လူနာဆောင် အမှတ်(၆)

အခန်း (၁၁)

နောက်တစ်ပတ်ခန့် အကြာ၌ကား ဒေါက်တာ ရာဂင်အနေနှင့် အနားယူရန်လိုအပ်ကြောင်း ပြောကြားလိုက်ကြသည်။ အဓိပ္ပာယ်ကား ရာထူးမှ နုတ်ထွက်ပေး ဆိုသော သဘောပင်တည်း။ သူက တုန်လှုပ်ဟန် လုံးဝမပြ။ အလုပ်မှ နုတ်ထွက်စာ တင်လိုက်ပြီးနောက် တစ်ပတ်အကြာ၌ မြင်းရထားတစ်စီးပေါ်တွင် စာတိုက်ဗိုလ် ဒစ်ခေးလ် အေဗာရီယန်နစ်ချ်၏ နံဘေးမှ ထိုင်ကာ အနီးဆုံး မီးရထားဘူတာရုံသို လိုက်ပါသွားခဲ့၏။

ရာသီဥတုက အေးမြကြည်လင်ကာ ကောင်းကင်က ပြာလဲ့၍နေသည်။ လေသည် သန့်ရှင်းလတ်ဆတ်နေ၏။ မြင်းရထား ခရီးမှာ မိုင်တစ်ရာ့ငါးဆယ်မျှ ရှိရာ လမ်းတွင် နှစ်ညအိပ်သွားရ၏။ ချောထောက်စခန်းများသို့ ရောက်၍ လက်ဖက်ရည်ကို များစွာ သန့်ရှင်းစင်ကြယ်ပုံမရသော လက်ဖက်ရည်ခွက်များနှင့် ထည့်ပေးသောအခါ၌ဖြစ်စေ၊ မြင်းများကို ရထားတွင် တပ်ရာဆင်ရာ၌ ကြန့်ကြာနေလျှင်ဖြစ်စေ၊ မစ်ခေးလ်အေဗာရီယန်နစ်ချ်က မျက်နှာကြီး နီကာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာပြီး မည်သို့အကျိုးအကြောင်း ပြောပြစေကာမူ လက်သင့်မခံဘဲ၊ “ငါ့ကို ဘာမှပြန်ပြောမကြနဲ့ မလိုချင်ဘူး၊ ပါးစပ်ပိတ်ကြ”စသဖြင့် ဟိန်းဟောက်နေတော့၏။

မြင်းရထားထဲ၌လည်း သူက စကားကို ရပ်သည် မရှိ၊ ကော့ကေးဆပ်နယ်တစ်ခွင်နှင့် ပိုလန်ပြည်တစ်ခုလုံး သူ သွားလာခဲ့ဖူးသည့် အကြောင်းများကို အဆက်မပြတ် ပြော၍ နေလေသည်။ ဟာ ဘယ်တုန်းက ဘယ်လိုစွန့်စားခဲ့တာ၊ ဘယ်အရေးအခင်းတုန်းကတော့ ဘယ်လောက်တက်ကြွစရာကောင်းတာပဲ စသဖြင့် အသံကျယ်ကြီးနှင့် ပြောနေသည်။ မျက်လုံးများကမူ တွေးတောကြံဆနေဟန်ရှိရာ သူပြောသမျှ အားလုံးမှာ တမင်လုပ်ကြံပြောနေခြင်းများသာ ဖြစ်ကြောင်း သိသာလှပေသည်။

ပို၍ဆိုးသည်က သူ့ဇာတ်လမ်းပုံပြင်များပြောစဉ်အတွင် ရာဂင့်မျက်နှာကို တံတွေးစဉ်ခြင်းနှင့် တစ်ခါတစ်ရံ နားနား ကပ်ပြီး ဝါးလုံးကွဲ ရယ်မောတတ်ခြင်းဖြစ်၏။ ရာဂင်မှာ များစွာစိတ်အနှောက်အယှက်ဖြစ်ကာ ကိုယ့်အတွေးကိုယ် အာရုံမစိုက်နိုင်ဘဲ ရှိရလေသည်။

