လူနာဆောင် အမှတ်(၆)

အခန်း (၁၄)

မှောင်ရီပျိုးစ အချိန်ဖြစ်၏။ အိုင်ဗင်ဂရိုမော့ဗ်က အိပ်ရာထဲတွင် ခေါင်းအုံးနှင့် မျက်နှာအပ်ကာ လှဲအိပ်နေ၏။ အကြောသေနေသူက ခုတင်ပေါ်တွင် မလှုပ်မယှက်ထိုင်ကာ အသံမထွက်ဘဲ ငို၍နေ၏။ သူ့နှုတ်ခမ်းများက တလှုပ်လှုပ် တရွရွ ဖြစ်နေလေသည်။ အဆီတုံး သတ္တဝါကြီးနှင့် စာရွေး စာရေးဟောင်းတို့မှာ အိပ်ပျော်၍နေကြ၏။ လူနာဆောင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရာဂင်က ဂရိုမော့ဗ်၏ခုတင်ပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေလေသည်။ သည်အတိုင်း နာရီဝက်ခန့်သာ ကြာသွားသည်၊ ခိုဘိုတော့ဗ်ကား ပေါ်မလာ။ သူ့အစား နီကီတာသာ ရောက်လာ၏။ နီကီတာက ဆေးရုံဝတ်စုံ၊ ညဝတ်အင်္ကျီနှင့် ခြေညှပ်ဖိနပ်တို့ကို သူ့အား ကမ်းပေးသည်။

“ဒါတွေ လဲဝတ်လိုက်ပါ ဆရာ”

သူက အေးအေးဆေးဆေး ပြောနေသည်။

“ဆရာ့အိပ်ရာ ဒီဘက်မှာ ဆရာ၊ ဒီဘက်ကြွပါ”

သူက မကြာသေးမီကမှ အဆောင်ထဲ သွင်းလာပုံရသည့် ခုတင်တစ်လုံးကို ညွှန်ပြသည်။

“မစိုးရိမ်ပါနဲ့ဆရာ၊ ဘုရားသခင် ကျေးဇူးတော်နဲ့ ဆရာ ပြန်ကောင်းလာမှာပါ”

ရာဂင်က အားလုံးကို နားလည်လိုက်ပေပြီ။ သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ ဂရိုမော့ဗ်၏အိပ်ရာမှ ထကာ နီကီတာ ပြခဲ့သော ခုတင်ဆီသို့ လာပြီး တက်ထိုင်နေလိုက်သည်။ ထို့နောက်မူ နီကီတာ စောင့်နေသေးမှန်း တွေ့ရသဖြင့် သူက သူ ဝတ်ထားသမျှ အဝတ်အစားများကို ချွတ်လိုက်သည်။ ကိုယ်ပေါ်တွင် အဝတ်အစား ကင်းမဲ့သွားသောအခါမူ အနည်းငယ် အနေရအထိုင်ရခက်သလို ဖြစ်သွားသည်။ ထို့နောက်မှ ဆေးရုံအဝတ်အစားများကို ဝတ်သည်။ ပထမ ဘောင်းဘီရှည်ကို ကောက်စွပ်သည်။ ဘောင်းဘီက အများကြီးတိုနေ၏။ ရှပ်အင်္ကျီကမူ ရှည်၍နေပြန်သည်။ နောက်ဆုံး ဝတ်ရသည့် အပေါ်ရုံအင်္ကျီကြီးမှာကား ငါးကျပ်တင်နံ့ နံလေသည်။

“ဘုရားသခင် အလိုတော်အရ ဆရာ ပြန်ကောင်းလာမှာပါ”

နီကီတာက တစ်ခါ ထပ်ပြောလိုက်ပြီး ရာဂင့်အဝတ်အစားများကို ကောက်ယူလိုက်သည်။ ထို့နောက် နီကီတာက အပြင်ထွက်ကာ တံခါးကို ပိတ်လိုက်၏။

“မထူးပါဘူးကွာ”

အန်ဒရေရာဂင်က ရှက်ရွံ့သောမျက်နှာဖြင့် ဆေးရုံဝတ်ရုံကြီးကို ပတ်ခြုံလိုက်ကာ ယခုဝတ်စုံနှင့် မိမိမှာ အကျဉ်းသားတစ်ယောက်နှင့် တူ၍နေလိမ့်မည်ဟု တွေးမိ၏။

