မမ

(၈)

မောင်မောင်လတ်နှင့် ကိုအောင်မိုးသည် မီးရထား ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြသည်။ အပြင်ဘက်ခန်း စားပွဲများတွင် အသိ မိတ်ဆွေများက နှုတ်ဆက်သဖြင့် မောင်မောင်လတ်က ခေါင်းညိတ်၍ ပြုံးကာ နှုတ်ဆက်ပြီး အတွင်းခန်း တစ်ခု ထဲသို့ ဝင်လာခဲ့ကြလေသည်။ စားပွဲထိုးက စားပွဲခင်း အသစ် တစ်ထည်ကို လာ၍ လဲပေးပြီး ရပ်၍ စောင့်နေသည်။

“ဆို ဘာမှာမလဲ”

မောင်မောင်လတ်က မီနူး ကတ်ပြားကို ကောက်ကြည့်ရင်း မေးလိုက်၏။

“ခင်ဗျား မှာချင်တာသာ မှာ၊ ကျွန်တော်တော့ ဆာနေပြီ”

“အိုင်ဆေး နည်းနည်း သောက်ရအောင်ဗျာ၊ ဘာ သောက်မလဲ၊ ကျွန်တော်တော့ ဘီဟိုက်ဖ် ချချင်တယ်”

“လုပ်လေ”

မောင်မောင်လတ်က ပျားအုံ တံဆိပ် ဘရန်ဒီ အလတ်တစ်လုံးနှင့် ဂဏန်း ဟူရောင်တစ်ပွဲ၊ အသည်းနှင့် ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲကို မှာလိုက်သည်။

“နေစမ်းပါဦး၊ ကျွန်တော် မလာခင် အဘွားကြီးနှင့် ဘာတွေ စကား လက်ဆုံ ကျနေကြသလဲ”

မောင်မောင်လတ်က အိတ်ထဲက ကနုကမာ စီးကရက်ဘူးကို ဖွင့်၍ စီးကရက် တစ်လိပ်ကို မီးညှိနေသည်။

“အလကားပါဗျာ၊ ထုံးစံအတိုင်း ကျွန်တော့်ကို နိုင်ငံရေး မလုပ်တော့ဖို့ ပြောတာပေါ့၊ ပြီးတော့ တခြား အလုပ်တစ်ခု လုပ်ဖို့ အကြောင်းပေါ့၊ အဘွားကြီးက ကျွန်တော့်ကို နည်းနည်း အထင်သေးနေပုံ ရတယ်ဗျ”

“ဟုတ်တယ်၊ ကျွန်တော်လည်း ဒီလိုပဲ ထင်တယ်၊ ခင်ဗျား နိုင်ငံရေး လုပ်နေတုန်းကလည်း ခင်ဗျားကို သိပ် မကြိုက်လှဘူး၊ ခုလို ကြက်မွေးတာ ခြံလုပ်တာတို့တော့ ဘယ်လိုလဲ မသိဘူး၊ သူတို့ သဘောမကျဆုံးကတော့ ခင်ဗျား စာမေးပွဲ မဖြေတော့ဘဲ အစိုးရကို အတိုက်အခံ လုပ်နေတဲ့ ကိစ္စပဲ၊ သူတို့ သဘောကတော့ အစိုးရဘက်မှာ ဖြစ်ဖြစ် တခြား အလားအလာ ရှိတဲ့ဘက်မှာ ဖြစ်ဖြစ် လုပ်စေချင်တယ် ထင်တယ်၊ နိုင်ငံရေး လုပ်တောင် အနည်းဆုံး အာဏာရ ပါတီမှာ လုပ်စေချင်တာပေါ့ဗျာ၊ ခင်ဗျားလို လူ ဝင်လုပ်ရင် ပါလီမန် အတွင်းဝန်လောက် ဘုတ် အဖွဲ့ ချယ်ယာမင်လောက်တော့ ဖြစ်မှာပေါ့၊ ခင်ဗျားလောက် အရည်အချင်း မရှိတဲ့ လူတွေတောင် လူတွင်ကျယ် လုပ်နေကြတဲ့ ခေတ် မဟုတ်လား”

အေးလေ၊ သူတို့ဘက်က ကြည့်မယ် ဆိုရင်တော့လည်း ကျွန်တော်ဟာ သိုးမည်း တစ်ကောင် ဖြစ်နေမှာပေါ့”

