လူနာဆောင် အမှတ်(၆)

အခန်း (၁၂)

အန်ဒရေ ရာဂင်သည် ဘီလိုဗာ အမည်ရှိ မိန်းမတစ်ယောက်ပိုင်သည့် ပြတင်းပေါက်သုံးပေါက်သာပါသော အိမ်ကလေးတစ်လုံးသို့ ပြောင်းရွှေ့နေထိုင်လေသည်။ သူက လမ်းဘက်ရှိ အခန်းနှစ်ခန်းကို ယူထားပြီး အိမ်ရှင်မ ကလေးသုံးယောက်နှင့် ဒါရီယာတို့က ကျန်သော အခန်းတစ်ခန်းနှင့် မီးဖိုချောင်တို့တွင် နေကြ၏။ တစ်ခါတစ်ရံ ၌ အိမ်ရှင်မ၏ရည်းစား အရက်သမားက ညဘက်တွင် ရောက်လာပြီး ဆူပူသောင်းကျန်းတတ်ရာ ဒါရီယာနှင့် ကလေးများမှာ အထိတ်ထိတ် အလန့်လန့် ဖြစ်ရတတ်၏။ ထိုသူက မီးဖိုနားတွင် ထိုင်ကာ အရက်ပေးဖို့ တကျည်ကျည် တောင်းတတ်သည်။

သူတို့အခန်းထဲတွင် လူတွေ ပြည့်ကျပ်၍နေရာ ရာဂင်သည် ကလေးများကို သူ့အခန်းထဲ ခေါ်သွင်းကာ ကြမ်းပြင်ပေါ်၌ အိပ်စရာနေရာ လုပ်ပေးတတ်၏။ သူက ကလေးများအတွက် ဤသို့ ဆောင်ရွက်ပေးရသည်ကို များစွာ ကျေနပ်နှစ်သိမ့်မိလေသည်။ ယခင်အတိုင်းပင် သူက နံနက်ရှစ်နာရီတွင် အိပ်ရာမှ ထကာ လက်ဖက်ရည်သောက်သည်။ ထို့နောက် စားပွဲတွင် ထိုင်ကာ စာအုပ်ဟောင်းများ မဂ္ဂဇင်းဟောင်းများကို ဖတ်လေသည်။ ယခုကား စာအုပ်အသစ်များ ဝယ်ဖို့ မတတ်နိုင်တော့ပြီ ဖြစ်သည်။ နေရာအသစ်ဖြစ်၍တစ်ကြောင်း၊ ဖတ်သော အကြောင်းအရာကလည်း ထပ်နေပြီဖြစ်၍ တစ်ကြောင်း ရာဂင်မှာ ယခင်ကလောက် စာထဲတွင် အာရုံအပြည့် မဝင်နိုင်ဘဲရှိပြီး ယခင်ကကဲ့သို့ နာရီပေါင်းများစွာလည်း တောက်လျှောက် မငြီးမငွေ့ ဖတ်ရှုဖို့ မတတ်နိုင်ဘဲရှိလေသည်။

ဘာမှမလုပ်ဘဲ အလကား ထိုင်မနေချင်သည်နှင့် သူက သူပိုင်စာအုပ်များအားလုံးကို ကက်တလောက်တစ်ခု ပြုလုပ်ပြီး စာအုပ်တိုင်း၏နောက်ကျောတွင်လည်း သက်ဆိုင်ရာအမှတ်အသားများ ပြုလုပ်လေသည်။ စက်ယန္တ ရားတစ်ခုလို တစ်သမတ်တည်းလုပ်ရသည့် အလွန်ပင်ပန်းသော စာအုပ်ကက်တလောက် အလုပ်မှာ စာဖတ်ခြင်းထက်ပို၍ အလုပ်၌ အာရုံဝင်စားစေ၏။ လူ ပင်ပန်းသော်လည်း စိတ် မပင်ပန်းသည့် ဤအလုပ်မှာ ထူးထူးခြားခြားပင် သူ၏စိတ်ကို ကြည်လင်စေ၏။ ဘာကိုမျှ မတွေးတောနိုင်ဘဲ အလုပ်ထဲတွင်သာ အာရုံဝင်နေရာ အချိန်က လျင်မြန်စွာ ကုန်လွန်လျက်ရှိပေသည်။

