(၉)
ခင်သီသီသည် ထမင်းစားပွဲပေါ်က ပန်းသီးကို အခွံ သင်ကာ အစိတ်ကလေး စိတ်လိုက်ပြီး ဒေါ်ညွန့်ညွန့်ကို လှမ်းပေးလိုက်၏။ ဒေါ်ညွန့်ညွန့်သည် ပန်းသီးကို တမြုံ့မြုံ့ ဝါးနေသည်။ ဦးငွေခင်မှာ အိမ်ရှေ့တွင် လမ်းလျှောက်နေသည်။ ဦးငွေခင်မှာ ဝသဖြင့် အစာ မစားဘဲ ပေါင်မုန့်နှင့် ကော်ဖီကိုသာ စားသောက်လေ့ ရှိပေသည်။
ဒေါ်ညွန့်ညွန့်သည် ပန်းသီးစိတ်ကို ဝါးနေရာမှ ခင်သီသီကို ငေးစိုက် ကြည့်နေမိသည်။
ခင်သီသီမှာ အသက်မှာ ၂ဝ ကျော်၍ ၂၁ နှစ်ထဲ ဝင်ခါစ ရှိသေး၏။ ရန်ကုန် တက္ကသိုလ်နှင့် အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ခင်သီသီ၏ ဂုဏ် သတင်းမှာ သူ့ အစ်မ နှစ်ယောက် ကျောင်းသူ ဘဝကထက်ပင် မွှေးပျံ့လျက် ရှိသည်။ ခင်သီသီကို ဝိုင်းဝိုင်းလည် ပိုးပန်းနေသူများ အနက် စွဲစွဲမြဲမြဲ ပိုးပန်း နေသူများမှာ ကိုသက်ဆွေနှင့် ကိုအောင်မိုးတို့ ဖြစ်ပေသည်။
ကိုအောင်မိုးမှာ လွန်ခဲ့သည့် နွေ ကျောင်းပိတ် နှစ်လလုံးလုံး မန္တလေးသို့ ရောက်လာကာ ခင်သီသီတို့ အိမ်တွင် ဝင်ထွက် သွားလာနေခဲ့သည်။ ကိုအောင်မိုးက ခင်သီသီကို နှစ်နှစ်ကာကာ ချစ်နေကြောင်းကို လူကြီးတွေကရော ခင်ရီရီ တို့ကပါ ရိပ်မိနေသည်။ ကိုအောင်မိုးနှင့် ခင်သီသီ ကိစ္စကြောင့် ဦးငွေခင်နှင့် ဒေါ်ညွန့်ညွန့်မှာ ခေါင်းချင်းဆိုင် တိုင်ပင် နှီးနှောရာမှ စကားများသည် အထိ ဖြစ်ခဲ့ကြ၏။
ဦးငွေခင်က ကိုအောင်မိုးမှာ ခင်သီသီနှင့် အလိုက်လျောဆုံးဟု ဆိုကာ ကိုအောင်မိုးဘက်ကို မဲတင်းခဲ့ပြီး ဒေါ်ညွန့်ညွန့်ကမူ ခင်သီသီမှာ ငယ်သေးသည်ဟု လည်းကောင်း၊ ကိုအောင်မိုးကလည်း ခင်သီသီကို စွဲစွဲလမ်းလမ်း ရှိဟန် မတူဟု လည်းကောင်း၊ ခင်သီသီ ကိုယ်တိုင်ကလည်း ကိုအောင်မိုးကို နှစ်သက်ပုံ မရဟု လည်းကောင်း ယင်းကိစ္စမျိုးတွင် မိန်းမတို့၏ ထုံးတမ်းစဉ်လာ အတိုင်း အကြောင်း အမျိုးမျိုး ပြကာ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့သည်။
