မြန်မာဘာသာပြန်ဆိုသူ၏နိဂုံးစကား
တူရဂေညက်၊ ဒေါ့စတိုယက်ဗ်စကီး၊ တော်စတွိုင်း၊ ချက်ကော့ဗ် စသူတို့သည် ကမ္ဘာ့စာပေနယ်တွင် “ရုရှားစာပေ ရွှေခေတ်ဟု ခေါ်ဆိုအပ်သော စာပေခေတ်တစ်ခုကို ထူထောင်ခဲ့ကြသည့် အထင်ကရ စာပေအနုပညာရှင်များ ဖြစ်ကြသည်။ ထိုခေတ်တွင် ချက်ကော့ဗ် အထင်အရှား ရပ်တည်နိုင်ခဲ့ခြင်းအကြောင်းရင်းကိုကား လူနာဆောင် အမှတ်ခြောက် ဝတ္ထုကို ဖတ်ရှုပြီးသော စာဖတ်သူသည် သဘောပေါက်ပြီး ဖြစ်ပေလိမ့်မည်။
ချက်ကော့ဗ်(၁၈၆ဝ-၁၉ဝ၄)သည် ရုရှား မြေကျွန်မျိုးရိုးမှ ပေါက်ဖွားခဲ့သူ ဖြစ်သည်။ ဖခင်ဘက်မှ အဘိုးဖြစ်သူသည် မြေကျွန်တစ်ဦးဖြစ်ခဲ့၏။ သို့သော် မိမိဘဝလွတ်မြောက်မှုကို အစဉ်တောင့်တသူ၊ ဥာဏ်အမြော်အမြင်ကြီးမားသူ၊ ဇွဲလုံ့လရှိသူဖြစ်သည့်အားလျော်စွာ မိမိရသည့် မဝရေစာ လုပ်ခကလေးကို ခြိုးခြံစုဆောင်းကာ မိမိကိုယ်ကို မြေရှင်၏လက်မှ ရွေးထုတ်နိုင်ခဲ့သည်။
ချက်ကော့ဗ်၏ဖခင်သည် အထည်ကုန်သည်တစ်ဦး၏သမီးနှင့် အိမ်ထောင်ကျ၍ ဈေးဆိုင်တစ်ခု ဖွင့်လှစ်ရောင်းချသည်။ ချက်ကော့ဗ် ၁၆ နှစ်သားအရွယ်တွင် စီးပွားပျက်သဖြင့် ဖခင်သည် ဇနီးနှင့် ကလေး ၆ ယောက်ကို စွန့်ခွာ ထွက်ပြေးလေသည်။ ချက်ကော့ဗ်၏ အစ်ကိုနှစ်ယောက်မှာလည်း အရက်သောက် ဖဲရိုက်နှင့် လေလွင့်ပျက်စီးလျက်ရှိရာ ချက်ကော့ဗ်မှာ တာဝန်သိတတ်သူ ညှာတာသနားစိတ် ကြီးမားသူဖြစ်သည့်အလျောက် အရွယ်နှင့်မလိုက် ဆင်းရဲပင်ပန်းခံကာ ငွေရှာရ၏။ သူကား ဘဝအခက်အခဲကို နောက်မတွန့်၊ ရဲရဲ ရင်ဆိုင်ဝံ့သူဖြစ်သည်။ အဆိုး လောကတွင် ဟာသကို မြင်ကာ ဟာသ ဝတ္ထုများ ရေး သားသည်။ ဟာသ ဉာဏ်ရွှင်သူ၊ အရေးအသား၌ ဇ, ပါသူ ဖြစ်၍ ဟာသစာစောင်လောက၊ ဟာသ စာဖတ်ပရိသတ်လောကတွင် အောင်မြင်မှုရသည်။ သို့နှင့် ချက်ကော့ဗ်သည် အထက်တန်းကျောင်းသားဘဝမှာပင် မော်စကိုရှိ ဂျာနယ်မဂ္ဂဇင်းလောကတွင် မှန်မှန် ဖော်ပြခံရသည့် ဟာသ စာရေးဆရာတစ်ဦး ဖြစ်နေတော့၏။
