မိတ္တဗလဋီကာ

အခန်း (၇) တစ်ဖက်သား အကူအညီ ရစေသောနည်း

သင့်ကို အကြံအစည်ပေးသောသူသည် မည်မျှပင် ကြီးကျယ်သောသူဖြစ်စေကာမူ သင်သည် သူတစ်ထူးထံမှ ရရှိသော အကြံအစည်ထက် ကိုယ့်ကိုယ်ပိုင် အကြံ အစည်ကို ပို၍ ယုံကြည်သည် မဟုတ်ပါလော။ ဤစကားမှန်လျှင် သင့်အကြံ အစည် အယူအဆများကို ယုံကြည်ရန် တစ်ဖက်သားအား အတင်းအကျပ် တိုက်တွန်းခြင်းသည် သင်၏ မှားယွင်းခြင်းတစ်ရပ် မဟုတ်တုံလော။ ထို့ကြောင့် အတင်းအကျပ်တိုက်တွန်းမည့်အစား အကြံပေးရုံသာပေး၍ မိမိတို့ဘက်သို့ ရောက်အောင် တစ်ဖက်သားကိုယ်တိုင် တွေးယူစေလျှင် သာ၍ မကောင်းပေ ဘူးလား။

အထက်ပါစကားကို သာဓကတစ်ခုဖြင့် ရှင်းပြပါအံ့။ ဖီလဒယ်ဖီးယား နယ်မှ မစ္စတာအဒေါ့ဆဲ့ဇ်” ဆိုသူ ကျွန်ုပ်၏ တပည့်တစ်ယောက်သည် စိတ် အပျက်ကြီးပျက်၍ ဖရိုဖရဲဖြစ်နေသော မော်တော်ကား ရောင်းသမားတို့အား စိတ်ဓာတ်တက်ကြွလာအောင် ပြောဟောရန် အလုပ်တစ်ခုနှင့် ပက်ပင်းတွေ့လျက် ရှိ၏။ ထို့ကြောင့် မစ္စတာဆဲ့လဇ် သည် အခြားဘာစကားကိုမျှ မပြောသေးဘဲ “ကဲ ခင်ဗျားတို့ကို ကျုပ်ဘာလုပ်ပေးစေချင်သလဲ”ဟု မော်တော်ကား ရောင်းသမား တို့အား ရှေးဦးစွာ မေး၏။ သူတို့လည်း မစ္စတာဆူလဇ်ထံမှ သူတို့အလိုရှိသော အရာများကို တစ်ယောက်စီ ပြောကြ၏။ သူတို့ ပြောသောအချက်များကို မစ္စတာဆဲ့လဇ်သည် ကျောက်သင်ပုန်းကြီးပေါ်တွင် ရေးထား၏။

ထိုနောက်တစ်ဖန် “က် ကျုပ်ဆီက ခင်ဗျားတို့လိုချင်တာကို ပြောပြီးပြီ၊ ဒါတွေကို ကျွန်တော်က ပေးရရင် ခင်ဗျားတို့ဆီက ကျွန်တော် ဘာပြန်ရသင့် သည်ကို ခင်ဗျားတို့ကိုယ်တိုင်ပဲ ပြောပေတော့”ဟု ပြောလိုက်ရာ သစ္စာရှိရမည်။ ရိုးသားရမည်၊ ရှေ့ဆောင်နိုင်ရမည်၊ အကောင်းဘက်ကိုကြည့်နိုင်ရမည်၊ အလုပ် သမားချင်း ညီညွတ်ရမည်။ တစ်နေ့ကို ၈ နာရီကျ စိတ်ပါလက်ပါ အလုပ် လုပ်ရမည် အစရှိသည်ဖြင့် တစ်ယောက်တစ်မျိုးစီ လျင်မြန်စွာဖြေကြသည်။ တစ်ယောက်သောသူက တစ်နေ့လျှင် ၁၄ နာရီအထိ အလုပ်လုပ်ပါမည်ဟူ ၍ ကတိပေး၏။ ထိုအစည်းအဝေးပြီးဆုံးသောအခါ သူတို့သည် စိတ်အားအတော် တက်ကြွလာသောကြောင့် မော်တော်ကားများမှာ ရှေးကထက် တိုး၍ ရောင်းရ သည်ဟု မစ္စတာဆူလဇ် ကိုယ်တိုင်က ကျွန်ုပ်တို့အား ပြောပြဖူးလေသည်။ ဘာလုပ်ရမည်ဟု အခြားသူတစ်ဦးတစ်ယောက်က သြဇာပေးခြင်းကိုလည်း ကောင်း၊ အခြားသူတစ်ဦးဦးကဝယ်ပါဟု တိုက်တွန်းသောကြောင့် ဝယ်ရခြင်းကို လည်းကောင်း မည်သူမျှ မနှစ်သက်ကြချေ။ ကျွန်ုပ်တို့ကိုယ်တိုင် ကြိုက်သော ကြောင့် ဝယ်ယူရခြင်းကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင် သဘောကျ၍ အလုပ် လုပ်ရခြင်းကိုလည်းကောင်း ကျွန်ုပ်တို့သည် ပိုမိုနှစ်ခြိုက်ကြ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆန္ဒများ၊ ကျွန်ုပ်တို့၏ အလိုရှိသော အရာများ၊ ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ထံမှ တစ်ဖက်သားတို့ လာရောက် တောင်းယူခြင်းကို ကျွန်ုပ်တို့သည် နှစ်ခြိုက်ကြ၏။

