လူနာဆောင် အမှတ်(၆)

အခန်း (၁၃)

တစ်နေ့ နေ့လယ်၌ ရာဂင်သည် ဆိုဖာပေါ်တွင် လှဲ၍နေစဉ် စာတိုက်ဗိုလ်ကြီး ရောက်၍လာ၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်၌ပင် ခိုဘိုတော့ဗ်ကလည်း သူ၏ ဘရိုမိုက်ပုလင်းနှင့် ရောက်၍လာပြန်၏။ ရာဂင်က လက်နှစ်ဖက်ကို အားပြု၍ထကာ ဆိုဖာပေါ်၌ ထိုင်လိုက်လေသည်။

“ဟော မိတ်ဆွေကြီး၊ ဒီနေ့ ပိုပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်၊ အများကြီး ကောင်းလာပြီ၊ တကယ့်ကို ကျန်းမာသန်စွမ်းတဲ့ ပုံမျိုးဗျ”ဟူ၍ စာတိုက်ဗိုလ်ကြီးက ပြောလေသည်။

“ကျန်းကျန်းမာမာရှိဖို့ အချိန်တန်ပါပြီဗျာ၊ ရောင်းရင်းကြီးလဲ ဒီလိုပုံမျိုးနဲ့ နေရတာ ငြီးငွေ့ လာရောပေါ့”

ခိုဘိုတော့ဗ်က တစ်ချက်သမ်းဝေရင်း ဝင်ပြောလိုက်သည်။

“တော်တော်ကြာတော့ ဒေါင်ဒေါင်မြည်ဖြစ်လာမှာပါဗျ”

မစ်ခေးလ်က ဝင်ရောလိုက်သည်။

“နောက်နှစ်ပေါင်း တစ်ရာလောက်တော့ အသာလေး နေဦးမှာပဲ”

“နောက်နှစ်တစ်ရာ နေ မနေတော့ မပြောတတ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ နောက်နှစ်ပေါင်းနှစ်ဆယ်လောက်တော့ ကျန်းကျန်းမာမာရှိမှာ သေချာပါတယ်”

ခိုဘိုတော့ဗ်က တစ်ကြိမ် ထပ်မံ၍ အာမခံသည့်အလား “မစိုးရိမ်ပါနဲ့ ရောင်းရင်းရာ၊ အားတင်းထားစမ်းပါ”ဟု ဆိုသည်။

“ဒါပေါ့ဗျ၊ ကျုပ်တို့ ဘယ်လိုကောင်တွေဆိုတာ လူတွေ သိအောင် ပြရမယ်၊ ဟား ဟား”

မစ်ခေးလ်က ရာဂင့်ပေါင်ကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ကြည့်နေ၊ လာမယ့်နွေရာသီကျရင် ကျုပ်တို့ ကော့ကေးဆပ်ကို သွားကြမယ်၊ တောတွေ တောင်တွေ လျှောက်ပြီး မြင်းစီးကြမယ်၊ ခွပ်ခွပ်ခွပ် ခွပ်ခွပ်ခွပ်နဲ့။ အဲဒီက ပြန်လာတော့ ဘယ်သူပြောနိုင်မလဲဗျ ကျုပ်တို့ မင်္ဂလာပွဲမှာ က,မနေရဘူးလို့”

မစ်ခေးလ်က ခိုဘိုတော့ဗ်အား မသိမသာ မျက်စိမှိတ်ပြလိုက်သည်။

“ဟုတ်တယ် မိတ်ဆွေကြီးရ၊ ခင်ဗျားကို ကျုပ်တို့ မိန်းမပေးစားရမယ်၊ တကယ်ပြောတာ”

ရာဂင်က မိမိရင်ထဲမှ ပျို့ချင် အန်ချင်စိတ် အစိုင်အခဲသည် လည်ချောင်းဝသို့ ရောက်လာနေပြီဟု ခံစားရ၏။ ပြီးလျှင် ရင်ကလည်း ပြင်းစွာခုန်လာ၏။

“စိတ်ညစ်တယ်ဗျာ”

သူက ရုတ်တရက် ထကာ ပြတင်းပေါက်ဆီသို့ သွား၏။

“ခင်ဗျားတို့ အခုပြောနေကြတာတွေ ကြားရတိုင်း ကျုပ်မှာ ဘယ်လောက် စိတ်မချမ်းသာ ဖြစ်ရတယ်ဆိုတာ ခင်ဗျားတို့ သိရဲ့လားဗျ”

