှိပြီး ဖွာနေသည်။

“ကျုပ်တို့က ဗျူရိုကရေစီ စက် ယန္တရားကြီး မောင်းနှင်ရာကို သွားနေရတဲ့ သားကောင်တွေပါဗျာ၊ ခင်ဗျားတို့ကမှ ကယ်တင်ရှင်ကြီးတွေပါ”

မောင်မောင်လတ်က သူ့ကို လှမ်းပြောကာ ခပ်ထေ့ထေ့ ပြုံးနေသည်။ ကိုအောင်မိုးသည် အနီး စခန်းမှ မန္တလေးသို့ မကြာခဏ ဆင်းလာတတ်သည်။ သူဘာကြောင့် လာသည် ဘာတွေ လုပ်နေသည်ကို မောင်မောင်လတ်သည် ရေရေရာရာလည်း မသိ၊ သိပ်လည်း စိတ်မဝင်စားလှပေ။ ကိုအောင်မိုးကလည်း သူ့ကိစ္စကိုမှ အရးကြီးသည် ထင်ကာ မြို့မှာ နေရသည်ကို ရွံမုန်းသည်။ မောင်မောင်လတ်တို့လို အစိုးရတာဝန် ထမ်းဆောင်နေသူများကို ရယ်ကာ လှောင်ကာ ပြောတတ်သည်။

“ကဲ… ဆိုစမ်းပါဦး ခင်ဗျားကစ္စကို၊ တလောကတောင် ခင်ဗျား လာတယ်လို့ ကြားလိုက်သေးတယ်”

“ကိစ္စကတော့ တခြားမဟုတ်ပါဘူး၊ ကျုပ်တို့ဆီက ပြည်တော်သာလူကြီး တချို့ လဘ်စားတာတွေ မတရားလုပ်တာတွေ ခင်ဗျားကို ပြောပြချင်လို့ပဲ၊ ခင်ဗျားဆီကိုတောင် အစီရင်ခံစာ ရောက်ချင် ရောက်နေရေးပေါ့”

“ဟဲ ဟဲ ဒါကို အကြောင်း ပြုပြီး ခင်ဗျားက ခင်ဗျားတို့ပါတီ အနေနှင့် အစိုးရကို ပစ်ကွင်းထားချင်တယ် ဆိုပါတော့”

မောင်မောင်လတ်က စီးကရက်ကို ပြာခံ ခွက်ထဲသို့ ထိုးခြေ နေသည်။

“ဟင့်အင်း၊ ခင်ဗျားတို့မှာ ဒီလို မြင်ပုံ မြင်နည်းတွေကြောင့် ခက်နေတာ၊ ကျုပ်တို့ကလည်း အစိုးရ လုပ်သမျှ မကောင်းဘူးလို့ မပြောပါဘူး၊ ကောင်းတာကို ထောက်ခံမယ်၊ မကောင်းတာကို ကန့်ကွက်မယ် ဆိုတဲ့ ပေါ်လစီပါ၊ ပြီးတော့ ကျုပ်လည်း ခု ပါတီက ထွက်လိုက်ပါပြီ၊ ခု ပါတီ လုပ်ငန်း ဆိုလို့ ဘာမှ မလုပ်တော့ဘူး”

“ဟာ မြန်လှချည်လား၊ ဆိုစမ်းပါဦး၊ ဘာအကြောင်းကြောင့် ဘယ်တုန်းက ထွက်လိုက်တာလဲ”