ယူဂျင် ဝက်ဆန်” ဆိုသူ၏ အတ္ထုပ္ပတ္တိကို ကြည့်ကြစို့။ အထက်ပါစကား မှန်ကြောင်းကို မသိရသေးမီက သူ ရရန်ရှိသည့် ထောင်ပေါင်းများစွာသော ပွဲခတို့ကို လက်လွတ်ခဲ့လေသည်။ ဂိုက်ထုတ်ချင်သောသူများနှင့် အထည်အလိပ် လုပ်သောသူများ အသုံးပြုရန်အတွက် အဆင်ဆန်းများကို လုပ်ပေးရသော အလုပ်ရုံသို့ သူသည် ပုံစံများကို သွင်းရ၏။ နယူးယောက်မြို့ရှိ အဝတ်အစားတွင် ဂိုက်အပေးဆုံးထဲ၌ တစ်ယောက်အပါအဝင်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးထံသို့ တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ သုံးနှစ်တိုင်တိုင် ရောက်ခဲ့၏။ သူရောက်တိုင်း သူ့ကို မတွေ့လိုဟု ထိုသူသည် ဘယ်အခါမျှ မငြင်းဆန်ခဲ့ပေ။ သို့ရာတွင် မည်သည့်အခါမျှလည်း သူ့ထံက မဝယ်လိုက်။ သူ့ပုံစံများကို သေချာစွာ ကြည့်ရှုပြီးလျှင် “ဝက်ဆန်၊ ကနေ့ တို့ စိတ်သဘောချင်း မတိုက်ဆိုင်သေးဘူး” ဟူ၍သာ ပြော၍ လွှတ်လိုက်၏။

အကြိမ်ပေါင်း ၁၅၀ လောက် အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့၏စိတ်ဓာတ်မှာ မလန်းဆန်းတော့ပြီ ဖြစ်ကြောင်း သိရ၏။

ထို့ကြောင့် လူတို့၏ သဘောထားကို နားလည်အောင် သင်ကြားပေးသော အတန်းကို တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ တက်ရောက်ရန်နှင့် အကြံသစ် များကို ရရှိအောင် ကြိုးစားရန် သန္နိဋ္ဌာန်ချလိုက်၏။

မကြာမြင့်မီ ထိုသူ့အပေါ်တွင် နည်းတစ်နည်းကို စမ်းရန် အကြံသစ် ပေါ်လာ၏။ တစ်ပိုင်းတစ်စသာပြီးသေးသော ပုံစံခြောက်ခုကို ကောက်ယူပြီးလျှင် အဆိုပါလူ၏ အလုပ်တိုက်သို့ သွားလေသည်။

ဝက်ဆန်၊ “တတ်နိုင်လျှင် အနည်းငယ်လောက် ကျေးဇူးပြုစေချင်ပါတယ်၊ ဒီပုံစံတွေဟာ တစ်ပိုင်းတစ်စသာ ပြီးပါသေးတယ်၊ ဘယ်လိုအပြီးသတ်လိုက် ရင်ဖြင့် ဆရာ့အကြိုက်ကျမယ်ဆိုတာကို တစ်ဆိတ်လောက် ကျေးဇူးပြုပြီး ပြောစေချင်ပါတယ်” ။

ဝယ်မည့်သူ။ (စကားမပြောသေးဘဲ ပုံစံများကို အတော်ကြာစွာကြည့်ပြီး နောက်) ‘ဝက်ဆန်၊ မင့်ပုံစံတွေကို လေး ငါးရက်လောက် ငါနဲ့ထားခဲ့၊ နောက်တစ်ခါ ငါနဲ့ပြန်ပြီး တွေ့ဦး”

ဝက်ဆန်သည် နောက် သုံးရက်ကြာသောအခါ ထိုလူ့ထံသို့သွားရာ ထိုလူသည် သူ အလိုရှိသော အရာများကို ပြောပြ၏။ ထိုနောက် ထိုပုံစံများကို ပြန်ယူသွားပြီးလျှင် ထိုသူအလိုရှိသည့်အတိုင်း ပုံစံများကို ဆွဲပေးလိုက်၏။ အဲဒီအခါ .ဘာဖြစ်သွားသလဲ။ ပုံစံအားလုံးကို ထိုလူသည် ဝယ်လိုက်၏။

