လူနာဆောင် အမှတ်(၆)

နတ်နွယ်၏အမှာစာ
 

စာပေလောကတွင် အစုအဝန်းကလေးတွေ ရှိဖို့ လိုအပ်သည်။ စာပေ အစုအဝန်း ဆိုသည်မှာ ဂိုဏ်းမဟုတ်ပါ။ ဂိုဏ်းဂဏ ဝါဒများ မွေးဖွားရန်မဟုတ်ပါ။ အထုံဝါသနာတူညီသူများ၊ အခြေခံအတွေးအခေါ် အယူအဆတူညီသူများ စုဝန်းပြီး စာအကြောင်း ပေအကြောင်း ဆွေးနွေးကြဖို့ လိုပါသည်။ မိမိတို့မြန်မာစာပေ အခြေအနေနှင့် နိုင်ငံတကာစာပေအခြေအနေများကို မှန်မှန်ကန်ကန် ညှိနှိုင်း သုံးသပ်ပြီး လက်ရှိကာလတွင် မည်သည့်စာအုပ်တွေ ဖတ်သင့်သည်ကိုလည်းကောင်း၊ မည်သည့်စာပေမျိုး မည်သည့်အကြောင်းအရာမျိုးကို ရေးသားသင့်သည်ကိုလည်းကောင်း၊ မည်သို့သော စာအုပ်များကို ထုတ်သင့်သည်ကိုလည်း ဆွေးနွေးတိုင်ပင်ကြဖို့ လိုအပ်ပါသည်။

ရန်ကုန်မြို့၏ စာပေလမ်းဟု ဆိုအပ်သော ၃၃ လမ်းတွင် စာအုပ်တိုက်များ၊ ပုံနှိပ်တိုက်များ၊ စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာပေဝါသနာရှင်များ စုရုံးလျက်ရှိသည်။ ကိုယ့်အစုအဝန်းနှင့် ကိုယ်လည်း ရှိကြသည်။ ထိုအထဲတွင် လူငယ်တစ်စုလည်း ပါဝင်သည်။ တက္ကသိုလ်မှ ပညာတတ်လူငယ်များ ဖြစ်ကြသည်။ ဆေးတက္ကသိုလ်မှ ဘွဲ့ရပြီးသူများလည်း ပါရှိသည်။ သူတို့သည် ကျဉ်းမြောင်းသော ပုံနှိပ်စက်အခန်းငယ်အတွင်း၌လည်းကောင်း၊ နံစော်သော ရေမြောင်းစင်္ကြံပေါ်တွင် လည်းကောင်း၊ ဆူညံသောလက်ဖက်ရည်ဆိုင်တွင်လည်းကောင်း စုဝန်းလျက် ထွေထွေရာရာ ပြောဆိုကြသည်။ ထိုအထဲတွင် စာအကြောင်း ပေအကြောင်းများလည်း ပါရှိသည်။ ယင်းသို့ဖြင့် သူတို့သည် စာပေလောက စာတည်းအဖွဲ့ဟူ၍ ဖြစ်လာသည်။ ကမ္ဘာ့ဂန္ထဝင်စာပေများ ထုတ်ဝေရန် အားထုတ်ကြသည်။ သူတို့ကိုယ်တိုင်လည်း သင့်တင့်ရာရာ ရေးသားပြုစုရန် လုံ့လပြုကြသည်။ ထိုအထဲတွင် ဖေမြင့်တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

သူက ဆရာဝန် ဖြစ်သည်။ သူ၏ပထမစာအုပ်က အာသာဟေလီ၏စာအုပ်ကို ဘာသာပြန်သော ‘ဆေးရုံ’၊ ဒုတိယစာအုပ်က ချက်ကော့၏ ‘လူနာဆောင် အမှတ်ခြောက်’။

သို့သော် သူသည် ဆရာဝန်ဖြစ်သဖြင့် စာရေးဦးမှ ဆိုပြီး ဆေးပညာပေး စာအုပ်များကို ရေးသားခြင်းမဟုတ်။ စာပေဝါသနာပါပြီး စာရေးဆရာလုပ်လိုသဖြင့် သူနှင့် သင့်တင့်သောစာအုပ်များကို ရွေးချယ်ပြန်ဆိုခြင်း။

ပထမစာအုပ် ‘ဆေးရုံ’သည် အောင်မြင်သော စာအုပ်တစ်အုပ် ဖြစ်သည်။ မူရင်း စာရေးဆရာမှာလည်း ကမ္ဘာကျော်တစ်ဦး။ မူရင်းစာအုပ်မှာလည်း အရောင်းရ တွင်ကျယ်သော စာအုပ်တစ်အုပ်။ ဖေမြင့်၏ မြန်မာဘာသာပြန်ကိုလည်း အတော်များများ လက်ခံကြသည်။ ဆေးပညာလောက၊ ဆေးရုံလောကနှင့် စပ်လျဉ်းသော အကြောင်းအရာ ဖြစ်သဖြင့် ဆရာဝန်တစ်ဦးက ပြန်ဆိုသဖြင့် ကိုက်ညီသင့်လျော်သည်။ သို့တိုင် ဆေးပညာဝေါဟာရများ များပြားသဖြင့် ပြန်ဆိုသူအတွက်လည်း အတော်ပင် အခက်အခဲဖြစ်ဟန်ရှိသည်။ စာဖတ်သူများလည်း အထူးအားထုတ်ပြီး ဖတ်ကြရသည်။ ဆေးပညာဝေါဟာရများက နှောင့်ယှက်နေသဖြင့် သူ၏ဘာသာပြန်သည် အနည်းငယ် အဖုအထစ်များ ရှိနေသည်လား အောက်မေ့ရသည်။