သူက ခါတိုင်းလို တည်ငြိမ်အေးဆေး၍ ယဉ်ကျေးဖွယ်ရာသော လေသံဖြင့်ပင် စကားပြောဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် ထိုအလိုဆန္ဒကို ဆန့်ကျင်လျက် သူက မျက်နှာကြီး နီမြန်းကာ လက်သီးလက်မောင်း တန်းမိသည်။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်၍လာ၏။ သူက တအားအော်လိုက်ရာ အော်သံက သူ့အသံနှင့်မတူဘဲ အခြားလူတစ်စုံတစ်ယောက်၏အသံနှင့် တူနေ၏။

“ကျုပ်ဘာသာ ကျုပ် နေပါရစေဗျ၊ သွားဗျာ… နှစ်ယောက်စလုံး ထွက်သွားကြ”

ဧည့်သည်နှစ်ယောက်က နေရာမှ ထကာ သူ့ကို ကြည့်နေကြသည်။ ပထမ အံ့သြစိတ်ဖြင့် ကြည့်နေသည်။ နောက်တော့ ကြောက်လာကြသည်။

“နှစ်ယောက်စလုံး ထွက်သွားစမ်း”

ရာဂင်က အော်ပြန်သည်။

“အလကား နလပိန်းတုံး လူအန္ဓတွေ၊ လူယုတ်မာတွေ။ ကျုပ် ခင်ဗျားတို့နဲ့ အပေါင်းအသင်းလဲ မလုပ်ချင်ဘူး၊ ခင်ဗျားရော ခင်ဗျားဆေးတွေရော ကျုပ် အလိုမရှိဘူး။ အလကား အရူး၊ အင်မတန် စက်ဆုပ်စရာ အော်ဂလီဆန်စရာ ကောင်းတဲ့ဟာတွေ”

ခိုဘိုတော့ဗ်နှင့် စာတိုက်ဗိုလ်တို့သည် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ တံခါးဝဆီသို့ နောက်ဆုတ် နောက်ဆုတ် ပြေးရင်း အပြင်ဘက် စင်္ကြံသို့ ရောက်လာကြ၏။ ရာဂင်က ဘရိုမိုက်ပုလင်းကို ကောက်ကိုင်ကာ တအားပစ်ပေါက်လိုက်သည်။ ပုလင်းက တံခါးပေါင်ကို ထိကာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားသည်။

“သေကြကွာ၊ အကုန်လုံး သေကြ”

ရာဂင်က သူတို့နောက်မှ ပြေးလိုက်ကာ ငိုသံပါကြီးနှင့် အော်သည်။

“မသာတွေ”

ဧည့်သည်များ ပြန်သွားပြီးသောအခါ ရာဂင်က ဆိုဖာပေါ်၌ လှဲကာ ခြေလက်ဆန့်လိုက်သည်။ တစ်ကိုယ်လုံးကား အဖျား အကြီးအကျယ် တက်သကဲ့သို့ ဆတ်ဆတ်တုန်၍နေ၏။ ပါးစပ်ကမူကား ‘နလပိန်းတုံးတွေ …. ငတုံးတွေ …လူယုတ်မာတွေ’ ဟူ၍သာ ထပ်တလဲလဲ ရေရွတ်လျက်ရှိလေသည်။

ပြန်လည်၍ စိတ်တည်ငြိမ်သွားသည့်အခါ သူ ပထမဆုံး တွေးမိသည့်အရာကား မစ်ခေးလ်ခမျာ အလွန်အမင်း ရှက်ရွံ့လျက် ရှိလိမ့်မည်၊ အကြီးအကျယ် စိတ်ထိခိုက်နေပေလိမ့်မည် ဟူသောအချက်ပင် ဖြစ်၏။ စောစောက အဖြစ်မှာ အလွန်ဆိုးဝါးလှဘိသည်။ မိမိတစ်သက်နှင့် တစ်ကိုယ် ဤသို့ တစ်ခါမှ မဖြစ်ဖူးခဲ့။ အန်ဒရေးရာဂင်သည် အသိအလိမ္မာရှိသောသူတစ်ယောက်၊ ဆင်ခြင် တိုင်းထွာတတ်သော လူတစ်ယောက်ဟု အသို့ ဆိုနိုင်ပါတော့အံ့နည်း။ သိမြင် နားလည်မှုနှင့် စိတ်ခံစားမှုအစွဲများ ကင်းစင်သည့် တွေးခေါ်မြော်မြင်မှုတို့အတွက် မိမိအားထုတ်ခဲ့ခြင်းတို့သည် ဘယ်ဆီသို့ ရောက်ကုန်ကြလေပြီနည်း။