ထိုအဖြစ်အပျက်မှာ ၉ လမျှ ကြာလေပြီ။ ထိုအခါမှစ၍ ထိုလူသည် မစ္စတာဝက်ဆန်ထံမှ မိမိစိတ်ကြိုက်အတိုင်းရေးဆွဲသော ပုံစံပေါင်းမြောက်မြား စွာကို မှာယူသည်ဖြစ်ရာ ယခုအချိန်အထိ ထိုပုံစံများမှ မစ္စတာဝက်ဆန်သည် ဒေါ်လာငွေ တစ်ထောင့်ခြောက်ရာထက်မနည်း ရပြီဖြစ်လေသည်။ ။

မစ္စတာ ဝက်ဆန်ကိုယ်တိုင် အောက်ပါအတိုင်းကျွန်ုပ်တို့ကို ပြန်ပြောဖူး လေသည်။

ဒီလူထံမှာ ပုံစံများကို ဘာဖြစ်လို့ အစက ရောင်းမထွက်သလဲဆိုတာ ယခုမှ ကျွန်ုပ် ကောင်းစွာ သိရပါသည်။ အကြောင်းမှာ အခြား မဟုတ်ပါ။ ကျွန်ုပ် သဘောကျသည့်အရာကို သူ့အား အတင်း အဝယ် ခိုင်းခြင်းကြောင့် ဖြစ်ပါသည်။ ယခုမှာမူကား ဤနည်းနှင့် ဆန့်ကျင်ဘက်ဖြစ်သောနည်းကိုသာ အသုံးပြုပါသည်။ ရှေးဦးစွာ သူ့ထံသို့ သွား၍ သူ၏ ဆန္ဒကို ကျွန်ုပ်အား

ပြောပြရန် တိုက်တွန်းပါသည်။ ထိုသို့ပြုလုပ်သဖြင့် ထိုပုံစံများသည် သူကိုယ်တိုင် ဖန်တီးရသော ပုံစံများဖြစ်သည်ဟု သူသည် အယူ ရှိနေပါသည်။ ထို့ကြောင့် ယခုအခါ ကျွန်ုပ်က သူ့ကို အထူး ရောင်းနေရန် မလိုတော့ပါ။ သူကိုယ်တိုင် က ဝယ်လျက်ရှိပါပြီ။ ။

အမေရိကန်သမ္မတ သီအိုဒိုး ရုစဗဲ့သည် နယူးယောက်မြို့ အုပ်ချုပ်သူ ဘဝက အတော် မှတ်သားလောက်သော ကိစ္စများကို လုပ်ခဲ့ဖူး၏။ နိုင်ငံရေးတွင် အရာရောက်သောသူများ အလွန်အမင်း မနှစ်သက်သောဥပဒေများကိုပြုလုပ်ခဲ့ သော်လည်း ထိုလူများနှင့်လည်း သင့်အောင် ပေါင်းလျက် ရှိ၏။

ထိုကဲ့သို့ဖြစ်အောင် အောက်ပါအတိုင်း ပြုလုပ်ခဲ့လေသည်။

အရေးကြီးသော ရာထူးတစ်ခု လစ်လပ်လျက်ရှိသောအခါ အဆိုပါ နိုင်ငံရေးတွင် အရာရောက်သော လူကြီးများကို ဖိတ်ခေါ်ပြီးနောက် ထိုရာထူး အတွက် သူတို့ သဘောကျသောလူ တစ်ယောက်ယောက်ကို ထောက်ခံကြပါဟု တောင်းပန်၏။

ထိုနောက် ရုစဗဲ့သည် အောက်ပါအတိုင်းပြုလုပ်လေသည်။ • ထိုလူကြီးများရှေးဦးစွာ ထောက်ခံသောလူသည် ဆင်းရဲနွမ်းပါးနေသဖြင့် ကြည့်ရှုထားရမည်ဖြစ်သော သူတို့ဂိုဏ်းသားတစ်ဦးပင် ဖြစ်လေသည်။ ထိုအခါ “ဒီလူမျိုးကို ခန့်လျှင် နည်းလမ်းမကျ၍ မြို့သူမြို့သားများက ကြိုက်မှာ မဟုတ်ဘူး” ဟု ကျွန်ုပ်က ပြောလေသည်။

