အခန်း ၃ . ဤနည်းကို လုပ်ပါ၊ ချမ်းသာခြင်းနှင့် တွေ့ပါလိမ့်မည်
ဒစ်ဇရေလီနှင့် လက်စတုန်” တို့သည် နိုင်ငံရေးနှင့် သက်ဆိုင်လျှင် ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်ကြသော်လည်း အိမ်ထောင်ရေးတွင် ကိုယ်စိတ် နှစ်ဖြာ ချမ်းသာရာရခြင်းမှာမူကား အတူတူပင် ဖြစ်ကြ၏။
အင်္ဂလန်ပြည်၏ အခန့်ငြားဆုံးသော နန်းရင်းဝန်ကြီး ဂလက်စတုန်သည် နန်းရင်းဝန်ကြီးကတော်၏ လက်ကို ကိုင်ကာ
”တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ၊ ရွှေဘုံပေါ်မှာ စံရ၊ ချစ်တာ ချစ်တာ ပဓာနရယ်လို့ ဆိုချင်ပါတယ် မောင်ရယ်”
ဟူသော သီချင်းကို သီဆိုလျက် ခန်းလုံးပြည့် ကော်ဇော်ကြီးပေါ်တွင် ဝိုင်း၍ ကနေသည်ကို ကျွန်ုပ်သည် မြင်စမ်းချင်လှ၏။
နိုင်ငံရေးနှင့် သက်ဆိုင်လျှင် တစ်ဖက်သား၏ဘေးကို ပိသာလေးနှင့် ပစ်သလို နာအောင် ပြောတတ်သော ဂလက်စတုန်သည် အိမ်မှာမူကား မည်သည့်အခါမျှ ကြိမ်းမောင်းခြင်း အပြစ်ဆိုခြင်း မပြုချေ။ အလုပ် သွားချိန် နီး၍ နံနက်စာစားရန် ထမင်းစားခန်းတွင်းသို့ ဝင်လာသောအခါ သူ၏ သား မယားတို့မှာ အိပ်တုန်းပင် ရှိသေးသည်ကို တွေ့ရလျှင် ဆူပူကြိမ်းမောင်းခြင်း မလုပ်ဘဲ “အင်္ဂလန်ပြည်၏ အလုပ်အရှုပ်ဆုံးသော လူကြီးမှာ သူ၏ အိမ်သား တွေ မနိုးသုံးလို့ ထမင်းစားရန် စောင့်နေပါတယ်” ဟူသော အဓိပ္ပာယ်မျိုး ပါသည့် သီချင်းကို ကျယ်လောင်စွာ ဆိုလေသည်။ သူ၏ အိမ်သားများအပေါ် တွင် ဤရွေ့ဤမျှ ညှာတာထောက်ထားလေသည်။
‘ ရုရှားပြည်၏ ကက်သရင်း ဘုရင်မကြီး” သည် တိုင်းပြည်အုပ်ချုပ်ရာ တွင် အလွန်ရက်စက်ကြမ်းကြုတ်၏။ သတ်စရာရှိလျှင် မညှာမတာ သတ်၏။ “သို့ရာတွင် စားတော်ကဲ ချက်ပေးသမျှကို ချဉ်ချဉ်တူးတူး ဆူပူခြင်း မရှိဘဲ ကျေနပ်စွာ စားတော်ခေါ်လေသည်။ ဤနည်းကို လင်လုပ်သူတို့ အထူး အတုခိုးသင့်ကြပေသည်။ ။
