လူနာဆောင် အမှတ်(၆)

အခန်း (၁၀)

စကားဝိုင်းမှာ နောက်ထပ် တစ်နာရီခန့် ကြာသွား၏။ ဒေါက်တာရာဂင်မှာ များစွာ ကျေနပ်အားရဟန်ပေါ် လျက်ရှိသည်။ ထိုနောက်ပိုင်းတွင် သူက အဆောင်ငယ်သို့ နေ့စဉ်နေ့တိုင်း မနက်တစ်ခေါက် နေ့လယ်တစ်ခေါက် မှန်မှန်ရောက်၍နေသည်။ တစ်ခါတစ်ရံ၌မူ နေဝင် မိုးချုပ်သည်အထိပင် အိုင်ဗင်ဂရိုမော့ဗ်နှင့် စကားပြောဆိုနေတတ်၏။ အစပိုင်းတွင် ဂရိုမော့ဗ်မှာ ဆရာဝန်၌ မည်သို့သော မကောင်းသည့်အကြံအစည်များ ရှိလေမည်နည်းဟု သံသယဝင်ကာ စိတ်မချနိုင်ဘဲ ရှိ၏။ နောက်မှသာ တဖြည်းဖြည်း ဧည့်သည်နှင့် အကျွမ်းဝင်လာကာ တောက်တောက်ခါးခါး ရိုင်းရိုင်းပျပျ ဆက်ဆံမှုအစား ရိုသေကျိုးနွံလေဟန်၊ တမင်လုပ်ထားသည့် ငေါ့တော့တော့အသံမျိုးဖြင့် ပြောဆိုဆက်ဆံတတ်လာ၏

များမကြာမီမှာပင် ဒေါက်တာရာဂင်တစ်ယောက် လူနာဆောင် အမှတ်ခြောက်ကို မှန်မှန်သွားရောက် ကြည့်ရှုလျက်ရှိသည်ဟူသော သတင်းသည် ဆေးရုံတစ်ခွင်လုံးသို့ ပျံ့နှံ့လာ၏။ သို့သော် အလုပ်သမားခေါင်း ဆာဂျီ သော်လည်းကောင်း၊ နီကီတာသော်လည်းကောင်း၊ အခြား မည်သူတစ်စုံတစ်ယောက်သော်လည်းကောင်း ဆရာဝန်ကြီးသည် လူနာများအတွက် ဘာဆေးဝါးမှ ညွှန်းခြင်း မရှိဘဲ ဤလူနာဆောင်ထဲတွင် စကားပြောခြင်းဖြင့်သာ နာရီပေါင်းများစွာကို အဘယ်ကြောင့် ကုန်လွန်စေလျက် ရှိရသနည်းဟူသောအချက်ကို မတွေးတော မကြံဆနိုင်ဘဲ ရှိလေသည်။ ရာဂင် လုပ်နေပုံမှာ သူတို့အတွက် အလွန်ထူးဆန်း၍နေ၏။

မိတ်ဆွေဖြစ်သူ စာတိုက်ဗိုလ်ကြီး အလည်လာသောအခါ၌လည်း ဒေါက်တာရာဂင်မှာ အိမ်တွင် မရှိ၊ အပြင်ထွက်နေသည်နှင့်ချည်း ကြုံနေရ၏။ ဤအဖြစ်မျိုးမှာ ယခင်က ဖြစ်တောင့်ဖြစ်ခဲလှ၏။ ဒါရီယာမှာလည်း ဆရာဝန်ကြီးက ဘီယာကို ခါတိုင်းလို အချိန်မှန် မသောက်၊ တစ်ခါတစ်ရံ ညစာစားဖို့လည်း နောက်ကျမှ ရောက်လာတတ်သည်နှင့် အတော်ပင် စိတ်ရှုပ်လျက် ရှိလေသည်။

ဇွန်လကုန်ပိုင်း နေ့တစ်နေ့တွင် ဒေါက်တာခိုဘိုတော့ဗ်သည် အလုပ်ကိစ္စတစ်ခုအတွက် ဒေါက်တာရာဂင်အား တွေ့ဆုံရန် လာခဲ့၏။ သူ့အား အိမ်တွင် မတွေ့သည်နှင့် ဆေးရုံတစ်ရုံလုံး နှံ့အောင် လိုက်၍ရှာသည်။ နောက်တော့မှ သူ ဆရာမှာ စိတ်ရောဂါသည်အဆောင်တွင် ရောက်ရှိနေကြောင်း သိရသဖြင့် အဆောင်ငယ် ရှိရာသို့ လာခဲ့၏။ အပြင်ခန်းမကို ဖြတ်ကာ အတွင်းသို့ ဝင်မည့် တံခါးဝအနီး စင်္ကြံတွင် ရပ်လျက်ရှိစဉ် အတွင်းမှ ပြောဆိုဆွေးနွေးနေကြပုံများကို အောက်ပါအတိုင်း ကြားရလေသည်။