ထိုအခါ လူကြီးများသည် သူတို့ဂိုဏ်းသားဖြစ်သော အခြားလူတစ်ဦးကို ထောက်ခံကြပြန်သည်။ ထိုလူသည် ရာထူးတစ်ခုခု ရရန်အတွက် အမြဲကြိုးစား နေသောသူဖြစ်၍ သူ့အပေါ်တွင်အပြစ်လည်း များများပြစရာမရှိ။ ချီးမွမ်းစရာ စွမ်းရည်သတ္တိများလည်း များများ မရှိချေ။ ထိုအခါ ထိုလူသည် မြို့သူမြို့သားများ မျှော်လင့်လျက်ရှိသော အရည်အချင်းနှင့် ကောင်းစွာ မပြည့်စုံသေးသောကြောင့် ထိုသူ့ထက်သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို ရှာနိုင်လျှင် ရှာပါဦးဟု ကျွန်ုပ်က ပြောပြန်သည်။

တတိယအကြိမ် သူတို့ထောက်ခံသောသူမှာ သင့်သည်ဟု ဆိုရုံသာ ရှိပေသည်။ သို့ရာတွင် ကျေနပ်စရာ မရှိသေး။

ကျွန်ုပ်သည် ဟိုလူကြီးများအား ဤကဲ့သို့ ဒုက္ခခံ၍ ကူညီချင်သောကြောင့် ကျေးဇူးတင်ရှိကြောင်း၊ တတ်နိုင်ပါလျှင် အသင့်တော်ဆုံးလူကို စတုတ္ထအကြိမ် ထပ်၍ ရှာပေးပါဦးဟု တောင်းပန်လေသည်။ စတုတ္ထအကြိမ်တွင်- သူတို့ ထောက်ခံသောသူမှာ ကျွန်ုပ်လက်ခံနိုင်သောသူဖြစ်လေပြီ။ ကျွန်ုပ်ကိုယ်တိုင် ရွေးရလျှင်လည်း ထိုလူမျိုးကိုပင် ရွေးချယ်မည်ဖြစ်၏။ သူတို့၏ ကူညီခြင်း အတွက် ကျေးဇူးတင်ကြောင်းကို ထိုလူကြီးများအား ပြောပြပြီးလျှင် သူတို့ ထောက်ခံသောလူကို ကျွန်ုပ်ခန့်လိုက်၏။ သို့ရာတွင် ဤလူကိုခန့်သည့်အတွက် ဂုဏ်ယူစရာ ရှိသရွေ့ကို ထိုလူကြီးများအား ယူစေ၏။ ထို့နောက် ထိုလူကို . ခန့်ခြင်းသည် လူကြီးများအလိုရှိသော ကိစ္စကို ဆောင်ရွက်ချင်သောကြောင့် ခန့်ရခြင်း ဖြစ်သဖြင့် ကျွန်ုပ် အလိုရှိသော ကိစ္စများတွင်လည်း လူကြီးများက ဝိုင်းဝန်း၍ ကူညီစေချင်ကြောင်းကို ပြောပြလေသည်။

လူကြီးများသည် ရုစဗဲ့ ပြောသည့်အတိုင်းကူညီ၏။ မည်ကဲ့သို့ ကူညီ သနည်းဆိုသော် နိုင်ငံ့ဝန်ထမ်းများ ဥပဒေကြမ်းနှင့် မဲပေးခွန် ဥပဒေကြမ်း . စသည်တို့ကိုပင် သူတို့သည် ဝိုင်း၍ ထောက်ခံကြ၏။

ရုစဗဲ့သည် တစ်ဖက်သား၏ အကြံဉာဏ်ကို ရရှိရန်အတွက် မည်မျှကြိုးစားပုံနှင့် တစ်ဖက်သား၏ အကြံဉာဏ်ကို မည်မျှ ရိုသေပုံကို . ကောင်းစွာ မှတ်သားထားပါ။ အရေးကြီးသောရာထူးတစ်ခုအတွက် ခန့်ထားရန် လိုသောအခါ ခန့်ထားခြင်းခံရသောသူမှာ လူကြီးများ ရွေးချယ်သောသူ ဖြစ်သည်။ အကြံဉာဏ်မှာလည်း လူကြီးများ၏ အကြံဉာဏ်ဖြစ်သည်ဟု ထိုလူကြီးများကို အထင်ရောက်စေ၏။

