မမ

(၇)

ကိုအောင်မိုးသည် မန္တလေးသို့ ဆင်းလာတိုင်း သူ့ အစ်ကို ဦးအောင်မြင့် တိုက်တွင် တည်းခိုတတ်ပေသည်။ ဦးအောင်မြင့်မှာ ကိုအောင်မိုးနှင့် အဖေတူ မအေကွဲ အစ်ကို တော်စပ်၍ သစ်စက်ပိုင် တစ်ဦး ဖြစ်သည်။ လွတ်လပ်ရေး မရမီက ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော ဖဆပလကို ဆန့်ကျင်ခဲ့သူ တစ်ဦး ဖြစ်၏။ သို့ရာတွင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင်မူ ဦးအောင်မြင့်သည် အာဏာရ ပါတီဝင်များနှင့် အကြောင်းသင့်ကာ အာဏာရ ပါတီ၏ ခရိုင် ခေါင်းဆောင် တစ်ဦး ဖြစ်နေပေသည်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အာဏာရ ပါတီ၏ ထိပ်တန်း ခေါင်းဆောင်ကြီးများ လာလျှင် သူ့ တိုက်တွင် အမြဲလိုလို တည်းခိုတတ်ပေသည်။

ကိုအောင်မိုးသည် မန္တလေး ရောက်လျှင် ရောက်ချင်း ရေမိုးချိုး အဝတ်အစား လဲကာ တိုက်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဦးအောင်မြင့်အား သူ မန္တလေးသို့ ဆင်းလာခဲ့သည့် အကြောင်းရင်းကို ပြောပြပြီး အကြံဉာဏ် တောင်းမည်ဟု စိတ်ကူး၍ ဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် ဦးအောင်မြင့်မှာ ခရိုင် နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်နှင့် စကား ပြောနေကြသဖြင့် ကိုအောင်မိုးမှာ ခပ်လှမ်းလှမ်းတွင် ထိုင်ကာ သတင်းစာ တစ်စောင်ကို ဖတ်နေ သည်။

ကိုအောင်မိုးသည် ဆေးပြင်းလိပ်ကို ဖွာရှိုက်လိုက်ပြီး သူ့အစ်ကိုနှင့် နိုင်ငံရေး ခေါင်းဆောင် ဆိုသူ၏ စကားကို စဉ်းစားမိသဖြင့် ပြုံးလိုက်သည်။ နာရီဝက်လောက် ကြာ၍ နိုင်ငံရေး ခေါင်းဆောင် ပြန်သွားတော့မှ ကိုအောင်မိုးသည် ထိုင်ရာမှ ထကာ ဦးအောင်မြင့် အခန်းထဲသို့ ဝင်လာခဲ့လေသည်။

ကိုအောင်မိုးသည် ခင်သီသီကို လက်ထပ်ယူမည့် အကြောင်း ဦးအောင်မြင့်အား ပြောပြကာ အကြံဉာဏ် တောင်းရန် လာခြင်း ဖြစ်၏။ သို့ရာတွင် ဦးအောင်မြင့်ကို မြင်လိုက်သော အခါ ဖွင့်ပြောရန် ဝန်လေး နေပြန်သည်။

ဦးအောင်မြင့်၏ အတွေးအခေါ်များသည်လည်း ခင်သီသီတို့ အတိုင်းအဝိုင်းက တွေးခေါ်ပုံနှင့် ဘာမျှ ခြားနားမည် မဟုတ်။ လက်ထပ်ခြင်းကို အရောင်းအဝယ်ကိစ္စ တစ်ရပ်လို သဘောထားလေမည်လားဟု သံသယ ဖြစ်လာလေသည်။

“ဆိုစမ်းပါဦး၊ မင်းတို့ ပါတီက ဘာတွေ လုပ်နေသလဲ”

“ကျွန်တော် မသိဘူး”

“ဟေ မင်းတို့ ပါတီ လုပ်တာ မင်း မသိဘူးလား”

“ကျွန်တော် ပါတီဝင် မဟုတ်တော့ဘူး၊ ထွက်လိုက်ပြီးပြီ၊ ခုတော့ ဘာမှ မလုပ်သေးဘူး”

