လူနာဆောင် အမှတ်(၆)

အခန်း (၉)

အိုင်ဗင်ဂရိုမော့ဗ်က ဦးခေါင်းကို လက်နှစ်ဖက်နှင့် ညှပ်ကိုင်ကာ အိပ်ရာထဲတွင် လှဲနေသည်။ ခြေထောက် နှစ်ချောင်းကိုမူ သေသေချာချာ ကွေး၍ထားလေသည်။ သူက မနေ့က ကျန်ခဲ့သလိုပင် နံရံကို မျက်နှာမူ၍နေရာ ဒေါက်တာရာဂင်က သူ့မျက်နှာကို မမြင်ရဘဲရှိ၏။

“ဘယ်လိုလဲ မိတ်ဆွေကြီးရဲ့၊ အိပ်ပျော်နေသလား”

ဆရာဝန်က မေးသည်။

“တစ်အချက်… ကျုပ်ဟာ ခင်ဗျားရဲ့ မိတ်ဆွေမဟုတ်ဘူး”

ဂရိုမော့ဗ်က ခေါင်းအုံးထဲသို့ ပြောလိုက်သည်။

“နှစ်အချက်… ခင်ဗျားဟာ အလကား အချိန်ဖြုန်းနေတာပဲ၊ ခင်ဗျား ကျုပ်ဆီက ဘာစကားတစ်ခွန်းမှ ကြားရတော့မှာ မဟုတ်ဘူးလို့ ပြောပြီးပါပကောလား”

“ကျွန်တော်တော့ နားမလည်တော့ဘူးဗျာ”

ဆရာဝန်က အနည်းငယ် နောက်တွန့်သွားရာက ပြန်ပြောလိုက်၏။

“မနေ့တုန်းက ကျုပ်တို့နှစ်ယောက် အေးအေးဆေးဆေး ဆွေးနွေးလို့ သိပ်ကောင်းနေတုန်း ရုတ်တရက် ခင်ဗျားက ကျွန်တော့်ကို အကြောင်းတစ်ခုခုကြောင့် စိတ်ကွက်သွားတယ်၊ ကျုပ်နဲ့ ဘာမှ ဆက်မပြောတော့ဘူးလို့ဖြစ်သွားတယ်၊ ကျွန်တော်ပြောခဲ့တဲ့အထဲမှာ ခင်ဗျားနဲ့ သဘောချင်း မတိုက်ဆိုင်တဲ့ အကြောင်းတစ်ခုခု ပါသွားတာလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့ဗျာ”

“မှန်တယ် … မှန်တယ်”

ဂရိုမော့ဗ်က မေးလက်ထောက်ကာ ခေါင်းထောင် ထလာရင်း ပြောလိုက်သည်။ နီရဲသောသူ့မျက်လုံးများကမူ သရော်ဟန်နှင့် စိုးရိမ်မကင်းဟန်တို့ ရောစွက်၍နေသည်။

“ခင်ဗျားရဲ့ သူလျှိုအလုပ်၊ စုံစမ်းထောက်လှမ်းတဲ့ အလုပ်တွေကို ဘာလို့ တခြားသွားမလုပ်တာလဲ။ ဒီမှာကတော့ ခင်ဗျား အလကား လေကုန်ရုံ ရှိမှာပဲ၊ ခင်ဗျား ဘာအတွက်လာနေတယ်ဆိုတာ ကျုပ် မနေ့ကတည်းက စဉ်းစားပြီးပြီ”

“ကြံကြံဖန်ဖန် တွေးမှ တွေးတတ်ပလေဗျာ”

ဆရာဝန်က မဲ့ပြုံးပြုံးကာ ပြောလေသည်။

“နောက်ဆုံးတော့ ခင်ဗျားက ကျုပ် သူလျှိုလာလုပ်နေတယ်လို့ ကောက်ချက်ချတာကိုး၊ ဟုတ်လား”

“ဟုတ်တယ်၊ ဒီသဘောပဲ။ ခင်ဗျားဟာ သူလျှိုဖြစ်ရင် ဖြစ်၊ ဒါမှမဟုတ်ရင် ဟိုလူတွေက ကျုပ်ကိုစမ်းသပ်ဖို့ အပ်သွားတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ရမယ်၊ ခင်ဗျားဟာခင်ဗျား ကြိုက်သလို ခေါ်လို့ ရတယ်”

“ခင်ဗျား စိတ်မရှိဘူးဆိုရင်တော့ ခင်ဗျားရဲ့ တွေးတော ကြံဆပုံတွေဟာ သိပ်ကို ရွဲ့စောင်းနေပြီလို့ ပြောချင်တယ်”

ဆရာဝန်က ခွေးခြေတစ်လုံးတွင် ထိုင်ကာ ခေါင်းကို စိတ်ပျက်လက်ပျက် ယမ်းခါ၍ နေ၏။ အတန်ကြာမှ

“ကိုင်းဗျာ၊ ခင်ဗျားယူဆချက် မှန်တယ်ပဲ ထားပါဦး၊ ကျွန်တော်က ခင်ဗျားကို လာအစ်နေတယ်၊ ပြီးရင် ပုလိပ်ကို အစီရင်ခံမယ် ဆိုပါတော့၊ ခင်ဗျားမှာ ဘာဖြစ်သွားမလဲ။ ထားဗျာ၊ ခင်ဗျားကို ဖမ်းပြီး ရုံးတင်ပြီတဲ့၊ ထောင်ထဲ ရောက်သွားရင် ဒီနေရာမှာထက် ဆိုးမယ် ထင်လို့လား။ ဆိုက်ဘေးရီးယားကို နယ်နှင်ဒဏ်ပေးတယ် ထားဦး၊ ဒီလူနာဆောင်ထဲမှာထက် ဆိုးဆိုးရွားရွား ကြောက်စရာကောင်းလိမ့်မယ်လို့ ခင်ဗျား ဘာကြောင့် ထင်ရသလဲ။ ကျွန်တော်ကတော့ ခင်ဗျားမှာ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်၊ ခင်ဗျားအနေနဲ့ ဘာစိုးရိမ်စရာရှိသေးလဲ”