စကော့လူမျိုးတစ်ဦးနှင့် သူ၏ မိန်းမကို မော်တော်ကားတစ်စင်းရောင်းရန်အတွက် လောင်းအိုင်လန်အရပ်ရှိ မော်တော်ကားရောင်းသမားတစ်ဦးသည် ဤနည်းကိုပင် အသုံးပြုခဲ့ဖူးလေသည်။ ကားရောင်းသမားသည် စကော့လူမျိုးကို ကားတစ်စီး ပြီးလျှင် တစ်စင်း ပြသလျက် ရှိပေသည်။ သို့ရာတွင် ဒီကားနဲ့ မတော်ပါဘူး၊ ဟိုကားကတော့ ညံ့နေသည်၊ ဒီဟာကျတော့ ဈေးများနေသည် အစရှိသဖြင့် အမျိုးမျိုးငြင်းလျက်ရှိလေသည်။ ပြသော မော်တော်ကားတိုင်းကိုမူကား ဈေးများသည်ဟု အမြဲပြောလေ့ရှိ၏။ များမကြာမီ ထိုကားရောင်းသမားသည် ကျွန်ုပ်၏ ထံတွင် ပေါင်းသင်းဆက်ဆံနည်းကို လာရောက်သင်ကြားပြီးလျှင် အထက်ပါ ကိစ္စနှင့် စပ်လျဉ်း၍ သူ့ကို ကူညီရန် အကူအညီတောင်းလေသည်။

ထိုအခါ ထိုလူ့ထံသို့သွား၍ မော်တော်ကားမရောင်းဘဲ ထိုလူကိုယ်တိုင်က ဝယ်ချင်လာအောင် လုပ်ရန် ကျွန်ုပ်တို့သည် သူ့ကို အကြံပေးလိုက်၏။ ထိုလူအား ဘာလုပ်ရမည်ကို ပြောမည့်အစား ထိုလူက သင့်ကို ဘာလုပ်ရမည်ဟု ပြောစေလျှင် မကောင်းပေဘူးလားဟူ၍လည်း ကျွန်ုပ်တို့က ပြောလိုက်၏။ ထို့ပြင်လည်း ကားနှင့်စပ်လျဉ်းသော အကြံမှာ ရောင်းသူ၏ အကြံမဟုတ်ဘဲ သူ အကြံသာ ဖြစ်သည်ဟု အထင် ရောက်အောင် လုပ်ပေးရန်လည်း မှာလိုက်သေး၏။

ဤအကြံမှာ ကောင်းဟန် လက္ခဏာ ရှိ၏။ ထို့ကြောင့် အထက်ပါ မော်တော်တော်ကား ရောင်းသမားသည် ရက်အနည်းငယ် ကြာသောအခါ ကျွန်ုပ်တို့၏ နည်းကို စမ်းသပ်ကြည့်ရန် အခွင့်ကောင်း တစ်ခု ရရှိ၏။ ထိုနေ့တွင် ဖောက်သည်တစ်ဦးသည် သူ၏ ကားဟောင်းကို ပြန်သွင်းပြီးလျှင် ဆိုင်မှ ကားသစ်တစ်စီးကို ထုတ်ယူရန် ရောက်လာ၏။ ထိုကားဟောင်းကို ထိုလူသည် ကြိုက်နိုင်လိမ့်မည်ဟု အထင်ရှိသဖြင့် အားလပ်ပါလျှင် မော်တော်ကား ဆိုင်သို့ အထူးချီးမြှင့်သော အနေဖြင့် ကြွရောက်ပြီးလျှင် အကြံအနည်းငယ် ပေးပါရန် ထိုလူ့ထံသို့ မော်တော်ကား ရောင်းသမားသည် စကားပြော ကြေးနန်းဖြင့် ပြောလိုက်၏။

ထိုလူ ရောက်လာသောအခါ “ခင်ဗျားကတော့ အဝယ်အခြမ်းမှာ အင်မတန် တော်လို့ တိုင်ပင်ရဦးမှာပဲ၊ ဒီကားကိုကြည့်စမ်းပါ၊ ကားအသစ်နဲ့ လဲတဲ့အတွက် သူ့ကို တန်ဖိုးဘယ်လောက်ထားရရင် ကောင်းမလဲလို့”

ထိုလူ၏ တစ်ကိုယ်လုံးမှာ ရွှင်မြူးလျက်ရှိလေသည်။ နောက်ဆုံး၌ သူ၏ အစွမ်းကို အသိအမှတ်ပြုကာ သူ့ထံမှ အကြံကိုပင် တောင်းယူရသည်ဟူ၍ အထင်ကြီးလျက် ရှိ၏။ ထို့ကြောင့် မော်တော်ကားကို ဂျမေကာ” မှ ဖောရက်ဟီး) အထိ သူကိုယ်တိုင် အစမ်းမောင်းကြည့်၏။ ပြန်လာသောအခါ

”မိတ်ဆွေ၊ ခင်ဗျား ဒီကားကို သုံးရာနဲ့ရရင် ယူသာထားလိုက်၊ ပွတာပဲ” ဟု ထိုသူက ပြော၏။

“ဒီဈေးနဲ့ရရင် ခင်ဗျားကော ဝယ်မလား”ဟု မော်တော်ကားရောင်းသူက ပြန်၍မေးရာ “သုံးရာလား၊ အစစ်ပေါ့”ဟု ပြန်ပြောပြီးလျှင် မော်တော်ကားကို ချက်ချင်း ဝယ်သွားလေသည်။

