အခန်း ၄ သြဇာပေးခြင်းကို မည်သူမျှ မခံချင်
ကျွန်ုပ်သည် များမကြာမီက အမေရိကန် အတ္ထုပ္ပတ္တိရေး ဆရာများ၏ ပါရဂူ ဖြစ်သော မစ္စ အိုင်ဒါ တာဘဲနှင့်အတူ ညစာထမင်းစားခဲ့၏။ ယခုစာအုပ်ကို ရေးနေသည့်အကြောင်း ကျွန်ုပ်က သူ့ကို ပြောပြရာမှ လူတို့နှင့် ပေါင်းသင်း ဆက်ဆံရေးအကြောင်းကို စတင်ဆွေးနွေးကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် အိုဝင် ဒီ ယန်း ဆိုသူ၏ အတ္ထုပ္ပတ္တိကို ရေးရန်အတွက် အိုဝင့် ဒီ ယန်းနှင့် သုံးနှစ်တိုင်တိုင် တစ်ခန်းတည်း အလုပ်လုပ်ဖူးသူတစ်ဦးထံ အိုဝင် ဒီ ယန်း၏ အကြောင်းကို စုံစမ်းသောအခါ – အောက်ပါအတိုင်း သူ ကြားသိခဲ့ရသည်ဟု ကျွန်ုပ်အား ပြောပြပါသည်။ အိုဝင်ဒီယန်းသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ တိုက်ရိုက်ဩဇာပေးခဲ့သည်ကို သုံးနှစ်လုံးလုံး တစ်ခါဖူးမျှ မကြားခဲ့ဘူးချေ ဟူ၍ ထိုလူက ပြောပြ၏။ ယန်းသည် ဩဇာကို ဘယ်အခါမျှ မပေး၊ အကြံဉာဏ်များကိုသာ ပေးလေ့ရှိသည်။ ဥဒါဟရုဏ်၊ “ဒါလုပ်လိုက်၊ ဟိုဟာလုပ်လိုက်” “ဒါမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့” အစရှိသည်ဖြင့် မည်သည့်အခါမျှ မပြော၊ “ဒါကို မင်းကိုယ်တိုင်စဉ်းစားကြည့်လေ၊ ဘယ့်နှယ်လဲဟေ့၊ ဒီလို ဆိုရင် ဖြစ်ပါ့မလား” စသော စကားမျိုးကိုသာ ပြောပြလေ့ရှိ၏။ သူ ကိုယ်တိုင် စာတစ်စောင်ကို ရေးပြီးသောအခါ သူ့လက်ထောက်များကို ခေါ်၍ “ဒီစာကို မင်းတို့ ဘယ့်နှယ် သဘောရသလဲ”ဟူ၍ မကြာခဏ မေးလေ့ ရှိ၏။ သူ၏ လက်ထောက်ရေးထားသော စာတစ်စောင်ကို ဖတ်ပြီးသောအခါ “ဒီအကြောင်းကို ဒီလိုပြင်ပြီး ရေးလိုက်ရရင် ပိုပြီး ကောင်းလာမလား” ဟူ၍သာ ပြောလေ့ ရှိ၏။ သူသည် တစ်ဖက်သားကို သူတို့ကိုယ်တိုင် အလုပ်လုပ်နိုင်ရန် အခွင့် “
ကောင်းများကို အစဉ်ပေးခဲ့လေသည်။ သူ၏ လက်ထောက်များကို ဘာလုပ်လိုက် . ညာလုပ်လိုက် အစရှိသည်ဖြင့် အဘယ်အခါမျှမပြော၊ သူတို့မှန်သည်ထင်သလို – အလုပ်ကို လုပ်စေ၍ သူတို့ကိုယ်တိုင် တွေ့ရသောအမှားများ နည်းမှန်လမ်းမှန်ကို ကိုယ်တိုင် သင်ယူစေလေသည်။ ။
ဤနည်းမျိုးကိုသုံးသောအခါ တစ်ဖက်သားသည် မိမိ၏ အမှားကိုပြင်ရန် ဝန်လေးတော့မည် မဟုတ်ပေ။ ဤနည်းမျိုးကို သုံးသောအခါ တစ်ဖက်သား ၏ မာနကိုလည်း ချိုးနှိမ်ရာမရောက်သည့်အပြင် သူ့ကိုယ်တိုင်ပင် သူ အထင်ကြီးအောင် လုပ်ပေးရာရောက်လေသည်။ ဤနည်းကိုသုံးခြင်းဖြင့် တစ်ဖက်သားသည် သင့်ကို ကလန်ကဆန် လုပ်မည့်အစား အကူအညီပေးမည် ဖြစ်၏။ ” – တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုပါလျှင် ဥပဒေသ အမှတ် ၄ သည် တိုက်ရိုက်ဩဇာပေးမည့်အစား လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်း များကို မေးပါ။