ကိုအောင်မိုးက ဆေးပြင်းလိပ်ကို မီးညှိ၍ ဖွာနေလေသည်။

“ကဲ ကျွန်တော့်ကို ပြောချင်တယ် ဆိုတဲ့ ကိစ္စက သီသီ့ကိစ္စ မဟုတ်လား၊ စဉ်းစားပါဦး”

မောင်မောင်လတ်က ကိုအောင်မိုးကို ပြုံးစေ့စေ့ ကြည့်ရင်း မေးလိုက်သည်။

ကိုအောင်မိုးသည် ရုတ်တရက် မဖြေဘဲ ဆေးပြင်းလိပ်ကို ဖွာနေလေသည်။ မျက်နှာမှာ ပူထူသွားသည်ဟု ထင်လိုက်၏။

“ကမ်းအွန် ဘီဖရင့်ခ်၊ ကျွန်တော် ရိပ်ပါတယ်ဗျ၊ ခင်ဗျား အရင် တစ် ခေါက် မန္တလေးမှာ နှစ်လလောက် နေသွားကတည်းက ရိပ်မိတယ်၊ ကျွန်တော်တင် မကဘူး၊ ရီရီလည်း ရိပ်လည်း ရိပ်မိတယ်၊ သီသီကလည်း ရိပ်မိတယ်၊ အဘွားကြီး ကတော့ ချက်ဆို နားခွက်က မီးတောက်ပြီးသား”

“ဒီကိစ္စလို့ပဲ ဆိုပါတော့လေ၊ ဒါပေမဲ့ ကျွန်တော်က သီသီကို ဖွင့်ပြောလိုက်ရင် သီသီက ကျွန်တော်လို လူတစ်ယောက်ကို လက်ခံနိုင်ပါမလားလို့ ကျွန်တော့် စိတ်ထဲမှာ သံသယ ဖြစ်နေတယ်၊ သီသီက လက်ခံနိုင်တယ် ထားဦး အဘိုးကြီး အဘွားကြီးက လက်ခံချင်မှ လက်ခံနိုင်မယ်၊ တကယ်လို့ သူတို့က နိုး ဆိုလိုက်ရင် ကျွန်တော်နှင့် သူတို့ အခင်အမင် ပျက်ပြီး အထင်လွဲသွား ကြမှာကိုလည်း စိုးရိမ်တယ်၊ ခင်ဗျား သဘောကကော”

မောင်မောင်လတ်က ဘွိုင် လာ၍ ငှဲ့ပေးထားသော ဘရန်ဒီ ဖန်ခွက်ကို သူ့ ရှေ့သို့ တိုးပေးလိုက်ပြီး အသောက်ခိုင်းသဖြင့် နှစ်ယောက်သား ဖန်ခွက်ကို ကောက်ကိုင် မြှောက်ပြီး တစ်ငုံစီ သောက်လိုက်ကြသည်။

“အင်း ကျွန်တော့် သဘောကတော့ ဖြစ်နိုင်မယ်လို့ ထင်တာပဲ၊ ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ခင်ဗျားတို့ချင်းသာ အိုကေဆိုရင် ခင်ဗျား အဘိုးကြီးလည်း ရှိတယ်၊ ဦးအောင်မြင့်လည်း ရှိတယ်။ ကျွန်တော်လည်း ရှိတယ်၊ သီသီတို့ အဘိုးကြီးကို ဘေးက ဝိုင်းလှော်ရမှာပဲ”

“ကျွန်တော်ကတော့ အဘိုးကြီး အဘွားကြီးက ငြင်းချလိုက်မှာ စိုးတယ်၊ ပြီးတော့ သီသီလည်း ကျွန်တော်က ပရိုပို့စ် လုပ်လိုက်လို့ စိတ် အနှောင့် အယှက် မဖြစ်စေချင်ဘူး”

“အိုင်ဆေး ကိုအောင်မိုး၊ ခင်ဗျား တော်တော် ရှော်သေးတဲ့ လူပဲ၊ မိန်း ကလေး တစ်ယောက်ဟာ ကိုယ့်ကို ချစ်ပါတယ်လို့ အပြော ခံရတဲ့ အတွက် ဘယ်တော့မှ စိတ် အနှောင့်အယှက် မဖြစ်ဘူးဗျ၊ ဒါဟာ သူတို့ အဖို့ ဂုဏ်ယူစရာ သိလား”

“ဒီ့ပြင် မိန်းကလေးတွေ အဖို့တော့ ဒီလို အပြော ခံရတာဟာ ဂုဏ်ယူ စရာပဲ၊ ဒါပေမဲ့ သီသို့ အဖို့တော့ မဟုတ်ဘူး ထင်တယ်”

