မိတ္တဗလဋီကာ

အခန်း ၅ ဆိုကရေးတီး၏ နည်းကောင်းတစ်လက်

လူများနှင့် စကားပြောရန်ရှိသောအခါ သင်နှင့် ထိုလူများ သဘောမတူနိုင်သော အကြောင်းကစ၍ မပြောလေနှင့်။ သင်နှင့် ထိုလူများ သဘောတူနိုင်သော အကြောင်းများကို အထူးဂရုပြု၍ စပါလေ။ သင်နှင့် သဘောကွဲနေသောအခါ သင်၏ ယူဆပုံမှာလည်း နောက်ဆုံး၌ ထိုလူများ ယူဆသည့်နေရာသို့ရောက်မည် ဖြစ်၍ ယူဆချက်အပေါ်တွင် သဘောမကွဲလွဲဘဲ ထိုယူဆချက်သို့ရောက်အောင် လာရသည့် နည်းပေါ်မှာသာလျှင် သဘောကွဲလွဲခြင်း ဖြစ်ကြောင်းကိုလည်း သင် တတ်နိုင်ခဲ့ပါလျှင် အထူးဂရုပြု၍ ပြောပါလေ။

စကတည်းက တစ်ဖက်သားကို “အင်း အင်း” ဟူ၍ အုင်းလိုက်နေအောင် လုပ်ပါ။ “ဟင့်အင်း” ဟူသော စကားကို သုံးခွင့်မရအောင် သင်တတ်နိုင်သမျှ ကြိုးစားပါ။

“ဟင့်အင်း”ဟူသော စာကားတစ်လုံးသည် ပြောမိလျှင်ပြန်၍ ရုပ်သိမ်းရန် အလွန်ခဲယဉ်းသော အခက်အခဲ တစ်ခုဖြစ်လေသည်။ လူတစ်ယောက်သည် “ဟင့်အင်း”ဟု ဆိုမိလျှင် သူ၏ ဂုဏ်သိက္ခာကို စောင့်သိသောသဘောရသဖြင့် ပြောပြီးသောစကားကို နောက်ထပ် မပြင်တော့ချေ။ ပြောမိ၍ အတော်ကလေး ကြာသောအခါ “ဟင့်အင်း”ဆိုသောစကားကို သုံးမိသည့်အတွက် မှားကြောင်းကို သိရှိသော်လည်း သူ၏ ဂုဏ်သိက္ခာကို ငဲ့ညှာစရာ ရှိသေးသဖြင့် ထပ်၍ မပြင်ချေ။ ပြောမိသောစကားကို ဇွတ်တွယ်၍ ထားမည်ဖြစ်၏။ ထို့ကြောင့် လူ တစ်ဦး တစ်ယောက်နှင့် စကား ပြောသောအခါ သူ သ ဘောတူနိုင်သည့် အကြောင်းမှစ၍ ပြောရန်အရေးအကြီးဆုံး ဖြစ်လေသည်ဟူ၍ ပရော်ဖက်ဆာ အိုဗာစထရိသည် “တစ်ဖက်သားအပေါ်သြဇာညောင်းအောင်လုပ်နည်း” စာအုပ် . တစ်အုပ်တွင် အတိအလင်း ရေးသားထားလေသည်။

စကားပြော ကျင်လည်သူတစ်ဦးသည် တစ်ဖက်သားအား“အင်း အင်း” ဟူ၍ အင်းလိုက်စေမည့်စကားမျိုးကို စ၍ ပြောလေ့ရှိသည်။ ဤနည်းအားဖြင့် တစ်ဖက်သား၏ စိတ်ဓာတ်ကို သူ ပြောသမျှတွင် အင်း လိုက်ချင်အောင် ပျိုးပေး လိုက်လေသည် ။