“အရပ်သားဝတ် ခါးရှည် ကုတ်အင်္ကျီပဲ ဝတ်ဝတ်၊ စစ်အင်္ကျီပဲဝတ်ဝတ်၊ ဆေးရုံဝတ်စုံပဲဝတ်ဝတ်၊ ငါ့အတွက် ဘာထူးသွားမလဲ”

သို့သော်.. ဟာ… နာရီ ဘယ်ရောက်သွားပါလိမ့်။ ကုတ်အင်္ကျီ ဘေးအိတ်ထဲက မှတ်စုစာအုပ်ကော၊ စီးကရက်ဘူးကော။

နီကီတာက အဝတ်အစားတွေ ဘယ်ယူသွားသလဲ။ နောင်ကို တစ်သက်လုံး ဘောင်းဘီရှည်တို့၊ ခါးတို ကိုယ်ကျပ်အင်္ကျီတို့၊ ဘွတ်ဖိနပ်တို့ စီးချင်မှ စီးရတော့မည်။ ယခုလို ရုတ်ခြည်း အပြောင်းအလဲဖြစ်သွားခြင်းအတွက် စိတ်ထဲတွင် ထူးခြားသလိုလို နည်းနည်းအံ့သြတုန်လှုပ်သလိုတော့ ဖြစ်မိသား။ သို့သော် ယခုတိုင် ဒေါက်တာရာဂင်က ဘီလိုဗာ၏တဲအိမ်မှာ ဖြစ်စေ၊ မိမိအဖို့ အမှန်တကယ်ထူးခြားချက်တစ်စုံတစ်ရာ မရှိနိုင်ဟူ၍ မှတ်ယူဆဲပင်ဖြစ်၏။ သို့သော်ထိုသို့ တွေးတောနေစဉ်မှာပင် လက်များက ကုန်ယင်ကာ ခြေထောက်က ရေခဲတုံးကဲ့သို့ အေးစက်လာ၏။ အိုင်ဗင်ဂရိုမော့ဗ်သည် အိပ်ရာက အချိန်မရွေး ခေါင်းထောင်ထလာနိုင်သည်၊ ထလာလျှင် မိမိအား ဆေးရုံအဝတ်အစားနှင့် တွေ့ပေတော့မည် ဟူသော အတွေးကြောင့် သူတုန်လှုပ် ချောက်ချားသွားလေသည်။ သူက နေရာမှ ထကာ အဆောင်ထဲတွင် တစ်ခေါက် ဖြတ်လျှောက်သည်။ ထို့နောက် ပြန်ထိုင်ပြန်သည်။

နာရီဝက်ခန့် ကြာသွားသည်။ ထို့နောက် တစ်နာရီ။ ကြာသော် ခုတင်ပေါ်၌ သည်အတိုင်း ထိုင်နေရသည်ကို သူ မခံမရပ်နိုင်လောက်အောင် ငြီးငွေ့ လာသည်။ သည်နေရာမှာ တစ်နေ့လုံး ဘယ်လိုနေရမလဲ၊ တစ်ပတ် နေရမယ် ဆိုရင်ကော၊ ဒီအထဲက လူတွေလိုသာ တစ်သက်လုံး နေရမယ်ဆိုရင်တော့….။ အို ကိစ္စမရှိ၊ ဒီနားမှာ ထိုင်မယ်၊ ပြီးရင် ပြန်ထိုင်မယ်၊ ဒါပဲ။ ပြတင်းပေါက်ကနေ အပြင်ကိုခဏကြည့်မယ်၊ ပြီးရင် အခန်းထဲမှာ ဟိုထောင့် သည်ထောင့် ခေါက်တုန့်ခေါက်ပြန် လျှောက်မယ်။ ဒါပေမဲ့ ဒါပြီးရင် ဘာလုပ်မှာလဲ၊ သည်နားမှာပဲ ကျောက်တိုင်တစ်တိုင်လို အသေထိုင်ပြီး လျှောက်တွေးနေရမှာလား၊ မဟုတ်သေးဘူး၊ မဖြစ်ဘူး မဖြစ်ဘူး။

သူက ခုတင်ပေါ်တွင် လှဲလိုက်သည်။ ထို့နောက် ချက်ချင်းပြန်ထသည်။ နဖူးမှ အေးစက်နေသော ချွေးစေးများကို အင်္ကျီလက်မောင်းနှင့် သုတ်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံးမှာ ငါးကျပ်တင်နံ့ ရလာသည်ဟု ထင်လာမိသည်။ ထိုနောက် အခန်းထဲတွင် အသွားအပြန် လျှောက်နေပြန်သည်။

