(၆)
မောင်မောင်လတ်က သူ မန္တလေးသို့ ဆင်းလာသည့် အကြောင်းရင်းကို မေးသည်တွင် ကိုအောင်မိုးသည် မျက်နှာကြီး တစ်ခုလုံး နီရဲသွားကာ တော်တော်နှင့် အဖြေ မပေးနိုင်ဘဲ ဖြစ်နေခဲ့သည်။ သူ မန္တလေးသို့ ဆင်းလာခြင်းမှာ ခင်သီသီကို တွေ့ကာ ချစ်ရေး ဆိုဖို့ လာခဲ့ခြင်း ဖြစ်၏။
“ခင်ဗျား ခယ်မ ခင်သီသီကို လူပျို စကား ပြောမလို့ လာတာဗျို့”
သည်စကားလုံးများမှာ ကိုအောင်မိုး၏ ရင်ထဲမှာ ရှိနေသော စကားလုံးများ ဖြစ်၏။ သို့ရာတွင် ပါးစပ်ကတော့ ထွက်မလာပေ။ ခင်သီသီတို့ ညီအစ်မ တစ်တွေ၏ မိဘများနှင့် ကိုအောင်မိုး၏ မိဘများမှာ နှစ်ဖက်စလုံး အထက်တန်းလွှာမှ ဖြစ်ကြပြီး တစ်မြို့တည်းသားများ ဖြစ်ကြသဖြင့် ရင်းနှီး ကြပေ သည်။ ကိုအောင်မိုး ကျောင်းသား ဘဝက ဆိုလျှင် ပို၍ပင် ရင်းနှီးပေသည်။ ခင်ရီရီ၊ ခင်သီသီတို့၏ အစ်ကို ခင်မောင်ဇော်နှင့် ကိုအောင်မိုးတို့သည် မန္တလေး အကြို တက္ကသိုလ်ဝင် သင်တန်းတွင် အတူ တက်ခဲ့ကြပြီး ရန်ကုန် တက္ကသိုလ် သို့ တစ်နှစ်တည်း ရောက်ခဲ့ကြသည်။ သည်တုန်းက ကိုအောင်မိုးမှာ ခင်သီသီတို့ အိမ်ကပင် ပြန်သည် မရှိခဲ့ပေ။ လူကြီးတွေက အစ တစ်အိမ်သားလုံးနှင့် ရင်းနှီးသည့်ပြင် ညီအစ်မ တစ်တွေနှင့်လည်း ပို၍ပင် ရင်းနှီးခဲ့သည်။
ကိုအောင်မိုး၏ မိခင်မှာ ငယ်စဉ်ကပင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သဖြင့် ကိုအောင်မိုးသည် ခင်သီသီတို့၏ မိခင် ဒေါ်ညွန့်ညွန့်ကိုပင် မိခင် အရင်းလို ချစ်ခင်ခဲ့သည်။
တက္ကသိုလ်ဝင် သင်တန်း အတွက် ခင်မောင်ဇော်နှင့် အတူ စာကျက်စဉ်က ဆိုလျှင် ခင်သီသီတို့ အိမ်မှာပင် စား၍ ခင်သီသီတို့ အိမ်မှာပင် အိပ်လေသည်။
ညနေတိုင်လျှင် ခင်မောင်ဇော်၊ ခင်ရီရီ၊ ခင်ကြည်ကြည်၊ ခင်သီသီတို့နှင့် အတူ ကျုံးဘေးတွင် လမ်းလျှောက်တတ်ကြသည်။
သည်တုန်းက ခင်သီသီမှာ ခပ်ငယ်ငယ် ရှိသေးသည်။ ခင်သီသီက ကျုံးထဲက ကြာစွယ်များကို နှစ်သက်လွန်း၍ ကြာစွယ်များကို ဘယက် အသီ ခိုင်းလျှင် ကိုအောင်မိုးကပင် ဆင်းခူးပေးကာ ကြာစွယ်များကို အမျှင်တန်းရုံမျှ ဖြတ်၍ ဘယက် လုပ်ပေးရသည်။
တက္ကသိုလ် ရောက်တော့ ကိုအောင်မိုးသည် အကြီးဆုံး ခင်ရီရီကို ချစ်ခဲ့သည်။ သို့ရာတွင် ခင်ရီရီမှာ နယ်ပိုင် ပေါက်စ မောင်မောင်လတ်နှင့် လက်ထပ်သွားသဖြင့် အလတ် ခင်ကြည်ကြည်ကို ချစ်မိပြန်သည်။