သူက ဝေဖန်ပြောဆိုလိုက်သဖြင့် ဂရိုမော့ဗ်မှာ အတော် ရှင်းလင်းသွားဟန်ရှိ၏။ သူက စိတ်ချသွားကာ ထထိုင်လာသည်။

အချိန်မှာ လေးနာရီကျော်ပြီဖြစ်သည်။ ခါတိုင်းမူ ဒေါက်တာ ရာဂင်မှာ သူ့အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမည်။ ဒါရီယာက ဘီယာသောက်တော့မလားဟု မေးမြန်းနေမည်ဖြစ်သည်။ ရာသီဥတုက ကြည်လင်သာယာ၍ နေသည်။

“ကျွန်တော်က နေ့လယ်စာ စားပြီးတဲ့အချိန် အပြင်မှာ တကယ့် မိုးဦးကျစကလေးလို ဖြစ်နေတာနဲ့ လမ်းတစ်ပတ်လောက် လျှောက်ဦးမယ်၊ ပြီးတော့ ခင်ဗျားဆီ ဝင်မယ်လို့ စိတ်ကူးရပြီး ထွက်လာတာ”

“အခု ဘာလလဲဗျာ၊ မတ်လ မဟုတ်လား”

‘ဟုတ်တယ်လေ၊ မတ်လကုန်ခါနီးပေါ့ဗျာ”

“ဗွက်တော့ တော်တော်ထူရော့မယ်’

“သိပ်တော့ မဆိုးပါဘူး၊ ပန်းခြံထဲ လမ်းတွေတော့ ခြောက်ခြောက်သွေ့သွေ့ပါပဲ”

“ဒီလိုဥတုရာသီမျိုးမှာ မြို့ပြင်ကို အမိုးဖွင့် ရထားနဲ့ သွား …”

ဂရိမော့ဗ်က ယခုမှ အိပ်ရာမှ ထလာသည့်အလား နီနေသောမျက်လုံးများကို ပွတ်သပ်ကာ ပြောနေ၏။

“ပြီးတော့… ပြန်လာ၊ စာကြည့်ခန်းနွေးနွေးလေးထဲ ဝင်ပြီးတော့ ကျွန်တော့်ခေါင်းကိုက်တဲ့ ရောဂါကို တကယ်တတ်တဲ့ ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေး။ အခုတော့ဗျာ ကျွန်တော့်မှာ လူတစ်ယောက်လို မနေရတာ ကြာပါပြီ၊ ဒီနေရာက တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ နေရာပါဗျာ”

ယမန်နေ့က လှုပ်ရှားထကြွခဲ့မှုကြောင့် သူက ပင်ပန်းနွမ်းနယ်လျက် ရှိကာ စကားပြောလိုစိတ်မရှိလှဘဲ ထုံထုံထိုင်းထိုင်း ဖြစ်နေ၏။ သူ့လက်ချောင်းများက တုန်ယင်လျက်ရှိပြီး မျက်နှာအသွင်ကမူ သူ့ခမြာ ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရရှာကြောင်း အထင်အရှား ဖော်ပြလျက်ရှိ၏။

“အမှန်တကယ်ကတော့ နွေးထွေးပြီး သက်သောင့်သက်သာရှိတယ် ဆိုတဲ့ စာကြည့်ခန်းနဲ့ ဒီလူနာဆောင်အကြားမှာ ခြားနားမှုတစ်ခုမှ မရှိပါဘူး”

ဆရာဝန်က ပြောသည်။

“ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်း ဆိုတာတွေဟာ လူ့ကိုယ်တွင်း အဇ္ဈတ္တသဏ္ဌာန်မှာသာ တည်တယ်၊ ပြင်ပ ဗဟိဒ္ဓလောကမှာ မတည်ဘူး”

“ခင်ဗျားက ဘယ်လိုနည်းနဲ့ ဒီကောက်ချက်ကို ဆွဲနိုင်ရတာလဲ”

“သာမန်လူတစ်ယောက်ဟာ သက်တောင့်သက်သာရှိမှုကို မြင်းရထားတို့၊ နွေးထွေးတဲ့ အခန်းတို့က ရဖို့ မျှော်လင့်တယ်။ တွေးတောဆင်ခြင်ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ဒါကို ကိုယ့်ကိုယ်ထဲမှာပဲ ရှာတယ်”

“ခင်ဗျား အဲဒီအတွေးအခေါ်ကို ဂရိပြည်မှာ သွားပြီး ဟောပြောပို့ချဖို့ ကောင်းတယ်။ အဲဒီမှာ ရာသီဥတုကလဲ ပူနွေးတယ်၊ လိမ္မော်ရနံ့ကလေးတွေကလဲ သင်းပျံ့ တယ်။ ဒီက ရာသီဥတုနဲ့တော့ သိပ်မကိုက်ဘူးဗျ၊ မကြာခင်ကလေးက ဒိုင်အိုဂျီနီးစ်အကြောင်း ကျွန်တော်နဲ့ ဆွေးနွေးတာ ဘယ်သူပါလိမ့်၊ ခင်ဗျားပဲ ထင်တယ်”

“မှန်တယ်၊ ကျုပ်တို့ မနေ့က ဆွေးနွေးကြတာ”