ငွေကုန်ကြေးကျ သက်သာအောင်ဆို၍ သူတို့က မီးရထားကို တတိယတန်း လက်မှတ်ဝယ်ကာ ဆေးလိပ်မသောက်သူများတွဲမှ လိုက်ပါခဲ့ကြ၏။ တွဲထဲရှိ ခရီးသည်တစ်ဝက်လောက်မှာ သူတို့လို အဆင့်အတန်းမျိုးထဲကပင် ဖြစ်၏။

မစ်ခေးလ်အေဗာရီယန်နစ်ချ်မှာ အခြားခရီးသည်များနှင့် အကျွမ်းတဝင်ဖြစ်ကာ တစ်ခုံမှ တစ်ခုံ ကူး၍၊ သူ့အသံဟိန်းကြီးဖြင့် “ပြောစရာမကောင်းလောက်အောင် ဆိုးဝါးလှသော ဤရထားများနှင့် ခရီးသွားဖို့ မကောင်းကြောင်း၊ အလကား ညာစားနေခြင်းဖြစ်ကြောင်း၊ အရင်ခေတ်တုန်းကလို မြင်းစီးပြီး ခရီးသွားရသည်က ကောင်းကြောင်း၊ တစ်နေ့ ခုနစ်ဆယ့်ငါးမိုင်လောက် မြင်းစီးပြီးသည့် နောက်တွင်လည်း မညောင်းမညာ ရွှင်ရွှင်လန်းလန်းရှိကြောင်း၊ ပြီးတော့ ပြီးခဲ့သည့်ရာသီက ဂျုံအထွက် မကောင်းသည့်အကြောင်းမှာ အခြားကြောင့်မဟုတ်၊ မင့်စ်ရှိ ညွန်တောကြီးများ ခြောက်ခန်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ဒီခေတ်မှာ ဘယ်အရာတစ်ခုမျှ အကောင်းမရှိ၊ အားလုံး ဆိုးရွားပျက်စီးကုန်ကြပြီဖြစ်ကြောင်း” စသဖြင့် တစ်ယောက်တည်း ဟောကြားလျက်ရှိတော့၏။ ဟောရင်း ပြောရင်းက ပို၍ ပို၍ အားတက်လာကာ သူ့အသံကြီးက ကျယ်သည်ထက် ကျယ်လာသည်။ ဘယ်သူမှလည်း သူ့စကားကို ဖြတ်၍မပြောနိုင်တော့ပေ။ မရပ်မနား ပြောနေသော စကားသံ၊ တစ်ချက်တစ်ချက် ဖြတ်၍ ဟားတိုက်ရယ်မောလိုက်သော အသံနှင့် သူ့ဟန်ပန်အမူအရာတို့ကြောင့် ဒေါက်တာရာဂင်မှာ တဖြည်းဖြည်း မခံမရပ်နိုင်လောက်အောင်ပင် စိတ်ညစ်ညူးလာတော့၏။

“သူနဲ့ငါနဲ့မှာ ဘယ်သူ့ကို အရူးလို့ ခေါ်ရမလဲ”

သူ မခံမရပ်နိုင်စိတ်နှင့် တွေးနေမိသည်။

“ခရီးသည်တွေ အနှောင့်အယှက်မဖြစ်အောင် ကြိုးစားနေတဲ့ ငါနဲ့ သူ့ကိုယ်သူ အတော်ဆုံး အတတ်ဆုံး စိတ်ဝင်စားစရာအကောင်းဆုံးလို့ ထင်ပြီး ခရီးသည်တွေ အေးအေးချမ်းချမ်း မနေရအောင် လုပ်နေတဲ့ ဒီအတ္တသမားကြီးနဲ့ ဘယ်သူက ရူးနေသလဲ”

မော်စကိုမြို့သို့ ရောက်သောအခါ စာတိုက်ဗိုလ်သည် ရာထူးအဆင့်အတန်း တံဆိပ်တပ်သည့် ပခုံးထောက်မပါသော စစ်အင်္ကျီနှင့် အနီရောင်ပန်းဖွားများ ပါသော စစ်အရာရှိ ဘောင်းဘီတို့ကို ထုတ်၍ဝတ်လေသည်။ လမ်းထွက်သောအခါ စစ်ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ကာ အရာရှိဦးထုပ်ကို ဆောင်း၍ ထွက်ပေရာ လမ်းတွင်တွေ့ သော စစ်သားများက သူ့အား အလေးပြုကြ၏။ ဆရာဝန်၏စိတ်၌မူ ဤပုဂ္ဂိုလ်၌ မူလက ရှိခဲ့သည့် လေးစားခင်မင်ဖွယ်ရာသော လူကြီးလူကောင်း ဟန်ပန့်လက္ခဏာများ အားလုံးပျောက်ကွယ်ကာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အမူအကျင့်တို့သာ ထင်ရှား ပေါ်လွင်လာသည်ဟု ထင်မြင်မိလေသည်။