တစ်ခါတစ်ရံ၌ မီးဖိုချောင်တွင် ထိုင်ကာ ဒါရီယာအား အာလူး ကူခွာပေးရခြင်း၊ အသီးအရွက် ရွေးပေး သင်ပေးရခြင်းများမှာလည်း စိတ်ဝင်စားစရာကောင်းသည်ကို တွေ့ရ၏။ စနေနှင့် တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းသို့ သူသွားသည်။ ခန်းမထဲတွင် နံရံကို မှီ၍ရပ်ကာမျက်စိကို စုံမှိတ်လျက် ဆုတောင်းသီချင်း သံပြိုင်သီဆိုသည်ကို နားထောင်ရင်း အဖေနှင့်မမကို သတိရမည်။ ဆေးကျောင်းတက်ခဲ့သည့်နှစ်များကို ပြန်တွေးမိမည်။ ထို့နောက် ကမ္ဘာပေါ်တွင် ကိုးကွယ်ကြသည့် အခြားသော ဘာသာတရားများအကြောင်း တွေးမည်။ ထိုအချိန်မျိုးတွင် သူက ကြည်လင်အေးငြိမ်းသော ဆွေးမြည့်ကြေကွဲမှုတစ်မျိုးကို ခံစားကာ ဝတ်ပြုပွဲ ပြီးဆုံးခြင်းကိုပင် စိတ်မကောင်းဖြစ်တတ်လေသည်။

အိုင်ဗင် ဂရိုမော့ဗ်နှင့် တွေ့ဆုံရန်အတွက် ဆေးရုံသို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ သို့သော် နှစ်ကြိမ်လုံးပင် ဂရိုမော့ဗ်မှာ အလွန်အမင်း ထကြွနေသောအချိန်၊ ဒေါသတကြီး ဖြစ်နေချိန်နှင့်ချည်း ကြုံကြိုက်နေရလေသည်။ ဂရိုမော့ဗ်က မိမိတစ်ယောက်တည်း နေပါရစေ ဟူ၍ အကြောက်အကန် တောင်းဆိုလျက်နေ၏။ ဘာမှ အကျိုးတရားမရှိသည့် စကားများကို လာ၍ပြောနေခြင်းကို မိမိ သည်းခံနိုင်စွမ်း မရှိတော့ကြောင်း၊ မိမိအား ဒုက္ခအဖုံဖုံကို ခံစားစေခဲ့သော လူယုတ်မာများ၊ လူ့ အန္ဓများအနေနှင့် ယင်းတို့၏ပြစ်မှုအတွက် နစ်နာကြေးပေးလိုပါက တစ်ခုတည်းသောနည်းလမ်းမှာ မိမိအား အလုံထောင်ချထားလိုက်ဖို့ပင် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။ ဤမျှပင် မကသေး၊ သူ့ထံ လာရောက်သည့် နှစ်ကြိမ်နှစ်ခါလုံးမှာပင် ဒေါက်တာရာဂင်က ပြန်ခါနီးတွင် ကောင်းသောညပါဟု နှုတ်ဆက်တိုင်း “သွားဗျာ…သေဗျာ”ဟူ၍ ဒေါသနှင့် ပြောဆိုလွှတ်လိုက်သည်ချည်း ဖြစ်လေသည်။

သို့နှင့် ဒေါက်တာ ရာဂင်မှာ စိတ်က သွားချင်လှသော်လည်း အဆောင်ငယ်သို့ တတိယအကြိမ် သွားသင့် မသွားသင့် ဝေခွဲမရနိုင်ဘဲ ရှိရလေသည်။