“ဟုတ်ပြီ၊ ဒိုင်အိုဂျီနီးစ်မှာ စာကြည့်ခန်းတို့၊ နွေးနွေးထွေးထွေးရှိတဲ့ နေရာတို့ ဆိုတာ မလိုဘူးဗျ၊ သူ့မှာ ဒီတိုင်းတင် နွေးနေပြီးသား။ သူ့လုပ်စရာက ဘာလဲ၊ စည်ပိုင်းထဲမှာ လှဲအိပ်ပြီး လိမ္မော်သီးတွေ၊ သံလွင်သီးတွေ စားပိုးနင့်အောင် စား၊ ဒါပဲ။ တကယ်လို့ သူသာ ရုရှားပြည်မှာ နေရမယ်ဆိုရင် နေစရာအခန်းလေးတစ်ခု ရဖို့အတွက် ဒီဇင်ဘာလအထိတောင် ဆိုင်းမှာ မဟုတ်ဘူး၊ မေလကတည်းက မဟားတရား တောင်းလာလိမ့်မယ်၊ ဒါမှမဟုတ်ရင် တစ်ခါတည်း ရေခဲတုံးဖြစ်သွားမယ်”

“ဒါလဲ မဟုတ်သေးဘူးဗျ၊ လူဟာ အခြားသော နာကျင်မှုဝေဒနာများ နည်းတူ အအေးဒဏ်ကိုလဲ မတုန်မလှုပ် ခံနိုင်စွမ်း ရှိနိုင်တယ်ဗျ၊ မားကပ်စ်အောရီလီးယပ်က ဘာပြောသလဲ၊ နာကျင်တယ်ဆိုတာဟာ နာကျင်ခြင်းပဲလို့ မှတ်ယူတဲ့အသိပါတဲ့။ အဲဒီနာကျင်ခြင်းဆိုတဲ့အသိကို ပြောင်းလဲပစ်ဖို့ စွန့်ပစ်ပယ်ဖို့ အားထုတ်မယ်ဆိုရင်၊ ဆက်လက် မညည်းညူဖို့ အားထုတ်မယ်ဆိုရင် … နာကျင်မှုဟာ ပျောက်ကွယ်သွားမှာပဲတဲ့။ ဒါ တကယ်မှန်တဲ့စကားဗျ။ ပညာရှိ ဒါမှမဟုတ် ထားပါတော့၊ သာမန် တွေးတောဆင်ခြင်တတ်တဲ့ လူတစ်ယောက်ဟာ ဒုက္ခဝေဒနာကို ခံစားရန် ငြင်းဆန်ခြင်း၊ ရှုတ်ချခြင်းအားဖြင့် အခြားသောသူများနဲ့ ကွဲပြားထူးခြားလာနိုင်တယ်။ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှု ရလာနိုင်တယ်။ အဲဒီအခါ ဘယ်အရာကမှ သူ့ကို အံ့သြတုန်လှုပ်စေနိုင်ခြင်း မရှိတော့ဘူး”

“ဒီလိုဖြင့် ကျုပ်ဟာ အသိဉာဏ်လုံးဝမရှိတဲ့ လူအန္ဓတစ်ယောက် ဖြစ်ရတော့မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျုပ်မှာ ဝေဒနာဆိုတာ ခံစားနေရတယ်၊ ကျုပ်ဟာ ကျေနပ်တင်းတိမ်မှုမရှိ ဖြစ်နေတယ်။ ပြီးတော့ လူတွေရဲ့ယုတ်မာကောက်ကျစ်ပုံတွေကို ကျုပ် အံ့သြတုန်လှုပ်နေတယ်”

“ဒီလိုလဲမဟုတ်သေးဘူးလေ။ တကယ်လို့သာ ခင်ဗျား အခုအချိန်ကစပြီး ဒီအကြောင်းတွေ မတွေးတော့ဘူးဆိုရင်၊ အပြင်လောကထဲက ကျုပ်တို့ အလန့်တကြား စိတ်လှုပ်ရှားနေတဲ့အကြောင်းတွေဟာ သေးမွှားတဲ့ကိစ္စရပ်ကလေးတွေသာဖြစ်တယ် ဆိုတဲ့အကြောင်း ခင်ဗျား သိမြင်လာလိမ့်မယ်ဗျ။ တကယ်အရေးကြီးတဲ့အချက်က လူ့ဘဝဆိုတာ ဘာလဲဆိုတာ သိနားလည်ဖို့ပဲ။ ဒီအချက်ကို ဆင်ခြင်သိရှိခြင်းဖြင့်သာလျှင် တကယ့် ချမ်းသာသုခ အစစ်အမှန်ကို ရရှိနိုင်တယ်ဗျ”

“ဆင်ခြင် သိရှိခြင်း”

ဂရိုမော့ဗ်က မနှစ်မြို့ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ပြီးတော့ ဘာတဲ့၊ သည်းခံပါဗျာ၊ ခင်ဗျား တရားတွေ ကျုပ် မလိုက်နိုင်တော့ဘူး၊ ကျုပ် နားလည်တာက”