“ခင်ဗျားနဲ့ကျုပ် ဘယ်တော့မှ သဘောချင်း တူနိုင်ကြမှာမဟုတ်ဘူး၊ ခင်ဗျားရဲ့ အယူအဆတွေကို ကျုပ် ယုံကြည်သက်ဝင်လာအောင် ကြိုးပမ်းမှုတွေဟာ ဘယ်သောအခါမှ အောင်မြင်မှု ရမှာမဟုတ်ဘူး”

လူနာဂရိုမော့ဗ်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“လက်တွေ့ ဘဝကို ခင်ဗျား နားမှမလည်ဘဲ၊ ဒုက္ခဆင်းရဲဆိုတာလဲ ခင်ဗျား မခံစားဖူးဘူး။ ခင်ဗျားဟာ သူတစ်ပါးရဲ့ ဒုက္ခဝေဒနာအပေါ်မှာ မျှော့သွေးစုပ်သလို စုပ်ပြီး အသက်ရှင်နေတာ၊ ကျုပ်မှာကတော့ လူဖြစ်လာပြီဆိုကတည်းက ဒီနေ့အထိ ဒုက္ခဆင်းရဲကို ခံစားလာခဲ့ရတယ်၊ အဲဒါကြောင့် ပွင့်လင်းလင်း ပြောရရင် ကျုပ်ဟာ ခင်ဗျားထက် အဘက်ဘက်က သာလွန်ပြည့်ဝတဲ့ လူတစ်ယောက်လို့ ဆိုချင်တယ်၊ ခင်ဗျားဟာ ကျုပ်ကို သင်ပြနိုင်တဲ့အဆင့်မှာ မရှိဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ကျွန်တော်က ခင်ဗျားကို ကျွန်တော့်အယူအဆမှာ သက်ဝင်လာဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး၊ ရည်ရွယ်ချက်လဲ မရှိပါဘူး”

ဒေါက်တာရာဂင်က အထင်လွှဲခံရသဖြင့် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက အဓိကအချက် မဟုတ်ပါဘူးဗျာ၊ ခင်ဗျားက ဒုက္ခဆင်းရဲခံရပြီး ကျွန်တော်က မခံစားရဘူးဆိုတဲ့အတွက်လဲ ဘာခြားနားမှုမှ ဖြစ်ပေါ်မလာဘူး။ ဒုက္ခဆင်းရဲခြင်း၊ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာတွေဟာ ယာယီသဘောတွေပါ၊ ဒါတွေကို စဉ်းစားနေဖို့ မလိုဘူး၊ ဘေးဖယ်ထားလိုက်စမ်းပါ၊ အရေးကြီးတဲ့အချက်က ခင်ဗျားရော ကျုပ်ရောဟာ စဉ်းစားဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတဲ့အချက်ပဲ။ ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်လုံး တစ်ယောက်အပေါ်တစ်ယောက် ဒီလူဟာ ကျိုးကြောင်းဝေဖန်ညှိနှိုင်းတတ်တဲ့လူ၊ အတွေးအခေါ်ရှိတဲ့လူဖြစ်တဲ့အကြောင်း သိထားကြရပြီပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ခြားနားချင်တိုင်း ခြားနားနေပါစေ၊ ကျွန်တော်တို့နှစ်ယောက်ကြားမှာခိုင်မြဲတဲ့ နှောင်ကြိုးတစ်ရပ် ရှိနေခဲ့ပြီ။ ကျွန်တော့်ပတ်ဝန်းကျင်က ရူးသွပ်မိုက်မဲမှုတွေ၊ အသိဉာဏ် ကင်းမဲ့မှုတွေ၊ တန်ဖိုးမရှိတဲ့လူတွေကို ကျွန်တော် ဘယ်လောက် ငြီးငွေ့ တယ် ဆိုတာရယ်… ခင်ဗျားနဲ့ စကားပြောရတဲ့အချိန်တိုင်း ကျွန်တော် ဘယ်လောက် ဝမ်းသာအားရဖြစ်ရတယ်ဆိုတာရယ် ခင်ဗျား သိစမ်းစေချင်တယ်။ ခင်ဗျားဟာ ပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ခင်ဗျားနဲ့ ပေါင်းသင်းရတဲ့အတွက် သိပ်ဝမ်းသာတယ်ဗျာ”