စာရေးရင်း တစ်ဖက် ကျောင်းနေရာမှ ပညာသင်ထောက်ပံ့ကြေးဆုရသဖြင့် ဆေးကျောင်း ဆက်တက်သည်။ ဆေးကျောင်းသားဘဝတွင်လည်း စာကို မပြတ်ရေးသည်။ ရသော ဝင်ငွေဖြင့် မိသားစုကို ထောက်ပံ့သည်။ အသက်အရွယ် အတွေ့အကြံကြီးမားလာသည်နှင့်အမျှ အတွေးအမြင်က ရင့်ကျက်လာသည်။ သူ့ဟာသများသည် လေးနက်၍လာသည်။ ထို့ပြင် ဟာသထက် ရုရှားလူမှုဘဝကို အလေးအနက် ရှုမြင်သုံးသပ်ကာ ရေးဖွဲ့သောဝတ္ထုတိုများ အရေးများလာ၏။ ဝတ္ထုတို အရေးအဖွဲ့တွင်လည်း အံ့မခန်း ပီပြင်ပြောင်မြောက်၍လာသည်။ အသက် ၂၇ နှစ်အရွယ် ဆေးကျောင်းမှ ထွက်၍ အလုပ်သင်ဆရာဝန်အဖြစ် အမှုထမ်းချိန်တွင် ချက်ကော့ဗ်သည် ဝတ္ထုတိုပေါင်း ၆ဝဝ ကျော်မျှ ရေးသားခဲ့ပြီးဖြစ်၏။
ဆရာဝန်အလုပ်တစ်ဖက်နှင့် စာရေးလျက်ရှိစဉ် ချက်ကော့ဗ် ပြောဖူးသောစကား တစ်ခုရှိသည်။“ဆေးပညာက ကျွန်တော့်တရားဝင်ဇနီးဗျ၊ စာပေကတော့ ကျွန်တော့်ချစ်သူပဲ” ဟူ၏။
နောက်ပိုင်း၌ ချက်ကော့ဗ်သည် ဝတ္ထုတိုများသာမက အတိုစားများ ပြဇာတ်များကိုပါ ရေးသားလာသည်။ ယင်းတို့တွင်လည်း အောင်မြင်မှုရသည်။ ပြဇာတ်များကို ကိုယ်တိုင် ကြီးကြပ် စင်တင်သည်။
၁၉ဝ၃ ခုနှစ်တွင် ပြဇာတ် မင်းသမီး အော်လဂါနှင့် လက်ထပ်သည်။ သို့သော် ထိုအချိန်၌ ချက်ကော့ဗ်၏ကျန်းမာရေးအခြေအနေမှာ မကောင်းတော့။ သူ့တွင် ငယ်စဉ်ကတည်းက တီဘီရောဂါ ရှိခဲ့သည်။ ရောဂါက မကြာမကြာ ပြန်ထကာ အိပ်ရာထဲ လဲတတ်သည်။ ထိုခေတ်က တီဘီရောဂါကို တကယ်ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးကောင်းဝါးကောင်းများ မပေါ်သေး။ ကျန်းမာရေးအတွက် ချက်ကော့ဗ်သည် ရာသီဥတုကောင်းမွန်သော အရပ်ဒေသများသို့ မကြာမကြာသွားရောက်နေထိုင်သည်။ ၁၉ဝ၄ ခုနှစ် ဂျာမနီပြည်ရှိ အနားယူစခန်းတစ်ခုတွင် သွားရောက်နေထိုင်စဉ် ကွယ်လွန်ခဲ့လေသည်။
ကမ္ဘာ့စာပေနယ်၌ ချက်ကော့ဗ်သည် အဓိကအားဖြင့် ဝတ္ထုတိုများဖြင့် ထင်ရှား၏။ ဝတ္ထုတိုအရာ၌ ပါရဂူမြောက်သူ ဟူ၍ ကမ္ဘာ့စာပေသမားတို့က လေးလေးစားစား ဆိုကြ၏။ ထိုသို့ဆိုသဖြင့် ချက်ကော့ဗ်သည် ဝတ္ထုတိုဖန်တီးမှု အတတ်ပညာ၌သာ အစွမ်းထက်သည်ဟု ယူဆရန်မဟုတ်။ သူ့ခေတ် ရုရှားလူ့ဘောင်ကို ရှုမြင်ကာ သူ တွေးခေါ်မြော်မြင်ပြသော မီးမောင်းထိုးပြသော လူ့ဘဝ၏ ကြေကွဲဖွယ်အဖြစ်များ၊ အစဉ်အလာ၏ ကွပ်ညှပ်မှုကို