“နားလည်မှု လွဲကုန်ကြတာပဲ”

သူက စိတ်အလွန်ရှုပ်ထွေး ပင်ပန်းဟန်ဖြင့် လက်ကိုဆန့်တန်းကာ ညည်းညူလိုက်သည်။

“သူတို့ကို ပြောမှ ဖြစ်လိမ့်မယ်၊ ဒီလူတွေ နားလည်မှု လွဲနေကြတာပဲ”

သို့သော် ထိုအခိုက်မှာပင် ဂရိမော့ဗ် နိုးလာသည်။ သူက အိပ်ရာပေါ်တွင် ထထိုင်ပြီး ပါးနှစ်ဖက်ကို လက်ဖြင့်ထောက်ကာ ကြမ်းပြင်ပေါ်သို့ ပျစ်ခနဲ တံတွေး ထွေးလိုက်သည်။ သူက ရာဂင်ဘက်သို့ ပျင်းပျင်းရိရိ တစ်ချက် လှည့်ကြည့်သည်။ သို့သော် အတွင်းအာရုံက အမှတ်သညာပြုပုံမပေါ်။ သို့သော် ခဏချင်းမှာပင် အိပ်ချင်ငိုက်မျဉ်းဟန် ကွယ်ပျောက်ကာ ရွံရှာမုန်းတီးသောအကြည့် သရော်လှောင်ပြောင်လိုသောအကြည့်က ပေါ်၍လာသည်။

“ဟား ဟား ခင်ဗျားကိုလဲ ဒီအထဲ ထည့်ပိတ်လိုက်ပြီကိုးဗျ”

သူက အိပ်ရာမှ ထခါစဖြစ်၍ ကွဲအက်နေသောအသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးတဖက်က ကောင်းကောင်း မပွင့်ချင်တတ်သေးပေ။

“ကျုပ်တော့ ဝမ်းသာတယ်ပျို့၊ ခင်ဗျားက သူတစ်ပါး သွေးကို တစ်သက်လုံး သောက်လာခဲ့တဲ့လူပဲ၊ အခု ခင်ဗျားသွေးကို သောက်ကြလိမ့်မယ်၊ ဟုတ်ပြီဗျို့”

“သူတို့ နားလည်မှု လွဲနေကြတာပါ”

ရာဂင်က ပြောသည်။ ဂရိုမော့ဗ်၏စကားများက သူ့အား တုန်လှုပ်ချောက်ချားစေသည်။ သူက ပခုံးကို တွန့်ကာ ပြောပြန်သည်။

“နားလည်မှု လွဲတာပါ”

ဂရိမော့ဗ်က တံတွေး တစ်ခါထပ်ထွေးပြီး ပြန်လှဲချလိုက်၏။

“ထွီ… ကျိန်စာသင့်တဲ့ဘဝပါဗျာ”

သူက မကျေမချမ်းနှင့် ညည်းတွား ပြောဆို၏။

“ဒီလောက်ဒုက္ခဆင်းရဲခံစားရပြီးတဲ့နောက်လဲ ဇာတ်ထဲမှာလို နိဂုံးချုပ်တော့ ဘုံဗိမာန်ဖြင့် တည်ထားကိုးကွယ်ကြလေသတည်း ဆိုတာမျိုးနဲ့ နိဂုံးချုပ်မှာမဟုတ်ဘူး၊ သေခြင်းတရားနဲ့ နိဂုံးချုပ်မှာ။ အမှိုက်လှဲတဲ့ကောင် နှစ်ကောင် လာပြီး အလောင်းကို ခြေထောက်နဲ့ ချိုင်းက မ,ပြီး မြေအောက်ခန်းထဲ ဆွဲသွားလိမ့်မယ်၊ ဒါပေမဲ့ ဒါတွေ ဂရုစိုက်နေဖို့တော့ မလိုပါဘူး၊ တခြားသောကမ္ဘာမှာ ကျုပ်တို့အလှည့် ကြုံမှာပါ၊ ကျုပ်သေရင် တစ္ဆေဖြစ်ပြီး ဒီအယုတ်တမာကောင်တွေကို လာခြောက်မယ်၊ ဒီခွေးကောင်တွေ ကြောက်လန့်ပြီး ဆံပင်တွေ ဖြူလာတဲ့အထိ လုပ်ပစ်ရမယ်”

မိုးဇက်က မြို့ထဲမှ ပြန်ရောက်လာသည်။ ရာဂင့်ကို တွေ့ သောအခါ သူက လက်ကို ဆန့်တန်းကာ ….