ကိုအောင်မိုး၏ စိတ်ထဲတွင် သည်ညီအစ်မတစ်တွေ အနက် တစ်ယောက် မရလျှင် တစ်ယောက်ကို ရအောင် ယူမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။ သို့တိုင်အောင်လည်း ခင်ကြည်ကြည်မှာ နိုင်ငံခြားရေး ဌာန အတွင်းဝန် တစ် ယောက်နှင့် လက်ထပ် သွားပြန်သော အခါ ကိုအောင်မိုးမှာ သဲရေကျ ဖြစ်ခဲ့ ရပြန်လေသည်။
၁၉၅၀ ပြည့်နှစ် ကိုအောင်မိုး တက္ကသိုလ်မှ ထွက်လာသော အခါ ခင်သီသီမှာ ဆယ်နှစ်ကျော်မျှသာ ရှိသေး၏။ သည်အတွင်း ခင်မောင်ဇော်မှာ လေတပ်တွင် ဖလိုက် လက်ဖတင်နင် အဖြစ် အမှုထမ်း နေရင်းက ရခိုင်ဘက်တွင် လေယာဉ်ပျံ ပျက်၍ သေဆုံးသွားပြန်သဖြင့် တစ်ကြောင်း၊ ကိုအောင်မိုးမှာ လည်း နိုင်ငံရေးနယ်ထဲသို့ ခြေစုံ ပစ်ဝင်လာသည့် အတွက်ကြောင့် တစ်ကြောင်း ခင်သီသီတို့ မိသား တစ်စုနှင့် အရင်ကလောက် အဝင် အထွက် မရှိဘဲ အနေဝေးခဲ့ရ ပေသည်။
သို့ရာတွင် မနှစ်က သူ နိုင်ငံရေး နယ်မှ ထွက်ပြီး ခင်သီသီတို့ အိမ်သို့ ဝင်ရောက် လည်ပတ်သော အခါတွင်မူ ခင်သီသီမှာ လှသွေးကြွယ်ချိန် အသက် နှစ်ဆယ်ကျော် အရွယ် အပျိုကြီးဖားဖား ဖြစ်လျက် ရှိသည်ကို တွေ့ရသော အခါ အစ်မ နှစ်ယောက်နှင့် အချစ် စစ်ပွဲတွင် အရှုံး ပေးခဲ့ရသော ကိုအောင်မိုး၏ အချစ်သည် တလှိုက်လှိုက် ဆူ၍ လှုပ်ရှား ထကြွ လာပြန်လေသည်။
သာမန်အားဖြင့် ဆိုလျှင် အငြိမ်းစား အရေးပိုင် တစ်ဦး၏ သား ဖြစ်၍ အသက် သုံးဆယ်မျှသာ ရှိသေးလျက် ပစ္စည်းဥစ္စာ ဆို၍လည်း အဖေ ကွယ် လွန်လျှင် တစ်ဦးတည်းသော အမွေ ဆက်ခံစရာ ရှိသည့် ကိုအောင်မိုးလို လူ တစ်ယောက် အဖို့ ခင်သီသီလို မိန်းမမျိုးကို လက်ထပ် ယူရန်မှာ ခက်ခဲလှသော ကိစ္စ တစ်ရပ် မဟုတ်ဟု ထင်စရာ ရှိပေ၏။ သို့သော်လည်း ခင်သီသီကို အရူးအမူး ချစ်မိပြီ ဖြစ်သော ကိုအောင်မိုး အဖို့ကား တကယ့် အခက်ကြီးခက်နေသည်။ ကိုအောင်မိုး အဖို့ ခင်သီသီသည် အသိမ် အမွေ့တို့ စုဝေးရာ၊ အနု အယဉ်တို့ ပေါင်းဆုံရာ အချော အလှတို့ ကိန်းဝပ်ရာ၊ အညွန့် အကောင်းတို့ တည်ရှိရာ ဖြစ်သည်။ ထို့ကြောင့် သူ့လို လေလွင့်ရာ မျောပါနေသည့် သစ်ရွက်ခြောက်ကလေး တစ်ရွက်လို အခြေ မကျ မရေရာလှသော နိုင်ငံရေး သမား လူထွက် တစ်ဦး အဖို့ ခင်သီသီနှင့် နီးစပ်ရန်မှာ မိုးနှင့် မြေလို အလှမ်း ကွာလွန်းလှသည်ဟု ထင်မိခဲ့သည်။