အင်းလိုက်အောင်လုပ်သောနည်းကို အသုံးပြုမိသဖြင့် နယူးယော့မြို့တော် ဂရင်းနစ် ငွေစုဘဏ်တိုက် မှ ငွေကိုင်စာရေးကြီး ဂျိမ်းအီဗာဆန် သည် ငွေစုမည့်သူတစ်ဦးကို လက်လွတ်၍ မသွားအောင် တားထားလိုက်နိုင်လေသည်။ ထိုနည်းကိုသာ မသုံးမိလျှင် ထိုသူသည် ဂျိမ်းအီဗာဆန်တို့ ဘဏ်တိုက်တွင် ငွေစုဖြစ်ချင်မှ စုဖြစ်လိမ့်မည်။ ..’

ဂျိမ်းအီဗာဆန်က အောက်ပါအတိုင်း ပြောပြဖူး၏။

တစ်နေ့သ၌ ကျွန်ုပ်တို့ဘဏ်တိုက်သို့ လူတစ်ယောက်သည် ငွေစုရန် လာ၏။ ကျွန်ုပ်သည် ထိုသူ့အား ဆိုင်ရာ စာရွက်စာတမ်းများကို ပေး၍ လိုအပ်သောအချက်များကို ရေးစေလေသည်။ ထုံးစံအတိုင်း မေးခွန်းများကိုမေးရာ အချို့မေးခွန်းများကိုသာ ဖြေပြီးလျှင် အခြားမေးခွန်းများကိုမူကား မည်သည့် နည်းနှင့်မျှ မဖြေနိုင် ဟူ၍ အတိအလင်း ငြင်းပယ်လျက် ရှိ၏။

လူများနှင့် ပေါင်းသင်းဆက်ဆံသည့် နည်းများကို မလေ့လာဖူးခင်ကသာ ဆိုလျှင် “ကျုပ် မေးတာကို ခင်ဗျား မဖြေရင် ခင်ဗျားကို ဒီဘဏ်မှာ ငွေစုဖို့ ကျုပ်တို့ လက်မခံနိုင်ဘူး”ဟု တုံးတိတိ ပြောလိုက်မည်ဖြစ်၏။ ဒီလိုအပြောမျိုးကို ရှေးတုန်းက ပြောခဲ့ဖူးကြောင်း ကျွန်ုပ်သည် ရှက်ရှက်နှင့် ဝန်ခံရမည်ဖြစ်၏။ ဒီလို ပြောလိုက်ရလျှင် ရှေးအခါတုန်းက ကျွန်ုပ်မှာ အတော်အရသာရှိသွား၏။ ဘဏ်တိုက်မှာ ဘယ်သူဗိုလ် ဖြစ်သည်ကို ပြလိုက်ရုံသာမက “ဘဏ်တိုက်၏ စည်းကမ်းဥပဒေတို့ကို ဖျက်ဆီးချင်လို့ မရဘူး”ဟူ၍ ခပ်မာမာလည်း ပြောလိုက် သေး၏။ သို့ရာတွင် ကျွန်ုပ်တို့၏ အကျိုးကို ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့ဆီသို့ ဝင်လာသောလူမှာမူကား ဤကဲ့သို့ အပြောမျိုးကို မည်သည့်နည်း နှင့်မျှ နှစ်ခြိုက်နိုင်မည် မဟုတ်ပေ။

“ထို့ကြောင့် ထိုနေ့တွင် ဉာဏ်ကို လွှာသုံးရန် သန္နိဋ္ဌာန် ချထား၏။ ဘဏ်တိုက်က ဘာကို အလိုရှိသည် ဟူသော အကြောင်းကို မပြောပြဘဲ ထိုလူသည် ဘာကိုအလိုရှိသည်ဟူ သော အကြောင်းကိုသာ ပြောပြရန်ကိုလည်း သန္နိဋ္ဌာန်ချထား၏။ ထိုနှစ်ခုထက်အရေးကြီးသော အချက်မှာကား အခြားမဟုတ်။ ထိုလူကို အင်း လိုက်နေအောင် စကားစပြောရန် သန္နိဋ္ဌာန် ချထားခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ထိုလူသည် ကျွန်ုပ်မေးသော မေးခွန်းကို မဖြေဘူးဟူ၍ ငြင်းနေသောအခါ ဖြေရမည်ဟူ၍ အတင်းအကြပ် မတိုက်တွန်းရုံသာမက ထိုအချက်ကို မဖြေသော်လည်း နေနိုင်ပါသည်”ဟု ပြန်ပြောလိုက်၏။