ကိုအောင်မိုးက ဆေးပြင်းလိပ်တွင် တောင့်နေသော ပြာများကို ခြေချလိုက်သည်။

“အေး မင်း အမြင်မှန် ရတာပေါ့ကွာ၊ ဟား ဟား ဒါထက် မင်းအကို အကြောင်း ကြားပြီးပြီလား”

ကိုအောင်ဝင်း ကိုအောင်ဝင်းမှာ ကိုအောင်မိုး၏ အစ်ကို အရင်း ဖြစ်၏။ မိဘ လက်ထက် ကတည်းက ပေတေပျက်စီးနေသူ ဖြစ်၏။ ယခုတော့ ညီအစ်ကို တစ်တွေနှင့် မတည့်တော့ဘဲ မြင်းပွဲ၊ ကလပ်တို့တွင် အချိန် ဖြုန်းနေသူ ဖြစ်လေသည်။ ဦးအောင်မြင့်၏ အကူအညီဖြင့် သမဝါယမ အသင်း တစ်ခုတွင် မန်နေဂျာလုပ်နေလေသည်။

“ဟင့်အင်း မကြားသေးဘူး”

“သမဝါယ ချည်ထုပ်ဖိုး နှစ်သောင်းကျော် မြင်းရှုံးလို့ တစ်နေ့က အစည်း အဝေးမှာ တဆူဆူ ဖြစ်နေကြတယ်၊ မနေ့ကတော့ ငါ့ဆီကို ငွေ နှစ်သောင်း လှည့်ပါ ဆိုပြီး လွှတ်လိုက်တယ်၊ ငါတော့ မပေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်၊ ဘယ့်နှယ်ကွာ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်၊ တစ်နှစ် ကလည်း ဘော်ကြိုပွဲမှာ ၃၆ ကောင် ရှုံးလို့ ရွှေလဝန်း နို့ဆီ ကုမ္ပဏီက ငွေ တစ်သောင်းကို ငါ စိုက်လျော်လိုက်ရပြီ၊ ဒီ တစ်ခါတော့ ငါ မကြည့်နိုင်တော့ဘူး”

ဦးအောင်မြင့်က ပြတင်းပေါက်နားသို့ ထသွားကာ တံတွေးထွေးလိုက် သည်။ ရွံရှာ စက်ဆုပ်ခြင်း၏ အမှတ်အသားတည်း။

“ဟုတ်ပါတယ်၊ ကိုကို တတ်နိုင်သလောက် ကူညီပြီးပြီပဲ၊ ခုတော့ သူ လုပ်ပုံက နောက်က လိုက်ပြီး ငွေထုပ်နှင့် လိုက်ရမယ့်ပုံပဲ၊ ဘယ်တတ်နိုင်တော့ မလဲ၊ ကျွန်တော်လည်း သူ့ကို တွေ့လိုက်ပါဦးမယ်”

“မင်း သွားတွေ့ချင်တယ် ဆိုရင်တော့ သွားလေ၊ ငါကတော့ မတိုက်တွန်းချင်ဘူး၊ မင်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး၊ အမှန်ကတော့ ဒီ ကောင်နှင့် မတွေ့တာ အကောင်းဆုံးပဲ”

“တတ်တော့ မတတ်နိုင်ဘူးပေါ့ ကိုကို၊ ဒါပေမဲ့ သူ ဒီကို ဒုက္ခရောက် တုန်းမှာ ကျွန်တော်တို့က သူ့ကို ပစ်ပယ်ထားတယ်လို့ စကားနာ ထိုးမှာကို လည်း စိုးရသေးတယ်”

ကိုအောင်မိုးသည် တောင်ပြင်ရှိ သူ့ အစ်ကို ကိုအောင်ဝင်း အိမ်သို့ သွား မည်ဟု ထွက်လာခဲ့သည်။ သို့ရာတွင် နာရီကို ကြည့်လိုက်သော အခါ လေးနာရီ ထိုးနေပြီ ဖြစ်၍ ခင်သီသီတို့ အိမ်သို့ သွားရန် ရှိသေးသည်ကို သတိရမိသဖြင့် စီဗီလိုင်းရှိ ခင်သီသီတို့ အိမ်သို့ လာခဲ့လေသည်။