“ဇာတ်လမ်းကတော့ အရှည်ကြီးပဲ၊ အေးအေးဆေးဆေးကျမှ ပြောကြ သေးတာပေါ့၊ အတိုချုပ်ကတော့ ကျုပ်တို့ ပါတီရဲ့ လမ်းစဉ်ကို မကြိုက်လို့ ဆိုပါတော့၊ ကျုပ်တို့ ပါတီ ခေါင်းဆောင်တွေဟာ အစိုးရကို ထောက်ခံသင့်တဲ့ နေရာမှာ ထောက်ခံ၊ ကန့်ကွက်သင့်တဲ့ နေရာ ကန့်ကွက်ရမယ့် အစား နေရာတကာမှာ လက်ညှိုးထောင် ခေါင်းညိတ် နေကြတယ်၊ ရွာတွေ ပျက်လို့ လယ်သမားတွေ တောင်းစားနေရတဲ့ အချိန်မှာ သူတို့ဟာ အစိုးရအဖွဲ့ ဝန်ကြီးတွေနှင့် ထမင်း လက်ဆုံ စားနေကြတယ်၊ လယ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လယ်သမားတွေနှင့် တွေ့ဆုံ ဆွေးနွေးရမယ့် အစား ပန်ကာအောက် ထိုင်ပြီး စီမံကိန်း ကော်မရှင် အစည်းအဝေးတွေ ထိုင်နေကြတယ်၊ တိုင်းသူ ပြည်သားတွေ အဖို့ မုန်တိုင်းကြီး ကျနေတဲ့ အချိန်မှာ သူတို့ဟာ နိုင်ငံရေး လေပြည် တိုက်နေကြတယ်၊ သူတို့ဟာ ထမင်း လက်ဆုံ စားတာ ဧည့်ခံပွဲ သွားတာ စီမံကိန်း ကော်မရှင် အစည်းအဝေး ထိုင်တာလောက်ကို နိုင်ငံရေး ထင်နေကြတယ်၊ ဒါကြောင့်မို့ ထွက်လိုက်တာပဲ”

“စကားလုံးကလေးတွေကတော့ ပြောင်ပါပေ့ဗျာ”

“ကိစ္စကတော့ ဒါပါပဲ၊ ကျုပ် သွားစရာတွေ ရှိသေးတယ်ဗျာ၊ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ တစ်ခုလည်း ခင်ဗျားကို တိုင်ပင်ချင်တယ်၊ ဘယ်အချိန်လောက် ခင်ဗျားနှင့် အေးအေးဆေးဆေး တွေ့နိုင်မလဲ”

မောင်မောင်လတ်က စဉ်းစား၍ နေသည်။

ညနေ မီးရထား ဟိုတယ်မှာ တွေ့ရအောင်လေ၊ အဲဒီမှာ အေးအေးဆေးဆေး စကားပြောနိုင်သားပဲ၊ ကျွန်တော်လည်း ညနေ ဆိုရင် အားပါတယ်။ ဂေါ့ဖ် ရိုက်ဖို့ ချိန်းထားသော ဖျက်လိုက်မယ်”

“ကောင်းသားပဲ၊ သိပ်တော့ မကြာပါဘူး၊ ခပ်တိုတိုပဲ၊ ခင်ဗျားကို မေးချင်တာ တစ်ခုနှစ်ခု ရှိလို့ပါ၊ အဲဒီ အပေါ်မှာ မူတည်ပြီး ကိစ္စ အရပ်ရပ်ကို ဆွေးနွေးကြတာပေါ့”

ကိုအောင်မိုးက မျက်လုံးများကို မှေး၍ စဉ်းစားရင်း ပြောလိုက်သည်။ သူ့ မျက်နှာမှာ နေလှောင်ထားသဖြင့် ညိုနေသည်။ ကျယ်ပြန့်သော နဖူး၊ တောက်ပကြည်လင်သော မျက်လုံး၊ ထူထဲသော မျက်ခုံးတို့ဖြင့် ယောင်္ကျားပီသသော ရုပ်လက္ခဏာ ရှိသည်။

“ကဲခပ်တို့ကို ဆိုရင်လည်း ခု ပြောလေဗျာ၊ ကျန်တာတွေ ညနေ ကျမှ ဆွေးနွေးကြတာပေါ့”