ခိုဘိုတော့ဗ်က တံခါးကို ကျွီခနဲ တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ လှမ်းကြည့်လိုက်၏။ လူနာ ဂရိုမော့ဗ်က အိပ်ခါနီး စွပ်သည့် ခေါင်းစွပ်ကို စွပ်လျက် ခုတင်ပေါ်၌ ဆရာဝန်ကြီးဘေးတွင် ထိုင်နေသည်။ သူ့မျက်နှာက အမူအရာအမျိုးမျိုး ဖော်ပြလျက်ရှိသည်။ ခန္ဓာကိုယ်ကလည်း အကြောဆွဲသလို တဆတ်ဆတ်တုန်သည်။ ပြီးလျှင် သူက ဝတ်ရုံကို ကိုယ်တွင် ဆွဲ၍ပတ်နေ၏။ ဒေါက်တာရာဂင်ကမူ ခေါင်းငိုက်စိုက်ချကာ မလှုပ်မယှက် ငြိမ်သက်နေ၏။ သူ့မျက်နှာ၌ စိတ်ပျက်လက်လျှော့သည့်လက္ခဏာ ထင်ဟပ်ဖော်ပြနေလေသည်။

ဒေါက်တာခိုဘိုတော့ဗ်က ပခုံးကို တွန့်ပြီး နီကီတာအား လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။ ပခုံးကို ပြန်တွန့်ပြလေသည်။

နောက်တစ်နေ့၌ ဒေါက်တာ ခိုဘိုတော့ဗ်သည် ဆေးရုံအလုပ်သမားခေါင်း ဆာဂျီကိုပါ ခေါ်၍ နှစ်ယောက်သား တံခါးပေါက်အနီး စင်္ကြံတွင် ရပ်ကာ နားထောင်ကြပြန်သည်။

“ကြည့်ရတာ ခင်ဗျားအဘိုးကြီးတော့ မူလီချောင်သွားပြီထင်တယ်ဗျို့”

အဆောင်ငယ်မှ ထွက်လာပြီးနောက် ခိုဘိုတော့ဗ်က မှတ်ချက်ချလိုက်သည်။

“အို ဘုရားသခင်… ကျွန်တော်မျိုးတို့၏ ညစ်ထေးသော ဝိညာဉ်တော်များကို သနားကရုဏာသက်တော်မူပါ ဘုရား”

ဆာဂျီက ပြောင်နေအောင် တိုက်ထားသော သူ့ဖိနပ်များ မပေရအောင် ရွှံ့ဗွက်များကို ဂရုတစိုက် ရှောင်ရှားကာ လျှောက်လာရင်းက ဟိတ်ဟန်ပါပါ ပြောနေသည်။

သူက သက်ပြင်းတစ်ချက်ချပြီးနောက် “ဆရာ ခိုဘိုတော့ဗ်ရေ၊ အမှန်အတိုင်း ပြောရရင် ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားမိတာ ကြာခဲ့ပြီ ခင်ဗျ” ဟူ၍ ပြောလိုက်လေသည်။