သို့ရာတွင် ခင်သီသီကို ပို၍ အလားအလာ ကောင်းသော လူတစ်ယောက်နှင့်မှ ပေးစားသင့်သည်ဟု လည်းကောင်း၊ ကိုအောင်မိုးမှာ သူ မျှော်မှန်းသော အဆင့်နှင့် ကွာလှမ်းလွန်းလှသည်ဟု လည်းကောင်း စသည့် မိမိ စိတ်ထဲတွင် တည်ရှိနေသော တကယ့် အကြောင်းရင်းကိုမူ ဒေါ်ညွန့်ညွန့်သည် ဖော်ပြခြင်း မရှိဘဲ သိုဝှက်ထားလေသည်။
ကိုအောင်မိုး စိတ်ပျက်လက်ပျက်နှင့် အနီးစခန်းသို့ ပြန်သွားသော အခါတွင် ‘ကဲ ဘယ့်နှယ် ရှိစ၊ မပြောဘူးလား” ဟူသော စကားမျိုးဖြင့် ဒေါ်ညွန့် ညွန့်က ဦးငွေခင်အား အောင်ပွဲ ခံလိုက်လေသည်။ စိတ်ထဲကလည်း ကျိတ်၍ ဝမ်းအသာကြီး သာနေမိလေသည်။
ကိုသက်ဆွေ ရန်ကုန် တက္ကသိုလ်မှ မန္တလေး တက္ကသိုလ်သို့ ရောက်ရှိလာကာ အိမ်သို့ ဝင်ထွက် သွားလာသော အခါ၌မူကား ဒေါ်ညွန့်ညွန့်မှာ အတိုင်ထက် အလွန် တံခွန်နှင့် ကုက္ကား ဖြစ်လျက် ခင်သီသီနှင့် အစစ အရာရာ အလိုက်လျောဆုံးသူမှာ ကိုသက်ဆွေ တစ်ယောက်သာလျှင် ဖြစ်သည်ဟု စိတ်နှလုံး တုံးတုံး ချလိုက်လေတော့သည်။
ဒေါ်ညွန့်ညွန့်၏ အမြင်တွင် ကိုသက်ဆွေနှင့် ကိုအောင်မိုးမှာ မိုးနှင့် မြေ လို ကွာခြားနေပေသည်။ ကိုအောင်မိုး၏ နိုင်ငံရေး အယူအဆများနှင့် ဟန်ပန် တို့ကို လည်းကောင်း၊ အထက်တန်းလွှာအား လှောင်ပြောင် သရော်တတ်သည့် အကျင့်ကို လည်းကောင်း၊ နောက်ဆုံး အနီးစခန်းတွင် ကြက်ဘဲ တိရစ္ဆာန် မွေးမြူကာ ခြံစိုက်နေသည့် အလုပ်ကို လည်းကောင်း ဒေါ်ညွန့်ညွန့်သည် နည်းနည်းမျှ မနှစ်မြို့ပေ။ ထိုမျှမက မိမိ၏ သမီး အထွေးဆုံး၊ အချောဆုံး၊ အယဉ်ဆုံး ခင်သီသီကို တစ်ဖက်သတ် ချစ်ကြိုက်နေသော ကိုအောင်မိုးသည် အိမ်သို့ တစ်လ ကိုးသီတင်း လာရောက် နေထိုင်ကာ ဇွဲနပဲကြီးဖြင့် ပိုးပန်းနေသည်ကိုလည်း စိတ်ထဲတွင် အခံရ ခက်နေသည်။ နောက်ဆုံး ကိုအောင်မိုး စိတ်ပျက်၍ ပြန်သွားတော့မှ ဒေါ်ညွန့်ညွန့်သည် ရင်ကို မကာ သက်ပြင်းကို ချနိုင်ခဲ့ပေ သည်။
ကိုသက်ဆွေကား ဒေါ်ညွန့်ညွန့်၏ စိတ်ကူးထဲက သမက် တစ်ယောက် ၏ အရည်အချင်းတွေ တင်းပြည့် ကျပ်ပြည့် ရှိသူ ဖြစ်၏။ တစ်ဦးတည်းသောသား ဖြစ်၍ အမွေတွေ အများကြီး ရရန် အလားအလာ ရှိသည်။ ပညာတတ်ရုံ မျှမက နိုင်ငံခြား ဒီဂရီကြီး တစ်ခုကိုပင် ရယူ ဆွတ်ခူးခဲ့သော ပါရဂူ တစ်ဦးဖြစ်သည်။ ဆွေကြီး မျိုးကြီးမှ ဆင်းသက် ပေါက်ဖွားလာကာ ရှေ့တွင် အလားအလာပေါင်း များစွာ ပွင့်လင်းလျက် ရှိသူ ဖြစ်သည်။