ထိုတစ်ညလုံး ရာဂင်မှာ ရှက်ရွံ့ခြင်း၊ မိမိကိုယ်ကို ဒေါသဖြစ်ခြင်းဖြင့် မအိပ်နိုင်ဘဲ ရှိလေသည်။ နောက်တစ်နေ့ နံနက်ဆယ်နာရီခန့်တွင် သူက စာတိုက်သို့ သွားကာ မိတ်ဆွေကြီးအား တောင်းပန်ခြင်း ပြုလေသည်။

“မဟုတ်တာဗျာ၊ ဖြစ်ပြီးတာတွေ မေ့ပစ်လိုက်စမ်း”

စာတိုက်ဗိုလ်က ဝမ်းသာလှိုက်လှဲစွာဖြင့် သူ့လက်ကို တင်းတင်းဆုပ်ကာ ပြောလေသည်။

“ပြီးတာတွေ ပြီးပါစေပေါ့၊ ဟေ့ လူဘတ်ဗ်ကင်”

သူက ရုတ်တရက် လှမ်းအော်လိုက်ရာ သူ့အသံမှာ ကျယ်လောင်လွန်းရကား အလုပ်သမားများရော အလုပ်ကိစ္စလာအတွက် လာကြသူများပါ အလန့်တကြား လှည့်ကြည့်မိကြသည်။

“ကုလားထိုင်တစ်လုံး ယူခဲ့ဟေ့၊ ခင်ဗျား ခဏစောင့်ဦး”

မှတ်ပုံတင်စာတစ်စောင်ကို ပြတင်းပေါက်သံတိုင်များကြားမှနေ၍ သူ့ထံ ထိုးပေးနေသော မိန်းမတစ်ယောက်ကို လှမ်းပြောလိုက်သည်။

“ကျုပ်အလုပ်များနေတာ မမြင်ဘူးလားဗျ။ ကိစ္စမရှိပါဘူး မိတ်ဆွေကြီးရာ၊ ပြီးခဲ့တာတွေ ပြန်ဖော်မနေစမ်းပါနဲ့”

သူက ရာဂင်အား ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်ကာ…

“ကဲ ဒီမှာထိုင်စမ်းပါဦး ကိုယ့်လူရာ၊ ကျွန်တော့်ကို ချီးမြှင့်တယ်လို့ သဘောထားပါတယ်”

သူက ခဏမျှ ပေါင်ကိုပွတ်၍နေသည်။ ထို့နောက်မှ …

“ကျွန်တော် တစ်ချက်ကလေးမှ စိတ်မဆိုးမိပါဘူးဗျာ၊ နေထိုင်မကောင်းတဲ့အခါ ဒီလိုပဲပေါ့။ ခင်ဗျား မနေ့က ရုတ်တရက် ထဖြစ်တော့ ကျွန်တော်ရော ဒေါက်တာ ခိုဘိုတော့ဗ်ပါ လန့်သွားကြတယ်၊ ခင်ဗျားဆီက ထွက်လာတော့ ကျုပ်တို့နှစ်ယောက် ခင်ဗျားအကြောင်း အကြာကြီး ဆွေးနွေးကြသေးတယ်။ ပြောစမ်းပါ အန်ဒရေးရာ၊ ကိုယ် နေမကောင်းတဲ့ကိစ္စကို ဘာကြောင့် ကောင်းကောင်း ဂရုမစိုက်ဘဲ နေရတာလဲ။ ဒီလိုပဲ ပေယျာလကန် ထားနေလို့ မဖြစ်ဘူးထင်တယ်။ မိတ်ဆွေအချင်းချင် ပွင့်ပွင့်လင်းလင်း ပြောမယ်၊ စိတ်မရှိနဲ့နော်”