ထို့နောက်မှ “သို့ပေမယ့် ဒီလိုရှိတယ် အဆွေ၊ ဒီဘဏ်မှာ ငွေတွေစုထားပြီး အဆွေ အနိစ္စရောက်တယ် ဆိုပါတော့၊ အဲဒီအခါမှာ ဒီငွေကို အဆွေနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ဆွေမျိုးသားချင်းရဲ့ လက်ထဲကို တရားဥပဒေအတိုင်း ရောက်စေချင်မယ် မဟုတ်လား”ဟု ကျွန်ုပ်က မေးလိုက်ရာ

“အင်း ရောက်စေချင်တာပေါ့”ဟူ၍ ထိုသူက ပြန်ပြောလေသည်။ –

“အဲဒီတော့ အဆွေ အနိစ္စ ရောက်တဲ့အခါ ကျွန်တော်တို့ တစ်တွေ မမှားမယွင်း နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲနှင့် အဆွေ၏ အရင်းအချာဆုံးသော

ဆွေမျိုး၏ နာမည်ကို ကျွန်တော်တို့ သိထားရင် ကောင်းလိမ့်မယ်လို့ အဆွေ မထင်ဘူးလား”

“အင်း”

ကျွန်ုပ်တို့သည် ဤကဲ့သို့ မေးရခြင်းမှာ ကျွန်ုပ်တို့၏ အကျိုးအတွက် မဟုတ်ဘဲ သူ၏ အကျိုးအတွက် သက်သက်ဖြစ်ကြောင်းကို ထိုသူ သိလာသော အခါ သူ၏ လေသံမှာ ဝင်လာစကလောက် မထန်တော့ပေ။ ထို့ကြောင့် ဘဏ်တိုက်မှထွက်မသွားမီ ထိုလူသည် ကျွန်ုပ်တို့သိလိုသည့် အကြောင်းမျိုးစုံကို ဖြေရုံသာမက သူ့ မိခင်၏ အကြောင်းကိုပါ ကျွန်ုပ်အား ပြောသွားခဲ့သေး၏။

သူ့ကို အင်း လိုက်အောင် လုပ်လိုက်သဖြင့် သူသည် သူ၏ ငြင်းဆန် ခြင်း ကိုပင် သတိမေ့ပြီးလျှင် ကျွန်ုပ်တို့ပြောရာကိုလိုက်၍ လုပ်ချင်သောဆန္ဒများ ပေါ်လာသည်ကို ကျွန်ုပ် ကောင်းစွာ တွေ့လိုက်ရ၏။

ဝက်စတင်းဟောက်” မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဂျိုးဆက်အယ်လီ ဆန် ကလည်း အောက်ပါအတိုင်းပြန်ပြောဖူး၏။