ထို့ကြောင့် ဒေါ်ညွန့်ညွန့် အမြင်တွင် ကိုသက်ဆွေသည် ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်နေသည်။ သည်ထက်ပို၍ ခင်သီသီနှင့် လိုက်လျောသူ မရှိတော့ဟုပင် ထင်မိပေသည်။
ကိုသက်ဆွေသည် ဧည့်ခံပွဲများ၊ ပါတီများ၊ ရုပ်ရှင်များသို့ ခင်သီသီနှင့် ပြောင်ပြောင်ပင် သွားလာလျှက် အိမ်သို့လည်း မကြာခဏ ဆိုသလို ရောက်လာ တတ်ပေရာ ကိုသက်ဆွေသည် ခင်သီသီကို တကယ် စွဲလမ်းနေသည်ဟု ေဒါ်ညွန့်ညွန့်က တတစ်ချ ယူဆထားလိုက်လေသည်။ သို့တိုင်အောင် ဒေါ်ညွန့်ညွန့်မှာ ရင်တမမ ဖြစ်နေသေးသည်။ ခင်သီသီ ဘီအေ အောင်လျှင် ကိုယ်ကပင် တင်၍ တောင်းမည်ဟု အောက်မေ့မိပေသေးသည်။
ဒေါ်ညွန့်ညွန့် ကိုယ်တိုင် ဦးငွေခင်နှင့် လွန်ခဲ့သော အနှစ် သုံးဆယ်ကျော်က လက်ထပ်ခဲ့စဉ်တုန်းက ဆိုလျှင် သူ့ အမေကပင် ရွေးချယ်၍ လက်ထပ်ပေးခဲ့ခြင်း ဖြစ်၏။ တစ်ဖက်နှင့် တစ်ဖက် စနည်းနာကြပြီးနောက် ဦးငွေခင်က အိမ်သို့ လာ၍ လည်ရင်း သတို့သမီးလောင်း၏ အကဲခတ်ခြင်းကို ခံယူခဲ့သည်။ နှစ်ဖက် လူကြီးချင်း စေ့စပ် ကြောင်းလမ်းပြီး နောက်မှ သူတို့ နှစ်ဦး တော့တေ့ဆိုင်ဆိုင် တွေ့ကာ တစ်ယောက် သဘောကို တစ်ယောက် တီးခေါက် ခဲ့ကြပြီး နေ့ကောင်းရက်သာ ရွေးလျက် လက်ထပ်ခဲ့ကြခြင်းသာ ဖြစ်ပေရာ သူတို့ လက်ထပ်မင်္ဂလာ ကိစ္စမှာ အစစ အရာရာ ချောမောစွာဖြင့် ပြီးခဲ့ပေသည်။
သို့ရာတွင် သူ့သမီးများ အိမ်ထောင်ရေးကို စဉ်းစားလာရသော အခါတွင်မူကား သူ့တုန်းကလို ချောမော လွယ်ကူခြင်း မရှိသည်ကို တွေ့ရပေသည်။
အကြီးမ ခင်ရီရီနှင့် ခင်ကြည်ကြည်တို့ နှစ်ယောက်တုန်းက ဆိုလျှင် စိတ်သောက အရောက်ကြီး ရောက်ပြီးမှ သူ ကြိုက်ရာကို ရွေးနိုင်ခဲ့သည်။ ငွေကုန် ကြေးကျ အမြောက်အမြား ခံ၍ တင်တောင်းပြီးမှ ကိစ္စ ပြီးခဲ့သည်။ ဦးငွေခင် နှင့် အငြင်းအခုံ ဖြစ်ပြီးမှ နေရာချပေးနိုင်ခဲ့သည်။