* * *

ထို့နောက်ပိုင်းတွင်ကား ဒေါက်တာရာဂင်သည် ဘေးပတ်ဝန်းကျင်တွင် အသိရခက်သည့် ထူးခြားသော အခြင်းအရာများ ဖြစ်ပေါ်လျက်ရှိကြောင်း သတိထားမိလာလေသည်။ အလုပ်သမားများ၊ သူနာပြုဆရာမ ကားနှင့် လူနာများ သူ့ကို တစေ့တစောင်း ကြည့်ကာ သူတို့အချင်းချင်း တီးတိုးတီးတိုး ပြောကြသည်ကို တွေ့ ရ၏။ ဆေးရုံ အုပ်ချုပ်ရေးမှူး၏ သမီးကလေး မာရှာမှာ ယခင်က ဆေးရုံဥယျာဉ်ထဲတွင် တွေ့တိုင်း ဒေါက်တာရာဂင်က ချစ်ခင်နှစ်သက်စွာ ခေါင်းကလေးကို ပွတ်သပ်နေကျ ဖြစ်၏။ ယခုကား ဘာကြောင့်မှန်းမသိ သူက အနီးသို့ ကပ်လာသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးလေတော့သည်။ ထို့ပြင် စာတိုက်ဗိုလ်ကြီးမှာလည်း ယခင်က ဒေါက်တာရာဂင်၏ မိန့်ခွန်းရှည်များကို ‘သိပ်မှန်တာပေါ့ဗျာ’ ဟူသော စကားဖြင့် ဝင်ထောက်နေကျ ဖြစ်သော်လည်း ယခုကား သူ့မိတ်ဆွေကို စိတ်မကောင်းဖြစ်ဟန်ဖြင့် ကြည့်ရင်း“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”ဟူ၍သာ ပြောတော့ကာ ဆရာဝန်အား ဗော့ဒကာနှင့် ဘီယာ၊ စွန့်ဖို့ အကြံပေးစပြုလေသည်။ သို့သော် တိုက်ရိုက်ပြောသည်ကား မဟုတ်။ သူတို့တပ်က တပ်ရင်းမှူးတစ်ယောက်မှာ အလွန်တော်သည့်အကြောင်း၊ ဘယ်တပ်က ဘုန်းတော်ကြီးတစ်ပါးမှာ မူလက အများ၏လေးစာခင်မင်ခြင်း ခံရကြောင်း၊ သို့သော် နောင်တွင် အရက်အလွန်အကျွံသောက်သဖြင့် ကျန်းမာရေး ချို့တဲ့လာကြောင်း၊ အရက်ဖြတ်လိုက်သောအခါမှ နဂိုအတိုင်း ပြန်ဖြစ်လာကြောင်း စသဖြင့် သွယ်ဝိုက်သောနည်းအားဖြင့် ပြောဆိုခြင်း ဖြစ်လေသည်။ ရာဂင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဒေါက်တာ ခိုဘိုတော့ဗ်ကလည်း နှစ်ကြိမ် သုံးကြိမ်မျှ လာရောက်ကြည့်ရှုသည်။ သူကလည်း အရက်သေစာကို စွန့်လွှတ်ရန် ပြောသည်။ ထို့အပြင် ဘာအကျိုးအကြောင်းမှ ရှင်းမပြဘဲ ရာဂင်အား ဘရိုမိုက်ဆေးများ စားရန် အကြံပေးလေသည်။

သြဂုတ်လ ရောက်သောအခါ ဒေါက်တာ ရာဂင်သည် မြို့တော်ဝန်ထံမှ အလွန်အရေးကြီးသော ကိစ္စတစ်ရပ်အတွက် မြို့တော်ခန်းမသို့ လာရန် ဖိတ်ကြားသောစာတစ်စောင်ကို ရရှိလေသည်။ ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိသွားသည့်အခါ စစ်နယ်မြေမှူး၊ ပညာရေး အရာရှိ၊ မြို့နယ်ကောင်စီအဖွဲ့ဝင် တစ်ယောက်နှင့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာ ခိုဘိုတော့ဗ်တို့အပြင် အခေါ်ရခက်သော ပိုလန်အမည်နှင့် ဖြူဖြူဝဝ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ ရ၏။ ထိုပုဂ္ဂိုလ်မှာ ဆရာဝန်တစ်ယောက်ဖြစ်၍ မြို့နှင့် မိုင်နှစ်ဆယ်ခန့်ဝေးသော မွေးမြူရေးခြံတွင် နေထိုင်လျက်ရှိရာ ယခုမူ သွားရင်းလာရင်း လမ်းကြုံ၍ ရောက်ရှိနေခြင်းဖြစ်သည်ဟု ဆို၏။

“ဒေါက်တာနဲ့ ပတ်သက်တဲ့စာတစ်စောင် ကျွန်တော်တို့ရရှိထားပါတယ်ခင်ဗျာ”

တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပြီး၍ နေရာအသီးသီးတွင် ထိုင်ကြပြီးသောအခါ မြို့နယ်ကောင်စီဝင်က ပြောကြားလေသည်။

“ဟောဒီက ဒေါက်တာ ခိုဘိုတော့ဗ်က ပြောပါတယ်၊ ဆေးရုံပင်မအဆောက်အအုံက ဆေးပေးခန်းဟာ သိပ်ကျဉ်း မြောင်းနေတဲ့အတွက် အဲဒါကို အပြင်ဘက် အဆောင်ကလေးတစ်ခုကို ရွှေ့ပြောင်းသင့်ပါတယ်တဲ့၊ ဒါပေမဲ့ အပြင်ဆောင်ကလေးကလဲ အများကြီးပြုပြင်ဖို့လိုနေတဲ့အတွက် ဆေးပေးခန်း ရွှေ့ဖို့ဟာ သိပ်မလွယ်ကူဖြစ်နေတယ်လို့ ဆိုပါတယ်”

“ဟုတ်တယ်၊ ကျွန်တော်လဲ မပြင်ရင် မဖြစ်တော့ဘူးလို့ပဲ မြင်ပါတယ်”