အိမ်ထောင်ရေးတွင် ပါရဂူ တစ်ဆူဖြစ်သည်ဟု အမေရိကန်တစ်ပြည် လုံး၏ အသိအမှတ်ပြုခြင်း ခံရသော ဒေါ်ရသီ ဒစ် က အိမ်ထောင်ဖက်များ သည် တစ်ရာလျှင် ငါးဆယ်လောက် စိတ်မချမ်းမသာဖြစ်ရခြင်းအကြောင်းမှာ အခြားကြောင့် မဟုတ်။ တစ်ဦးကို တစ်ဦး ဆူပူကြိမ်းမောင်းခြင်းကြောင့်ပင် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုဖူးလေသည်။
ထို့ကြောင့် အကြင် လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ လိုကြပါလျှင် ဥပဒေသ အမှတ် ၃ သည် ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်။
လင်နှင့် မယားကိုသာလျှင် တစ်ဦးကို တစ်ဦး ကြိမ်းမောင်းခြင်းမပြုရ | ဟု မဆိုလိုချေ။ သားသမီးများကိုလည်း ဆူပူ ကြိမ်းမောင်းခြင်း မပြုပါနှင့်။
သားသမီးများကို ဆူပူ ကြိမ်းမောင်းချင်လျှင် အောက်ပါ ဆောင်းပါးကို ရှေးဦးစွာ ဖတ်စေချင်ပါသည်။ . ထိုဆောင်းပါးကို ၁၅ နှစ်လောက်က ဒဗလျူ လစ်ဗင်စတန် လာနက် ဆိုသူသည် ရေးသားခဲ့၏။ ထိုအချိန်မှစ၍ ယခုအခါတိုင်အောင် ထိုဆောင်းပါး ကို ကမ္ဘာပေါ်ရှိ စာနယ်ဇင်းအသီးသီးတို့တွင် တစ်ဆင့်ကူးယူ ဖော်ပြကြသည် မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့လေပြီ။ ဘာသာအမျိုးမျိုးနှင့်လည်း ပြန်ယူခဲ့ကြ လေသည်။ ထိုဆောင်းပါးမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
“ဖေဖေ မေ့နေသည်”
နားထောင်ပါ လူကလေး၊ လူကလေး အိပ်နေတုန်း ဖေဖေ စကားတစ်ခု ပြောချင်တယ်၊ အိပ်နေလိုက်တာ၊ လက်ကလေး တစ်ဖက် ကို ပါးအောက်မှာ သွင်းလို့၊ ချွေးစို့နေတဲ့ နဖူးကလေးပေါ်မှာ ဆံပင်စ ကလေးတွေဟာလဲ စိုနေတာပဲ။ လူကလေးရဲ့ အခန်းထဲကို ဖေဖေ အသာကလေး ဝင်ခဲ့တယ်၊ လူကလေးကို ကြိမ်းမိတဲ့အတွက် စာဖတ်ခန်း ထဲမှာ စာထိုင်ဖတ်နေတုန်း ဖေဖေ စိတ်မကောင်းဘူးကွယ်။ ဒါကြောင့်မို့ လူကလေးရဲ့ အခန်းထဲကို ဖေဖေ ဝင်လာခဲ့တယ်။ ။
လူကလေးရေ၊ ဖေဖေ စိတ်ထဲမှာ ဒါတွေကို ပြန်တွေးမိတယ်။ လူကလေးကို လူကလေးဖေဖေ ဒေါသ ထွက်မိတာရယ်၊ လူကလေး ကျောင်းသွားဖို့ အဝတ်အစား လဲနေတုန်းက မျက်နှာကို ကောင်းကောင်း မသစ်ဘဲ မျက်နှာသုတ်ပဝါနဲ့ တစ်ချက်တည်းတိုက်လို့ လူကလေးကို ဖေဖေ ကြိမ်းမိတာရယ်၊ လူကလေးရဲ့ ဖိနပ်ကို တိုက်မသွားလို့ လူကလေးကို ဖေဖေ ဒဏ်ပေးမိတာရယ်၊ လူကလေးက လူကလေးရဲ့ ကစားစရာတွေကို ကြမ်းပေါ်လွှင့်ပစ်လို့ လူကလေးကို ဖေဖေ ဒေါသ ထွက်ပြီး ငေါက်မိတာရယ်၊ ဒါတွေကို ဖေဖေ ပြန်တွေးမိတယ်။