ပမာအားဖြင့် မစ်ခေးလ်သည် စားသောက်ခန်းတွင် စားပွဲထိုးအား အကြောင်းကိစ္စ ရှိရှိ မရှိရှိ မိမိစားပွဲအနားတွင် ရှိစေချင်၏။ စားပွဲပေါ်တွင် မီးခြစ် ရှိနေသည်ကို သူကိုယ်တိုင် မြင်တွေ့ပြီးဖြစ်သော်လည်း သူက စားပွဲထိုးအား လှမ်းခေါ်ကာ မီးညှိခိုင်းဦးမည်ဖြစ်၏။ အမျိုးသမီးအခိုင်းအစေ များရှေ့တွင်လည်း သူက အဝတ်အစား ပြည့်ပြည့်စုံစုံ မဝတ်ရသေးဘဲ သွားလိုက်လာလိုက် လုပ်ချင်လုပ်နေမည်။ စားပွဲထိုးများနှင့် ဆက်ဆံရာ၌ ရိုင်းပျသည်။ စိတ်ဆိုးနေတုန်းဖြစ်ပါက စားပွဲထိုးများအား အသက်အရွယ်မထောက်ဘဲ အသိဉာဏ်မရှိတဲ့ကောင်တွေ၊ လူအန္ဓတွေဟု ပြောချင် ပြောလိုက်တတ်သည်။ ဆရာဝန်ကမူ ဤအမူအကျင့်များမှာ တောကျေးလက်မှ လူကုံထံများ ပြုမူနေကျ အမူအကျင့်များ ဖြစ်ကောင်း ဖြစ်လိမ့်မည် သဘောရသော်လည်း ဘယ်သို့ဖြစ်စေ သူ့စိတ်နှင့်ကား မတွေ့ဘဲ ရှိလေသည်။

မစ်ခေးလ်က သူ့မိတ်ဆွေကြီးအား အစ်ဗာစကာ??ဘုရားရှိခိုးကျောင်းသို့ ပထမဦးဆုံး လိုက်လံပို့ဆောင်ခြင်းပြုလေသည်။ ဘုရားကျောင်း၌ သူက အလွန်တရာ ကြည်ညိုကိုင်းရှိုင်းစွာ ရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ ဝပ်စင်းခြင်းများ ပြုလေသည်။ ထိုအတောအတွင်း သူ့ပါးပြင်၌ မျက်ရည်များပင် စီးဆင်းလျက်ရှိလေသည်။ ကြည်ညိုပြီးသောအခါ သူက သက်ပြင်းတစ်ချက်ချကာ

“ကိုယ့်စိတ်ထဲက တကယ်ယုံကြည်တာ၊ မယုံကြည်တာ အပထား၊ အခုလို ကြည်ညိုလိုက်ရရင် ရင်ထဲမှ သိပ်ပေါ့သွားတယ်ဗျ၊ ကိုင်း… လာ၊ ရုပ်ပွားတော်ကိုနမ်းစမ်းပါဦး”

ဒေါက်တာရာဂင်ကိုကြည့်ရသည်မှာ စိတ်အနှောက်အယှက်ဖြစ်သွားပုံရသည်။ သို့သော် သူပြောသည့်အတိုင် ရုပ်တုကို နမ်းလိုက်၏။ မစ်ခေးလ်ကမူ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းကို ယမ်းခါ၍နေ၏။ ထို့နောက် ဆုတောင်းစာတစ်ပုဒ်ကို တီးတိုးရွတ်ဆို၍နေသည်။ မျက်လုံးအိမ်ထဲတွင်လည်း မျက်ရည်များ အိုင်၍နေလေသည်။