ယခု အထွေးဆုံး ခင်သီသီ၏ အိမ်ထောင်ရေးကို စဉ်းစားလာရသောအခါ တင်မူ အကြီးမ နှစ်ယောက်တုန်းကထက်ပင် စေ့ငု လေးနက်စွာ စဉ်းစားရသည်။ ယခင် အခါများကထက်ပင် ဦးငွေခင်နှင့် ပို၍ စကားများရသည်။
ဦးငွေခင်ကမူ ဖခင်များ ထုံးစံအတိုင်း သမီးများကို သူတို့ ကိုယ်စွမ်း ကိုယ်စဖြင့် ပညာ ထွန်းထွန်းပေါက်ပေါက် ရှိသော သမီးများ ဖြစ်စေချင်သည်။
ယောက်ျားကို မှီခို အားထားကာ ယောက်ျား၏ ဂုဏ်ကြောင့် အရောင်တောက်နေရသော သမီးများအဖြစ်မှ လွတ်ကင်းစေချင်သည်။ အထူးသဖြင့် သူအချစ်ဆုံး သမီးထွေး ခင်သီသီကို ပို၍ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေလိုပေသည်။
အိမ်ထောင်လျက်သား ချပေးသည့် တိုင်အောင် ကုန်ရောင်း ကုန်ဝယ် ကိစ္စ တစ်ခုတွင် အရှုံး အမြတ်ကို ကြိုတင် တွက်ချက်သကဲ့သို့ ယခုလောက် စေ့ငုနေသည်ကို မကြိုက်ပေ။ လူငယ်များကို သူတို့၏ စိတ်ဆန္ဒ အလျောက် ရွေးချယ်စေလိုပေသည်။
ဒေါ်ညွန့်ညွန့်ကလည်း လူငယ်များအား လွတ်လပ်ခွင့် ပေးထားခြင်းကို လုံးဝ သဘောမတူနိုင်အောင် ဖြစ်နေ၏။ သည်ခေတ်ကြီးသည် အလျင်အမြန် လှုပ်ရှားလျက် ရှိသည်ကို ဒေါ်ညွန့်ညွန့် မသိ မဟုတ်၊ ကောင်းကောင်း သိ၏။ ခင်သီသီလို အရွယ် မိန်းကလေးများသည် ယခုခေတ်တွင် ယောက်ျားများနှင့် တွဲကာ လွတ်လပ်စွာ သွားလာနေကြ၏။ မော်တော်ကားကို ကိုယ်တိုင် မောင်းကာ လမ်းထွက်တတ်ကြပြီ ဖြစ်၏။
အရေးကြီးဆုံး အချက်ကား ခုခေတ် လူငယ်များသည် အိမ်ထောင်ရေးကို မိဘများ၏ အစွက်ဖက် မခံဘဲ သူတို့၏ ကိုယ်ပိုင် ကိစ္စ တစ်ခု ဖြစ်သည်ဟု ယူဆလာခြင်း ဖြစ်သည်။ လူငယ်များ၏ အိမ်ထောင်ရေးကို မိဘများက စီမံပေးခြင်းသည် ခေတ်မမီတော့ဟု ယူဆလာကြသည်။ ဒေါ်ညွန့်ညွန့်သည် သည်အယူအဆကို လုံးဝ လက်မခံနိုင်ပေ။ လူငယ်တွေ စိတ်ကြိုက် ရွေးခွင့် ပေးခြင်းကို ထောက်ခံ ပြောဆိုသူ မှန်သမျှအား သမီးချင်း မစာနာဟု ထင်သည်။ သည်လို လွတ်လပ်ခွင့် ပေးထားလျှင် ခင်သီသီသည် အိမ်ထောင်ဖ အဖြစ် မသင့်တော်သည့် လူတစ်ယောက်ကို ရွေးမိပြီး ဖြစ်မှာ စိုးရိမ်နေသည်။ မိန်းကလေးများအား လွတ်လပ်ခွင့် ပေးထားခြင်းမှာ သူ့ အမြင်တွင် ကလေး တစ်ယောက်အား ယမ်းအပြည့် ထိုးထားသော ခြောက်လုံးပြူး သေနတ်နှင့် ကစားခွင့် ပြုထားသည်နှင့် တူနေပေသည်။