မနက် ထမင်းစားနေတုန်းကလဲ လူကလေးကို ဖေဖေ ဆူမိ တယ်။ မင်းဟာ ထမင်းလုံးတွေ ဟိုထွေး သည်ထွေးနဲ့၊ ထမင်းကိုလဲ မဝါးဘဲ မျိုချတယ်၊ စားပွဲပေါ်မှာ လက်ကြီးထောက်နေပြန်ပြီ၊ ထောပတ် တွေ သိပ်စားတာပဲ အစရှိသည်ဖြင့် လူကလေးကို ဖေဖေ ဆူမိတယ်။ နောက်ပြီးတော့ ဖေဖေက မီးရထားဘူတာရုံကို အသွား၊ လူကလေး ကစားနေတဲ့ နေရာရောက်တော့ လူကလေးက ဖေဖေ့ဘက်ကို လှည့် `လက်ပြပြီး “သွားပြီလား ဖေဖေ”လို့ နှုတ်ဆက်လိုက်တဲ့ အခါမှာ ဖေဖေက မျက်မှောင်ကြီး ကုတ်ပြီး “ဟဲ့ကောင်ကလေး၊ ခါးကြီးက ကုန်းလို့၊ ရင်ကော့ထားပါလား”လို့ ဖေဖေက ပြန်ငေါက်လိုက်မိတယ်။
– ညနေအချိန်မှာ ဖေဖေ အလုပ်က အိမ်ကို ပြန်လာတော့ လူကလေးဟာ ဒူးထောက်ပြီး ကျောက်ဒိုးပစ်တမ်း ကစားနေတာကို တွေ့ရတယ်။ ဒူးထောက် ကစားတာနဲ့ လူကလေးရဲ့ ခြေအိတ်တွေ ဟာ ပေါက်ကုန်တယ်။ ဒီတော့ ဖေဖေက စိတ်ဆိုးတာနဲ့ လူကလေးရဲ့ ကစားဖော်တွေရှေ့မှာ လူကလေးကို အတင်းဆွဲခေါ်လာပြီး အရှက်ခွဲ ခဲ့တယ်။ ‘ ဒါတွေ့ပြီးတော့ စာဖတ်ခန်းထဲမှာ ဖေဖေ စာထိုင်ဖတ်နေတုန်း မျက်နှာငယ်ကလေးနဲ့ အခန်းထဲကို လူကလေးဝင်လာတာ မှတ်မိသေး
ရဲ့လား။ စာဖတ်နေတုန်း လာရှုပ်ရမည်လားလို့ ဖေဖေ စိတ်ထွက်ပြီး . အပေါ်မော့ကြည့်လိုက်တဲ့အခါမှာ လူကလေးဟာ ရှေ့ကို မတိုးရဲဘဲနဲ့ တန့်သွားခဲ့တယ်။ နောက်ပြီးတော့ “ဟိုကောင်ကလေး၊ ဒီအထဲကို ဘာလုပ်မယ်လို့ လာပြန်သလဲ”လို့ ဖေဖေက လှမ်းမေးလိုက်တယ်။
လူကလေးက ဘာမှ ပြန်မပြောဘဲ ဖေဖေ့ဆီကို တစ်ရှိန်ထိုး ပြေးလာပြီး ဖေဖေ့ကို အတင်းဖက်နမ်းတာပဲ။ နမ်းပြီးတော့လဲ ဘာမျှ ပြန်မပြောဘဲ အခန်းထဲက ထွက်ပြေးပြီး လှေကားပေါ် တက်သွား တယ်။