ရှေးကမူ ဒေါက်တာရာဂင်မှာ နေ့လယ်ပိုင်းအချိန်များကို အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ အတွေးနက်ရင်း အချိန်ကုန်လွန်စေလေ့ရှိခဲ့၏။ ယခုကာ သူ့မှာ ညနေပိုင်း လက်ဖက်ရည်သောက်ချိန်တိုင်အောင် နံရံကို မျက်နှာမူ၍ ဆိုဖာပေါ် လဲလျောင်းကာ မကြီးကျယ်သော အကြောင်းကိစ္စမျိုးစုံကိုသာ တွေးတောနေမိသည်။ အနှစ် နှစ်ဆယ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့သည့်နောက်၌ပင် မိမိမှာ ပင်စင်သော်လည်းကောင်း၊ နစ်နာကြေး တစ်စုံတစ်ရာသော်လည်းကောင်း မရရှိခြင်းကို တွေးတောကာ ရာဂင်မှာ များစွာ ဝမ်းနည်းခြင်းဖြစ်မိလေသည်။

မိမိမှာ လုပ်ငန်းတာဝန်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ခဲ့သူတစ်ယောက် မဟုတ်သည်ကား အမှန်ပင် ဖြစ်၏။ သို့သော် ရိုးရိုးသားသား လုပ်သည်ဖြစ်စေ၊ အလုပ်သည်ဖြစ်စေ ပင်စင်ထောက်ပံ့ကြေး ရကြသည်သာ ဖြစ်၏။ တရားမျှတမှုဆိုင်ရာ ခေတ်သစ်အမြင်အရ ပင်စင် ထောက်ပံ့ကြေးများ ပေးရာ၌ လူ၏အရည်အချင်း ထက်မြက်ခြင်း မထက်မြက်ခြင်း၊ စာရိတ္တကောင်းမွန် ခြင်း မကောင်းမွန်ခြင်း စသည်တို့ကို စဉ်းစားရန် မလို။ ရာထူးအဆင့်အတန်း ဘွဲ့ထူး ဂုဏ်ထူးကို ကြည့်၍သာ ဆုံးဖြတ်ရမည်ဟူ၍ လက်ခံထားသည်မဟုတ်သလော။ သို့ဖြစ်လျှင် သူက အဘယ်ကြောင့် ခြွင်းချက်ဖြစ်နေရအနည်း။ ယခုအခါ၌ သူ့တွင် ခြူးတစ်ပြားမှ မရှိတော့။ သွားရင်း လာရင်း ဈေးဆိုင်များရှေ့က ဖြတ်လျှောက်မိသောအခါ ဆိုင်ရှင့်မျက်နှာကို ကြည့်ရမှာ ရှက်၍နေ၏။

သူ့မှာ ဘီယာဖိုးချည်း သုံးဆယ့်နှစ်ရူဘယ်မျှ ကြွေးတင်နေပြီး အိမ်လခကိုလည်း ကျေအောင် မပေးနိုင်ဘဲ ရှိလေသည်။ ဒါရီယာက သူ့ အဝတ်အစားဟောင်းများနှင့် စာအုပ်ဟောင်းများကို သူ မသိအောင် တိတ်တိတ်ချရောင်းနေ၏။ အိမ်ရှင်မိန်းမကိုကား သူ့သခင်၌ တစ်နေ့တွင် ငွေကြေးအမြောက်အမြား ရမည်ဖြစ်ကြောင်း လိမ်ညာ၍ထားလေသည်။

ရာဂင်မှာ မိမိစုဆောင်းထားခဲ့သောငွေ ရူဘယ် တစ်ထောင်ခန့်ကို ခရီးထွက်ခြင်းဖြင့် ဖြုန်းတီးပစ်ခဲ့မိခြင်းအတွက် မိမိကိုယ်ကို အလွန်အမင်းဒေါသထွက်လျက်ရှိ၏။ ယခုအချိန်၌သာဆိုပါမူ ထိုငွေတစ်ထောင်မှာ အလွန်အသုံးဝင်ပေလိမ့်မည်။

