လူနာဆောင် အမှတ်(၆)

အခန်း (၁၅)

နောက်တစ်နေ့နံနက်၌ ခေါင်းက ကိုက်ခဲလျက်ရှိပြီး နားထဲတွင် အူ၍နေ၏။ တစ်ကိုယ်လုံးလည်း ကိုက်ခဲ နာကျင်၍နေလေသည်။ ယမန်နေ့ညက မိမိ၏ပျော့ညံ့မှုအတွက် သူက ရှက်ရွံ့ခြင်းမဖြစ်တော့ပေ။ သူ့မှာ သူရဲဘောကြောင်သူတစ်ယောက်ဖြစ်ခဲ့ပြီ။ လသာသာကို မြင်၍ပင် ကြောက်ရွံ့ခြင်းဖြစ်ခဲ့ပြီ။ မိမိရင်ထဲ၌ ရှိနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့သော ခံစားမှုများ အတွေးများကို ပြောင်ဖွင့်ပြောခဲ့မိပြီ။ ထိုဖွင့်ဟခဲ့မိသည့် တစ်ခုသောအတွေးကား ကျေနပ်နှစ်သက်စရာ ဘာမျှမရှိခြင်းကြောင့် အညတြလူသားများ တွေးခေါ်မြော်မြင်မှု ပြုလာကြသည် ဟူ၍။ သို့သော် ယခုကား သူက ဤအရာများကို ဂရုမစိုက်တော့။

သူက အစာမစား၊ ရေလည်း မသောက်၊ မလှုပ်မယှက် ငြိမ်သက်စွာ လှဲနေသည်။ သူ့ကို မေးလားမြန်းလား လုပ်လာသည့်အခါတိုင်း သူက “ငါ ဂရုမစိုက်ဘူး၊ သူတို့မေးတာတွေ ဂရုစိုက်ပြီး ဖြေမနေဘူး”ဟု သူ့ဘာသာ တွေးနေလေသည်။

နေ့လယ်ပိုင်းတွင် စာတိုက်ဗိုလ်က သူ့အား လာ ရောက် ကြည့်ရှုသည်။ သူက လက်ဖက်ခြောက် ပေါင်တစ်စိတ်နှင့် သစ်သီးချိုချဉ် တစ်ပေါင် ယူလာခဲ့သည်။ ဒါရီယာလည်း ရောက်လာကာ အလွန်အမင်း ကြေကွဲသောမျက်နှာဖြင့် သူ့ခုတင်ဘေးတွင် တစ်နာရီလောက်ကြာအောင် ရပ်နေသည်။ ဒေါက်တာခိုဘိုတော့ဗ်လည်း တစ်ခေါက်လာကြည့်သည်။ သူက ဘရိုမိုက်ဆေးတစ်ပုလင်း ယူလာသည်။ နီကီတာအားလည်း အခန်းကို ပိုးသတ်ဆေး တစ်ခုခု ဖျန်းဖို့ ညွှန်ကြားသွားသည်။

ညနေစောင်းတွင် ဒေါက်တာ ရာဂင်မှာ ရုတ်တရက် လေသင်ဓုန်းဖြတ်သလိုဖြစ်ကာ သတိလစ်သွားရာမှ အနိစ္စရောက်သွားလေသည်။ အစ၌ သူ့တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ကာ ပျို့ ချင် အန်ချင် ဖြစ်လာ၏။ အော်ဂလီဆန်ချင်စရာကောင်းသော အရာတစ်ခုသည် ဝမ်းဗိုက်ထဲမှ လှိုက်တက်လာကာ တစ်ကိုယ်လုံး ပျံ့နှံ့၍သွားသည်။ ဦးခေါင်းထဲသို့ စီးဝင်သွားသည်။ မျက်လုံးများ နားများထဲတွင် ပြည့်လျှံသွားသည်။ လက်ဖျား ခြေဖျားသို့တိုင် ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့မျက်လုံးထဲ၌ အရာအားလုံးမှာ အစိမ်းရောင်ချည်း ဖြစ်နေ၏။ အန်ဒရေရာဂင်မှာ မိမိ၏နိဂုံးချုပ်ချိန် ရောက်လာပြီဖြစ်ကြောင်း သိနေ၏။ သူက ဂရိုမော့ဗ်၊ စာတိုက်ဗိုလ်နှင့် အခြား သန်းပေါင်းများစွာသောသူတို့မှာ မသေခြင်းတရားကို ယုံကြည်လျက်ရှိကြကြောင်း သတိရ၏။ ထိုမသေခြင်းတရားသာ တကယ် ရှိပါက မည်သို့ ရှိလေမည်နည်း။ သို့သော် သူက ထာဝရတည်တံ့မှုကို အမှန်တကယ်လိုချင်တပ်မက်ခြင်း မရှိခဲ့။ သည်အကြောင်းကို ခဏလေးသာ တွေးမိလိုက်သည်။ တစ်နေ့က ဖတ်ခဲ့ရသော စာအုပ်ထဲမှ အလွန်လှပသော ရင်းဒီးယား သမင်တစ်အုပ် သူ့ရှေ့မှ ဖြတ်သွားသည်။ ထို့နောက် မိန်းမတစ်ယောက်က မှတ်ပုံတင် စာတစ်စောင် ကမ်းပေးသည်။ စာတိုက်ဗိုလ်က ဘာရယ်မသိ တစ်ခုခုကို ပြောသည်။ ထို့နောက်ကား အရာအားလုံး ပျောက်ကွယ်သွားကာ ရာဂင်မှာ အစဉ်ထာဝရ သတိကင်းမဲ့၍သွားတော့သည်။

ဆေးရုံအလုပ်သမားနှစ်ယောက် ရောက်လာပြီး သူ့အား ခြေနှင့်လက်က ကိုင်မ,ကာ သုဓမ္မာဇရပ်ဆီသို့ ယူဆောင်သွားသည်။ ဇရပ်တွင် တစ်ညလုံး စားပွဲပေါ်၌ မျက်လုံးအပွင့်သားနှင့် လှဲနေသည်။ လရောင်က သူ့ကိုယ်ပေါ်၌ ရွှန်းပ၍နေသည်။ နံနက်လင်းသောအခါ ဆေးရုံ အလုပ်သမားခေါင်း ဆာဂျီရောက်လာပြီး လက်ဝါးကပ်တိုင်ရှေ့၌ အလွန်ကြည်ညိုထက်သန်စွာ ဆုတောင်းပတ္တနာပြုသည်။ ထို့နောက် တစ်ချိန်က သူ့အထက်လူကြီးဖြစ်ခဲ့သူ၏ မျက်လုံးများကို ပိတ်လိုက်၏။

နောက်တစ်နေ့တွင် ဒေါက်တာအန်ဒရေရာဂင်အား မြှုပ်နှံသင်္ဂြိုဟ်သည်။ သူ၏အသုဘသို့ စာတိုက်ဗိုလ်မစ် ခေးလ် အေဗာရီယန်နစ်ချ်နှင့် ဒါရီယာတို့နှစ်ယောက်သာ လိုက်ပါပို့ဆောင်ကြလေသည်။

ဖေမြင့်