ထို့ကြောင့်လည်း ဒေါ်ညွန့်ညွန့်သည် ခင်သီသီ၏ ကိစ္စတွင် အမြဲတစေ အကဲခတ်၍ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
ကိုသက်ဆွေသည် အတည် မဟုတ်ဘဲ ခပ်ပေါ့ပေါ့ပင် စိတ်ကူး ထည့် လေသလား ဟူ၍ စိုးရိမ်မိသေးသည်။ သို့ရာတွင် ခင်သီသီ ကိုယ်တိုင်က ကိုသက်ဆွေကို ချစ်လျက် ရှိပြီးရုံမျှမက ကိုသက်ဆွေလို လူတစ်ယောက်သည် သည်လို ရိုင်းရိုင်းပျပျတော့ စိတ်မကူးတန်ရာဟု ကိုယ့်ဘာသာကိုယ် ဖြေယူ ရလေသည်။ မကြာသေးမီကမူ ခင်သီသီက သူ့အား ကိုသက်ဆွေက စကား စလာသည့် အကြောင်းကို ဒေါ်ညွန့်ညွန့်အား ဖွင့်ပြောခဲ့ဖူး၏။ ခင်သီသီသည် သည်လို ကိစ္စတွင် မိခင် စိတ်ကျေနပ်အောင် တိုင်ပင်သင့်သလောက် တိုင်ပင် ခဲ့ပေသည်။ ဒေါ်ညွန့်ညွန့်မှာ သည်တော့မှ စိတ်အေးသလိုလို ရှိသွားပေသည်။ ကိုသက်ဆွေက သူသည် အိမ်ထောင်ရေး ကိစ္စများလို အရေးကြီးသော ကိစ္စများကို သူ့ မေမေအား အမြဲတမ်း တိုင်ပင်သည်ဟု ခင်သီသီကို ပြောခဲ့သည်။ သူတို့ ကိစ္စကို နားဖောက်ရန် သူ့ မေမေကိုလည်း စာရေး၍ ခေါ်ထားကြောင်း ဖြင့် ကိုသက်ဆွေက ပြောပြကြောင်းကို ခင်သီသီက ဖွင့်ပြောခဲ့သည်။
သို့ရာတွင် ကိုအောင်မိုးကို မြင်လိုက်သော အခါ၌မူကား ဒေါ်ညွန့်ညွန့်၏ စိုးရိမ်ချက်များမှာ တဖွားဖွား ပြန်၍ ပေါ်လာပြန်လေသည်။
ခင်သီသီမှာ ကိုအောင်မိုးကို ငယ်ငယ် ကတည်းက ခင်မင်လာသူ တစ်ဦး ဖြစ်ရာ ကိုအောင်မိုးနှင့် နီးစပ်သွားမည် ဆိုလျှင် ခင်သီသီ ကိစ္စမှာ ရှုပ်ထွေး လာမည်ကို စိုးရိမ်နေမိသည်။
“နေပါဦး သမီးရဲ့၊ မောင်အောင်မိုးက ဘာဖြစ်လို့ မန္တလေးမှာ ဒီလောက် ကြာအောင် နေနေတာလဲ”
ဒေါ်ညွန့်ညွန့်က ခင်သီသီကို ပြောကာ ပန်းသီးစိတ်ကလေး ကိုက်လိုက်၏။ ခင်သီသီသည် သူ ကိုယ်တိုင် ပန်းသီး တစ်စိတ်ကို ကောက်ယူ စားလိုက်ပြီး…
“အို မေမေကလည်း အစ်ကိုအောင် မန္တလေး ရောက်တာ ဒီနေ့ မနက်မှ ရောက်တဲ့ဟာပဲ”