သူက မတ်တတ်ရပ်လိုက်ပြီး ဆရာဝန်အား စားမတတ် ဝါးမတတ် အမူအရာမျိုးဖြင့် ကြည့်ကာ…

“ဘုရားသခင်က ကျုပ်ကို ပူနွေးတဲ့သွေးတွေ၊ အာရုံကြောတွေနဲ့ တည်ဆောက်ပေးထားတယ်မဟုတ်လား။ အဲဒီ သက်ရှိပစ္စည်းဟာ ရှင်သန်နေသမျှ ကာလပတ်လုံး ထိခိုက်မှု၊ လှုံ့ဆော်မှုမှန်သမျှကို တုံ့ပြန်မှာပဲ မဟုတ်လား။ ကျုပ် အဲဒီလိုပဲ တုံ့ပြန်တယ်၊ နာတယ်။ မျက်ရည်တွေကို အော်သံ ငိုသံတွေနဲ့ တုံ့ပြန်တယ်။ ကိုယ့်မကောင်းကြံတယ်၊ မကျေနပ် မနှစ်မြို့စိတ်နဲ့ တုံ့ပြန်တယ်။ ယုတ်ညံ့သိမ်ဖျင်းမှုကို ရွံရှာစိတ်နဲ့ တုံ့ပြန်တယ်။ အဲဒီတုံ့ပြန်ခြင်းသည်ပင်လျှင် အသက်ရှင်နေထိုင်ခြင်းပဲ ဘဝလို့ ကျုပ်ဆိုလိုက်ချင်တယ်၊ သတ္တဝါတစ်ခုသည် အမျိုးအနွယ် အဆင့်အတန်း နိမ့်ကျလေ အာရုံခံစားမှု နည်းလေပဲ။ လှုံ့ဆော်မှု ထိခိုက်မှုတို့ကို တုံ့ပြန်မှု နည်းလေ အဆင့်အတန်း မြင့်လာလေ ပိုပြီး အာရုံခံစားလာလေ လှုံ့ဆော်ချက်ကို ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လှုပ်ရှားလေပဲ။ ဒါလေးကိုတောင်မှ ခင်ဗျားက ဘာကြောင့် မသိနိုင် ဖြစ်နေရတာလဲ။ ကိုယ့်ကိုယ်ကို ဆရာဝန်လို့ ခေါ်နေတဲ့ လူတစ်ယောက်ဟာ ဒီလောက် အခြေခံကျတဲ့ အချက်ကလေးတွေကိုတောင်မှ မသိနိုင်လောက်အောင် အသိပညာ ခေါင်းပါးရသလား။ ဝေဒနာကို မခံစားတော့ဘူး၊ ဘယ်အရာကိုမှ အံ့သြခြင်း မဖြစ်တော့ဘူးဆိုရင် အဲဒီလူဟာ ဟောဟိုအခြေအနေလောက်အထိ နိမ့်ကျပျက်စီးသွားပြီလို့ ဆိုရမယ်”

ဂရိုမော့ဗ်က တစ်ကိုယ်လုံး ဖောင်းပွကာ အကြောအခြင်များ သေလျက် မလှုပ်မရှက်ဖြစ်နေသူကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါမှမဟုတ်ရင် ဒီလူဟာ ဝေဒနာကို အတိုင်းထက်အလွန် ခံစားရလွန်းအားကြီးလို့ လုံးဝထုံထိုင်းသွားပြီး နာကျင်တယ်ဆိုတာကို နောက်ထပ် မခံစားနိုင်တော့တာရင်လဲ ဖြစ်ရမယ်။ တစ်နည်းအားဖြင့် ပြောရရင် အသက်ရှင်နေထိုင်ခြင်းကို စွန့်လွှတ်လိုက်တာသာ ဖြစ်ရမယ်။ ကျုပ်ကိုတော့ လျှော့လိုက်စေချင်တယ်။ ကျုပ်က ပညာရှိလဲမဟုတ်၊ အဘိဓမ္မာဆရာလဲ မဟုတ်ဘူးဗျ။ အဲဒီအကြောင်းတွေ နားလဲမလည်ဘူး၊ ပြောလဲ မပြောတတ်ဘူး”

“ခင်ဗျားပြောတာ ပြောင်းပြန်ဖြစ်နေပြီ၊ ကျွန်တော်ကတော့ ခင်ဗျား ဒီအကြောင်းတွေကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ပြောခဲ့တယ်လို့ ဆိုချင်တယ်”