“ပိုက်ဆံ တစ်ပြားလောက် ပေးပါခင်ဗျာ”

* * *

ရာဂင်က ပြတင်းပေါက်ဆီသို့ သွားကာ အပြင်ရှိ လယ်ကွင်းများကို ငေးမျှော်ကြည့်နေသည်။ အပြင်တွင် မှောင်၍နေပေပြီ။ ညာဘက် မိုးကုတ်စက်ဝိုင်းဆီ၌ အေးစက်၍ သွေးရောင်နီမြန်းသော လမင်းက တဖြည်းဖြည်းတက်လာနေ၏။ ဆေးရုံခြံမြေနှင့် ကိုက်နှစ်ရာခန့်အကွာတွင် ဖြူဖြူမြင့်မြင့် အဆောက်အအုံကြီးတစ်ခု ရှိသည်။ အဆောက်အအုံ ဘေးပတ်ပတ်လည်တွင် ကျောက်သားတံတိုင်းတစ်ခု ကာရံထားသည်။ ထိုအရာကား အကျဉ်းထောင်တည်း။

“ဒါတွေအားလုံးဟာ တကယ်ဖြစ်နေတာပါ’

ရာဂင် အတွေးပေါက်ကာ ကြောက်စိတ်ဝင်လာသည်။ လမင်း၊ အကျဉ်းထောင်၊ ဆေးရုံ အုတ်တံတိုင်းမှ သံချွန်များနှင့် ဟိုအဝေးရှိ အုတ်ဖိုများက မီးတောက် မီးလျှံများ။ အရာအားလုံးပင် ချောက်ချားဖွယ်ရာကောင်းနေ၏။

နောက်ဘက်မှ သက်ပြင်းချသံတစ်ခု ကြားရသည်။ သူက လှည့်ကြည့်လိုက်သောအခါ ရင်ဘတ်တွင် တောက်ပပြောင်လက်သော ကြယ်ပွင့်များ၊ ဆုတံဆိပ်များ တပ်ဆင်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက ပြုံးရယ်ကာ မျက်စိမှိတ်ပြလိုက်သည်။ ဤသည်ကလည်း ချောက်ချားဖွယ်ရာပင်။

ရာဂင်က လမင်းသည်လည်းကောင်း၊ အကျဉ်းထောင်သည်လည်းကောင်း ချောက်ချားဖွယ်ရာများ မဟုတ်သည့်အကြောင်း၊ သာမန်လူကောင်းများသည်လည်း တံဆိပ်အဆောင်အယောင်များ ဆင်ယင်တတ်ကြသည်သာဖြစ်ကြောင်း၊ ပြီးတော့လည်း ဘာတွေပဲဖြစ်ဖြစ် နောက်ဆုံး တစ်နေ့ကျလျှင် အားလုံးပျက်စီး ကြေပြုန်းကာ မြေမှုန့်ဘဝသို့ ကျရောက်ရမည်သာဖြစ်ကြောင်း ကျိုးကြောင်းပြကာ ကြောက်စိတ်ကို ဖြေသိမ့်လေသည်။ သို့သော် ဖြေသိမ့်နေသည့်ကြားမှပင် စိတ်ပျက်အားငယ်ခြင်းက လွှမ်းမိုးလာပြန်သည်။ သူက ပြတင်းပေါက်သံတိုင်များကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ရှိသမျှ အားနှင့် ဆွဲလှုပ်သည်။ သံတိုင်များက ခိုင်မာလှသည်။ တုတ်တုတ်မျှပင် မလှုပ်ချေ။ ကြောက်စိတ်ပြယ်လိုပြယ်ငြား သူက ဂရိမော့ဗ်ဆီသို့ သွားကာ သူ့ခုတင်ပေါ် တက်ထိုင်လိုက်သည်။

“ကျုပ်တော့ လုံးဝစိတ်ဓာတ်ကျနေပြီဗျာ”

သူက နဖူးထက်မှ ချွေးစေးများကို သုတ်ကာ တုန်တုန်ယင်ယင်နှင့် ပြောလေသည်။

“ကျွန်တော်တော့ မရတော့ဘူးဗျာ”

“ဘာဖြစ်လဲဗျ၊ တွေးခေါ်မြော်မြင်ရေးလေး နည်းနည်းလုပ်လိုက်ရင် ပြီးတာပဲ”