ဒေါက်တာရာဂင်က တစ်ခဏမျှ တွေးကာ ပြန်ပြောလိုက်သည်။

“တကယ်လို့သာ ဆေးပေးခန်းကို ခြံထောင့်က အဆောင်လေးဆီ ပြောင်းမယ် ဆိုရင် အဲဒီအဆောင်လေးကို ပြင်ဖို့ဆင်ဖို့ လိုလိမ့်မယ်။ အဲဒီအတွက်ကို အနည်းဆုံး ရူဘယ်ငါးရာလောက် ကုန်ကျလိမ့်မယ်၊ ဒါ ဒီက ဘာမှပြန်အမြတ်ထွက်လာမှာ မဟုတ်တဲ့ ကုန်ပေါက်သက်သက်ပဲ”

ထို့နောက် ခဏမျှ တိတ်ဆိတ်သွားသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကျွန်တော်က လက်ရှိအခြေအနေအတိုင်းမှာပဲ ဒီဆေးရုံဟာ မြို့ရဲ့ ထောက်ပံ့နိုင်တဲ့အင်အားနဲ့ မနိုင်မနင်းအောင် စရိတ်စက ကြီးမားတဲ့အကြောင်း အစီရင်ခံခဲ့ဖူးပါတယ်။ ဒီဆေးရုံ ကို ၁၈၄ဝ ခုနှစ် ကျော်ကျော်လောက်က ဆောက်ခဲ့ပါတယ်၊ အဲဒီတုန်းကတော့ မြူနီစပယ်ရဲ့ လက်ထဲမှာရှိတဲ့ ငွေကြေးအင်အားကလဲ အခုနဲ့ အများကြီး ကွာခြားပါတယ်၊ ဒီမြို့အနေနဲ့ အသုံးမဝင်တဲ့ အဆောက်အဦအတွက်ရယ်၊မလိုအပ်တဲ့ အမှုထမ်းတွေ ခန့်ထားတဲ့အတွက်ရယ်မှာ ငွေတွေ အမြောက်အမြား သုံးဖြုန်းပစ်တယ်၊ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ အခု ရှိနေတဲ့ ရန်ပုံငွေကိုတင် စနစ်တကျ သုံးစွဲမယ်ဆိုရင် စံပြဆေးရုံ နှစ်ရုံစာလောက်အတွက် လုံလောက်နိုင်တယ်လို့ မြင်ပါတယ်”

“သိပ်ကောင်းပါတယ်၊ ကျွန်တော်တို့ စနစ်သစ်နဲ့ လုပ်ကြကိုင်ကြတာပေါ့”

ကောင်စီလူကြီးက အသံကို မြှင့်၍ ပြောသည်။

“ခပ်စောစောပိုင်းတုန်းက ကျွန်တော့်အစီရင်ခံစာတစ်စောင်မှာ ကျန်းမာရေးလုပ်ငန်းကို ခရိုင်အာဏာပိုင်တွေလက်ထဲ လွှဲအပ်ဖို့အကြောင်း၊ ရရှိတဲ့ရန်ပုံငွေကိုလဲ သူတို့ဆီ အပ်နှံသင့်ကြောင်း အကြံပေး တင်ပြခဲ့ပြီးဖြစ်ပါတယ်”

“သူတို့ဆီ ငွေတွေ ပုံပေးလိုက်၊ သူတို့က အကုန်လုံး ဘုံးလိုက်”

ဖြူဖြူဝဝ ဆရာဝန်က ရယ်၍ပြောလေသည်။

“ဒါပေါ့၊ အရင်တုန်းကလဲ ဖြစ်ဖူးတာပဲ”

ကောင်စီလူကြီးကလည်း ရယ်၍ ထောက်ခံပြောဆိုလိုက်သည်။

“မျှမျှတတ ဖြစ်အောင်တော့ ကျွန်တော်တို့ လုပ်ရမှာပေါ့ဗျာ”

ဒေါက်တာ ရာဂင်က ဖြူဖြူဝဝ ဆရာဝန်အား နွမ်းလျ၍ တောက်ပခြင်းကင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလေသည်။

ထို့နောက် ခဏမျှ တိတ်ဆိတ်သွားပြန်သည်။ လက်ဖက်ရည်ပွဲရောက်လာသည်။ စစ်နယ်မြေမှူးမှာ ဘာကြောင့်မှန်းမသိ အနေရအထိုင်ရ ခက်နေဟန်ရှိသည်။ သူက စားပွဲပေါ်မှ ကျော်၍ ရာဂင်၏လက်ကို ညင်သာစွာကိုင်ကာ…