လူကလေး ထွက်သွားပြီး ဘာမျှမကြာခင် ဖေဖေ့လက်က သတင်းစာ လွတ်ကျပြီး ဖေဖေ့ ရင်ထဲမှာ ဘယ့်နှယ်ဖြစ်လာမှန်း မသိ ဘူး။ ကြိမ်းတတ်တဲ့ အလေ့ကြောင့် ဖေဖေတော့ ခက်တော့တာပဲ။ လူကလေးကို ဖေဖေ မချစ်လို့ မဟုတ်ပါဘူးကွယ်၊ လူကလေးကို လူကလေး အရွယ်မှာ လိုက်နိုင်တာထက် ပိုပြီး လိမ္မာစေချင်လို့ပါ။ ဖေဖေ့ အသိဉာဏ်မျိုး လူကလေးမှာလဲ ရှိလိမ့်မယ် အထင်နဲ့ ကြိမ်းခဲ့ မိတယ်။
ငါ့သားဟာ အင်မတန် လိမ္မာတဲ့ သားကြီးပဲ။ အရုဏ်တက်တဲ့ အခါမှာ အလင်းရောင်တို့ဟာ ကျယ်ပြန့်တဲ့ တောင်ကြီးကို လွှမ်းအုပ် နိုင်အောင် ကြီးမားသလို ငါ့သားရဲ့ စိတ်ဓာတ်ဟာလဲ ကြီးမားပါပေ တယ်။ ဒီလို ကြီးမားတဲ့ အကြောင်းကိုလဲ အိပ်ရာမဝင်ခင် ဖေဖေ့ဆီကို ပြေးလာပြီး အတင်းဖက်နမ်းတာက သက်သေခံပေတယ်။ လူကလေး ရေ ကနေ့ညတော့ ဖေဖေဘာကိုမှ မစဉ်းစားတော့ဘူး။ လူကလေးရဲ့ အိပ်ရာနံဘေးကို လာပြီး ဖေဖေကြိမ်းမိတာတွေကို ရှက်နေပါတယ်။
လူကလေး နိုးနေတဲ့အခါ ဒီစကားတွေကို ဖေဖေ ပြောပြလို့ လူကလေး နားလည်မှာ မဟုတ်ဘူးဆိုတာ ဖေဖေ သိပါတယ်။ အေးကွယ် မနက်ဖြန်ကစပြီး ဖေဖေဟာ လူကလေးအပေါ်မှာ စိတ်ထား ပြင်တော့မယ်။ လူကလေးနဲ့ ချစ်ချစ်ခင်ခင် နေမယ်။ လူကလေး နာရင် နာမယ်။ လူကလေး ရယ်ချင် ရယ်မယ်။ လူကလေးကို ကြိမ်းမောင်းချင်တဲ့ စိတ်ထားတွေ ပေါ်လာရင် ဖေဖေ လျှာကို ကိုက်ထားမယ်။ “လူကလေး ဟာ ငယ်ပါသေးတယ်၊ ငယ်ပါသေးတယ်” ဆိုတာကို ဂါထာများ ရွတ်သလို တတွတ်တွတ်နဲ့ နေအောင် ဖေဖေ ရွတ်တော့မယ်နော်။
လူကလေးကို တကယ့်လူကြီးလို့ ဖေဖေ ယူဆမိခဲ့တာ မှားပြီ။ ခုလို ငါ့သားဟာ အိပ်ရာပေါ်မှာ ခွေခွေကလေး အိပ်နေတာကို မြင်ရ – တော့ ငါ့သားဟာ ကလေးကလေး ရှိပါသေးပါလား၊ မနေ့ကဆိုရင် လူကလေးကို မေမေက ပွေ့ထားတော့ လူကလေးက မေးစေ့ကလေးကို မေမေ့ပခုံးပေါ်မှာ တင်ထားပါသေးတယ်။ လူကလေးအပေါ်မှာ ဖေဖေ့ စိတ်ထား မှားခဲ့ပြီကွယ်၊ မှားခဲ့ပြီး၊ . • အင်္ဂလိပ်လို ရေးထားသည်မှာ ကမ္ဘာကျော်လောက်အောင် ကောင်းပါပေသည်။ ထိုဆောင်းပါးကို မြန်မာဘာသာဖြင့် ပြန်ဆိုရာ၌ မိအောင် မပြန်နိုင်သဖြင့် အနည်းငယ် အရသာပျက်သွားခဲ့လေသည်။