“ဪ အေး ဟုတ်သားပဲ၊ စကား စပ်မိလို့ သမီးကို မေမေ ပြောရဦး မယ်”
ဒေါ်ညွန့်ညွန့်က လက်သုတ်ပဝါဖြင့် နှုတ်ခမ်းကို သုတ်နေသည်။ သူ့ မျက်နှာမှာ လေးနက်သည့် အသွင်ကို ဆောင်၍ သူ့ အသံမှာ တည်ငြိမ်နေသည်။ ခင်သီသီသည် ဒေါ်ညွန့်ညွန့် ပြောမည့် စကားကို သိပြီးသား ဖြစ်နေ၏။
“မေမေ ပြောမှာ သီသီ သိပါတယ် မေမေ၊ ဒီကိစ္စမှာ သီသီကို စိတ်ချပါမေမေ ဒီလောက် တွေးပြီး စိတ်သောက ရောက်မနေပါနှင့်”
ခင်သီသီသည် မိခင်ကို ချစ်၏၊ သနား၏။ သို့ရာတွင် ဒေါ်ညွန့်ညွန့်၏ အိမ်ထောင်ရေး သဘောထားများကိုမူ သိပ်မကြိုက်လှပေ။ ရှေးဆန်သည်ဟု ထင်ပေသည်။
“မေမေ့သဘောကတော့ ကိုယ်မယူနိုင်တဲ့ လူတစ်ယောက်ကို ကြိုးရှည်ရှည်နှင့် လံထားပြီး မျှော်လင့်ချက် ပေးမထား…”
“မေမေရယ်၊ သီသီလည်း သူငယ်နှပ်စားလေး မဟုတ်တော့ပါဘူး၊ ဒီအကြောင်းကို မပြောပါနှင့်တော့”
ခင်သီသီက ညည်းညူ၍ ပြောလိုက်သည်။
“အေးပါကွယ်၊ သမီး သိပြီးသား ဆိုရင်လည်း မပြောတော့ပါဘူး၊ ဒါပေမဲ့ မေမေ မသိအောင် ဘာမှ ဖုံးကွယ် မထားပါဘူး ဆိုတဲ့ ကတိကိုတော့ မေမေ့ကို ပေးပါကွယ် နော် သမီး”
ခင်သီသီက ဒေါ်ညွန့်ညွန့်ကို ဆတ်ခနဲ ကြည့်ကာ…
“ဒီမှာ မေမေ၊ မေမေ မသိအောင် သမီး ဘာမှ မလုပ်ဘူး စိတ်ချ၊ မေမေကသာ သမီးကို တပူပူ လုပ်မနေနှင့်”
သည်တော့မှ ဒေါ်ညွန့်ညွန့်သည် ခေါင်းတဆတ်ဆတ် ညိတ်ကာ သမီးချောကို ကြည့်၍ ပြုံးနေလေသည်။
ခင်သီသီသည် ထမင်းစားခန်းမှ အိမ်ရှေ့သို့ ထွက်လာခဲ့လေသည်။ ညွန့်ညွန့်မှာ အပေါ်ထပ် ဘုရားဆောင်သို့ တက်၍ ဘုရား ဝတ်ပြုနေသည်။ ဦးငွေခင်မှာ ခြံထဲတွင် လမ်းလျှောက်နေတုန်းပင် ဖြစ်လေသည်။
ခင်သီသီသည် နှစ်ယောက်ထိုင် ဆိုဖာကြီးပေါ်တွင် ပစ်ထိုင်လိုက်ပြီး သက်ပြင်း ချလိုက်မိသည်။ သူ့ ရင်သည် တဒိတ်ဒိတ် ခုန်လျက် ရှိ၏။ ယနေ့ ညနေတွင် ကိုအောင်မိုး လာမည်ဟု ပြောသွားသည်ကို အမှတ်ရနေသည်။ ကိုသက်ဆွေကလည်း သည်အချိန် ဆိုလျှင် လာနေကျ ဖြစ်သည်။ သူတို့ နှစ်ယောက် လာ၍များ ဆုံကြလျှင် သူတို့ မျက်နှာထားတွေ ဘယ်လို နေကြမည်ကို တွေးကြည့်နေသည်။ ထိုမှ တစ်ဆင့် သူတို့ နှစ်ယောက် အကြောင်းကို ယှဉ်၍ စဉ်းစားနေမိသည်။