ထို့နောက်တွင် သူတို့သည် ကရင်မလင်နန်းတော်သို့ သွားရောက်ကြည့်ရှုကြသည်။ ဘုရင့်အမြောက်နှင့် ခေါင်းလောင်းတော်ကြီးကိုလည်း ကိုင်တွယ်ကြည့်ကြသည်။ မော်စကိုမြစ်၏ ရှုခင်းအလှကို ကြည့်မောသည်။ ကယ်တင်ရှင် အသျှင် ယေရှုခရစ်တော်၏ ဝတ်ကျောင်းတော်ကြီးနှင့် ရမ်ယန့်ဆက်ဗ်ပြတိုက်တို့ကို သွားရောက် ကြည့်ရှုကြသည်။

ထိုနေ့ညစာကို တက်စတောပ်ပျော်ပွဲစားရုံတွင် စားကြ၏။ မစ်ခေးလ်က နှုတ်ခမ်းမွေးကို ပွတ်သပ်ကာ အစားအသောက် စာရင်းစာအုပ်ကို တရှည်တလျားကြီး ဖတ်ကြည့်နေပြီးမှ စားပွဲထိုး ခေါင်းဆောင်အား အကောင်းဆုံးစားသောက်ဆိုင်များတွင် စားနေကျ အစားသမား၏ဟန်မျိုးဖြင့်

“ကိုင်း…သူငယ်ချင်း၊ တို့အတွက် ဒီနေ့ ဘာတွေ စီစဉ်ပေးနိုင်မလဲ၊ ပြောစမ်းပါဦးကွာ” ဟူ၍ ပြောလိုက်လေ၏။

* * *

ဆရာဝန်မှာ တစ်မြို့လုံးအနှံ့ လည်ကာ ခရီးသည်များ လိုက်လံကြည့်ရှုနေကျနေရာမှန်သမျှကို လိုက်ကြည့်သည်။ အရက်သောက်သည်။ ထမင်းစားသည်။ သို့သော် မစ်ခေးလ်အပေါ် မကျေနပ်သောစိတ်ကသာ သူ့ခေါင်းထဲတွင် အစဉ်အမြဲ လွှမ်းမိုး၍နေလေသည်။ သူက မစ်ခေးလ်နှင့် ခွဲကာ အထီးတည်း နေချင်လှပြီ၊ သူ့ထံက ထွက်ပြေးပုန်းရှောင်ချင်လှပြီ ဖြစ်သည်။ သို့သော် သူ့မိတ်ဆွေကြီးကမူ မိတ်ဆွေကောင်း၏တာဝန်ကို အလွန်သိတတ်ကာ သူ့ကို မျက်စိအောက်က အပျောက်မခံဘဲထားပြီး သူ့စိတ်တွင် အပြောင်းအလဲဖြစ်စေနိုင်မည်ထင်သည့် အရာမှန်သမျှကို ဆောင်ရွက်၍နေတော့သည်။ အထူးအဆန်းကြည့်စရာ ကုန်သောအခါ ဆရာဝန်ကြီး စိတ်မလေလွင့်ရအောင် သူက စကားတွေ အမျှင်မပြတ် ပြောလေသည်။