ဂရိုမော့ဗ်က သရော်တော်တော်နှင့် ပြောလေသည်။

“ဘုရား ဘုရား၊ အင်းလေ ခင်ဗျားပြောတာ မှန်ပါတယ်။ တစ်ခါတုန်းက ခင်ဗျားပြောခဲ့ဖူးတယ်၊ ရုရှားအဘိဓမ္မာဆိုတာမျိုး အခိုင်အခန့်မရှိပေမယ့် ရုရှားပြည်မှာ လူတိုင်း တွေးကြခေါ်ကြတယ် ဆိုတာလေ၊ ဒါပေမဲ့ သည်ဒုက္ခဆင်းရဲကျရောက်နေတဲ့ လူတွေရဲ့အတွေးအခေါ်ဟာ ဘယ်သူ့ကို အန္တရာယ်ပြုနိုင်မှာတဲ့လဲ”

ရာဂင်မှာ မျက်ရည်များပင် စီးကျလာတော့မလား ထင်ရသည်။ သူက ဂရိမော့ဗ် သူ့ကို သနားလာစေချင်နေ၏။

“ခင်ဗျား ဘာအကြောင်းနဲ့ ဒီလို သရော်တော်တော် ပြောပြီး ရယ်မောနေနိုင်သလဲ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး ကျေနပ်နှစ်သက်စရာ ဘာမှမရှိတဲ့ အညတြလူသားတွေအနေနဲ့ တွေးခေါ်မြော်မြင်ရေးကလွဲလို့ ဘာလုပ်နိုင်ဦးမှာတဲ့လဲ။ ပြီးတော့….အသိဉာဏ်ပညာရှိတဲ့ လူယဉ်ကျေးတစ်ယောက်၊ ဟုတ်လား။ မိမိရဲ့လွတ်လပ်မှုကို ရှာဖွေနေတဲ့ လူ၊ ဘုရားသခင်ရဲ့ ပုံတော်အတိုင်း ဖန်ဆင်းထားခြင်းခံရတဲ့ လူသားလို့ ဂုဏ်ယူနေတဲ့ လူတစ်ယောက်တောင်မှပဲ ဒီမြို့စုတ်ကလေးမှာ တတိယတန်းစား ဆရာဝန်ဘဝနဲ့ မျှော့တွေကို သွေးစုပ်ခိုင်းတာတို့ … မုန်ညင်းအုံခိုင်းတာတို့လိုဟာမျိုးတွေ လုပ်နေရတယ်။ ဘာမဟုတ်တာတွေ… လိမ်ညာဖြီးဖြန်းတာတွေ… စုတ်ပဲ့တာတွေ လုပ်နေရတယ်၊ အို… ဘုရားသခင်”

“ခင်ဗျား ပြောတာတွေ ဘာတစ်ခုမှ အဓိပ္ပာယ်မရှိဘူး၊ ခင်ဗျားအနေနဲ့ ဆရာဝန် မလုပ်ချင်ရင်လဲ တခြားဝန်ကြီးဌာန တစ်ခုခုမှာ ဝင်လုပ်လို့ရသားပဲဗျ”

“ထွက်ပေါက် မရှိဘူးလေဗျာ၊ ဘယ်လိုမှ ထွက်လို့မရဘူးဗျ။ ကျွန်တော်တို့ဟာ အင်မတန်ပျော့ညံ့တဲ့သတ္တဝါတွေပဲဗျ၊ ကျွန်တော်ဟာ ခံစားမှုအစွဲကင်းစင်တဲ့ ရဲတင်းပြတ်သားတဲ့ တွေးခေါ်မြော်မြင်မှုဘဝမှာ နေသားကျခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ ဘဝရဲ့ ကြမ်းတမ်းခက်ထရော်မှုကို ခံလိုက်ရတဲ့အချိန်ကျတော့ ကျွန်တော့်မှာ သတ္တိမရှိတော့ဘူး၊ လုံးဝ ပြိုပျက်ကုန်တယ်။ ကျွန်တော်တို့ဟာ အားနည်းတဲ့သတ္တဝါတွေ အသုံးမကျတဲ့သတ္တဝါတွေပါ၊ ခင်ဗျားလဲ ဒီအတိုင်းပဲ မိတ်ဆွေကြီးရဲ့။ ခင်ဗျားဟာ အသိဉာဏ်ရှိတယ်၊ စိတ်ထားမြင့်မြတ်တယ်၊ ခင်ဗျားဟာ မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေကို မိခင်နို့ရည်နဲ့အတူ သောက်စို့လာခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ဘဝကို ရင်ဆိုင်လာရတဲ့အခါကျတော့ ခင်ဗျားမှာ အင်အားတွေ ကုန်ခန်းသွားတယ်။ ခင်ဗျားရဲ့ကျန်းမာရေးဟာ ပျက်ပြားသွားခဲ့တယ်။ ဟုတ်တယ်၊ ကျုပ်တို့ဟာ အလွန့်အလွန်ကို အင်အားနည်းတဲ့သတ္တဝါတွေပဲ”