“ဆရာက ကျွန်တော်တို့ကို လုံးဝလျစ်လျူရှုထားခဲ့တာကိုး ဆရာရဲ့၊ ဒါပေမဲ့ ဆရာက သူတော်ကောင်းတစ်ယောက်ပါလေ။ ဖဲမကစားဘူး၊ မိန်းမတွေကို စိတ်မဝင်စားဘူး၊ ဆရာက ကျွန်တော်တို့လိုလူမျိုးတွေကို စိတ်ပျက်နေပုံရပါတယ်”

ထို့နောက်တွင် သူတို့အားလုံးက တစ်ပြိုင်တည်းပင် ဤမြို့ကလေးမှာ လူယဉ်ကျေးတစ်ယောက်အတွက် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော မြို့ကလေးဖြစ်ကြောင်း တစ်သဘောတည်း ပြောနေကြလေသည်။ မြို့ထဲ၌ ဇာတ်ရုံ မရှိ၊ ကပွဲခန်းမ မရှိ၊ အသင်းတိုက်တွင် ကျင်းပသော ပြီးခဲ့သည့် ကပွဲတွင်လည်း အမျိုးသမီး နှစ်ဆယ်ခန့်နှင့် တွဲဖက် က,ရန် အမျိုးသားနှစ်ယောက်သာရှိသည်။ လူငယ်များမှာ အကအခုန်ထက် ဖဲဝိုင်းနှင့် အရက်ကောင်တာ၌သာ ဝိုင်းအုံ၍နေကြသည် စသဖြင့် ဖြစ်လေသည်။

ဒေါက်တာရာဂင်က မည်သူ့ကိုမျှ မကြည့်ဘဲ သူ၏တိုးညင်သော အသံဖြင့် ဤမြို့ထဲရှိလူများမှာ မိမိတို့၏ဘဝနှင့် စွမ်းအားကိုလည်းကောင်း၊ နှလုံးသားနှင့် ဦးနှောက်ကိုလည်းကောင်း ဝေဖန်ဆွေးနွေးခြင်း၊ တန်ဖိုးရှိသော စာပေများ ဖတ်ရှုလေ့လာခြင်း၊ အသိဉာဏ်ပညာမှ ထွက်ပေါ်လာသော ပျော်ရွှင်ချမ်းမြေ့ခြင်းကို ခံစားတတ်ဖို့ အလေ့အကျင့်ပြုခြင်းများ၌ အသုံးမချဘဲ ဖဲကစားခြင်း၊ ပေါက်တတ်ကရ အတင်းအဖျင်း ပြောခြင်းများဖြင့်သာ ဖန်းတီးပစ်နေကြသည်မှာ အလွန်အမင်း ဝမ်းနည်းစရာကောင်းလှကြောင်း၊ အသိဉာဏ်ပညာမှ ထွက်ပေါ်လာသော ပျော်ရွှင်မှုသည်သာ ကောင်းမွန်ကြောင်း၊ တန်ဖိုးရှိကြောင်း၊ အခြား အခြားသောအရာများမှာ အရေးမပါ တန်ဖိုးမရှိသည့်အရာများသာ ဖြစ်ကြောင်း စသည်ဖြင့် အေးအေးဆေးဆေး ပြောကြားနေလေသည်။

ခိုဘိုတော့ဗ်က သူပြောကြားနေသော စကားများကို အာရုံစိုက် နားထောင်နေရာမှ ရုတ်တရက် ဖြတ်၍ မေးလိုက်သည်။

“ဒေါက်တာရာဂင် ဒီနေ့ ဘယ်နှစ်ရက်နေ့လဲဗျာ”

သူက အဖြေပေးလိုက်သောအခါ ခိုဘိုတော့ဗ်နှင့် ဖြူဝဝဆရာဝန်တို့မှာ အတွေ့ အကြုံနုနယ်သူများ ပီသစွာ သူ့အား မည်သည့်နေ့ရက် ဖြစ်သနည်း၊ တစ်နှစ်တွင် ဘယ်နှစ်ရက်ရှိသနည်း စသဖြင့် လျှောက်၍မေးနေပြီးနောက် လူနာဆောင် အမှတ်ခြောက်တွင် အလွန်လေးစားလောက်သော ပညာရှိပုရောဟိတ်တစ်ယောက် ရောက်ရှိနေသည် ဆိုသည်မှာ မှန်ပါသလားဟု မေးလိုက်လေသည်။

ဒေါက်တာရာဂင်မှာ နောက်ဆုံး မေးခွန်းကို ကြားရသောအခါ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး….