“ခင်ဗျား ဆွဲသွင်းလာတဲ့ ဥပေက္ခာဝါဒီတွေဟာ အင်မတန်မှကို မှတ်သားစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေအမှန်ပါ။ ဒါပေမဲ့ သူတို့ရဲ့ အယူအဆတွေဟာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းကပဲ ရပ်တန့်သွားခဲ့ပါပြီ။ ရှေ့ကို တစ်လှမ်းကလေးမှ တိုးမလာနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအယူအဆတွေဟာ လက်တွေ့ မကလို့ပါပဲ။ အရည်မရ အဖတ်မရဖြစ်နေလို့ပါပဲ။ တစ်သက်လုံး ရှိသမျှအတွေးအခေါ် အယူအဆတွေ လေ့လာလိုက်စားပြီး အဲဒါကို အရသာခံနေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လောကမှာတော့ အောင်မြင်မှု အထိုက်အသင့် ရလိမ့်မယ်။ ဒါပေမဲ့ လူအများစုကြီးကတော့ ဒါကို နာမလည်နိုင်ကြဘူး။ ဥစ္စာဓနကြွယ်ဝခြင်း၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းတို့ကို ဥပေက္ခာပြုရမယ်၊ ဆင်းရဲဝေဒနာနဲ့ သေဘေးကို မထီမဲ့မြင် ပြုရမယ်ဆိုတဲ့ အယူဝါဒဟာ ဧရာမ လူအများစုကြီးရဲ့ နားလည်မှုနယ်ပယ်ကို လုံးဝကျော်လွန်သွားပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီလူစုကြီးရဲဘဝမှာ ချမ်းသာစည်းစိမ်ဆိုတာ ဘယ်တုန်းကမှ ခံစားခဲ့ရတာ မဟုတ်ဘူး။ ပြီးတော့ ဒုက္ခဆင်းရဲကို မထီမဲ့မြင်ပြုရမယ် ဆိုရင်လဲ သူတို့ရဲ့ဘဝတစ်ခုလုံးကို မထီမဲ့မြင်ပြုရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့ အလုံးစုံသော သိမြင်ခံစားမှုတို့ဟာ ဆာလောင်မွတ်သိပ်ခြင်း၊ ချမ်းအေးခြင်း၊ အနှိမ်ခံအောက်ကျခံရခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ဟင်းမလက်လို သေခြင်းတရားကို ကြောက်ရွံ့ခြင်းဆိုတဲ့ အာရုံခံစားမှုများနဲ့သာ ဖွဲ့စည်းထားတဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘဝတစ်ခုလုံးဟာ ဒီလိုခံစားမှုမျိုးတွေနဲ့ တည်ဆောက်ထားတာပဲ။ ခင်ဗျားက အဲဒီဘဝကို ခါးသီးတယ်၊ ရွံမုန်းစရာကောင်းတယ် ထင်ပေမယ့်လဲ ဒါ လုံးဝ လျစ်လျူရှုဖို့ ဥပေက္ခာပြုဖို့ ခင်ဗျား တတ်နိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်ထပ်ပြောရရင်ဥပေက္ခာဝါဒမှာ အနာဂတ်မရှိတော့ပါဘူး။ ရှိနေမှာတွေက ဘာလဲ၊ ခင်ဗျားလဲ မြင်နေရသားပဲ။ ကမ္ဘာဦးအစကနေ ဒီကနေ့အထိ တစ်နေ့တခြား တိုးပွားလာနေတာတွေက ဒုက္ခဆင်းရဲကို တွန်းလှန်တိုက်ခိုက်ခြင်း၊ ဝေဒနာကို အပြင်းအပြ ခံစားလာခြင်း၊ လှုံ့ဆော်မှု ထိခိုက်မှုတွေကို တုံ့ပြန်လာခြင်းတွေပဲ မဟုတ်လား”

ထို့နောက် ဂရိုမော့ဗ်က ရုတ်တရက် စကားဆက်မရ၍ စိတ်ညစ်သွားဟန်ဖြင့် ရပ်လိုက်သည်။ ထို့နောက် သူက နဖူးကို ပွတ်သပ်၍ နေ၏။

“ကျွန်တော် အရေးကြီးတဲ့အချက်တစ်ခု ပြောမလို့ ရုတ်တရက် အစပျောက်သွားတယ်၊ ဘာပါလိမ့်ဗျာ”

“ဪ.. ဟုတ်ပြီ..ဟုတ်ပြီ၊ ကိုယ့်အိမ်နီးချင်းကို ရွေးနုတ်ယူနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ကျွန်အဖြစ် အရောင်းခံလိုက်တဲ့ ဥပေက္ခာဝါဒီတစ်ယောက်အကြောင်းဗျ၊ သူ့အကြောင်းကို ကြည့်ရင် ခင်ဗျားလဲ တွေ့ ရလိမ့်မယ်။ သူ့ရဲ့ အပြုအမူဟာ တစ်စုံတစ်ရာသော လှုံ့ဆော်မှုကို တုံ့ပြန်လိုက်ခြင်းသာဖြစ်တယ်။ အိမ်နီးချင်းရဲ့အကျိုးအတွက် မိမိကိုယ်ကို ပျက်စီးဆုံးရှုံးခံလိုက်တဲ့ အင်မတန် သစ္စာတရားကြီးမားကြောင်းကို ပြတဲ့ အပြုအမူတစ်ရပ်ဟာ မခံချင်စိတ်နဲ့ မေတ္တာကရုဏာစိတ်တို့ရှိတဲ့ လူမျိုးမှာသာ ရှိနိုင်တယ်။ ကျွန်တော့်မှာ ဒီထောင်ထဲရောက်လာကတည်းက အရင် ဖတ်ခဲ့ မှတ်ခဲ့တဲ့ဟာတွေ အကုန်လုံး မေ့ပျောက်ကုန်လို့သာပဲဗျ၊ မဟုတ်ရင် ခင်ဗျားကို အကျိုးအကြောင်းသာဓကတွေ ဒီထက်မက အများကြီး ပြနိုင်သေးတယ်။ ကိုင်းဗျာ ခရစ်တော်ကော ဘယ်သွားထားမလဲ၊ ခရစ်တော်ဟာ အစစ်အမှန်လောကကို ငိုကြွေးခြင်း၊ ပြုံးရယ်ခြင်း၊ ပူဆွေးခြင်း၊ မခံလိုစိတ်ဖြစ်ခြင်းများတင်မက ဝမ်းနည်းကြေကွဲခြင်းဖြင့်ပါ တုံ့ပြန်တယ်ဗျ။ သူ့ကို နှိပ်စက်စမ်းသပ်ခဲ့စဉ်က သူဟာ ပြုံးပြီး ရင်ဆိုင်ခဲ့တာမှ မဟုတ်တာ။ သူဟာ သေခြင်းတရားကို ဥပေက္ခာပြုခဲ့တာမှ မဟုတ်ဘူး။ ဂေသရှေမန်ဥယျာဉ်တော်မှာတုန်းက ဤခွက်ကို အကျွန်မှ လွှဲတော်မူပါလို့ ဆုတောင်းခဲ့တာပဲ မဟုတ်လား”

ဂရိုမော့ဗ်က ရယ်မောကာ နေရာတွင် ထိုင်ချလိုက်၏။

“ပြီးတော့ ငြိမ်းချမ်းမှုနဲ့ ကျေနပ်နှစ်သိမ့်မှု ဆိုတာတွေဟာ အပြင်ပမှာ မရှိဘူး၊ ကိုယ်တွင်းမှာသာ ရှိတယ်လို့ လက်ခံရမယ်”