ကိုအောင်မိုးနှင့် ငယ်ငယ်က ရင်းရင်းနှီးနှီး နေခဲ့ကြသည်ကို အမှတ် ရနေသည်။ သေဆုံးသွားသည့် သူ့ အစ်ကို ခင်မောင်ဇော်နှင့် ကိုအောင်မိုးတို့ အောက်ထပ်က အခန်းထဲတွင် စာကျက်ရာသို့ လာ၍ ဆော့လျှင် အော်ငေါက် ထုတ်ကြပုံ၊ ထိပ်ကို မနာ့တနာ ခေါက်ကြပုံတို့ကို သတိရလာသည်။ သည်လိုရှေးဟောင်းနှောင်းဖြစ်တွေကို တွေးမိလျှင် ခင်သီသီ၏ စိတ်မှာ ကြည်နူးသလို ဖြစ်လာသည်။ ကိုအောင်မိုး၏ အချစ်မှာ ဖြူစင် သန့်ရှင်းကြောင်းကို ခင်သီသီ သိပေသည်။
ကိုသက်ဆွေ အကြောင်းကို စဉ်းစားလိုက်သည့် အခါတွင်မူ ဘာကြောင့် မှန်း မသိ ခင်သီသီမှာ ရင်လေးသလိုလို ဖြစ်နေမိသည်။ ကိုသက်ဆွေ ကိုယ်တိုင်ကမူ ရိုးသား၍ သဘောကောင်းသူ တစ်ယောက် ဖြစ်၏။ သို့ရာတွင် စိတ်ထဲမှာ အလိုလို စိုးရိမ် ကြောက်လန့်နေပေသည်။
သို့သော်လည်း အိမ်ထောင်ဖက် အနေဖြင့် စဉ်းစားလျှင် ကိုသက်ဆွေနှင့် အိမ်ထောင်ရေးမှာ ချောမော ဖြောင့်ဖြူးလျက် ရှိပြီး ကိုအောင်မိုးနှင့် အိမ်ထောင် ရေးမှာ ခလုတ် ကန်သင်းတွေ ပြည့်နှက်နေသည်ဟု ထင်ရပေ၏။
ခဏကြာလျှင် တံခါးမှ ခေါင်းလောင်း တီးသံကို ကြားရလေသည်။ ဧကန္တ ကိုအောင်မိုးပဲဟု တွေးမိကာ ခင်သီသီမှာ ရင် တလှပ်လှပ် ခုန်လာလေသည်။ ကိုအောင်မိုး လာလျှင် သူ့ အချစ်ကို တောင်းခံတော့မည်ဟု သိပြီး ဖြစ် ၍ စိတ်ထဲမှာ နောက်ကျိလာပြန်လေသည်။ သူ့ကို နှစ်နှစ်ကာကာ ချစ်နေသူ တစ်ယောက်အား ပြတ်ပြတ်တောင်းတောင်းကြီး ပြောပစ်ရမည်ကိုလည်း ဝန်လေးသလို ဖြစ်နေပေသည်။ သူ့အား သစ်စိမ်းချိုး ချိုးသည့် အဖြစ် မရောက်ရ လေအောင် တစ်ယောက်ယောက်နှင့် ချစ်နေသည်ဟု ပြောရန်ကလည်း မဖြစ်နိုင်ပေ။
ခင်သီသီသည် တံခါးဝသို့ သွားကာ ဘိလပ် သံတံခါးကို အထဲမှ သော့ ခတ်ထားရာက သော့ဖွင့်ပေးလိုက်သည်။
ကိုအောင်မိုးမှာ ရှပ်လက်ရှည် အဖြူကို လက်ခေါက် ဝတ်ထားပြီး ဘန် ကောက် လုံချည် တစ်ပတ်နွမ်းကို ဝတ်ထားလေသည်။ သူ့ မျက်လုံးများက ခင်သီသီကို စူးစိုက် ကြည့်နေကြပေသည်။
“စားသောက် ပြီးကြပြီလား၊ ကိုယ် လာတာများ စောနေသလား”