ဓာတ်မှန် ”လုပ်သောသူတစ်ဦးကလည်း သူ၏ ဓာတ်မှန်ကို ဘရုကလင်” အရပ်ရှိ အကြီးဆုံးသော ဆေးရုံကြီးတစ်ရုံသို့ ရောင်းရန်အတွက် အထက်ပါ နည်းကိုပင် အသုံးပြုခဲ့လေသည်။ ထိုဆေးရုံကြီးထဲတွင် ဌာနအသစ်တစ်ခုကို ထပ်၍ ပြီးလျှင် ထိုဌာနကို အမေရိကန်ပြည်ရှိ ဓာတ်မှန်ဌာနများထဲတွင် အကောင်းဆုံးဌာနတစ်ခုဖြစ်ရန် ကြိုးစားလျက်ရှိ၏။ ထိုဌာနကို ကြီးကြပ်၍ စီမံရသူမှာ ဒေါက်တာ အယ် ” ဖြစ်လေသည်။ ထိုဆရာဝန်၏ အလုပ်ခန်းထဲတွင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်လျက်ရှိသော ဓာတ်မှန်ရောင်းသမားတို့သည် ခြေချင်း လိမ်လျက် ရှိလေသည်။ ။

| ဓာတ်မှန် လုပ်သောသူ တစ်ဦးမှာမူကား အခြားသူများထက် ပို၍ အရောင်း ကျင်လျင် လေသည်။ သူသည် အခြားသူများထက် လူ့သဘောကို ၊ ပို၍ နားလည်လေသည်။ ထို့ကြောင့်အောက်ပါစာကဲ့သို့ အဓိပ္ပာယ်သက်ရောက် သော စာတစ်စောင်ကို ရေးသားလိုက်၏။

ကျွန်တော်တို့၏ အလုပ်ရုံတွင်ဓာတ်မှန်တစ်မျိုးကို မကြာမီက စမ်းသပ် လုပ်ကိုင်၍ ပြီးစီးခဲ့ပါပြီ။ ထိုဓာတ်မှန်များ၏ ပထမ အဆိုင်းသည် ယခုပင် ရောက်ရှိလာပါသည်။ ထိုဓာတ်မှန်များသည် ပြုပြင်ရန် လိုပါ သေးသည်။ ဒီအကြောင်းကို ကျွန်တော်တို့လည်း ကောင်းစွာသိရှိသော ကြောင့် ထပ်မံပြုပြင်ချင်ပါ သေးသည်။ ထို့ကြောင့် အချိန်အားလပ်ခွင့် ရရှိပါက ကျွန်တော်များထံသို့လာရောက်ပြီးလျှင် ထိုဓာတ်မှန်များကို ကိုယ်တိုင်စမ်းသပ်၍ ဆရာတို့ လူနာကုသသည့်ဘက်တွင် ပိုမိုအသုံး

ဝင်လာအောင် မည်သည့်နည်းဖြင့် ထပ်မံပြုပြင်ရမည်ကို အကြံပေးစေချင် ပါသည်။ ဆရာသည် ယခုအခါတွင် များစွာ အလုပ်ရှုပ် နေမည်ကို သိပါသဖြင့် ဆရာအားလပ်သော မည်သည့်အချိန်၌မဆို အကြောင်းကြား ပါလျှင် ကျွန်တော်၏ မော်တော်ကားကို ဝမ်းမြောက်စွာနှင့် လွှတ်လိုက် ပါမည် ခင်ဗျား။

ကျွန်ုပ်၏ အတန်းထဲတွင် ဒေါက်တာအယ်သည် အောက်ပါအတိုင်း ပြန်ပြောလေသည်။ ။

အဆိုပါစာကို ရသောအခါ ကျွန်ုပ်သည် အံ့အားသင့်သွားလေသည်။ အံ့အားသင့်ရုံသာမက အတော်လည်း ဘဝင်မြင့်မိ၏။ မည်သည့် ဓာတ်မှန် လုပ်သောသူကမျှ ရှေးအခါက ကျွန်ုပ်ကို ဤသို့ မတိုင်ပင်ဖူးချေ။ ထို့ကြောင့် ဤသို့ အကြံဉာဏ် တောင်းစာကို ရသောအခါ သွေးကြီး မိလေသည်။ ထိုအချိန်အခါက ကျွန်ုပ်၌ အမြဲတမ်းအလုပ်ရှုပ်လျက်ရှိသော်လည်း ထိုဓာတ်မှန်ကို ကြည့်ရန်အတွက် ညစာစားပွဲတစ်ခုကိုပင် ဖျက်လိုက်ရလေသည်။ ထိုဓာတ်မှန်ကို – နီးနီးကပ်ကပ် ကြည့်ရလေ သဘောကျလာလေလေ ဖြစ်၏။