ကျွန်ုပ်၏နယ်ထဲတွင် ကျွန်ုပ်တို့ကုမ္ပဏီက အလွန် ဆက်သွယ်ချင်သော လူတစ်ယောက် ရှိ၏။ ထိုနယ်တွင် ကျွန်ုပ် အရင် ကိုယ်စားလှယ်ဖြစ်သော သူသည် ထိုသူ့ထံသို့ဆယ်နှစ်တိုင်တိုင်သွားရောက် စေ့စပ်ခဲ့ဖူး၏။ သို့ရာတွင် အထမမြောက်ခဲ့ချေ။ ထိုနယ်သို့ကျွန်ုပ်ကို ပြောင်းပေးလိုက်သောအခါ ကျွန်ုပ်သည် သုံးနှစ်တိုင်တိုင် ဆက်၍ စေ့စပ်ပြန်သော်လည်း အချည်းနှီးသာဖြစ်ခဲ့၏။ ၁၃ နှစ်တိုင်တိုင်ဆက်သွယ်ခဲ့သော အခါမှ နောက်ဆုံး၌ မော်တော်ကားအနည်းငယ်မျှ ကိုသာ ရောင်းခဲ့ရ၏။ သို့ရာတွင် အနည်းငယ်လောက် စ၍ ရောင်းရလျှင် မကြာမီ အများကြီးရောင်းရတော့မည်ဟု တစ်ထစ်ချ စိတ်ထဲတွင် စွဲထားလေသည်။

ထို့ကြောင့် တနင်္ဂနွေ သုံးပတ်ကြာ၍ ထိုသူ့ထံသို့ သွားသောအခါ ကျွန်တော်၏ ရင်ထဲတွင် အတော်ကြီးသော မျှော်လင့်ချက်များဖြင့် ပြည့်လျက် ရှိလေသည်။

“သို့ရာတွင် အယ်လီဆန် မင်းရဲ့ ကျန်တဲ့မော်တော်စက်တွေကို တို့မဝယ် နိုင်တော့ဘူး” ဟူသော ထိုသူ၏ အကြီးဆုံး စက်ဆရာကြီးအသံကို ကြားလိုက်ရ သောအခါ ကျွန်ုပ်၏ မျှော်လင့်ချက်များမှာ လွင့်ပျောက်၍ သွားလေတော့သည်။

ကျွန်ုပ် (အလွန် အံ့အားသင့်လျက်) “ဘာဖြစ်လို့လဲ ဟင် ဘာဖြစ်လို့လဲ” ` စက်ရာကြီး။ “မင့် မော်တော်စက်တွေဟာ သိပ်ပူတာပဲ၊ ငါ့လက်တောင် တင်မထားနိုင်ဘူး”

သူနှင့် ငြင်းနေခြင်းအားဖြင့် အကျိုးမရှိသည်ကို ကျွန်တော် ကောင်းစွာ သိ၏။ ဤကဲ့သို့ငြင်းခုံခြင်းအလုပ်မျိုးကို လုပ်ခဲ့သည်မှာ ကြာမြင့်လှလေပြီ။ ထို့ကြောင့် ဒီလူကြီးကို “အင်း”လိုက်အောင် လုပ်ဦးမှပဲ ဟူ၍ ကျွန်တော် စိတ်ကူးမိ၏။

ကျွန်ုပ်။ “သော် ကျွန်တော့် မော်တော်တွေက ပူလို့လား၊ ဒီလိုပူရင်ဖြင့် ဘယ့်နှယ် ဝယ်လို့ ဖြစ်မလဲ။ “အမျိုးသားလျှပ်စစ်လုပ်သူများ အသင်းကြီး ရဲ့ စည်းမျဉ်းအရ အတည်ပြုထားတဲ့ စံချိန်ထက် ပိုပြီးမပူတဲ့ စက်မျိုးကိုသာ ဝယ်သင့်တာပေါ့၊ မဟုတ်ဘူးလား”

စက်ဆရာကြီး။ “အင်း” သူ့ထံမှ ကျွန်ုပ်သည် “အင်း”တစ်လုံး ရလိုက်လေပြီ။ .