စာတိုက်ဗိုလ်က ရုတ်တရက် တီးတိုးအသံသို့ ပြောင်းကာ …

“ခင်ဗျား အခုနေနေရတဲ့ ပတ်ဝန်းကျင်ဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ လူတွေ သိပ်များတယ်၊ ညစ်ပတ်တယ်။ ပြီးတော့ ခင်ဗျားက ဆေးဝါးကုသမှုလဲ ကောင်းကောင်း မခံယူဘူး၊ တကယ် ကုသမယ် ဆိုရင်လဲ ခင်ဗျားမှာ ငွေကြေး အလုံအလောက်မရှိဘူး။ အဲဒီတော့ မိတ်ဆွေကြီးကို ကျွန်တော် ပြောမယ်၊ ဒေါက်တာ ခိုဘိုတော့ဗ်နဲ့ ကျွန်တော်က ခင်ဗျားကို ဆေးရုံတက်ဖို့ တောင်းပန်ကြမယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီမှာကျတော့ ခင်ဗျား အစားအသောက်လဲ ကောင်းကောင်းစားရမယ်၊ ဂရုတစိုက်နဲ့ ကောင်းကောင်းမွန်မွန် ဆေးဝါးကုသမှုလဲ ခံရမယ်။ နှစ်ကိုယ်ချင်းမို့လို့ ပြောရမယ်၊ ဒေါက်တာ ခိုဘိုတော့ဗ်က နည်းနည်းရိုင်းသလို ကြောင်သလို ရှိပေမယ့် ဆေးဝါးကုသရေးအပိုင်းကတော့ တကယ်ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက်၊ အားကိုးနိုင်လောက်တဲ့ လူတစ်ယောက်ဗျ။ သူက ခင်ဗျားအတွက်ဆိုရင် သူ့အစွမ်းရှိသလောက် ကူညီဆောင်ရွက်သွားပါ့မယ်လို့ ကျွန်တော့်ကို ကတိပေးထားတယ်”

ရာဂင်မှာ မိမိအပေါ်၌ ထားရှိသည့် မိတ်ဆွေကြီး၏သစ္စာနှင့် စေတနာကို သိရပြီးသည့်နောက် စာတိုက်ဗိုလ်ကြီး၏ပါးပြင်ပေါ်၌ စီးဆင်းနေသည့် တောက်ပသော မျက်ရည်ကြောင်းများကို မြင်ရပြန်သောအခါ ဆတက်ထမ်းပိုးတိုး၍ စိတ်ထိခိုက်မိရပြန်သည်။

“မစ်ခေးလ်ရယ်.. သူတို့ပြောတာတွေ မယုံစမ်းပါနဲ့ဗျာ”

သူက မိမိရင်ဘတ်ကို လက်နှင့် ဖိကာ တိုးတိုးလေး ပြောနေသည်။

“ဒါတွေ တစ်ခုမှ မမှန်ဘူးဗျ၊ အကုန်လုံး လိမ်တာညာတာတွေပါ။ ကျွန်တော်စိတ်မမှန်ဘူးလို့ ဖြစ်နေရတဲ့အကြောင်းရင်းဟာ တကယ်တော့ ကျွန်တော် ဒီမှာနေခဲ့တဲ့ အနှစ်နှစ်ဆယ်အတောအတွင်း အသိဉာဏ်ရှိတဲ့လူဆိုလို့ တစ်ယောက်တည်းကိုသာ ကျွန်တော်တွေ့ခဲ့ရတယ်၊ အဲဒီလူဟာလဲ စိတ်မနှံ့တဲ့လူတစ်ယောက် ဖြစ်နေတယ်ဆိုတဲ့ အချက်ပေါ်မှာ တည်နေတယ်။ ကျွန်တော့်စိတ်ဟာ နည်းနည်းလေးမှ ဖောက်ပြန်ခြင်း မရှိပါဘူး။ ကျွန်တော်ဟာ အန္တ ရာယ်စက်ဝိုင်းထဲမှာ မိနေတာပါ။ ဒီအထဲက လွတ်မထွက်နိုင် ဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်တော်ဟာ အားလုံးကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေပါပြီ။ အခုနေ ခင်ဗျားတို့ ဘာပဲလုပ်လုပ် ကျွန်တော်ဂရုမစိုက်တော့ပါဘူး”

“ဆေးရုံတက်လိုက်ပါလား အန်ဒရေရယ်”