ယခု ဒုတိယစာအုပ်ကလည်း ဆေးရုံအကြောင်းပင်။ သို့သော် ဆေးပညာဝေါဟာရများ မပါသလောက်ပင်။ အဆောင်ခြောက်သည် ရုရှပြည် မြို့ကလေးတစ်မြို့ရှိ ဆေးရုံတစ်ရုံ၏ စိတ္တဇဝေဒနာသည်များ ထားရာ အဆောင်တစ်ဆောင် ဖြစ်ငြားလည်း ချက်ကော့သည် ဆေးပညာအကြောင်း၊ ဆေးရုံအကြောင်း ရေးလိုရင်း မဟုတ်ချေ။ ထိုခေတ်က ဖြစ်ပေါ်နေသော ရုရှားနိုင်ငံ၏ လူမှုအဖွဲ့အစည်းအကြောင်း ဖော်ပြလိုရင်းသာ ဖြစ်သည်၊

လူနာဆောင် အမှတ်ခြောက်မှာ လူနာ ၅၊ ဆရာဝန် ၁၊ သူ့ဝတ္ထုက ဒါပဲ ဖြစ်သည်။ အခြား ဆေးရုံအမှုထမ်းများနှင့် မြို့နယ်ကောင်စီလူကြီးများက အသိုင်းအရန်မျှသာ။ သို့သော် လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံးအကြောင်းကို ခြယ်မှုန်းထားသည်ဟုလည်း ပြောနိုင်သည်။

ထပ်၍ ပြောရလျှင် ချက်ကော့သည် ဆေးရုံသို့ စိတ္တဇဝေဒနာသည်တစ်ဦးအဖြစ် ရောက်ရှိနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သစ္စာတရားကို ရင်ဝယ်ပိုက်သော ဆရာဝန်တစ်ဦးမှတစ်ဆင့် လူအဖွဲ့အစည်းကြီး၏ ဖောက်ပြန်မှုများ တိုးတက်ဖြစ်ထွန်းမှုများကို ပီပြင်ပေါ်လွင်အောင် ပြထားသည်။

လူနာဆောင် အမှတ်ခြောက်တွင် ခက်ခဲသော ဆေးပညာဝေါဟာရများ မပါရုံသာမက ချက်ကော့၏အရေးအဖွဲ့သည် ပြေပြစ်ချောမောပြီး သွက်လက်ဆွဲဆောင်လှသဖြင့် ဘာသာပြန်သူအဖို့ရော စာဖတ်သူများအဖို့ပါ အံဝင်ခွင်ကျဖွယ်ရာ ရှိပါသည်။

ချက်ကော့သည် ခိုင်ခံ လေးနက်သော ဇာတ်လမ်းတစ်ပုဒ်ကို သွက်လက် ပေါ့ပါးစွာ ရေးသားတင်ပြနိုင်သူ ဖြစ်သည်။ စာရေးဆရာကိုယ်တိုင်က သူ့ဝတ္ထုတွင် အမျိုးသမီးဇာတ်ဆောင် မပါရှိသဖြင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသည်ဟု ဆိုသော်လည်း တကယ်တွင်မူ လူနာဆောင် အမှတ်ခြောက်သည် ဆွဲဆောင်လှပေသည်။ စာဖတ်သူကို အစမှ အဆုံးတိုင် မနားတမ်း ခေါ်သွားနိုင်ပေသည်။ ယင်းကြောင့်လည်း သည်ဝတ္ထုကို လီနင်က အထူးပင် နှစ်ခြိုက်ချီးမွမ်းခဲ့ခြင်းပင် ဖြစ်သည်။ သည်ဝတ္ထုကို ဖတ်နေရင်း မိမိကိုယ်တိုင် အဆောင်ခြောက်တွင် ချုပ်နှောင်ခြင်း ခံနေရသလို ခံစားရသည်ဟု လီနင်က ဆိုပါသည်။

ချက်ကော့၏ စာပေမိတ်ဆွေများနှင့် ဝေဖန်ရေးဆရာအများအပြားကလည်း သည်ဝတ္ထုကို နှစ်ခြိုက် ချီးမွမ်းကြသည်။ သို့သော် အချို့ ကလည်း ဇာတ်လမ်း၏ဦးတည်ချက် မပီပြင် မရှင်းလင်းဟု ဝေဖန်ကြသည်။

မည်သို့ဆိုစေ ယခုအခါတွင် ဖေမြင့် ပြန်ဆိုသဖြင့် ချက်ကော့၏ ‘လူနာဆောင် အမှတ်ခြောက်’ကို မြန်မာစာဖတ်သူများကိုယ်တိုင် ဖတ်ရှုခံစား ဝေဖန်ကြရတော့မည် ဖြစ်သည်။

နတ်နွယ်

၄၊ ၅၊ ၁၉၇၇။