ကျွန်ုပ်။ “မော်တော်စက်ကောင်းတစ်လုံးမှာ အခန်းတွင်းရှိ အပူဒီဂရီ – ထက် ၇၂ ဒီဂရီသာပိုရမယ်လို့ အမျိုးသား လျှပ်စစ်လုပ်သူ များ အသင်းကြီးက ဆိုထားတယ် မဟုတ်လား။ မှန်ပါရဲ့လား ခင်ဗျာ ။

စက်ဆရာကြီး၊ “အင်း၊ သို့ပေမယ့် မင်းမော်တော်စက်တွေက ဒီစံချိန် ထက် အများကြီး ပိုပြီး ပူတယ်ကွ’

ကျွန်ုပ်သည် သူနှင့် ငြင်းချက်မထုတ်ဘဲ “စက်ရုံ အခန်းတွင်းမှာ အပူဒီဂရီ ဘယ်လောက်ရှိပါသလဲ ခင်ဗျာ” ,

စက်ဆရာကြီး။ “၇၅ ဒီဂရီလောက် ရှိတယ်”

ကျွန်ုပ်။ ဒါဖြင့် အခန်းရဲ့ အပူဒီဂရီ ၇၅ မှာ စက်အပူဒီဂရီ ၇၂ ကို ပေါင်းထည့်ရင် အပူဒီဂရီ ၁၄၇ ရတယ် မဟုတ်ပါလား၊ တကယ်လို့အပူဒီဂရီ . ၁၄၇ ရှိနေတဲ့ ရေနွေးထဲ လက်ကိုထည့်လိုက်ရင် လက်ကို အပူလောင်မယ် မဟုတ်ဘူးလား ခင်ဗျာ ။

စက်ဆရာကြီး။ ‘အင်း’

ကျွန်ုပ် ။ ဒါဖြင့် လက်တွေကို ဒီစက်တွေနဲ့ ခပ်ဝေးဝေးထားနိုင်ရင် ` မကောင်းပေဘူးလား ခင်ဗျာ ။

စက်ဆရာကြီး။ “အင်း မင်းပြောတာ ဟုတ်သားပဲ” – ကျွန်ုပ်တို့လည်း မော်တော်စက်များ၏ အကြောင်းနှင့် စပ်လျဉ်း၍ စကားအနည်းငယ် ပြောပြီးသောအခါ စက်ဆရာကြီးသည် သူ၏ စာရေးကြီးကို ခေါ်၍ နောက်လအတွက် ဒေါ်လာ ၃၅,ဝဝဝ ဖိုး မော်တော်စက်များကို မှာရန် အမိန့်ပေးလေသည်။

ငြင်းခုံခြင်းသည် အကျိုးမရှိဟူသော သင်ခန်းစာကို လည်းကောင်း၊ မိမိဘက်ကနေ၍ ကြည့်ခြင်းထက် တစ်ဖက်သားဘက်မှ နေ၍ ကြည့်ပြီးလျှင် တစ်ဖက်သားကို “အင်း” လိုက်အောင် ပြုလုပ်ခြင်းသည် အကျိုးစီးပွား ဖြစ်ရုံသာ မက အလွန်လည်း စိတ်ဝင်စားစရာကောင်းသည်ဟူသော သင်ခန်းစာကိုလည်း

ကောင်း၊ ကျွန်ုပ် မသိရှိရသေးမီက အလုပ်အကိုင် အပေါက်အလမ်းမတည့်သဖြင့် ကျွန်ုပ်၌ ဒေါ်လာပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ အလဟဿ ဖြစ်ခဲ့လေပြီ။

ဆိုကရေးတီးဆိုသူသည် ဖိနပ်မပါဘဲ လမ်းလျှောက်၍ အသက် ၄၀ ကျော်ခါမှ အသက် ၁၉ နှစ်အရွယ် သူငယ်မလေးနှင့် လက်ထပ်ခဲ့သော်လည်း