“ဆေးရုံဖြစ်ဖြစ် သင်းချိုင်းဖြစ်ဖြစ် ဘယ်ဟာမှမထူးပါဘူး”

“ဒေါက်တာခိုဘိုတော့ဗ် ပြောတဲ့အတိုင်း တသဝေမတိမ်း လိုက်နာပါ့မယ်လို့ ကတိပေးစမ်းပါလား အန်ဒရေရာ”

“ကျွန်တော် ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ ခင်ဗျား အလိုရှိရင် ကျွန်တော်ကတိပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ထပ်ပြောချင်တာက ကျွန်တော်ဟာ အန္တရာယ်စက်ဝိုင်းထဲမှာ ကျရောက်နေတယ်။ အခုအချိန်မှာ ကျုပ်မိတ်ဆွေတွေရဲ့ စေတနာ မေတ္တာတရားတွေဖြစ်ဖြစ်၊ ဘယ်အရာပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်တော့်အတွက် ပျက်သုဉ်းခြင်းဆိုတဲ့အရာတစ်ခုတည်းကိုသာ ရှေးရှုနေတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ ကံကြမ္မာဘေးဆိုးကို ဝင်တိုးနေတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ဒါကို ခံယူဖို့ သတ္တိရှိနေတယ်”

“ခင်ဗျား ပြန်ကောင်းလာမှာပါ မိတ်ဆွေကြီးရာ”

“ခင်ဗျား ဘာဖြစ်လို့ ဒါပဲ ထပ်တလဲလဲပြောနေရတာလဲဗျာ”

ရာဂင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် အခုကြုံတွေ့နေရတဲ့ အခြေအနေမျိုးကို သေတဲ့အထိ ကြုံမသွားရတဲ့လူ အင်မတန်ရှားလိမ့်မယ်။ ခင်ဗျားမှာ ကျောက်ကပ်ရောဂါ ရှိတယ်ပြောလို့ဖြစ်စေ၊ နှလုံးရောဂါရှိတယ် ပြောလို့ဖြစ်စေ ခင်ဗျား ဆေးဝါးကုသမှု ခံယူရလိမ့်မယ်။ ဒါမှမဟုတ် ခင်ဗျားကို ရူးနေတယ်လို့ဖြစ်စေ၊ ရာဇဝတ်ကောင်တစ်ယောက် ဖြစ်တယ်လို့ဖြစ်စေ သူတို့က သတ်မှတ်ချင် သတ်မှတ်ကြမှာ။ ဘာဖြစ်ဖြစ် တစ်ခုတည်းသောအဓိပ္ပာယ်က လူတွေဟာ ခင်ဗျားအပေါ် အာရုံစိုက်နေကြပြီဆိုတာပဲ။ ခင်ဗျားဟာ အန္တရာယ်စက်ဝိုင်းထဲမှာ မိနေပြီ၊ ဘယ်နည်းနဲ့မှ မလွတ်နိုင်တော့ဘူး ဆိုတာပဲ။ ခင်ဗျားဟာ ဒီအထဲက လွတ်အောင် ရုန်းလေလေပြီး ချည်နှောင်မိလေလေ ဖြစ်လိမ့်မယ်။ အဲဒီတော့ အကောင်းဆုံးက လက်လျှော့လိုက်ဖို့ပဲ။ လူသားရဲ့ ဘယ်ကြိုးပမ်းအားထုတ်မှုကမှ ခင်ဗျားကို ဒီက လွတ်မြောက်စေနိုင်တော့မှာမဟုတ်ဘူးဆိုတာ လက်ခံလိုက်ဖို့ပဲ၊ ကျွန်တော်တော့ ဒီလိုပဲ မြင်တော့တယ်”

သူတို့ စကားပြောနေစဉ်အတွင်း စာတိုက်ဗိုလ်၏ပြတင်းပေါက်တွင် လူတွေ တစ်သီကြီး တန်းစီ၍ နေပြီဖြစ်၏။ ရာဂင်က နေရာမှ ထကာ ပြန်ဖို့ဟန်ပြင်၏။ စာတိုက်ဗိုလ်က ရာဂင်အား နောက်တစ်ကြိမ် ကတိထပ်ပေးခိုင်းပြီးနောက် တံခါးဝအထိ လိုက်ပို့လေသည်။