ရာဂင်မှာ နှစ်ရက်မျှ သည်းညည်းခံနေပြီးနောက် တတိယနေ့တွင်မူ မိမိမှာ ကိုယ်လက် မအီမသာဖြစ်သဖြင့် ယနေ့အဖို့ ဟိုတယ်တွင် ကျန်ရစ်ပါရစေဟု ပြောကြားလေသည်။ ထိုအခါ မိတ်ဆွေကြီးက သူကိုယ်တိုင်လည်း အနားယူဖို့လိုအပ်နေပြီဖြစ်၍ ရာဂင်နှင့်အတူ ဟိုတယ်၌ပင် နေတော့မည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။ ရာဂင်က နံရံဘက်သို့ မျက်နှာမူ၍ လှဲနေ၏။ သူ့မိတ်ဆွေကြီးက ပြင်သစ်ပြည်သည် ဂျာမနီကို မကြာခင်ပင် တိုက်ခိုက်သိမ်းပိုက်လိမ့်မည် ဖြစ်သည့်အကြောင်း၊ မော်စကို၌ လူလိမ်လူကောက်တွေ များလှသည့်အကြောင်း၊ မြင်းတစ်ကောင်၏အရည်အသွေးကို အပြင်ပန်းကြည့်ရုံဖြင့် အကဲဖြတ်နိုင်မည်မဟုတ်သည့် အကြောင်းများကို တစ်ယောက်တည်း အကြိတ်အနယ် ပြောဆိုလျက်ရှိရာ ရာဂင်မှာ အံကိုတင်းတင်းကြိတ်ကာ နားထောင်နေရလေသည်။ ဆရာဝန်မှာ အလွန်နားပူလျက်ရှိပြီး ရင်ကလည်း တုန်နေ၏။ သို့သော် သူ့မှာ အပြောအဆို အဆက်အဆံ၌ အလွန်မှပင် ဆင်ခြင် တိုင်းထွာတတ်သူဖြစ်ရာ မိတ်ဆွေကြီးအား အပြင်ထွက်ချင် ထွက်ဖို့၊ သို့မဟုတ် ခဏမျှ တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ပြောမထွက်ချေ။ သို့သော် ကံကောင်းထောက်မစွာပင် မစ်ခေးလ်မှာ ဟိုတယ်အခန်းထဲတွင် တစ်မနက်လုံး ထိုင်ရသည်ကို ငြီးငွေ့ လာ၍ ညစာစားပြီးသည်နှင့်တစ်ပြိုင်နက် အပြင်သို့ လမ်းလျှောက်ထွက်လေ၏။

သူထွက်သွားသောအခါ အန်ဒရေရာဂင်မှာ များစွာ သက်သာရာရသွားလေသည်။ အခန်းထဲ၌ မိမိတစ်ယောက်တည်းရှိသည် ဟူသော အသိကို ခံစားကာ ဆိုဖာပေါ်တွင် မလှုပ်မရှက် ငြိမ်သက်စွာ လဲလျောင်းနေရသည်မှာ အလွန်အရသာရှိလေစွတကား။ စစ်မှန်သော ငြိမ်းချမ်းပျော်ရွှင်မှုဟူသည် အထီးတည်းမနေဘဲ မရရှိနိုင်၊ ကောင်းကင်ဘုံမှ လျှောကျလာသော ကောင်းကင်တမန်သည်လည်း ကောင်းကင်တမန်ဘဝ၌ မရရှိနိုင်သော အထီးတည်းလွတ်လပ်မှုကို ရလို၍ ထာဝရဘုရားသခင်ထံမှ ဖောက်ဖျက်ထွက်ပြေးခဲ့ခြင်း ဖြစ်ပေလိမ့်မည် စသဖြင့် သူတွေးမိ၏။

ရာဂင်က ပြီးခဲ့သော ရက်ပိုင်းအတွင်း သူ မြင်ခဲ့တွေ့ခဲ့သည်တို့ကို ပြန်လှန်တွေးတောချင်နေ၏။ သို့သော် မစ်ခေးလ်ကို ခေါင်းထဲက ထုတ်၍မရပေ။

“အင်းလေ သူကလဲ ငါ့ကို ခင်မင်လို့ ငါ့အတွက် ဆိုပြီး ခွင့်တွေဘာတွေယူပြီး ထွက်လာခဲ့တာပဲ မဟုတ်လား”

ဒေါက်တာရာဂင်က စိတ်မသက်မသာနှင့် တွေးနေမိ၏။

“မိတ်ဆွေအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ ဒီလိုအသိမျိုးထက် ဆိုးဝါးတာတော့ ရှိမယ်မထင်ပါဘူး၊ အခုလဲကြည့် ဒီလူ့ကြည့်ရတာ အမှတ်တမဲ့တော့ သဘောကောင်းသလို စာနာစိတ်ရှိသလို ပျော်တတ်သလို ထင်ရပါရဲ့၊ တကယ်လက်တွေ့ကျတော့ အင်မတန်စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေပြီ၊ တချို့လူတွေဟာ ဒီလိုပဲ၊ စကားပြောတာ ကြည့်တော့ အင်မတန် တတ်သိလိမ္မာတဲ့ပုံမျိုး၊ ဒါပေမဲ့ တကယ် ပေါင်းကြည့်မှ ဘာအသိဉာဏ်တစ်ခုမှ မရှိတဲ့လူမှန်း သိရတယ်”