အေသင်မြို့တော်၏ ပညာရှိတစ်ဆူဖြစ်လေသည်။ ကမ္ဘာ့သမိုင်းတွင်ထင်ပေါ်ခဲ့သော ပုဂ္ဂိုလ်များအနက် လက်တစ်ဆုပ်စာမျှသော သူများသာလျှင် လုပ်နိုင်ခဲ့သည့် အရာ အချို့ကို ဆိုကရေးတီး ကိုယ်တိုင် လုပ်ခဲ့ဖူးလေသည်။ လူတို့၏ အယူအဆများကို သူ့လက်ထက်တွင် အတိအလင်း ပြောင်းပစ်ခဲ့ဖူး၏။ သူ အနိစ္စ ရောက်ပြီးသည်မှာ နှစ်ပေါင်း ၂,၃၀၀ မျှ ကြာရှိပြီ ဖြစ်သော်လည်း ဤမျှ အငြင်းအခုံ ထူထပ်ပေါများသော ကမ္ဘာကြီးထဲတွင် တစ်ဖက်သားကို ကိုယ့်ဘက်သို့ပါအောင် အဆွဲအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးဟူ၍ တစ်ကမ္ဘာလုံးက သူ့ကို အရိုအသေပြုကြရလေသည်။

သူ၏ နည်းကား အဘယ်နည်း။ တစ်ဖက်သားကို မှားသည်ဟု သူ စွပ်စွဲသလား။ မစွပ်စွဲခဲ့ပေ။ ဆိုကရေးတီးသည် ဤအလုပ်မျိုးကို မလုပ်။ ယခုအခါတွင် “ဆိုကရေးတီး၏ နည်း”ဟု အမည်တွင်လျက်ရှိသော သူ့နည်း တစ်ခုလုံးသည် တစ်ဖက်သားကို အင်းလိုက်အောင် လုပ်နည်းအပေါ်တွင် အမှီပြုထားလေသည်။ တစ်ဖက်သားထံမှဝန်ခံချက်နှင့် “အင်း” တွေ တစ်ပုံကြီး ရသည့်တိုင်အောင် သူသည် ကြိုးစား၏။ မိနစ်အနည်းငယ်ခန့်က အပြင်းအထန် ငြင်းဆန်မည့် အချက်တစ်ခုကို တဖြည်းဖြည်း သဘောတူမှန်းမသိ တူလာအောင် မေးခွန်းများကို တစ်ခုပြီး တစ်ခု မေး၏။

နောက်တစ်ကြိမ်တွင်အကယ်၍ တစ်ဖက်သားကို မှားသည်ဟု ဗြောင် ဖွင့်ချချင်သော ဆန္ဒများ ပြင်းထန် လာခဲ့ပါလျှင် ဖိနပ် မပါသော ပညာရှိ ဆိုကရေးတီးကို ပြေး၍ သတိရကြပြီးလျှင် တစ်ဖက်သားအား “အင်း”လိုက်စေချင် သော မေးခွန်းကလေးကို ချိုသာစွာ မေးမြန်းပါလေ။ ။

“ဖြည်းဖြည်းနှင်သောသူသည် ခရီးဝေးကို ပို၍သွားနိုင်၏ “တရုတ်တို့၏ စကားပုံတစ်ခု ရှိလေသည်။ ထိုစကားပုံသည် အလွန်အဖိုးတန်လေစွ။

ဤတရုတ်လူမျိုးတို့သည် လူတို့၏ သဘောတရားကို နှစ်ပေါင်း ငါးထောင်ပတ်လုံး လေ့လာဆည်းပူးခဲ့သူများ ဖြစ်ကြ၏။ ဤမျှ အဖိုးတန်သော စကားပုံတစ်ခု ရရှိခဲ့လေသည်။ ။

“ဖြည်းဖြည်းနှင်သောသူသည် ခရီးဝေးကို ပို၍ သွားနိုင်၏” သော် အဖိုးတန်လေစွ။

အကယ်၍ တစ်ဖက်သားကို သင့်ဘက်သို့ ပါအောင် ဆွဲလိုပါလျှင် ဥပဒေသ အမှတ် ၅ သည် ။

တစ်ဖက်သား အလျင်အမြန် “အင်း” လိုက်အောင် ကြိုးစားပါ။