“ဟုတ်ကဲ့၊ စိတ်ရောဂါသည်တစ်ယောက်ပါ၊ ဒါပေမဲ့ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်တစ်ယောက်ပါ” ဟု ဆိုလိုက်သည်။

ထို့နောက် သူ့အား ဘာမေးခွန်းမှ ထပ်မမေးကြတော့။

ဒေါက်တာရာဂင်က ခန်းမထဲတွင် အပေါ်ရုံ ကုတ်အင်္ကျီကို ဝတ်နေစဉ် စစ်နယ်မြေမှူး ရောက်လာသည်။ သူက ရာဂင့်ပခုံးပေါ် လက်တင်ကာ သက်ပြင်းကိုချလျက်..

“ကျုပ်တို့အဘိုးကြီးတွေ အနားယူကြဖို့ အချိန်တန်ပါပြီဗျာ”ဟု ဆိုလေသည်။

မြို့တော်ခန်းမထဲမှ ထွက်လာပြီးသည့်နောက်၌ရ အန်ဒရေ ရာဂင်က ထိုလူစုမှာ မိမိ၏စိတ်ကျန်းမာရေးအခြေအနေကို သုံးသပ်တင်ပြရန် ဖွဲ့စည်းထားသောကော်မတီဖြစ်ကြောင်း သိရှိခဲ့ပြီ ဖြစ်၏။ သူ့ကို မေးမြန်းခဲ့ကြသော မေးခွန်းများကို ပြန်လည် အမှတ်ရကာ မျက်နှာတစ်ခုလုံး နီမြန်း၍လာပြီး သူ့တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ဆေးသိပ္ပံပညာအတွက် ရင်လေးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း ဖြစ်မိလေသည်။

သူက မိမိစိတ်အခြေအနေနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းပုံများကို ပြန်သတိရကာ တစ်ယောက်တည်း နာနာကြည်းကြည်း တွေးမိသည်။

“ဘုရား…ဘုရား၊ ဒီလူတွေဟာ မနေ့တစ်နေ့ကမှ ကျောင်းက ဆင်းလာကြတာ၊ စိတ်ရောဂါကုသနည်းနဲ့ ပတ်သက်လို့ ပူပူနွေးနွေး သင်လာကြခါစ စာမေးပွဲဖြေပြီးခါစ မဟုတ်လား။ ဒါတောင် မှ ဒီလောက်ညံ့ဖျင်းရသလား၊ စိတ်ရောဂါကုပညာရဲ့ သဘောကို ဒီလူတွေ နည်းနည်းမှ သဘောမပေါက်ကြပါကလား”

ထို့နောက်ကား မိမိတစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် အစော်ကားခံရလေပြီဟူ၍ ဒေါသဖြစ်မိလေသည်။

ထိုနေ့ညပိုင်းတွင် စာတိုက်ဗိုလ်ကြီး ရောက်လာ၏။ သူက ခါတိုင်းလိုပင် နှုတ်ဆက်စကား ပြောမနေတော့ဘဲ ရာဂင့်ထံသို့ တစ်ခါတည်း တန်းသွားကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အလွန်စိတ်လှုပ်ရှားနေသောအသံဖြင့်…

“ဒီမှာ သူငယ်ချင်း၊ သူငယ်ချင်းကို ကိုယ့်လောက် မိတ်ဆွေသူငယ်ချင်းကောင်း ပီသစွာ သစ္စာရှိတယ်၊ ချစ်ခင်တယ်ဆိုတာ သူငယ်ချင်း အသိအမှတ်ပြုကြောင်း ပြစမ်းပါ။ ကိုယ့်ကို မိတ်ဆွေအရင်းအချာတစ်ယောက်လို သဘောထားစမ်းပါ။ နေဦး နေဦး ကျွန်တော်ပြောတာ နားထောင်”

သူက ရာဂင် စကားပြောမည်ကို ဟန့်တားလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