မောင်မောင်လတ်က ကိုအောင်မိုးကို ကြည့်၍ ပြုံးလိုက်ပြန်သည်။ မောင် မောင်လတ်သည် ကိုအောင်မိုးကို ရင်းရင်းနှီးနှီး သိသူ ဖြစ်၏။

တကယ်တော့လည်း ကိုအောင်မိုး အမြင်၌ လောကတွင် မိန်းမ နှစ်မျိုး နှစ်စား ရှိ၏။ တစ်မျိုးတွင် ခင်သီသီမှ အပ ဖြစ်သော ကမ္ဘာကြီး တစ်ခုလုံးတွင် ရှိသည့် မိန်းမများ ဖြစ်၏။ သည်လို မိန်းမများသည် တစ်ဖက်ဖက်တွင်တော့ ပျော့ညံ့ချက်များ ရှိသည်ဟု ထင်၏။ အခြား တစ်မျိုးကား ပျော့ညံ့ချက်၊ ချို့ယွင်းချက် ဆို၍ ဘာမျှ မရှိသော မိန်းမမျိုး ဖြစ်၏။ သည် အမျိုးအစားထဲတွင် ခင်သီသီ တစ်ယောက်သာ ရှိသည်ဟု ထင်သည်။

“ကဲပါ၊ နည်းနည်း ချလိုက်ပါဦး”

မောင်မောင်လတ်က သူ၏ ပထမ ခွက်ကို အပြီးသတ်၍ နောက်တစ်ခွက် ထပ်ငှဲ့ကာ ဆိုဒါနှင့် ရောနေသည်။

“သောက်တာပေါ့ ဖြည်းဖြည်းပေါ့၊ ကျွန်တော့် အဖို့တော့ ဒီပြဿနာဟာ သေရေးရှင်ရေးပဲ ကိုမောင်မောင်လတ်ရေ၊ ကျွန်တော် ဒီကိစ္စကို ဘယ်သူ့မှ ဖွင့်မပြောသေးဘူး၊ ခင်ဗျားကို ပထမဆုံး ပြောခြင်းပဲ၊ ခင်ဗျားကတော့ ကျွန်တော်နှင့် အယူအဆချင်း အမြင်ချင်း မတူပေမဲ့ တစ်ယောက် အကြောင်း တစ် ယောက် နားလည်ပြီးသား ဆိုတော့ ခင်ဗျားကိုပဲ ပြောရမှာပဲ”

“ကျွန်တော့် အထင်ကို ပြောရမလား”

“ပြောပါ၊ ပွင့်ပွင့်လင်းလင်းပေါ့”

မောင်မောင်လတ်က ပြုံးနေသည်။ မောင်မောင်လတ်၏ အပြုံးမှာ နှစ်လိုဖွယ် ရှိပေ၏။

“ကျွန်တော့် အထင်ကို မပြောခင် ကျွန်တော့် မိန်းမ အထင်ကို အရင် ပြောမှ ဖြစ်မယ်၊ ခင်ဗျား သိတဲ့ အတိုင်း ရီဟာ ဖြတ်ထိုးဉာဏ် ကောင်းတယ်၊ အကင်းပါးတယ်၊ သူ ထင်တာတွေက သိပ်မလွဲလှဘူး၊ အထူးသဖြင့်အိမ် ထောင်ရေးနှင့် ပတ်သက်တဲ့ သူ ထင်တာတွေက သိပ်မလွဲလှဘူး ”

“ဆိုပါဦး”

ကိုအောင်မိုးက အရက်ခွက်ကို မော့၍ သောက်ပြီး ပြုံးနေ၏။

“တကယ် ပြောတာ၊ ဒီကိစ္စမှာ ရီက ခင်ဗျားဘက်မှာ ရှိတယ်”

“တကယ်လားဗျ“

“တကယ်ပါ၊ ရီဟာ ခင်ဗျားကို ခင်တယ်၊ ပြီးတော့ သီသီကို ခင်ဗျား စွံမှာပဲလို့ သူက တွက်ထားတယ်”

ကိုအောင်မိုးမှာ မောင်မောင်လတ် စကားကြောင့် မျက်နှာ တစ်ခုလုံး ဝင်း ထိန်သွားလေသည်။ သူ့ မျက်လုံးများမှာ တလက်လက် တောက်ပနေကြ၏။ မောင်မောင်လတ်က ဖန်ခွက်ထဲတွင် ကျန်နေသည့် အရက်ကို မော့ချလိုက်ပြီ…