ထို့ပြင် အခြားသောသူများက မိမိအား အေးအေးချမ်းချမ်း မနေရအောင် လုပ်နေကြခြင်းကိုလည်း သူက မကျေမနပ်ဖြစ်၍နေ၏။ ဒေါက်တာခိုဘိုတော့ဗ်က မိမိမှာ မကျန်းမာသော မိမိ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်အား မကြာခဏ လာရောက်ကြည့်ရှုဖို့ ဝတ္တရားရှိသည်ဟု မှတ်ယူထားလေသည်။ ဒေါက်တာရာဂင်က ထိုလူနှင့်ပတ်သက်သမျှ အကုန်လုံးကို ရွံမုန်း၍နေ၏။ သူ၏ အစာဝနေသောမျက်နှာ၊ အထက်လေနှင့် ပြောနေသော သူ့စကားသံ ဟန်ပန်၊ သူကို ရောင်းရင်းဟု ခေါ်ပုံများ၊ အပြင်ဒူးထိရှည်သော သူ့ဘွတ်ဖိနပ်ကြီးတွေအထိ အကုန်လုံး လက်မခံနိုင်ဖြစ်နေ၏။ သို့သော် ထိုအထဲတွင် အဆိုးဝါးဆုံးအချက်က လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်၍ ၎င်းက ရာဂင်အား ကူညီဖို့ ဝတ္တရားရှိသည်၊ အမှန်တကယ်လည်း ဆေးဝါးကုသခြင်းဖြင့် ကူညီလျက်ရှိသည်ဟူ၍ ခံယူနေခြင်းဖြစ်၏။ ထို့ကြောင့် သူလာသည့်အခါတိုင်း ဘရိုမိုက်တစ်ပုလင်းနှင့် ရူဘတ်ဆေးပြား နည်းနည်းစီ ယူလာတတ်လေသည်။

စာတိုက်ဗိုလ်ကလည်း သူ့မိတ်ဆွေကြီးအား စိတ်အပြောင်းအလဲဖြစ်အောင် စကားစမြည်ပြောပေးဖို့ တာဝန်ရှိသည်ဟု မှတ်ယူထားပြန်ပါ၏။ သူကလည်း ရောက်ရောက်လာကာ တမင်လုပ်ထားသော ဟန်ပန်လေသံဖြင့် တဟားဟား ရယ်မောလိုက်၊ ရာဂင်ကို ကြည့်ရသည်မှာ အလွန်အမင်း ကျန်းမာရွှင်လန်းဟန် ရှိသည်၊ သိသိသာသာ တိုးတက်လာပြီ စသည်ဖြင့် ပြောဆိုလိုက် လုပ်တတ်သော်လည်း သူ့စိတ်ထဲတွင်ကား မိတ်ဆွေကြီး၏အခြေအနေမှာ မျှော်လင့်ဖွယ်ရာ မရှိတော့ဟုသာ မှတ်ယူလျက်ရှိလေသည်။ ဝါဆောတွင် ချေးခဲ့သော ငွေကိုလည်း သူက မပေးဆပ်ရသေးဘဲရှိရာ သူ့မှာ ထိုအတွက် အတော်ပင် အနေရအထိုင်ရ ခက်လျက်ရှိပြီး ထိုအတွက်ကြောင့်ပင် နဂိုထက် ပို၍ ရယ်စရာများ ပြောဆိုခြင်း၊ ကျယ်ကျယ်လောင်လောင် ဟားတိုက်ရယ်မောခြင်းများ ပြုလုပ်နေရပေသည်။ သူပြောသော ပုံပြင်များ၊ အဖြစ်အပျက်များမှာ ယုတ္တိမရှိ၊ အလွန်လည်း ရှည်လျားကာ နားထောင်ရသော အိမ်ရှင်ရော သူကိုယ်တိုင်ကိုပါ စိတ်သက်မသာ ဖြစ်စေလေတော့သည်။

သူရှိနေလျှင် ရာဂင်က ဆိုဖာပေါ်၌ နံရံကိုမျက်နှာမူ၍ လှဲကာ အံကို တင်းတင်းကြိတ်လျက် သူပြောသမျှ နားထောင်နေလေ၏။ သူ့မိတ်ဆွေ တစ်ခေါက်ရောက်တိုင်း ရင်ထဲ၌ စိတ်ပျက်ညည်းညူခြင်းတို့ တစ်ကြိမ် စုပုံကာ တဖြည်းဖြည်းဖြင့် ထိုအစုအပုံကြီးမှာ မြင့်မားသည်ထက် မြင့်မားလာပြီး လည်ချောင်းဝတွင် တစ်ဆို့၍လာနေပြီဟု ခံစားနေရလေသည်။