နောက်တစ်နေ့၌ ရာဂင်က မိမိ နေမကောင်းကြောင် အခန်းထဲက ထွက်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုက်၏။ သူက ဆိုဖာပေါ်တွင် လှဲကာ မျက်နှာကို နံရံဘက်သို့ လှည့်ထား၏။ သူ့မိတ်ဆွေက သူ စိတ်ပျော်အောင် စကားတွေ လျှောက်ပြောနေသောအခါ သူ့မှာ ဒုက္ခခံနေရပြီး မိတ်ဆွေ ထွက်သွားသောအခါမှ သက်သာရာရလေသည်။ ရာဂင်မှာ တစ်နေ့ထက်တစ်နေ့ စကားများသည်ထက် များကာ အရောဝင်သည်ထက် ဝင်လာသော မိတ်ဆွေကြီးအား ပို၍ပို၍ မကျေမချမ်းဖြစ်လာသကဲ့သို့ ဤခရီးကို လိုက်ပါခဲ့မိသော မိမိကိုယ်ကိုလည်း များစွာ ဒေါသဖြစ်နေမိတော့၏။ လေးနက်ကြီးကျယ်သော အကြောင်းအရာများသို့ကား သူ၏စိတ်အာရုံကို မြှင့်တင်ဖြန့်ကျက်နိုင်ခြင်း မရှိတော့ချေ။

“ဂရိုမော့ဗ် ပြောတဲ့ တကယ့်လက်တွေ့ဘဝ ဆိုတာနဲ့တော့ နည်းနည်းနီးလာပြီ ထင်တယ်”

ဆရာဝန်က အသေးအဖွဲတွေ လျစ်လျူမရှုနိုင်ခြင်းအတွက် မိမိကိုယ်ကို မကျေမချမ်းဖြစ်ကာ တွေးမိ၏။

“အင်းလေ ဒါတွေက အလကားပါ၊ မကြာခင် အိမ်ပြန်ရောက်တော့မှာပဲ၊ အဲဒီတော့မှ အားလုံး နဂိုပုံမှန်ပြန်ဖြစ်မှာ”

ပီတာစဘတ်ရောက်သောအခါ၌လည်း သူက မော်စကိုမှာကဲ့သို့ပင် ဟိုတယ်က မခွာ၊ ဆိုဖာပေါ်တွင် လှဲ၍နေသည်။ ဘီယာသောက်ချင်သောအခါမှသာ ခဏ ထသည်။

သူ့မိတ်ဆွေကြီးကမူ ဝါဆောသို့ သွားဖို့သာ တစ်ချိန်လုံး စည်းရုံးနေလေသည်။

“ပြောစမ်းပါ မစ်ခေးလ်ရာ၊ ကျွန်တော်က ဘာအတွက် ဝါဆောသွားရမှာလဲ”

ရာဂင်က တောင်းတောင်းပန်ပန် ပြောလေသည်။

“ခင်ဗျားဘာသာပဲ သွားပါဗျာ၊ ကျွန်တော် အိမ်ပြန်ပါရစေ”

“ဟာ… ဘယ်ဖြစ်မလဲဗျ”

မစ်ခေးလ်က အတင်းအကျပ် လုပ်နေလေသည်။

“ဝါဆောက တကယ်ကြီးကျယ်တဲ့မြို့ ဗျ၊ ကျွန်တော့်တစ်သက်မှာ ဝါဆောမှာနေခဲ့ရတဲ့ ငါးနှစ်လောက် ပျော်စရာကောင်းတာမရှိတော့ဘူး”

ရာဂင်မှာ ငြင်းဆန်နိုင်သောစိတ်ဓာတ်အင်အား မရှိရကား မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ကာ ဝါဆောသို့ လိုက်ပါသွားပြန်ပါလေသည်။ ဝါဆောင်တွင်လည်း အခန်းထဲက ဆိုဖာပေါ်တွင်ပင် လှဲကာ မိမိကိုယ်ကိုလည်းကောင်း၊ မိတ်ဆွေကြီးအား လည်းကောင်း၊ ရုရှားစကားကို နားမလည်ဟန် ဆောင်ကြသော ဟိုတယ်အခိုင်းအစေများအားလည်းကောင်း ပြင်းစွာ ဒေါသထွက်လျက်ရှိ၏။