“ဒါပေမဲ့ ခင်ဗျားကို ကျွန်တော် တစ်ခု ပြောစရာ ရှိတယ်၊ ခင်ဗျား

ကိုသက်ဆွေကို သိသလား”

“ဟင့်အင်း ဘာဖြစ်လို့လဲ”

“ကိုသက်ဆွေနှင့်တော့ ခင်ဗျား အကြိတ်အနယ် ချရလိမ့်မယ် ထင်တယ်”

“ဘယ်က ကိုသက်ဆွေလဲဗျ”

စောစောက ဝင်းထိန်နေသော ကိုအောင်မိုး၏ မျက်နှာမှာ ညိုမှိုင်းသွား သည်ဟု ထင်ရ၏။

“ကိုသက်ဆွေ ဆိုတဲ့ လူက တရားဝန်ကြီး ဦးစံထွန်းရဲ့ သား၊ မန္တလေး ယူနီဗာစီတီမှာ ကထိက လုပ်နေတယ်၊ ကျွန်တော်နှင့်တော့ သိပ် မရင်းနှီးပါ ဘူး၊ ကျွန်တော်တို့ထက် နည်းနည်း ဂျူနီယာ ကျပါတယ်၊ သူ့ အရည်အချင်း ကတော့ ရုပ်ချောတယ်ဗျာ၊ ပိုက်ဆံ ရှိတယ်ဗျာ၊ သဘော ကောင်းတယ်ဗျာ၊ အဖေက တရားဝန်ကြီး သူက ကထိက ဆိုတော့ ဂုဏ်ရှိတယ်၊ ပညာတတ် တယ်၊ ယေးလ် တက္ကသိုလ်က ဒေါက်တာဘွဲ့ ရခဲ့တယ်ဗျာ၊ မိန်းကလေးတွေ သဘော ကျတတ်တဲ့ အရည်အချင်း ရှိတယ်”

ကိုအောင်မိုးသည် ဘာမျှ မပြောနိုင်ဘဲ မျက်မှောင်ကြီး ကုတ်ကာ ဆေး ပြင်းလိပ်ကို ဖွာရှိုက်နေ၏။

“ကျွန်တော့် အထင်တော့ သီသို့ကို ပိုးနေတယ် ထင်တယ်။ ဒီအထဲ အဘွား ကြီးကလည်း ခင်ဗျား သိတဲ့ အတိုင်း ကျွန်တော်ကတော့ ခင်ဗျား ပြောမှ ရိပ်မိတာပဲ၊ အေးလေ အမှန်ကတော့ ခင်သီသီလို မိန်းမ တစ်ယောက်ကို ပိုးကြပန်းကြမှာပေါ့”

“ဟဲ ဟဲ စိတ်မပျက်ပါနှင့်ဦးဗျ၊ ခင်ဗျားဘက်ကလည်း သိပ် မဆိုးပါဘူး၊ ချန့်စ် ရှိပါသေးတယ်”

နှစ်ယောက်သား စကား တပြောပြောနှင့် သောက်နေကြသည်မှာ ပျားအုံ တံဆိပ် ဘရန်ဒီ အလတ်စား တစ်ပုလင်း ကုန်သွားကြပြီ ဖြစ်၏။ မီးရထား ဟိုတယ်တွင် တဖြည်းဖြည်း လူပါးစ ပြုလာပေသည်။ အနေတော်လောက် ဖြစ်သည့် အတိုင်း ကျသင့်ငွေကို ရှင်းကာ နှစ်ယောက်သား ထလိုက်ကြသည်။

“အေးဗျာ စမ်းတော့ စမ်းကြည့်ရမှာပဲ၊ အရပ်ကူပါ လူဝိုင်းပါ ဆိုတဲ့ ကြားထဲက မစွံရင်လည်း ကျွန်တော့် ကံပေါ့၊ ဟဲ ဟဲ ခင်ဗျားလည်း ဟောလီးဒေးတို့ ဘာတို့မှာ အနီး စခန်း တက်ခဲ့ပါဦးဗျ၊ အမဲပစ်လို့ ကောင်းတယ်၊ ချေတွေ သိပ်ပေါတာပဲ”