ညချမ်းအချိန်ရောက်သောအခါ ရာဂင်သည် မိမိ၌ ကြောက်စိတ်နှင့် ရှက်ရွံ့ကြေကွဲစိတ်တို့အပြင် အခြားခံစားမှုတစ်ခုပါ ဖိစီးလာနေကြောင်း သတိပြုမိ၏။ နောက်မှ သူ ဘီယာမသောက်ရသေးကြောင်းနှင့် ဆေးလိပ်လည်း သောက်ချင်နေကြောင်း သတိရလေသည်။

“ကျွန်တော် အပြင် ခဏထွက်ဦးမယ်၊ ဒီမှာ မီးဖိုကလေးတစ်ဖို ဖိုပေးဖို့ ဟိုလူတွေ သွားပြောလိုက်မယ်၊ ဒီအတိုင်းတော့ မဖြစ်ဘူးဗျို့၊ ကျွန်တော် ခံနိုင်မှာ မဟုတ်ဘူး”

သူက အခန်းဝသို့ လျှောက်သွားပြီး တံခါးကို ဖွင့်သည်။ သို့သော် နီကီတာက ချက်ချင်း ခုန်ထလာကာ သူ့ရှေ့က ပိတ်၍ရပ်သည်။

“ဘယ်သွားမလို့လဲ၊ ဟင့်အင်း သွားလို့မရဘူး၊ အိပ်ချိန် ရောက်နေပြီ”

ရာဂင်က အကြီးအကျယ် အံ့သြတုန်လှုပ်သွားသည်။

“ကျွန်တော် အပြင်ဘက် ခဏလေးတင်ပါ၊ လမ်းကလေး နည်းနည်းလျှောက်ချင်လို့”

“သွားလို့ မရဘူး၊ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး၊ ခင်ဗျားလဲ သိတာပဲ မဟုတ်လား”

နီကီတာက တံခါးကို ဂျိုင်းခနဲ ပိတ်လိုက်ပြီး တံခါးရွက်တွင် ကျောမှီ၍ ရပ်နေသည်။

“ကျွန်တော် အပြင်ဘက် ခဏလေး ထွက်တဲ့အတွက် ဘယ်သူ့ကို ထိခိုက်သွားမှာလဲဗျ”

ရာဂင်က ပခုံးကိုတွန့်ကာ ပြောလိုက်သည်။

“ကျွန်တော်တော့ ဘယ်လိုမှ နားလည်လို့ မရဘူး၊ ကျွန်တော် အပြင်ထွက်ရမှ ဖြစ်မယ် ကီတာ”

သူက အသံတုန်တုန်နှင့် ပြောလိုက်သည်။

“စည်းကမ်းတွေ ချိုးဖောက်ဖို့တော့ မကြိုးစားပါနဲ့၊ အဲဒါဆိုရင် ဒုက္ခရောက်လိမ့်မယ်”

နီကီတာက သတိပေးဟန်ဖြင့် ပြောလိုက်သည်။

“ရှက်စရာကောင်းတယ်ဗျာ”

ဂရိုမော့ဗ်က ရုတ်တရက် နေရာမှ ထကာ အော်ပြောသည်။

“ဒီလူတွေမှာ ကျုပ်တို့ကို တားဆီးပိုင်ခွင့် ရှိသလားဗျ၊ ဘာကြောင့် ကျုပ်တို့ကို ချုပ်ထားနိုင်ရတာလဲ။ ရုံးတင်စစ်ဆေးခြင်း မပြုဘဲ မည်သူတစ်စုံတစ်ယောက်ကိုမျှ ထောင်သွင်းအကျဉ်းခြင်း မပြုရဘူးလို့ ဥပဒေက အတိအလင်း ဆိုထားတာပဲ။ ဒါ ရာဇဝတ်မှုဗျ၊ မတရားသက်သက် အနိုင်ကျင့်နေကြတာ”