ကိုအောင်မိုးသည် အကြောင်း မရှိ အကြောင်း ရှာကာ မန္တလေးတွင် နှစ်လလောက် နေပြီး ခင်သီသီတို့နှင့် ပြန်၍ ရင်းနှီးရန် နေ့တိုင်း ဝင်ထွက် သွားလာနေခဲ့သည်။ ခင်သီသီ သွားလေ့ ရှိသော နေရာများသို့ ခင်သီသီအား ဝမ်းမြောက်ဝမ်းသာ လိုက်ပို့ခဲ့သည်။ သို့တိုင်အောင် သူနှင့် ခင်သီသီ နီးစပ်ဖို့ အရေးမှာ စိတ်ကူးထဲ မထည့်ရဲအောင် အထိ ကွာလှမ်းရကား စိတ်ပျက် လက် ပျက်ဖြင့် မေမြို့ အနီးစခန်းရှိ သူ့အိမ်သို့ ပြန်၍ ခပ်ကုပ်ကုပ် နေခဲ့လေသည်။
ခင်သီသီတို့ မိဘများ အမြင်တွင် သူသည် လှပ၍ ချစ်စရာ ကောင်း သော ခင်သီသီလို မိန်းကလေး တစ်ယောက်နှင့် လုံးဝ မထိုက်တန်သူဟု ထင်နေပေလိမ့်မည်ဟု ကိုအောင်မိုး ယုံကြည်သည်။ သည်လို လူတစ်ယောက်ကို ခင်သီသီကလည်း ဘယ်နည်းနှင့်မျှ ချစ်နိုင်မည် မဟုတ်ဟု ကိုအောင်မိုး စိတ်ထဲတွင် တထစ်ချ စွဲမြဲနေပေသည်။
တကယ်တော့လည်း ခင်သီသီတို့ မိဘများ အမြင်တွင် ကိုအောင်မိုးနှင့် ကျောင်းနေဖက်များ၊ သက်တူ ရွယ်တူများသည် အတွင်းဝန်ကလေးများ၊ စစ်ဗိုလ်များ၊ ကထိကများ၊ ပြည်သူ့ လွှတ်တော် အမတ်များ ဖြစ်နေချိန်၌ ကိုအောင်မိုးမှာ အလုပ်အကိုင် ရေရေရာရာ မရှိသော၊ လူကုံထံ အသိုင်းအဝိုင်း တွင် မျက်နှာပန်း မလှသော၊ ရာထူး အမည် တပ်စရာ ဆို၍ ဘာမျှ မရှိသော အညတရ တစ်ယောက်မျှသာ ဖြစ်နေသည်။
တကယ်စင်စစ်လည်း ကိုအောင်မိုးသည် သူ့ ဖခင် ဝယ်ထားသည့် အနီး စခန်းမှ လယ်မြေ ဧက တစ်ရာကျော်လောက်ကို ခုတ်ထွင် ရှင်းလင်းကာ ယာထွန်ယက်နေသူ ဖြစ်၏။ ပန်းစိုက်ခြင်း၊ ဂျုံ စသည့် သီးနှံ စိုက်ခြင်း၊ ပိုးစာပင် စိုက်ခြင်း၊ ကြက်ဆူပင် စိုက်ခြင်း၊ ကြက် ဘဲ မွေးမြူခြင်းဖြင့် ရသေ့ စိတ်ဖြေ သဘောမျိုးနှင့် လောကမှ ရှောင်ခွာ ထွက်ပြေးနေသူ တစ်ဦးမျှသာ ဖြစ်၏။ သည်လို အလုပ်မျိုးမှာ ကိုအောင်မိုး တစ်ယောက်တည်းသာ မဟုတ်ဘဲ ယခု ခေတ် နိုင်ငံရေး လူထွက်တိုင်း လုပ်ကြသော အလုပ် ဖြစ်လေ၏။
တနည်းအားဖြင့် ဆိုရလျှင် ကိုယ့်ဘဝကို အနစ်မွန်းခံကာ ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်ခဲ့သော နိုင်ငံရေးလုပ်ငန်းမှ ဘာအမြတ်မှ မရဘဲ အရှုံးဖြင့် ထွက်ခဲ့ပြီးသည့်နောက်တွင် အခြား ဘယ်အသိုင်းအဝိုင်းနှင့်မျှ သဟဇာတ မတည့်တော့သော နိုင်ငံရေးလူထွက် တစ်ယောက်မျှသာလျှင် ဖြစ်ပေသည်။