‘အားရင်တော့ လာတာပေါ့ဗျာ၊ ဒါပေမဲ့ ကိုယ့်လူလည်း သတိထား နော်၊ မိန်းမ ဆိုတာ ယောက်ျားတွေကို လက်ဖဝါးပေါ်မှာ ဂျင်ကလေး တင်ပြီး လှည့်သလို လှည့်ချင်ကြတာ၊ ကျွန်တော်တောင် ခု ရီနှင့် စကား များထားလို့”

“ဟင် ဘာဖြစ်လို့လဲ”

ကိုအောင်မိုးက အံ့အားသင့်စွာ မေးလိုက်သည်။

တကယ်ဆိုတော့ မောင်မောင်လတ်နှင့် ခင်ရီရီတို့၏ အိမ်ထောင်ရေးသည် နှင်းဆီပန်းတို့ ခင်းအပ်သော လမ်းကဲ့သို့ သာယာ ဖြောင့်ဖြူးသည် မဟုတ်ပါလား။

“ကိစ္စကတော့ သိပ် မဆန်းပါဘူး၊ ဖြစ်ရိုးဖြစ်စဉ် ဆိုပါတော့၊ ခင်ဗျား ကို ကျွန်တော် တစ်ခု မေးမယ်”

“မေးမှာသာ မေးစမ်းပါလေ”

“ဆိုပါတော့၊ ခင်ဗျားဟာ မိန်းမ တစ်ယောက်နှင့် လက်ထပ်ပြီးတဲ့နောက် ခင်ဗျား မိန်းမကို ခင်ဗျား ချစ်တယ်၊ ဒါပေမဲ့ ခင်ဗျားဟာ တခြား မိန်းမ တစ်ယောက်ကို အကြောင်းကြောင်းကြောင့် စွဲလမ်းမိတယ် ဆိုပါတော့”

“အို ဒါကတော့ မဖြစ်နိုင်တာဘဲဗျ၊ ကိုယ့်မှာ မိန်းမ ရှိတယ်၊ မိန်းမကိုလည်း ချစ်တယ်ဆိုရင် ရှင်းနေတာပဲ၊ အိမ်ကလည်း ထမင်းစားသေးတယ်၊ ခု တစ်ခါ မီးရထား ဟိုတယ် လာပြီး တိတ်တိတ်ပုန်း ခိုးစားတယ် ဟား ဟား”

ကိုအောင်မိုးက ရယ်နေ၏။ မောင်မောင်လတ်ကမူ အရက်ကလည်း နည်းနည်း ထွေလာပြီ ဖြစ်သဖြင့် ပို၍ ဆိုတော့ အာစလျှာစ ရွှင်လာကာ…

“ဒါ ဘာဖြစ်လဲဗျ၊ တစ်ခါတလေကျတော့ အိမ်က စားလာခဲ့ပေမဲ့ ဒီရောက်လို့ ညှော်နံ့လေး ရလာပြီးမှ ထပ်စားချင်တဲ့ အခါလည်း ရှိသေးတာပဲ မဟုတ်လား၊ ဟား ဟား”

မောင်မောင်လတ်ကလည်း သူ့ စကားကို သူ သဘောကျကာ ပြန်၍ ရယ်နေသည်။

ပြီးမှ အသံ ခပ်လေးလေးဖြင့်…

“အတည် ပြောတာပါဗျ၊ မိန်းမ တစ်ယောက်ဟာ လှတယ်၊ သိမ်မွေ့တယ် ချစ်စရာ ကောင်းတယ်၊ တစ်ယောက်တည်း ကိုယ့်ဘဝ ကိုယ် ရုန်းကန်နေရတယ်၊ ယောက်ျား တစ်ယောက်ကို ချစ်လို့ အစစ အရာရာကို စွန့်လွှတ်တယ် ဆိုပါစို့၊ ဒီ မိန်းကလေးကို စွန့်ခွာ ပစ်လိုက်တဲ့ ယောက်ျားဟာ ရက်စက်ရာ မကျပေဘူးလား၊ တစ်ခါ ယောက်ျားဘက်ကလည်း သားမယား ရှိလို့ သူ့ကို မစွန့်လွှတ်ချင်ဘဲ စွန့်လွှတ်လိုက်ရပေမဲ့ စွန့်လွှတ်ပြီးတဲ့ နောက်မှာ ဒီ မိန်းမကို သူ့ဘဝ သူ ရပ်တည်နိုင်အောင် မကူညီသင့်ပေဘူးလား”

“ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ မယားကြီး ရှိမှန်း သိရက်သားနှင့် ကြိုက်တဲ့ မိန်းမကိုတော့ ကျွန်တော် အထင် သေးတယ်ဗျာ”