ထိုနေ့ ညနေစောင်းတွင် ရာဂင့်အိမ်သို့ ဒေါက်တာ ခိုဘိုတော့ဗ် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့၏။ သူက သိုးရေအင်္ကျီနှင့် ဒူးထိ ဖိနပ်ကိုပင် ဝတ်ဆင်ထားလေသည်။ သူက မနေ့က ဘာမှမဖြစ်ခဲ့သလိုပင် အေးအေးဆေးဆေး စကားပြောလေသည်။

“ခင်ဗျားဆီကို အလုပ်ကိစ္စနဲ့ လာခဲ့တာပဲရောင်းရင်းရ။ လူနာတစ်ယောက် ကူကြည့်ပေးစေချင်လို့၊ လိုက်နိုင်ရင် ကျွန်တော်နဲ့ လိုက်ခဲ့ပါလား”

ခိုဘိုတော့ဗ်သည် သူ့အား စိတ်အပြောင်းအလဲရအောင် လမ်းလျှောက်ထွက်ဖို့ ခေါ်ခြင်းဖြစ်မည် သို့မဟုတ် သူ့ကို ငွေစလေး နည်းနည်းရအောင် အကူအညီပေးလိုသော သဘောဖြင့် ခေါ်ခြင်းဖြစ်မည် စသဖြင့် တွေးတောကာ ရာဂင်က အဝတ်အစားလဲပြီး အပြင်သို့ ထွက်လိုက်ခဲ့သည်။ ခိုဘိုတော့ဗ်အပေါ် ယမန်နေ့က အပြုအမူအတွက် ပြန်လည်ပေးဆပ်ခွင့်ရသဖြင့် သူက ဝမ်းသာမိ၏။ ခိုဘိုတော့ဗ်က မိမိစိတ်အနှောင့်အယှက်ဖြစ်စေမည့် ထိုအကြောင်းကို ထပ်မံပြောဆိုခြင်း လုံးဝမပြုလုပ်သည့်ပြင် မပြောမိအောင်လည်း တမင်ရှောင်ရှားနေဟန်ရှိသဖြင့် ၎င်းအား အထူးကျေးဇူးတင်နေမိ၏။ သို့သော် အပြောအဆို၌ ဖွယ်ရာခြင်း ကင်း၍ ယဉ်ကျေးမှုအဆင့်အတန်း နိမ့်ကျလှသော ထိုသူ၌ ဉာဏ်နီဉာဏ်နက်များ ရှိနေခြင်းကိုကား ရာဂင်တစ်ယောက် အံ့သြလောက်အောင် တွေ့ ရတော့မည်ဖြစ်၏။

“ခင်ဗျားလူနာက ဘယ်မှာလဲဗျ”

ဒေါက်တာရာဂင် က မေးသည်။

“ဆေးရုံမှာပါ၊ ခင်ဗျားနဲ့ ပြကြည့်မလို့ စိတ်ကူးနေတာ အတော်ကြာပါပြီ၊ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ လူနာတစ်ယောက်ပဲဗျ”

ဆေးရုံဝင်းထဲသို့ ဝင်လာကြပြီးနောက် ပင်မအဆောက်အအုံကြီးကို ကွေ့ပတ်ကာ စိတ်ရောဂါသည်များ ထားသည့်အဆောင်သို့ လာခဲ့ကြ၏။ တစ်လျှောက်လုံး တစ်ယောက်နှင့်တစ်ယောက် စကားတစ်ခွန်းမှ မပြောကြချေ။ အဆောင်ထဲသို့ သူတို့ ဝင်ရောက်လာသောအခါ နီကီတာက ခါတိုင်းလိုပင် အမှိုက်ပုံပေါ်မှ ခုန်ထကာ သတိအနေအထားနှင့် ရပ်နေ၏။

“ဒီအထဲက လူနာတစ်ယောက်က အဆုတ်ရောဂါ ထပ်ဖြစ်နေလို့”

အဆောင်အတွင်းသို့ ဝင်လာကြရင်း ဒေါက်တာခိုဘိုတော့ဗ်က တစ်ယောက်တည်း ပြောသလို ပြောလိုက်သည်။

“ခဏလေးစောင့်ဦးနော်၊ ကျွန်တော် နားကြပ် သွားယူလိုက်ဦးမယ်၊ အခုပဲ ပြန်လာမယ်”

ထို့နောက် သူက အပြင်သို့ ထွက်သွားသည်။