ကိုအောင်မိုးသည် သူ့ကိုယ်သူ အရုပ်ဆိုး အကျည်းတန်သူ တစ်ဦးဟု ထင်၏။ သာမန်အညတရ တစ်ဦးဟု ထင်၏။ သူ့လို အလားအလာ မရှိသူ တစ်ဦးကို ပန်းလိပ်ပြာကလေး လှပ၍ ဒေါင်းမလေးလို ဝံ့ကြွားတတ်သော ခင်ခင်သီက ဘယ်နည်းနှင့်မျှ ပြန်၍ ချစ်နိုင်မည်မဟုတ်ဟု ထင်လေသည်။ ထို့ပြင် ခင်ခင်သီ၏အစ်ကို ခင်မောင်ဇော်နှင့် သူမှာ ရွယ်တူများ ဖြစ်ကြလျှက် ခင်ခင်သီက သူ့ထက် ဆယ်နှစ်တောင် ငယ်နေသဖြင့်လည်း ကိုအောင်မိုးသည် ခင်သီသီ၏ အချစ်ကို မျှော်ခင်းတွင် မဝံ့မရဲ ဖြစ်နေပြန်သေးသည်။
တကယ်ဆိုတော့ သူ့လို ဂုဏ်ပကာသန အရာတွင် လည်းကောင်း၊ အလားအလာတွင် လည်းကောင်း၊ အသွင်အပြင်တွင် လည်းကောင်း ချို့တဲ့နေသူ တစ် ယောက်သည် ခင်သီသီ၏ သာမန် မိတ်ဆွေ တစ်ယောက် အဖြစ်ဖြင့်သာ ထိုက်တန်တော်လေသည်ဟု သူ ထင်သည်။
သူက ခင်သီသီကို ချစ်သလို ခင်သီသီက သူ့ကို ပြန်ချစ်ရန် အတွက် ဆိုလျှင် ကိုအောင်မိုးသည် ရုပ်ချောဖို့ လိုပေလိမ့်မည်၊ ခင်သီသီတို့ အသိုင်းအဝိုင်းတွင် ထင်ရှား ကျော်ကြားသူ တစ်ယောက် ဖြစ်ဖို့ လိုပေလိမ့်မည်ဟု ကိုအောင်မိုး စိတ်ထဲတွင် စွဲမြဲနေသည်။
အရုပ်ဆိုး အကျည်းတန်၍ မထင်ရှားသော သာမန် ယောက်ျားများကို မိန်းမများက စိတ်ဝင်စားတတ်ကြသည်ဟု ကိုအောင်မိုး ကြားဖူးပါ၏။ သို့ရာတွင် သည်စကားကို သိပ်အယုံအကြည် မရှိလှပေ။ ကိုအောင်မိုး ကိုယ်တိုင်က ပြိုင်ဘက် ကင်းအောင် လှပ ချောမွေ့သော မိန်းမမျိုးကိုမှ ချစ်တတ်သဖြင့် ကိုယ်နှင့် နှိုင်းစာကာ သည်စကားမှာ ဖြစ်နိုင်စရာ အကြောင်း မရှိဟု ယူဆ၏။
ကိုအောင်မိုးသည် စိတ်ပျက်လက်ပျက်နှင့် အနီး စခန်းသို့ ပြန်လာကာ ယာတော ကိစ္စတွေကို နှစ်လ လုပ်၍ အချိန် ဖြုန်းနေလိုက်သည်။ မေမြို့သို့လည်း မတက်၊ မန္တလေးသို့လည်း မဆင်းဘဲ ယာတောမှာသာ ခပ်ကုပ်ကုပ် နေခဲ့သည်။
သို့ရာတွင် ကြာကြာ မနေနိုင်ချေ။ သူ့ ရင်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်နေသော ပြဿနာ၏ အဖြေကိုသာ သိချင်စိတ် စောနေသည်။
ထို့ကြောင့် ခင်ခင်သီကို မေတ္တာစကားဆိုရန်ဟူသော ဆုံးဖြတ်ချက်ကြီးဖြင့် မန္တလေးသို့ ဆင်လာခဲ့ခြင်း ဖြစ်ပေသည်။ ခင်ခင်သီက လက်ခံလျှင် သူသည် သူအင်မတန် မြတ်နိုးသော ခင်ခင်သီကို ယာတောသို့ ခေါ်သွားကာ အေးချမ်းစွာ နေတော့မည်ဟု ဆုံးဖြတ်ခဲ့၏။
ခင်ခင်သီက သူ့မေတ္တာကို ငြင်းပယ်လျှင် သူ့ဘဝသည် ဘယ်အထိ မျောလေဦးမည်ကို မသိပေ။