ခင်သီသီတို့ အိမ်မှာ စီဗီလိုင်းရှိ ဝင်းခြံကျယ်ကြီး တစ်ခုထဲတွင် ရှိသော တိုက်ခံအိမ်ကြီး ဖြစ်လေသည်။ အိမ်ရှေ့တွင်မူ သရက်ပင်များ၊ ကုက္ကိုပင်ကြီးများဖြင့် စိမ်းစိမ်းစိုစို ရှိသည်။ တံခါးဝ အုတ်တိုင်တွင်မူ ဦးငွေခင်၊ ကေ အက်စ်အမ်၊ တီဒီအမ်၊ အငြိမ်းစား အရေးပိုင် ဆိုသော ကြေးဝါ ဆိုင်းဘုတ် ကလေးကို ချိတ်ဆွဲထားသည်။

ကိုအောင်မိုးသည် ရထားလုံးပေါ်မှ ဆင်းကာ ခြံဝင်း တံခါးကို ဖွင့်ပြီး မြေနီလမ်းကလေး အတိုင်း လျှောက်လာခဲ့ပေသည်။ မြေနီလမ်းဘေးတွင် ဗုဒ္ဓံ သရဏံပင်များသည် အပွင့်တွေ ဝေနေအောင် ဖူးပွင့်နေကြသည်။ မြေနီလမ်းဘေး မြက်ခင်းစပ်တွင် တရုတ် စံကားပွင့်များ ကြွေကျနေကြသည်မှာ ဖွေးဖွေး ဖြူနေကြပေသည်။ တရုတ် စံကားပွင့် ရနံ့များသည် မွှေးပျံ့လျက် ရှိပေသည်။ စက္ကူ ပန်းရောင်စုံများသည် နေခြည်ထဲတွင် အသွေးစုံ တောက်နေကြသည်။ သည်လို ပန်းကြွေသော လမ်းကလေးပေါ်တွင် ကိုအောင်မိုးသည် ခင်သီသီ၏ သွယ်ပျောင်းသော လက်ချောင်းများကို ဆုပ်ကိုင်ကာ လျှောက်သွားနေချင်ပေသည်။

ကြည်လင် ပြာလဲ့သော ကောင်းကင်မှ ညနေခင်း၏ နေခြည် ဖျော့ဖျော့ များသည် ပြေပြေလျောလျော ဆင်းသက်လာကာ စိမ်းစိုသော သစ်ပင်ထိပ်ဖျားများပေါ်တွင် နားနေကြသည်။ နေခြည်ကြောင့် သစ်ပင်ဖျားမှ အစိမ်းရောင်သည် တောက်ပ နုပျိုလာသည်ဟု ထင်ရပေသည်။

ကိုအောင်မိုးသည် တံခါးတွင် ရပ်နေသော ခင်သီသီကို မြင်လိုက်သဖြင့် ရင် တဒိတ်ဒိတ် ခုန်လာသည်ဟု ထင်ရ၏။

ခင်သီသီသည် ကော်လာ မြင့်မြင့် ထောင်ထားသည့် စတော်ဘယ်ရီရောင် နိုင်လွန်လက်ပြတ်၊ နက်ပြာရောင် အောက်ခံတွင် ပန်းပွင့်ဝါကလေးများ ယှက်ထားသည့် တူတယ် လုံချည်ကို ခပ်တိုတို ဝတ်ထားပြီး ဖိနပ် အနီကလေးကို စီးထား၏။ ထူးခြားသော ဆင်ယင် ထုံးဖွဲ့မှ မဟုတ်သော်လည်း ရိုးရိုးကလေးနှင့် အဆင်ပြေလှပေ၏။ ထိကရုံးပွင့် များကြားတွင် ထင်းခနဲ ပေါ်နေသည့် နှင်ဆီပွင့်၏ အလှလို ထင်ရှား ပြတ်သားသော အလှပေတည်း။