အခြားသောသူများနှင့်ပတ်သက်၍ မကောင်းသောအထင်အမြင်များ ရှိနေခြင်းကို ပပျောက်စေရန်အတွက် ရာဂင်က မိမိကိုယ်တိုင်သည်လည်းကောင်း၊ ခိုဘိုတော့ဗ်တို့ စာတိုက်ဗိုလ်တို့သည်လည်းကောင်း အနှေးနှင့်အမြန် ဆိုသလို ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားကြရမည့်သူများသာဖြစ်ကြောင်း၊ နောင် အနှစ်တစ်သန်းခန့်ကြာသောအခါ၌ အသိဉာဏ်ရှိသော သတ္တဝါတစ်ခုသည် ဤကမ္ဘာမြေအနီးမှ ဖြတ်ကာ အာကာသထဲတွင် ပျံသန်းသွားမည် ဆိုပါက ဤကမ္ဘာမြေ၌ ကျောက်စိုင် ကျောက်ခဲများမှလွဲ၍ ဘာကိုမျှ တွေ့ ရလိမ့်မည် မဟုတ်ကြောင်း၊ လူယဉ်ကျေးမှု ဆိုသည်များ၊ ကိုယ်ကျင့်တရား ဆိုသည်များနှင့် အရာခပ်သိမ်းတို့သည်လည်း ကွယ်ပျောက်ကာ ဤကမ္ဘာမြေ၌ မြက်ရိုင်းတို့ပင် ပေါက်နိုင်ကြလိမ့်မည်မဟုတ်ကြောင်း၊ သို့ဖြစ်၍ မိမိ ကြွေးဆပ်စရာရှိသော ဆိုင်ရှင်ကို မြင်၍လည်း စိတ်အနှောင့်အယှက်ဖြစ်စရာမလိုကြောင်း၊ ခိုဘိုတော့ဗ်လို အနုံညာတ တစ်ယောက်သည်လည်းကောင်း၊ စာတိုက်ဗိုလ်နှင့် ပေါင်းသင်းဆက်ဆံရသည့် ဝဋ်ဒုက္ခဟူသည်လည်းကောင်း ဘယ်ကလောက်မှ အရေးမပါနိုင်ကြောင်း၊ အရာအားလုံးသည် အဓိပ္ပာယ်မရှိ နတ္ထိသာဖြစ်ကြောင်း စသည့် အတွေးများကို အားတင်း၍ တွေးနေရလေသည်။

သို့သော် ထိုအတွေးများက သူ့အား ကူညီနိုင်စွမ်း မရှိကြတော့ပေ။ နောင်အနှစ်တစ်သန်းတွင်ရှိမည့် ကမ္ဘာမြေ ဆိုသော ဂြိုဟ်နက္ခတ်ကို စက္ခုအာရုံတွင် မြင်ယောင်၍ ကြည့်မိလေတိုင်း ကျောက်ဆောင်ပြောင်ပြောင်၏ နောက်ကွယ်မှ ဒူးထိ ဘွတ်ဖိနပ်ရှည်ကြီး စီးထားသည့် ခိုဘိုတော့ဗ်က ပေါ်၍လာမည်။ သို့မဟုတ် တမင်ဟန်လုပ်ကာ ရယ်မောနေသည့် မစ်ခေးလ်က ပေါ်၍လာကာ စနိုးစနောင့်အမူအရာဖြင့် “ဝါဆောတုန်းက အကြွေးနဲ့ပတ်သက်လို့ မပူပါနဲ့ မိတ်ဆွေကြီးရာ၊ ကျွန်တော် တစ်နေ့နေ့ ပြန်ဆပ်မှာပါ၊ တကယ်ပါ”ဟူ၍ အသံခပ်တိုးတိုးနှင့် ပြောနေလေသည်။