ထိုဓာတ်မှန်ကို မည်သူကမျှ ကျွန်ုပ်ထံတွင် ရောင်းရန် မကြိုးစားချေ။ ထိုဓာတ်မှန်ကို ဆေးရုံအတွက် ဝယ်မည်ဟူသောအကြံအစည်သည် ကျွန်ုပ်၏ အကြံအစည်ပင်ဖြစ်သည်ဟု ကျွန်ုပ်အထင်ရောက်၏။ ထိုဓာတ်မှန်၏ ထူးကဲ ကောင်းမွန်ခြင်းကို သဘောကျပြီးသဖြင့် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်ပင် ပြန်ရောင်း ပြီးလျှင် ဆေးရုံအတွက် ဝယ်ယူလိုက်လေသည်။

ဝုဒရိုး ဂီလဆင်သည် အမေရိကန်ပြည်၏ သမ္မတဖြစ်စဉ်က ကာနယ်အက်ဒွပ် အမ်ဟောက်” ဆိုသူသည် တိုင်းပြည်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးတွင် အတော်သြဇာ လွှမ်းမိုးသူတစ်ယောက် ဖြစ်လေသည်။ ဝီလဆင်သည် အကြံဉာဏ်များအတွက် သူ၏ အစိုးရအဖွဲ့ဝင်များထက် ကာနယ် ဟောက် အပေါ်တွင် မှီခိုအားထား လေသည်။

ဤကဲ့သို့ သမ္မတတစ်ယောက်လုံးအပေါ်တွင် သြဇာညောင်းကာ ကာနယ် ဟောက်သည် မည်သည့်နည်းကိုအသုံးပြုပါသနည်း။ ကံကောင်း ထောက်မသော

ကြောင့် ထိုနည်းကို ကျွန်ုပ်တို့သိရှိရလေသည်။ အဘယ့်ကြောင့် ဆိုသော် ထိုနည်းကို ကာနယ် ဟောက် ကိုယ်တိုင် အာသာ ဒီ ဟောင်ဒင် ဆမစ်”ကို ပြောပြဖူး၍ ဆမစ်က ထိုအကြောင်းကို “စနေနေ့ညနေ သတင်းစာထဲတွင် ထုတ်ဖော် ရေးသားဖူးသောကြောင့်ပင် ဖြစ်လေသည်။

ကာနယ် ဟောက်က အောက်ပါအတိုင်းပြောခဲ့ဖူးလေသည်။

သမ္မတမင်းနှင့် သိကျွမ်းပြီးနောက် သူ့အား ကိစ္စတစ်ခုကို ဆောင်ရွက်စေ ချင်လျှင် အကောင်းဆုံးသောနည်းသည် ထိုကိစ္စကို သူ့စိတ်ထဲတွင် စိတ်ကူးမိ အောင် အမှတ်တမဲ့ သူရှေ့တွင် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်ဟု ကျွန်ုပ် သိရှိရလေသည်။ ဤအကြောင်းကို ကျွန်ုပ်သည် အမှတ်တမဲ့ တွေ့ရှိရ၏။ ကျွန်ုပ်သည် သမ္မတအိမ်တော်သို့သွား၍ အစိုးရဝါဒတစ်ခုကို ဆောင်ရွက်ရန် တိုက်တွန်း၏။ သို့ရာတွင် သမ္မတသည် ထိုဝါဒကို သဘောကျဟန် လက္ခဏာ မရှိချေ။ သို့ရာတွင် ရက်ပေါင်း အတော် ကြာသောအခါ ညစာ ထမင်းကို ဝိုင်း၍စားလျက်ရှိစဉ် ကျွန်ုပ်ပြောဖူးသော ဝါဒကို သူကိုယ်တိုင်စဉ်းစားမိသော ဝါဒကဲ့သို့ ထုတ်ဖော်ပြောဆိုသည်ကို တွေ့ရ၏။