“ကျွန်တော်ဟာ ခင်ဗျားကို လေးစားကြည်ညိုလောက်တဲ့ ပညာတတ် လူယဉ်ကျေး တစ်ယောက်အဖြစ် သဘောကျ ခင်မင်နေတဲ့ လူတစ်ယောက်ပါ၊ အဲဒီတော့ ကျွန်တော်ပြောတာ တစ်ဆိတ်လောက် နားထောင်စေချင်တယ်၊ ဆရာဝန်တွေက သူတို့ရဲ့လုပ်ငန်းဆိုင်ရာကျင့်ဝတ်တွေအရ ခင်ဗျားကို အမှန်တွေ ဖွင့်မပြောနိုင်ကြပေမယ့် ကျုပ်ကတော့ စစ်သားဟောင်းတစ်ယောက်ပီပီ အရှိကိုအရှိအတိုင်း ပြောင်ပဲ ဖွင့်ပြောရမှာပဲ။ ခင်ဗျား သိပ်နေမကောင်းဘူးသူငယ်ချင်းရာ၊ စိတ်တော့မရှိပါနဲ့၊ ဒါ တကယ့်အဖြစ်မှန်ပါ။ ခင်ဗျားနဲ့ ဆက်ဆံနေရတဲ့လူတွေအားလုံး သတိထားမိနေကြတာ အတော်ကြာပြီဗျ။ ကျွန်တော် အခုပဲ ဒေါက်တာခိုဘိုတော့ဗ်နဲ့ စကားပြောခဲ့တယ်၊ သူက ခင်ဗျားအနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် လုံးဝအနားယူဖို့ လိုအပ်တဲ့အကြောင်း၊ ပတ်ဝန်းကျင်အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောသွားတယ်။ ကျွန်တော်ကလဲ ဒါအမှန်ပဲလို့ ထင်တယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော့်မှာ သိပ်ကောင်းတဲ့ အစီအစဉ်တစ်ခုရှိနေတယ်၊ နောက်တစ်ရက် နှစ်ရက်ဆိုရင် ကျွန်တော်ခွင့်ယူမယ်၊ ပြီးတော့ နည်းနည်း အပြောင်းအလဲလေးဖြစ်သွားအောင် ခရီးထွက်မယ် စိတ်ကူးတယ်၊ အဲဒီတော့ ခင်ဗျားအနေနဲ့လဲ ကျွန်တော့်ကိုတကယ်ခင်မင်ကြောင်း ပြတဲ့အနေနဲ့ ကျွန်တော်နဲ့ လိုက်ခဲ့စေချင်တယ်။ လိုက်ပါဗျာ၊ ကျွန်တော်တို့ ငယ်တုန်းရွယ်တုန်းကလိုဘဝမျိုး ပြန်ရအောင် ကြိုးစားကြသေးတာပေါ့”

ဒေါက်တာ ရာဂင်က ခဏမျှ တွေးနေသည်။ ထို့နောက် သူက

“ကျွန်တော် လုံးဝ ကျန်းမာနေတာပဲဗျ၊ ပြီးတော့ ကျွန်တော် အခုနေ ဒီမြို့က ထွက်မသွားနိုင်သေးဘူး၊ အဲဒီတော့ ခင်ဗျားအနေနဲ့ ကျွန်တော် ခင်ဗျားကို တကယ်ခင်မင်တဲ့အကြောင်း ပြနိုင်ဖို့ တခြားနည်းလမ်းတစ်ခုခု ရှာစေချင်တယ်”

စာအုပ်တွေရယ်၊ ဘီယာရယ်၊ ဒါရီယာရယ် … ပြီးတော့ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး တစ်ရက်မပျက် ပြုကျင့်ပါလာခဲ့သော အသားကျနေသည့် အနေအထိုင်၊ ဤအရာများကိုစွန့်ကာ ဘယ်ဆီမှန်းမသိသည့် အရပ်ဒေသတစ်ခုသို့ အကြောင်းတစ်စုံတစ်ရာမရှိပါဘဲ ထွက်ခွာသွားဖို့ ဆိုသည်မှာ သူ့အမြင်၌ အဆင်အခြင်မရှိ စိတ်ကူးပေါက်တိုင်း လျှောက်လုပ်ရာရောက်နေ၏။ သို့သော် မြို့တော်ခန်းမက အစည်းအဝေးကို သတိရ၍ ခန်းမက အထွက်တွင် ခံစားရသော စိတ်ပျက်အားငယ်မှုနှင့် အိမ်အပြန်လမ်းတစ်လျှောက် သူ့အတွေးများကို ပြန်လည်အမှတ်ရလာသောအခါ၌မူ မိမိအား အရူးတစ်ယောက်ဟု ထင်နေကြသော နလပိန်းတုံးတို့နေရာ ဤမြို့မှ ခဏဖြစ်စေ ထွက်သွားလိုစိတ်ကား ပေါ်ပေါက်လာပြန်၏။

“ဘယ်တွေသွားမယ်လို့ ခင်ဗျားစီစဉ်ထားသလဲ’

သူက မေးလိုက်သည်။

“မော်စကို သွားမယ်၊ အဲဒီကနေ ပီတာစဘတ်၊ ပြီးတော့ ဝါဆောဗျာ၊ ဝါဆောမှာ နေခဲ့ဖူးတဲ့ ငါးနှစ်ဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံး နှစ်တွေပဲဗျ၊ သိပ်ကိုထူးခြားတဲ့မြို့ ဗျာ၊ ခင်ဗျား လိုက်တော့မယ်ပေါ့၊ ဟုတ်လား သူငယ်ချင်း”