သူက ဆက်ပြောပြန်သည်။

“ပြီးတော့ ဆင်းရဲခြင်းဆိုတဲ့ ခံစားမှု ဝေဒနာမျိုးကို ရှုတ်ချရမယ်၊ ဘယ်အရာကိုမှလဲ အံ့သြခြင်း မဖြစ်ရဘူးတဲ့၊ ဆိုပါတော့… ဒီတရားကို ဟောပြောပို့ချနေတဲ့ ခင်ဗျားကိုယ်တိုင်ကျတော့ကော ဘယ်လိုလဲ၊ ခင်ဗျားမှာ ဘယ်လိုအရည် အသွေးတွေ ရှိသလဲ၊ ခင်ဗျားဟာ ပညာရှိလား အဘိဓမ္မာဆရာလား၊ ဒါမှမဟုတ် ဘာလဲ”

“မဟုတ်ပါဘူး၊ ကျွန်တော်ဟာ အဘိဓမ္မာဆရာတစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ ဒီအယူအဆဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ယူဆတယ်၊ ဒီအယူအဆကို လူတိုင်း ခံယူဟောပြောသင့်တယ်လို့ ကျွန်တော်ယုံကြည်တယ်”

“ထားပါတော့လေ၊ ဒါပေမဲ့လဲ ကျွန်တော့်အနေနဲ့တော့ ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျား ဘဝရဲ့ အဓိပ္ပါယ်ကို ဖွင့်ဖို့ ဝေဒနာနဲ့ ခံစားမှုကို ဥပေက္ခါပြုဖို့ ဆိုတဲ့ သပ္ပရနာမ်ပေါင်းတွေနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဘယ်ပုံဘယ်နည်း ယူဆလာခဲ့သလဲဆိုတဲ့အကြောင်း သိချင်သေးတယ်။ ခင်ဗျား ဘဝမှာ ဒုက္ခဆင်းရဲဆိုတာ ခံစားဖူးသလား၊ ဒုက္ခရောက်တယ်ဆိုတာ ဘယ်လိုဟာမျိုး ဆိုတာ နားကောလည်ရဲ့လား။ ခင်ဗျား ငယ်ငယ်တုန်းက ကြိမ်နဲ့ အရိုက်ခံဖူးသလား”

“ဟင့်အင်း၊ ကျွန်တော့်မိဘတွေက ရိုက်နှက်ဆုံးမတဲ့အလုပ်ကို သိပ်ရွံတယ်”

“ဟုတ်ပြီ၊ ကျုပ်ကတော့ အရိုက်ခံခဲ့ရတယ်၊ မညှာမတာကို အရိုက်ခံခဲ့ရတယ်။ ကျုပ်အဖေဟာ သိပ်တင်းကျပ်လွန်းတဲ့ အစိုးရအမှုထမ်းတစ်ယောက်ပဲ၊ နှာခေါင်ရှည်ရှည် လည်ပင်းက ဝါကြန့်ကြန့်နဲ့၊ လိပ်ခေါင်းလဲရှိသေးတယ်။ ထားပါလေ သူ့အကြောင်း မေ့ထားလိုက်ပါ။ ခင်ဗျားရဲ့ သက်တမ်းတစ်လျှောက်လုံး ခင်ဗျားကို ဘယ်သူတစ်စုံတစ်ယောက်ကမှ လက်ဖျားနဲ့တောင် မတို့ဘူးဆိုတာ ထင်ရှားတယ်။ ခင်ဗျားကို ဘယ်သူကမှ မခြိမ်းခြောက်ခဲ့ဖူးဘူး၊ ခင်ဗျားနဲ့ သတ်ဖို့ ဆိုတာလဲ ခင်ဗျားက နွားသိုးတစ်ကောင်လောက် သန်နေတာပဲ။ ခင်ဗျားဟာ ဖအေ့အရိပ်အာဝါသအောက်မှာ ကြီးပြင်းခဲ့ရတယ်။ ပညသင်ဖို့စရိတ်စက ဖအေက ထုတ်ပေးခဲ့တယ်။ ပညာသင်ပြီးပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားမှာ လခ အချောင်ရမယ့် အလုပ်တစ်ခု ရလာတယ်။ အခုဆိုရင် နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် ရှိလာပြီ၊ ခင်ဗျားဟာ လခ မပေးရတဲ့ အိမ်ခန်းမှာ နေရတယ်၊ အိမ်မှာခိုင်းဖို့ အစေခံတစ်ယောက်ရှိတယ်၊ ယုတ်စွအဆုံး မီးဖိုးအနွေးဓာတ်ဖိုးတောင် မပေးရဘူး။ အလုပ်ကျတော့လဲ ခင်ဗျားသဘောပဲ၊ နည်းနည်းပဲ လုပ်လုပ်… များများပဲ လုပ်လုပ် ဘာမှမလုပ်ချင်လဲ ရတာပဲ။ နဂိုကတည်းက ပျင်းပျင်းရိရိနဲ့ တွေဝေငေးမောပြီး နေတတ်တဲ့လူမျိုး ဖြစ်လေတော့ ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူ တစ်စုံတစ်ယောက်ရဲ့ အနှောင့်အယှက်မှ မခံရအောင် သေသေချာချာ စီစဉ်ပြီး နေလာခဲ့တယ်။ ဘယ်သူကမှ ခင်ဗျားကို ခင်ဗျားသွားနေကျ လမ်းကြောင်းထဲက ဆွဲမထုတ်နိုင်ဘူး။ ခင်ဗျားဟာ ကိုယ်လုပ်ရမယ့်အလုပ်ကို အရည်အချင်းမရှိတဲ့တပည့်တွေ၊ ဘာမှအသုံးမကျတဲ့ လူတွေလက်ထဲ လွှဲထားတယ်။ ခင်ဗျားကိုယ်တိုင်ကတော့ နွေးနွေးထွေးထွေး အေးအေးချမ်းချမ်းရှိတဲ့ အခန်းထောင့်မှာ ဇိမ်နဲ့ ထိုင်၊ ပိုက်ဆံတွေ စု၊ စာအုပ်ကလေးတွေ ထိုင်ဖတ်၊ ဘာမှ အဓိပ္ပာယ်မရှိတဲ့အကြောင်းတွေကို အကြီးအကျယ်လုပ်၊ ဝိပဿနာတင်ပြီး အရသာခံနေမယ်”