“ဟင့်အင်း၊ မစောပါဘူး”
ခင်သီသီက သော့ခလောက်ကို ပြန်ခတ်ပြီး သော့ကို တိုင်တွင် ချိတ်ထားခဲ့ကာ မျက်နှာချင်းဆိုင် ဆိုဖာ တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
“သီသီကို ပြောချင်တာတွေ ရှိလို့ စောစော လာခဲ့တာပဲ၊ ဧည့်သည်တွေ လာတတ်လွန်းလို့၊ အရင်တုန်းကလို ည ညမှာ ဧည့်သည်တွေ လာတုန်းပဲလား”
“ဧည့်သည်ကတော့ ပြတ်တယ် မရှိပါဘူး၊ ဒီလိုပါပဲ၊ မေမေကလည်း အပေါ်ထပ်မှာ ဘုရား ရှိခိုးနေတယ်၊ ခဏ ကြာရင် ဆင်းလာမှာပါ”
ကိုအောင်မိုးက ခင်သီသီကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။
ခင်သီသီ၏ မျက်နှာမှာ နီမြန်းသွားသည်ဟု ထင်ရသည်။
“ကိုယ် မန္တလေးမှာ ဘယ်လောက် ကြာမယ် ဆိုတာ သီသို့ အပေါ်မှာပဲ တည်တယ်လို့ ပြောတာ မှတ်မိသေးလား၊ ဟုတ်တယ် သီသီ၊ ကိုယ့် ဘဝဟာ သီသို့ အပေါ်မှာ တည်နေတယ်”
ခင်သီသီသည် မျက်နှာတွေ ထူပူလာကာ ခေါင်းကို အောက်ကို ငုံ့ထားလိုက်သည်။ ဘယ်လို ဖြေရမှန်းလည်း မသိပေ။
“ကိုယ့် ရှေ့ရေးဟာ သီသို့ အဆုံးအဖြတ်ပေါ်မှာ တည်နေတယ် တကယ်ပဲ၊ ကိုယ် မန္တလေးကို ဆင်းလာတာဟာ ဒီအကြောင်းကို ပြောပြချင်လို့ပဲ၊ သီသီ သဘော တူတယ် ဆိုရင် ကိုယ် လူကြီးတွေကို နားဖောက်နိုင်မယ်”
ခင်သီသီသည် အသက်ရှူ မှားသလို မောနေသည်။ သူ့ တစ်ကိုယ်လုံးမှာ ပီတိတွေ ဝေဖြာနေသည်။
ယောက်ျား တစ်ယောက်၏ ချစ်စကားကို နားထောင် ရသည်မှာ သည်လောက် ကြည်နူး ဝမ်းသာစရာ ကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ သို့ရာတွင် ခင်သီသီ၏ ကြည်နူး ဝမ်းသာခြင်းမှာ ခဏမျှသာ ကြာလိုက် ပေသည်။ ချက်ချင်းပင် သူ့ မျက်စိထဲတွင် ကိုသက်ဆွေကို မြင်ယောင် လာသည်။
ခင်သီသီသည် ကိုအောင်မိုးအား ခေါင်းငုံ့လျက်က လှမ်းကြည့်ပြီးနောက်…
“သီသီ ခု မစဉ်းစားပါရစေနှင့်ဦး ကိုကိုအောင်၊ ဖြစ်လည်း ဖြစ်နိုင်မယ် မထင်ပါဘူး”
“သီသီက ငြင်းလိုက်မယ် ဆိုရင်တော့ ကိုယ်ဟာ လောကမှာ ကံ အဆိုးဆုံး လူတစ်ယောက်လို့ပဲ အောက်မေ့ရတော့မှာပေါ့ သီသီ”
ကိုအောင်မိုးက ပြန်ရန် ရုတ်တရက် ထလိုက်သည်။