မစ်ခေးလ်မှာမူ ခါတိုင်းလိုပင် အားရပါးရ ရွှင်ရွှင်လန်းလန်းရှိကာ နေထွက်က နေဝင် တစ်မြို့လုံး လျှောက်ပြီး သူ့သိဟောင်း ကျွမ်းဟောင်းများကို လိုက်လံရှာဖွေနေတော့၏။ တစ်ခါတစ်ရံ၌ အပြင်မှာပင် ညအိပ်နေလေသည်။ ထိုသို့သော ညတစ်ည၊ ဘယ်ဆီဘယ်ဝယ်မှန်းမသိသော အရပ်၌ အချိန်ကုန်ခဲ့ပြီး နောက်တစ်နေ့ နံနက်စောစော ပြန်ရောက်လာသောအခါ၌ကား မစ်ခေးလ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ရှိပြီး မျက်နှာများ နီမြန်းကာဆံပင်ကလည်း ဖိုးရိုးဖားရား ဖြစ်၍နေ၏။

သူက အခန်းထဲ၌ အတော်ကြီး ကြာအောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း ပါးစပ်မှ တီးတိုးလေသံဖြင့် တတွတ်တွတ် ရွတ်နေ၏။ ထို့နောက်မှ ရုတ်တရက် ရပ်ကာ “ဂုဏ်သိက္ခာက အဓိကပဲ”ဟု ပြောလိုက်လေသည်။ ထို့နောက်တွင်ကား အတန်ကြာအောင် လျှောက်နေပြန်ကာ ခေါင်းကို လက်နှစ်ဖက်နှင့် ညှပ်ကိုင်လျက် ကြေကွဲသောအသံဖြင့် “ဟုတ်တယ်ဗျာ၊ ဂုဏ်သိက္ခာကိုပဲ အဓိက ထားရမှာပဲ၊ ဘုရားသခင် လျစ်လျူရှုတော်မူတဲ့ ဘေဘီလုံမြို့မျိုးကို ကျုပ်လာဖို့ စိတ်ကူးမိခဲ့တာကိုပဲ ကျိန်ဆဲရတော့မှာပဲ”ဟူ၍ ပြောပြီး ဒေါက်တာရာဂင်ဘက်သို့ လှည့်ကာ “ခင်ဗျားတော့ ကျုပ်ကို ရှုတ်ချဖို့ သင့်နေပြီပေါ့ဗျာ၊ ကျွန်တော့်ရှိသမျှတော့ အကုန်လုံး ရှုံးခဲ့ပြီဗျ၊ ကျွန်တော့်ကို ရူဘယ် ငါးရာလောက် ပေးစမ်းပါဗျာ”

ဆရာဝန်က ရူဘယ်ငါးရာ ရေတွက်ပြီးနောက် ဘာတစ်ခွန်းမှ ပြောမနေဘဲ သူ့မိတ်ဆွေအား ပေးလိုက်၏။ ရှက်စိတ် ဒေါသစိတ်တို့ဖြင့် မျက်နှာကြီး နီလျက်ပင်ရှိသေးသော မစ်ခေးလ်က အဓိပ္ပာယ်မရှိ အဆက်အစပ်မရှိသည့်ကတိသစ္စာတစ်ခု ရွတ်ဆိုကာ စစ်ဦးထုပ်ကို ဆောင်း၍ထွက်သွားသည်။ နှစ်နာရီလောက်ကြာသောအခါ အခန်းထဲသို့ ပြန်ရောက်လာပြီး ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ကာ သက်ပြင်းကို ပြင်းစွာချလေသည်။

“ကျွန်တော့်ဂုဏ်သိက္ခာတော့ ဆယ်နိုင်ခဲ့ပြီဗျာ၊ ကျွန် တော်တို့ ဒီမြို့က ခွာကြရအောင်၊ ဒီလောက် စုတ်ပဲ့တဲ့ မြို့ မှာ နောက်ထပ် တစ်မိနစ်ကလေးတောင် မနေချင်တော့ဘူးဗျာ၊ အလကား လူလိမ်လူကောက်တွေ၊ သြစတြီးယားသူလျှိုတွေချည်းပဲ”