ထိုနောက် ဆရာဝန်၏ နီမြန်းသောနှာခေါင်းကို ကြည့်ကာ …

“ပြီးတော့ အရက်မှန်မှန် သောက်မယ်”

“အဲဒီ ဥခွံထဲမှာ နေလို့တော့ ဘာမှ တွေ့လာမှာမဟုတ်ဘူး၊ လောကအကြောင်း ဘာမှ သိလာမှာမဟုတ်ဘူး။ ပြဿနာကို လက်တွေ့ မကြုံရဘဲ စိတ်ကူးထဲမှာပဲ တွေ့ နေမှာပဲ။ ဝေဒနာခံစားခြင်းကို စွန့်ပယ်ဖို့နဲ့ ဘယ်အရာကိုမှ အံ့သြခြင်း မဖြစ်ဖို့ဆိုတဲ့ အယူအဆတွေကို ခင်ဗျား ရလာတဲ့အကြောင်းကလဲ ရှင်းပါတယ်။ နေ့တဓူဝ လုပ်ကိုင်စားသောက်နေထိုင်ရတဲ့ ဘဝရဲ့အဓိပ္ပာယ်ကင်းမဲ့မှု၊ အပြင် ဗဟိဒ္ဓလောကကို လက်သင့်မခံလိုမှု၊ အတွင်းအဇ္ဈတ္တဘဝကို အလေးပေးမှု၊ ဆင်ခြင်သိမြင်မှု၊ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့မှုဆိုတာတွေဟာ ဘာအလုပ်မှ မလုပ်တဲ့ ရုရှားတစ်ယောက်နဲ့တော့ အသင့်တော်ဆုံး လောကအမြင်တွေပဲ။ ဥပမာအားဖြင့်ဗျာ လယ်သမားတစ်ယောက် ကိုယ့်မိန်းမ ကိုယ်ရိုက်နေတာမျိုး ခင်ဗျား တွေ့ ဖူးမှာပဲ၊ ခင်ဗျားက ဘာလို့ သွားဟန့်မှာလဲ၊ သူ့ဟာသူ လုပ်ပစေပေါ့၊ အနှေးနဲ့အမြန်ဆိုသလို တစ်နေ့ကျရင် နှစ်ယောက်စလုံး သေကြမှာပဲ မဟုတ်လား၊ ပြီးတော့ ရိုက်တဲ့လူဟာ အရိုက်ခံရတဲ့လူထက် ပိုပြီး ယုတ်ညံ့သွားတယ် မဟုတ်လား။ တစ်ခါ အရက်သောက်တာ ဆိုပါတော့၊ အရက်ကို မူးအောင် သောက်တာဟာ မိုက်မဲတဲ့ အလုပ်ပဲ၊ လူမြင်လို့လဲ မကောင်းဘူးလို့ ဆိုမယ်။ ဒါပေမဲ့လဲ ခင်ဗျား အရက်သောက်သည်ဖြစ်စေ… မသောက်သည်ဖြစ်စေ ဘာထူးသေးလဲ၊ တစ်နေ့ကျတော့ ခင်ဗျား သေရမှာပဲမဟုတ်လား။ နောက်ပြီးတော့ဗျာ လယ်သူမတစ်ယောက် သွားကိုက်လို့ ဆိုပြီး ခင်ဗျားဆီ လာပြမယ်၊ ဟာ ဒါ.. ဘာဖြစ်သလဲ၊ နာတယ်ဆိုတာ တကယ်တော့ နာတယ်လို့ ထင်နေတဲ့ စိတ်ပဲ၊ ပြီးတော့ ဘယ်သူ ဘယ်ဝါမှ သေတဲ့အထိ မအိုမနာဘဲ နေသွားရတယ်လို့မှ မရှိဘဲ၊ သွားပါကွာ၊ ငါ့ဘာသာ တွေးခေါ်မြော်မြင်ရေး လုပ်ရင်း အရက်သောက်နေတာ မဖြောင့်အောင် လာလုပ်နေတယ်လို့ ပြောပေါ့။ ပြီးတော့ လူငယ်တစ်ယောက်က ခင်ဗျားဆီလာပြီး ဘဝကို ဘယ်လိုရင်ဆိုင်ရမလဲ မေးမယ်ဆိုပါတော့၊ ခင်ဗျားကလွဲလို့ ဘယ်သူမဆို အဖြေမပေးခင် ခဏတော့ စဉ်းစားဦးမယ်၊ ဒါပေမဲ့ ခင်ဗျားကျတော့ အဖြေက လက်ထဲ မှာ အဆင်သင့်ရှိတယ်၊ ‘ဘဝကိုနားလည်ဖို့ ကြိုးစား၊ စစ်မှန်သော ချမ်းမြေ့ပျော်ရွှင်မှုကို ရအောင် ကြိုးစား’ ဒါတွေ ခင်ဗျား ပြောမယ်၊ ဒါပေမဲ့ ခင်ဗျားပြောတဲ့ စစ်မှန်သော ချမ်းမြေ့မှုဆိုတာ ဘာလဲ၊ ဒါကို ခင်ဗျား ပြောမှာမဟုတ်ဘူး။ ဆိုပါတော့ဗျာ… ကျုပ်တို့က ဒီသံတိုင်တွေနောက်မှာ သော့ပိတ်ခံထားရတယ်၊ ဒီအထဲမှာ အနှိပ်စက်ခံနေရတယ်၊ အဆွေးမြေ့ခံနေရတယ်၊ ဒါပေမဲ့ ခင်ဗျားသီဝရီအရတော့ လူတစ်ယောက်အဖို့ ဒီအဆောင်ထဲမှာ နေရခြင်း သို့မဟုတ် နွေးထွေးသော အိမ်ထဲက သက်သောင့်သာရှိသော စာကြည့်တိုက်ခန်းထဲမှာ နေရခြင်းတို့ဟာ ဘာမှ ကွဲပြားခြားနားခြင်း မရှိဘူးပေါ့ဗျာ။ ခင်ဗျားရဲ့အတွေးအခေါ်ဟာ သိပ်ကိုအဆင်ပြေတာပဲ၊ ခင်ဗျားမှာ လိပ်ပြာလည်း လုံသွားမယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ပညာရှိတစ်ယောက်လို့တောင် ထင်လာနိုင်သေးတယ်။ ဒီမှာမိတ်ဆွေကြီးရဲ့ …ခင်ဗျားဥစ္စာဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ တွေးခေါ်မြော်မြင်မှုမျိုးမဟုတ်ဘူးဗျ၊ အဘိဓမ္မာတရားတစ်ရပ် မဟုတ်ဘူး၊ ဒီအထဲမှာ အင်မတန်ကြီးကျယ်တဲ့ အသိဉာဏ်အမြင်တွေမပါဘူး၊ ဒါဟာ တကယ်တော့ ပျင်းရိမှုပဲ၊ စိတ်အာရုံထုံထိုင်းမှုပဲ၊ အလကား ကလီကမာတွေ လျှောက်ပြောနေတာပဲ၊ ဟုတ်တယ်”