“ဟုတ်တယ်၊ ဒါ သက်သက်အနိုင်ကျင့်တာပဲ”

မမျှော်လင့်ဘဲ ဂရိုမော့ဗ်၏ထောက်ခံမှုကို ရသဖြင့် ရာဂင်က အားတက်လာ၏။

“ကျုပ်ထွက်မယ်ဗျို့၊ ထွက်ရမှ ဖြစ်မယ်၊ ကျုပ်ကို တားဆီးပိုင်ခွင့်မရှိဘူး၊ ဖွင့်ဗျို့ ….၊ ကျွန်တော် ထွက်မယ်”

“မကြားဘူးလားဟေ့ ဟိုခွေးတိရစ္ဆာန်ကြီး”

ဂရိုမော့ဗ်က တံခါးကို လက်သီးဖြင့် တဝုန်းဝုန်း ထုကာ အော်လေသည်။

“တံခါးမဖွင့်ဘူးလားဟေ့၊ ငါ အကုန်လုံး ဖြိုပစ်လိုက်မယ်”

“တံခါးဖွင့်ဟေ့”

ရာဂင်က အော်ပြန်သည်။ သူ့တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ နေ၏။

“တံခါးဖွင့်ဖို့ ကျုပ် ပြောနေတယ်”

“ပြောကြဟေ့ ပြောကြ၊ ဆက်ပြောကြဦး”

နီကီတာ က တံခါးရွက်နောက်မှ ပြန်ပြောလိုက်သည်။

“ဒါဖြင့်လဲ ဒေါက်တာ ခိုဘိုတော့ဗ်ကို သွားခေါ်ဗျာ၊ ဒီကို ခဏလေး ကြွခဲ့ဖို့ ကျုပ်က ပြောတယ်လို့”

“မနက်ဖြန်ကျတော့ သူ လာမှာပဲ”

“ဒီကောင်တွေ ကျုပ်တို့ကို ထွက်ခွင့်ပေးမှာမဟုတ်ဘူး၊ ကျုပ်တို့ ဒီလိုပဲ ကိစ္စတုံးကြမှာပဲ”

ဂရိုမော့ဗ်က ပြောနေလေသည်။

“အို ဘုရားသခင် နောင်တမလွန်ဘဝမှာ ငရဲဆိုတာ မရှိတော့ဘူးလား၊ ဒီအယုတ်တမာကောင်တွေ မခံကြရတော့ဘူးလား၊ တရားမျှတမှုဆိုတာ ဘယ်ရောက်ကုန်ပြီလဲ၊ ဟေ့ ခွေးမသားကြီး တံခါးဖွင့်ဟေ့၊ ငါ ဒီမှာ အသက်ရှူကျပ်ပြီး သေတော့မယ်”

သူက အသံအက်အက်ကြီးဖြင့် တအား ထအော်ကာ တံခါးကို ပြေးတိုက်သည်။

“ငါ့ခေါင်းကွဲပြီး ဦးနှောက်တွေ ထွက်တဲ့အထိ တိုက်မယ်ဟေ့ လူသတ်ကောင်ကြီးရဲ့”

နီကီတာက တံခါးကို အလျင်အမြန် ဖွင့်ကာ ဒူးရော လက်ရော သုံးပြီး ရာဂင်အား နောက်သို့ တွန်းပစ်လိုက်သည်။ ထိုနောက် လက်သီးကို တအားလွှဲကာ သူ့မျက်နှာကို ပစ်ထိုးလိုက်သည်။ ရာဂင်မှာ အလွန်အင်အားကြီးမားသော ဆားငန်ရေလှိုင်းလုံးကြီးတစ်ခုက သူ့အပေါ် ချိုးချကာ သူအား အိပ်ရာဆီသို့ ဒရွတ်ဆွဲခေါ်နေသည်ဟု ခံစားလိုက်ရ၏။ ပါးစပ်ထဲမှာမူ တကယ်ပင် ငန်ငြိငြိ ဖြစ်နေ၏။ သွေးထွက်၍ဖြစ်ပေလိမ့်မည်။

ရာဂင်က ဒယီးဒယိုင်ဖြင့် ထလာရာ ရေနစ်သူတစ်ယောက် ရေအောက်မှနေ၍ အပေါ်သို့ ပြန်ရောက်လာအောင် ရုန်းကန်တက်လာသည်နှင့် တူလှ၏။ သူ့လက်က တစ်စုံတစ်ယောက်၏အိပ်ရာကို စမ်းမိချိန်တွင် နောက်ကျောကိုလက်သီး နှစ်ချက် ဆင့်အထိုးခံလိုက်ရ၏။