မိတ်ဆွေနှစ်ယောက် မြို့သို့ ပြန်ရောက်လာသည့်အချိန်၌ကား နိုဝင်ဘာလပင် တိုင်ခဲ့ပြီဖြစ်၍ လမ်းများမှာ နှင်းခဲများ ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိ၏။ ဒေါက်တာခိုဘိုတော့ဗ်မှာ ဒေါက်တာရာဂင်၏နေရာကို လွှဲပြောင်းယူပြီးဖြစ်သော်လည်း ယခင်အခန်းတွင်ပင် နေနေရသေး၏။ သူက ရာဂင်ပြန်ရောက်ပြီး သူ့အခန်းမှ ရွှေ့ပြောင်းပေးမည့်အချိန်ကို စောင့်မျှော်နေလေသည်။ ခိုဘိုတော့ဗ်က သူ့ထမင်းချက်ပါဟု ပြောထားသည့် ရုပ်ခပ်ဆိုးဆိုး မိန်းမမှာ ယခုအခါ၌ ဆေးရုံဝင်းထဲရှိ အဆောင်ငယ်တစ်ခုတွင် နေရာယူလျက်ရှိလေပြီ။

ဆေးရုံနှင့်ပတ်သက်သည့် ကောလာဟလ သတင်းအသစ်များ တစ်မြို့လုံး ပျံ့ပွားလျက်ရှိရာ ထိုအရုပ်ဆိုးဆိုးမိန်းမသည် အုပ်ချုပ်ရေးအရာရှိနှင့် ခိုက်ရန်ဖြစ်ပွားသည့်အကြောင်း၊ နောက်တွင် အုပ်ချုပ်ရေးအရာရှိက သူမအား ဒူးထောက်တောင်းပန်ရကြောင်းဖြင့်လည်း ပြောကြားကြသည်။

ဒေါက်တာရာဂင်မှာ ခရီးမှ ပြန်ရောက်သည့်နေ့မှာ ပင် အိမ်ခန်းအသစ် ရှာရလေတော့သည်။

“ကိုင်း… မိတ်ဆွေကြီးရေ၊ ကျွန်တော်အပြောအဆို နေရာမကျရင်လဲ တစ်ဆိတ်သည်းခံဗျာ၊ လောလောဆယ် ခင်ဗျားလက်ထဲ ဘယ်လောက်ရှိသလဲ ပြောစမ်းပါဦး”

စာတိုက်ဗိုလ်ကြီးက ရှက်ရွံ့ရွံ့ လေသံဖြင့် မေးလေသည်။

ရာဂင်က သူ့တွင် ပိုက်ဆံမည်မျှကျန်သည်ကို စိတ်ထဲက တွက်ပြီးနောက်

“ရှစ်ဆယ့်ခြောက်ရူဘယ်ရှိတယ်”

“မဟုတ်သေးဘူးလေ”

မစ်ခေးလ်က အကျပ်ရိုက်သွားဟန် ရှိသည်။

“ခင်ဗျား ပိုင်ဆိုင်သမျှ ငွေကြေး စုစုပေါင်း ဘယ်လောက်ရှိသလဲ မေးတာပါ”

“ကျွန်တော်ပြောတဲ့အတိုင်းပေါ့ဗျာ၊ ရှစ်ဆယ့်ခြောက် ရူဘယ် ရှိတယ်၊ ဒါ အကုန်ပဲ”

မစ်ခေးလ်သည် ဆရာဝန်အား ရိုးသားဖြောင့်မတ်သူ၊ ဂုဏ်သိက္ခာကို တန်ဖိုးထားသူတစ်ယောက်ဟုသာ အမြဲသဘောထားခဲ့သည် မှန်သော်လည်း သူ့တွင် တစ်နေရာရာ၌ အနည်းဆုံး ရူဘယ်နှစ်သောင်းလောက်တော့ သိုဝှက်၍ ရှိလိမ့်မည်ဟု ယုံမှတ်ထားခဲ့လေသည်။ ယခုကဲ့သို့ သူ့မိတ်ဆွေခမြာ လက်ဖဝါး ခြေဖဝါးနီးပါးလောက် ဖြစ်နေမှန်း သိရသောအခါ မစ်ခေးလ်မှာ မျက်ရည်မဆည်နိုင်ဖြစ်ကာ ရာဂင်အား ပြေး၍ဖက်ထားမိလေတော့သည်။