ဂရိုမော့ဗ် ရုတ်တရက် ထအော်သည်။ ဒေါသက တစ်ကြိမ် ထကြွလာပြန်သည်။

“ခင်ဗျားက ဒုက္ခဝေဒနာကို မခံ့လေးစား ပြုရမယ်လို့ ဆိုတယ်၊ ကိုင်း ခင်ဗျားလက်ကို ကျုပ် တံခါးကြားထဲမှာ ညှပ်ကြည့်မယ်။ သံကုန်ဟစ်ပြီးတောင် အော်သွားဦးမယ်”

“အော်ချင်မှလဲ အော်မှာပေါ့ဗျာ”

ဒေါက်တာရာဂင်က ဒေါသဖြစ်ဟန်မရှိဘဲ ပြုံး၍ ပြောလေသည်။

“ကျုပ်တော့ တွေ့စမ်းချင်သဗျာ၊ ဆိုပါတော့ဗျာ … ခင်ဗျား ရုတ်တရက် လေဖြတ်လို့ မစွမ်းမသန်ဖြစ်သွားတယ် ဆိုပါတော့၊ နေရာတကာ စွာကျယ်စွာကျယ်လုပ်တတ်တဲ့ ကျပ်မပြည့်တဲ့ လူတစ်ယောက်က ခင်ဗျားကို လူရှေ့သူရှေ့မှာ ကိုယ်ချင်းမစာ ပြောဆိုဆက်ဆံမယ်၊ သူ့အတွက်တော့ အန္တရာယ်ကင်း ဘေးရှင်းပေါ့လေ၊ အဲဒီလိုလုပ်ပြီဆိုတဲ့အခါကျတော့မှ အဲဒီဆင်ခြင်သိမြင်ဖို့ ကြိုးစားကြ၊ စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရှာဖွေကြ ဆိုတဲ့တရားတွေ ခင်ဗျား ဟောကြားတုန်းက ကြားရတဲ့လူတွေနားမှာ ဘယ်လိုဖြစ်ရတယ် ဆိုတာ ခင်ဗျား အရိပ်အမြွက်လောက် သိလာမယ်”

“ခင်ဗျား ဝေဖန်ဆွေးနွေးသွားတာ သိပ်ကောင်းသဗျာ”

ဒေါက်တာရာဂင်က လက်နှစ်ဖက်ကို ပွတ်ရင်း ဝမ်းသာအားရ ပြုံးရယ်၍ ပြောလေသည်။

“တသီးတသန့်စီသော ပြဿနာတွေကို တစ်လောကလုံးနဲ့ ဆိုင်တဲ့ ဝေါဟာရ အသုံးအနှုန်းတွေနဲ့ ရှုမြင်သုံးသပ်သွားနိုင်တဲ့ ခင်ဗျားကို ကျုပ်တော့ တကယ့်ကို သဘောကျသွားပြီ၊ လေးစားသွားပြီဗျာ။ ကျုပ်ရဲ့ စရိုက်လက္ခဏာကို ခင်ဗျား စိစစ်ပြသွားတာ သိပ်ကိုပြောင်မြောက်တာပဲ။ ကိုင်း အခု ခင်ဗျားပြောသမျှတွေ ကျွန်တော် နားထောင်ပြီးသွားပြီ၊ ကျွန်တော့်မှာ ပြောစရာရှိတာတွေလဲ ခင်ဗျား နားထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”