ထိုနောက် အော်သံကြီးတစ်ခု ကြားရပြန်သည်။ ဂရိုမော့ဗ်၏အသံ ဖြစ်၏။ သူလည်း အရိုက်ခံနေရပုံပင်။ ထိုနောက်၌ကား အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်၍သွားသည်။

လရောင်ဖျော့ဖျော့က ပြတင်းပေါက် သံတိုင်များကြားမှ ဝင်လာကာ ကြမ်းပြင်ပေါ်တွင် ပိုက်ကွန်ကွက်လို အရိပ်ထိုးကျနေသည်။ ရာဂင်က ကိုယ်ကို တောင့်ကာ အသက်အောင့်ထားလိုက်သည်။ သူက နောက်ထပ် လက်သီးတစ်ချက်ဝင်လာလေမလားဟု စိုးရိမ်ထိတ်လန့်စွာ မျှော်လင့်လျက်ရှိသည်။ သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်ကို တစ်ယောက်ယောက်က တံစဉ်တစ်ချောင်းနှင့် အကြိမ်ပေါင်းများစွာ ထိုးဆွေမွှေနှောက်နေသည်ဟု ခံစားနေရ၏။ ပြင်းထန်သောဝေဒနာကြောင့် သူက ခေါင်းအုံးကို သွားနှင့် စေ့စေ့ပါအောင် ကိုက်ထားမိလေသည်။

ထိုအခိုက် ခေါင်းထဲတွင် ဝရုန်းသုန်းကား ဖြစ်ချင်တိုင်း ဖြစ်နေသည့်ကြားမှပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အတွေးအမြင်တစ်ခု ရုတ်တရက် အထင်အရှား ပေါ်လာသည်။ ထိုအတွေးကား လရောင်အောက်၌ အရိပ်မည်းကြီးများသဖွယ် ရှုမြင်နေရသည့် ဤအဆောင်ထဲရှိ လူများအားလုံးသည် ယခုအချိန်၌ မိမိခံစားနေရသော ဝေဒနာမျိုးကို နေ့တဓူဝ နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပါကလား ဆိုသော အတွေးပင်တည်း။ မိမိသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်လုံးလုံး ဤအကြောင်းကို အဘယ့်ကြောင့် မသိဘဲ နေခဲ့ရသနည်း။ သိဖို့ရာ လွှဲရှောင်နေခဲ့ရသနည်း။ ထိုသို့ သူတို့တစ်တွေ ခံစားနေကြရသည့်အကြောင်းမှာ သူမသိဘဲ ဖြစ်နေခဲ့ခြင်းသာဖြစ်၍ သူ့တွင် အပြစ်မရှိနိုင်ပေ။

သို့သော် နီကီတာလိုပင် ခက်ထန်ကြမ်းတမ်းကာ တွန်းလှန်မရနိုင်လောက်အောင်ဖြစ်နေသည့် မိမိကိုယ်တွင်းအသိစိတ်ဓာတ်ကြောင့် သူက ကျောထဲသာမက ခြေဖျားထိအောင် စိမ့်၍သွားမိလေသည်။ သူက နီကီတာရော ခိုဘိုတော့ဗ်ရော အုပ်ချုပ်ရေးမှူးရော အလုပ်သမားခေါင်းပါ တစ်ယောက်မကျန် အကုန်လုံး သတ်ပစ်မည်၊ ပြီးတော့ ငါ့ကိုယ်ငါလည်း သတ်မည် ဟူသော အတွေးဖြင့် အိပ်ရာမှ ခုန်ထကာ တအား ကုန်းအော်သည်။ သို့သော် သူ့နှုတ်ဖျားမှ ဘာသံမှ ထွက်မလာ။ ခြေထောက်များကလည်း သူ့အမိန့်ကို မနာခံကြတော့ပေ။ ရာဂင်မှာ မောဟိုက်နေကာ အသက်ကို အားစိုက်၍ ရှူနေရ၏။ ရှပ်အင်္ကျီနှင့် အပေါ်ရုံအင်္ကျီတို့မှာ သူ တအားဆုပ်ဆွဲထားသဖြင့် စုတ်ပြဲ၍နေပြီ။ ထို့နောက် ကား အိပ်ရာပေါ် ပြန်လဲကျကာ သတိလစ်၍သွားလေသည်။