. ထိုအခါ ကာနယ်ဟောက်က “သမ္မတကြီး၊ ဒီအတွေးဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်အတွေး မဟုတ်ဘူး၊ ကျွန်တော့်အတွေးပဲ”ဟူ၍ ကြားဖြတ်ပြောသလား၊ မပြောဘူး။ ကာနယ်ဟောက်သည် အထူးပါးနပ်ပြီးသား ဖြစ်လေသည်။ သူသည် ပကာသနကို ဂရုစိုက်သောသူမဟုတ်။ အလုပ်ပြီးသဖြင့် အကျိုးရှိခြင်းကို သာ အာရုံပြုသူတစ်ဦးဖြစ်၏။ ထို့ကြောင့် ဝီလဆင်အား ထိုအတွေးများသည် သူ့ကိုယ်ပိုင်အတွေးများဖြစ်သည်ဟု အထင်ရောက်အောင် ကာနယ်ဟောက်က လုပ်ပေးလျက်ရှိ၏။ ထိုမျှ မကသေး။ ထိုအတွေးအခေါ်များနှင့် စပ်လျဉ်း၍ ဝီလဆင်ကို ပရိသတ်အလယ်တွင် သူကိုယ်တိုင်ချီးကျူးခဲ့သေး၏။ . “

မနက်ဖြန် ကျွန်ုပ်တို့နှင့်ဆက်ဆံရမည့် လူများသည် ဗုဒရိုး ဝီလဆင်ကဲ့သို့ ပင့် ပုထုဇဉ်များဖြစ်ကြကြောင်းကို ကျွန်ုပ်တို့ ဂရုပြုကြစို့။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကာနယ်ဟောက်၏ နည်းကိုပင် အသုံးပြုကြစို့။

နယူးဘရန်းစစ်” မြို့တွင်နေသော လူတစ်ဦးသည် ကျွန်ုပ်အပေါ်တွင် ‘ `ဤနည်းကို အသုံးပြုခဲ့သဖြင့် ကျွန်ုပ်၏ အကူအညီကိုရသွားဖူး၏။ ထိုအချိန် အခါက နယူးဘရန်းစစ်မြို့တွင် လှေလှော်ငါးဖမ်းရန် ကျွန်ုပ်သည် စီစဉ်လျက် ရှိလေသည်။ ထို့ကြောင့် ခရီးသည်များ စောင့်ရှောက်ရေးအဖွဲ့ သို့ လိုအပ်သော သတင်းများကို စာရေး၍ တောင်းလိုက်၏။ ထိုအဖွဲ့သည် ကျွန်ုပ်၏ နာမည် ကို ခရီးသည်များ၏ စာရင်းတွင် ကြေညာလိုက်ဟန် လက္ခဏာရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် စာရေးပြီး၍ များမကြာမီ စာတွေ စာအုပ်ကလေးတွေ ခရီးသည်လမ်းပြများထံမှ သက်သေခံစာတွေ တစ်ပုံကြီး ကျွန်တော့်ထံသို့ ရောက်လာ၏။ ထိုအရာများကိုမြင်ရသောအခါ ကျွန်ုပ်သည် အတော်ချောက်ချား သွားပါသည်။ များလွန်း၍ မည်သည့်နေရာတွင် တည်းခိုပြီးလျှင် မည်သူ နှင့် ဆက်သွယ်ရမည်ကို မရွေးတတ်သလောက် ရှိနေ၏။ ထိုအခါ တည်းအိမ်ပိုင်ရှင် တစ်ယောက်သည် အလွန်ပါးနပ်သောအချက်တစ်ခုကို ဆောင်ရွက်လေသည်။ နယူးယောက်မြို့ရှိ သူ့ထံတွင် တည်းခိုဖူးသော သူများ၏ တယ်လီဖုန်း အမှတ်များကို သူသည် ကျွန်ုပ်ထံသို့ ပို့ပြီးလျှင် ထိုသူများထံမှ သူ့အကြောင်းကို ကျွန်ုပ် ကိုယ်တိုင် စုံစမ်းခိုင်း၏။

သူပေးသောစာရင်းထဲတွင် ကျွန်ုပ် သိသောသူ တစ်ယောက်၏အမည် ပါလာ၏။ ထို့ကြောင့် ထိုသူ့ထံသို့ စကားပြောကြေးနန်းနှင့် ဆက်၍ မေးပြီးလျှင် တည်းခိုသောအိမ်ပိုင်ရှင်သို့ ကျွန်ုပ်ရောက်မည့်နေ့ကို သံကြိုးရိုက် လိုက်၏။

အခြားလူများသည် သူတို့၏ အကူအညီကို ကျွန်ုပ်အား ထိုး၍ပေးရန် . ကြိုးစားကြ၏။ ထိုလူတစ်ယောက်တည်းကသာ သူ့အကူအညီကို ကျွန်ုပ် ကိုယ်တိုင် လက်ခံစေသောအားဖြင့် သူပင်လျှင် အနိုင်ရသွားလေသည်။

ထို့ကြောင့် တစ်ဖက်သားကို သင့်ဖက်ပါအောင် ဆွဲချင်လျှင် ဥပဒေသ အမှတ် ၇ သည် – တစ်ဖက်သားအား ပေးအပ်သောအကြံသည် သူ၏ အကြံသာဖြစ်သည်ဟု အထင်ရောက်နေပါစေ။