“ဒါက သာမန်အားဖြင့် ကြည့်ရင်တော့ ဟုတ်မှာပဲ၊ ဒါပေမဲ့ ကိုအောင်မိုး ချစ်မိပြီ ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ မျက်လုံးတွေက တိမ်သလ္လာ ဖုံး လာကြတယ်၊ လုပ်သင့် မလုပ်သင့် ကိစ္စတွေ အားလုံးကို အချစ်နှင့် ချိန်ထိုး ပြီး စဉ်းစား လာကြတယ်၊ နောက်ဆုံးတော့ အချစ်က လုပ်သင့်တယ်လို့ ဆိုတာကို လုပ်ကြပြီး မလုပ်သင့်ဘူးလို့ ဆိုတာကို မလုပ်ဘဲ နေလိုက်ကြတယ်၊ အမှန်ကတော့ ကျွန်တော်တို့ တစ်တွေဟာ အချစ်ဆိုတဲ့ မသိမြင်နိုင်တဲ့ စိတ် ကလေးရဲ့ စေခိုင်းရာကို ခံနေကြရတဲ့ သားကောင်တွေ မဟုတ်ဘူးလား”

ကိုအောင်မိုးသည် မောင်မောင်လတ်၏ စကားများကို နားထောင်၍ ပြုံးနေ၏။

ထိုအခိုက် မောင်မောင်လတ်၏ မိတ်ဆွေ ဗိုလ်မှူး တစ်ဦး လာရောက် နှုတ်ဆက်သဖြင့် စကား ပြတ်သွားကြသည်။

ဗိုလ်မှူးက နှုတ်ဆက်ပြီး ထွက်သွားတော့မှ…

“ကဲ ခင်ဗျားမှာ မိန်းမ ရှိရက်နှင့် တခြား မိန်းမ တစ်ယောက်ကို ချစ်မိပြီ ဆိုပါတော့၊ ခင်ဗျား ဘာလုပ်မလဲ”

“မီးရထား ဟိုတယ်မှာ လာပြီး ခိုးမစားနှင့်ပေါ့ဗျ”

မောင်မောင်လတ်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး…

“ခင်ဗျား တွေးပုံ ခေါ်ပုံတွေဟာ ခေတ်မီသလိုလိုနှင့် ရှေးကျနေတယ်၊ ဒီမှာ ကိုအောင်မိုး၊ ကျွန်တော့် အဖို့မှာ မိန်းမ နှစ်မျိုး နှစ်စား ရှိတယ်ဗျ၊ တစ်မျိုးက သူကချည်းပဲ ခင်ဗျားဆီက အကုန် ယူချင်တယ်၊ သူက ဘာမှ ပြန်မပေးဘူး၊ တခြား တစ်မျိုးကတော့ သူကချည်းပဲ အကုန် စွန့်လွှတ်တယ်၊ ခင်ဗျားဆီက ဘာမှ မတောင်းခံဘူး၊ အဲဒီလို မိန်းမ နှစ်မျိုး ကြားမှာ ခင်ဗျား ရောက်နေရင် ခင်ဗျား ဘာလုပ်မလဲ၊ အဲဒါ ကျွန်တော့် အဖို့ ပြဿနာပဲ”

“အင်း တော်တော်တော့ ခက်တာပဲ”

ကိုအောင်မိုးက ညည်းလိုက်သည်။

“အဲဒါပဲဗျ၊ ကျောင်းတုန်းက ကျွန်တော်တို့ မကြာခဏ ဆွေးနွေး ဖူး သလိုပဲ ဘဝမှာ အလင်းနှင့် အမှောင် ဆိုတာ ရှိစမြဲပဲ၊ အပြင်ကနေ ကြည့်ရင် ကျွန်တော့် ဘဝဟာ ဘယ်လောက် ပျော်စရာ ကောင်းသလဲ၊ အမှန်ကတော့ ကျွန်တော့် ဘဝမှာလည်း စိတ်ပျက်စရာ စိတ်ညစ်စရာတွေ တစ်ပုံကြီးပဲ”

ကိုအောင်မိုးသည် ဘာမျှ ပြန်မပြောတော့ဘဲ သူနှင့် ခင်သီသီတို့ ကိစ္စကို တွေးနေသည်။ မောင်မောင်လတ်ကလည်း ဘာမျှ မပြောတော့ဘဲ ကွက်လပ်တွင် ရပ်ထားသော မော်တော်ကားပေါ်သို့ တက်လိုက်သည်။