စိမ်းစိုနေသော ပတ်ဝန်းကျင်မှာ ခင်သီသီ၏ အပြုံးကြောင့် ပို၍ ဝင်းထိန်လာသည်ဟု ထင်ရ၏။ ပြည့်ဖြိုး ဝိုင်းဝန်းသော ပခုံးသား အိအိကြားထဲတွင် ခင်သီသီ၏ လည်တိုင် တိမ်းညွှတ်နေပုံမှာ ပန်းအိုးထဲမှ ပန်းစည်းကလေး တစ်ခု ယွန်းငိုက် ကျနေသလို ဖြစ်နေပေသည်။

“ဟော အစ်ကိုအောင်၊ ဘယ်တုန်းက ရောက်နေသလဲ”

ခင်သီသီက လက်တွင် လက်ကိုင် ပဝါကလေး တစ်ထည်ကို လက် နှစ်ဖက်ဖြင့် အဖျားမှ ကိုင်ကာ တင်းလိုက် လျှော့လိုက် လုပ်နေရင်း မေးလိုက်သည်။

“အစ်ကိုအောင်လား၊ အင်း သိပ် မကြာသေးပါဘူး၊ မနေ့က အဲ အဲ ဒီမနက်ပဲ ဆိုပါတော့”

ကိုအောင်မိုးမှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်။

ခင်သီသီက ကိုအောင်မိုးကို ကြည့်၍ တခစ်ခစ်ရယ်ရင်း…

“ကိုယ် လာတဲ့ နေ့တောင် မမှတ်မိတော့ဘူး ထင်တယ်၊ အစ်ကို အောင်မိုးတို့ တွေ့လိုက်ရမှဖြင့် ဒီလိုချည်းပဲ၊ လာ အိမ်ထဲမှာ မေမေတို့လည်း ရှိတယ်၊ မမရီတောင် ကလေးတွေနှင့် ဝင်းလိုက်ကို ဓာတ်ရှင်ကြည့် ဆိုပြီး ထွက်သွားလေရဲ့”

ခင်သီသီက ကိုအောင်မိုးကို ဧည့်ခန်းထဲသို့ ခေါ်သွား၏။ ခင်သီသီမှာ သနပ်ခါး ရေကျဲကို ခပ်ပါးပါး လိမ်းထားသည်။ သနပ်ခါး ရေကျဲ လူးထားသည့် ကြားမှ သူ့ အလှ၏ ဝင်းလက်နေပုံကို ကိုအောင်မိုး သတိထားလိုက်မိလေ သည်။

“အနီး စခန်းမှာ နေရတာ မပျင်းဘူးလား “

“ပျင်းချိန် မရပါဘူးဟာ၊ အလုပ်နှင့် လက်နှင့် ပြတ်တယ်မှ မရှိဘဲ”

“ဘယ်တော့လောက် ပြန်မလဲ၊ အစ်ကိုအောင်”

“မသိသေးဘူး၊ မပြန်ချင်သေးသမျှတော့ နေဦးမှာပဲ”

“အစ်ကိုအောင် စကား ပြောရင် ဒီလိုချည်းပဲ၊ ကိုယ် ဘယ်တုန်းက လာပြီး ဘယ်တော့ ပြန်မယ်ဆိုတာကိုတောင် မသိလောက်အောင် အလုပ် များနေလို့ လား”

“အလုပ် များလို့တော့ မဟုတ်ဘူး သီသီရေ၊ ကိုယ် မန္တလေးကို ဆင်းလာတာက သီသီကို ပြောစရာ စကားတွေ အများကြီး ရှိလို့ ဆင်းလာတာ၊ အစ်ကိုအောင် ဘယ်နေ့ ဘယ်ရက် ပြန်မယ် ဆိုတာက အစ်ကိုအောင့် အပေါ်မှာ မတည်ဘူး၊ သီသို့ အပေါ်မှာ တည်နေတယ်”

“ဟင် အစ်ကိုအောင်ကလည်း”