“ကိစ္စကတော့ အရေးမကြီးဘူး ဆိုလည်း ဟုတ်တယ်၊ အရေးကြီးတယ် ဆိုလည်း ဟုတ်တယ်”

ကိုအောင်မိုးမှာ သူ့ ကိစ္စကို ဖွင့်ပြောရန် ဝန်လေးနေပုံ ရ၏။ ရှက်နေပုံ လည်း ရပေသည်။

“ခင်ဗျား ယောက္ခမကြီး အိမ်ဘက် ရောက်သေးသလား၊ သူတို့ အခြေအနေ ဘယ်လိုလဲဗျ”

မောင်မောင်လတ်သည် ကိုအောင်မိုးထံမှ ထွက်လာသည့် စကားကို သိ လိုက်သဖြင့် မသိမသာ ပြုံးလိုက်သည်။ ကိုအောင်မိုးမှာ သူ့ခယ်မ အငယ်ဆုံး ခင်သီသီကို ချစ်နေကြောင်း သိပြီး ဖြစ်ပေသည်။

“ခင်ဗျားက တိုတို မေးပေမဲ့ ကျုပ်ကတော့ ရှည်ရှည် အဖြေ ပေးမှ ဖြစ်မှာ၊ ဪ ခဏ”

စောစောက နယ်ပိုင် ဝန်ထောက်မင်း ဝင်လာကာ မောင်မောင်လတ် ရှေ့တွင် စာရွက်ထပ်ကြီး တစ်ထပ်ကို လာချလိုက်သဖြင့် စကား ပြတ်သွားကြသည်။ ကိုအောင်မိုးက နယ်ပိုင်ကြီးကို ပြုံး၍ နှုတ်ဆက်လိုက်၏။ မောင်မောင်လတ်မှာ စာရွက်များကို လှန်ကာ လက်မှတ် ထိုးနေပေသည်။ လက်မှတ် ထိုးပြီးနောက် နယ်ပိုင်ကြီးသည် စာရွက်ထပ်ကြီးကို ယူ၍ ပြန်ထွက်သွားသည်။

“ဆိုစမျးပါဦး”

“ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပဲ၊ ခက်တာက ခင်ဗျားက မန္တလေးမှာ မနေတာ ခက်တယ်”

“ဘာဖြစ်လို့”

“နောက်တော့ ကျုပ် ပြောပြမယ်လေ၊ အကောင်းဆုံးကတော့ ခင်ဗျား အားရင် ကျုပ်အိမ်ကို တစ်နေ့လောက် လာပါဦး၊ ခု ကျုပ်လည်း ရီနှင့် စကားများထားတယ်ဗျ၊ ကဲပါလေ ဒါတွေ ထားပါဦး၊ အကောင်းဆုံးကတော့ ခင်ဗျား ဒီနေ့ ညနေ သူတို့အိမ်ကို သွားပါ၊ ကျုပ် ရုံးဆင်းတော့ ခင်ဗျားကို ဝင်ခေါ်ပြီး မီးရထား ဟိုတယ်ကို သွားကြမယ်”

“ကောင်းပြီလေ၊ ကျွန်တော် သီသီတို့ အိမ် သွားမယ်”

ကိုအောင်မိုးက ကုလားထိုင်ကို တွန်းရွှေ့ကာ ထိုင်ရာမှ ထလိုက်၏။

“ဟေ့လူ၊ အနီးစခန်းလည်း ပြန်မပြေးနှင့်ဦးနော်၊ ကျုပ်ကို စောင့်ဦး”

“စောင့်မှာပါဗျ”

ကိုအောင်မိုးသည် ကချင် လွယ်အိတ်ကို ပြင်၍ လွယ်လိုက်ပြီး အပြင်သို့ ထွက်သွားလေသည်။ မောင်မောင်လတ်မှာ ဖိုင်တွဲတွေဖြင့် အလုပ် ရှုပ်၍ ကျန် ရစ်ခဲ့ပေသည်။