ခင်သီသီ၏ စကားဝါပန်းလို ဝင်းနေသော မျက်နှာလေးမှာ ပန်းသွေး လောင်းချလိုက်သလို နီရဲသွားသည်။

“ဟော မောင်အောင်မိုးလားဟေ့၊ လာ လာ”

ဧည့်ခန်းထဲမှ ဒေါ်ညွန့်ညွန့်က လှမ်းခေါ်လိုက်သဖြင့် ကိုအောင်မိုးသည် ဧည့်ခန်းထဲသို့ ဝင်ခဲ့သည်။ ခင်သီသီက ခေါင်းငုံ့၍ နောက်က ပါလာသည်။

ကိုအောင်မိုးသည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ရသော်လည်း လွှတ်ခနဲ ပြောလိုက်မိသော စကားကြောင့် ကိုယ့်ဘာသာကိုယ် လန့်နေလေသည်။

ခင်သီသီသည် သူ ဘာပြောလိုသည့် အဓိပ္ပာယ်ကို နားလည်ကာ စိတ် ဆိုးသွားပြီလား ဟူ၍လည်း ဆွေး၍ စိုးရိမ်နေသည်။

ဒေါ်ညွန့်ညွန့်က ကိုအောင်မိုး နိုင်ငံရေးမှ ထွက်သည့် အကြောင်းတွေကို မေးပြီး ဆုံးမ သြဝါဒ ပေးနေ၏။ ခင်သီသီမှာ ခေါင်းကို ငုံ့၍ လက်သည်းချင်း ပွတ်နေလေသည်။ တစ်လုံး တစ်ပါဒမျှ စွက်ဖက် မပြောပေ။

ကိုအောင်မိုးမှာ အလိုက်အထိုက်သာ ပြောနေရသော်လည်း ခင်သီသီဆီသို့ အလစ်တွင် လှမ်း၍ ကြည့်နေမိသည်။ တစ်ချက် တစ်ချက် ခင်သီသီနှင့် မျက်လုံးချင်း ဆိုင်မိသော အခါတွင် လျှပ်စစ်ဓာတ်နှင့် အတို့ ခံလိုက်ရသူလို ထိတ်ခနဲ ဖြစ်သွားမိလေသည်။

ဒေါ်ညွန့်ညွန့်က နိုင်ငံရေးကို မလုပ်ဖို့ အကြောင်း သြဝါဒ ပေးနေချိန် တွင် မောင်မောင်လတ် ကား ရောက်လာလေသည်။

မောင်မောင်လတ်မှာ ဒေါ်ညွန့်ညွန့်ကို မြင်လိုက်တော့ မျက်နှာပိုး သတ် လိုက်သည်။ သူ့ မျက်နှာမှာ မလုံမလဲ ဖြစ်နေသည်။

ဒေါ်ညွန့်ညွန့်က ခင်ရီရီတို့ သားအမိ တစ်တွေ ဓာတ်ရှင် သွားကြောင်း ပြောလိုက်တော့မှ မောင်မောင်လတ်၏ မျက်နှာမှာ ဣန္ဒြေ ရလာသည်။

“ကဲ ကိုအောင်မိုး သွားကြဦးစို့၊ ကျွန်တော်လည်း အစည်းအဝေး ထိုင်နေရတာနှင့် နောက်ကျသွားတယ်ဗျို့၊ မေမေ ကျွန်တော် ကိုအောင်မိုးနှင့် မီးရထား ဟိုတယ်သွားပြီး ထမင်း စားမလို့၊ ရီတို့ ပြန်လာရင် ပြောလိုက်ပါနော်၊ ဟဲ့ သီသီ နင်ကော ဓာတ်ရှင် လိုက်မသွားဘူးလား”

ခင်သီသီက နှုတ်ခမ်းများ စူ၍ ပြုံးကာ ခေါင်းယမ်း ပြလိုက်သည်။ အောင်မိုးသည် ဒေါ်ညွန့်ညွန့်နှင့် ခင်သီသီကို နှုတ်ဆက်၍ မောင်မောင်လတ်နှင့် အတူ ထွက်လာခဲ့လေသည်။