ခံနေရသည့် အလွှာအသီးသီးမှ လူသားတို့၏ဒုက္ခအဖုံဖုံ၊ မိမိဝန်းကျင်နှင့် ကျိုးကြောင်းဆက်စပ်မမိ အပြန်အလှန် နားလည်ဆက်ဆံနိုင်မှုမရှိ ဖြစ်နေရှာသည့် အထီးကျန်လူသားတို့၏ စိတ်အကျပ်အတည်းတို့ကို စာဖတ်သူများ စွဲနင့်ခံစားရသကဲ့သို့၊ ထိုခံစားမှုအမြင်တို့ကို ဝတ္ထုပုံသဏ္ဌာန်၌ အံဝင်ခွင်ကျ ဖန်တီးပြနိုင်ခြင်းကို လေ့လာရေးသမားများ အလေးထား မှတ်သားကြရသည်။
ချက်ကော့ဗ်သည် ရှည်လျားသော ဝတ္ထုကြီးများ မရေး၊ ဝတ္ထုတိုများသာ တစ်သမတ်တည်း ရေးသည်။ သူ၏ အရှည်ဆုံး ဝတ္ထုများမှာ နောဗလက်ထဲခေါ် ဝတ္ထုရှည်အတိုစားများသာ ဖြစ်သည်။ ယင်းဝတ္ထုရှည် အတိုစားများအနက် လူနာဆောင် အမှတ်ခြောက်သည် အထင်ရှားဆုံး ဖြစ်သည်။
လူနာဆောင် အမှတ်ခြောက်တွင် ချက်ကော့ဗ် အရေးတကြီး တင်ပြလိုသော အဓိကအချက် လေးရပ် ရှိသည်။
ပထမအချက်သည် – စိတ်ရောဂါဝေဒနာသည်များအား လူဆန်ဆန် ပြုစုကုသစေလိုခြင်း၊ စိတ်ရောဂါဝေဒနာသည်များနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်ရှိ လူကောင်း ဆိုသောသူများ၏ အစဉ်အဆက် အရိုးစွဲ မှားယွင်းလာခဲ့သော ဆက်ဆံရေးပုံသဏ္ဌာန်ကို ပြုပြင်စေလိုခြင်း၊ အရူးဆိုသူ၏အနေအထားမှ ရပ်တည်ရှုမြင်ကာ ကိုယ်ချင်းစာနာစိတ် ဖြစ်ပေါ်စေလိုခြင်းဖြစ်သည်။
ဒုတိယအချက်သည် – သူ့ခေတ် ရှရှားတောကျေးလက်သည် မည်ရွေ့မည်မျှ အောက်တန်းနောက်တန်းကျလျက်ရှိသည်၊ အသိဉာဏ်ဗဟုသုတ ခေါင်းပါးလျက်ရှိသည်၊ ထိုအခြေခံအချက်တို့သည် မည်သို့ဆိုးဝါးသော အခြေအနေများကို ဖြစ်ပေါ်စေသည်ဟူသော အကြောင်းဖြစ်သည်။
တတိယအချက်သည် – စိတ်ပညာနှင့် လူမှုရေးသိပ္ပံ ပညာရပ်နယ်ပယ်တွင် အခြေခံကျသလောက် အလွန်မှလည်း အရေးပါလှသော အချက်တစ်ရပ်ဖြစ်သည်။ ထိုအချက်ကား “လူတစ်ဦးနှင့်တစ်ဦး မည်ရွေ့မည်မျှသောအတိုင်းအတာအထိ အပြန်အလှန် နားလည်သဘောပေါက်စွာ ဆက်ဆံနိုင်သနည်း”ဟူသော အချက်ဖြစ်သည်။ ဤသည်မှာ တိုးတက်လှပြီဆိုသော ယနေ့ခေတ် စိတ်ရောဂါကုသရေးလောကတွင် အလေးအနက် ဝေဖန်ဆွေးနွေးရဆဲ အချက်တစ်ရပ်လည်း ဖြစ်သည်။
စတုတ္ထအချက်သည် – ပတ်ဝန်းကျင်လောက၌ အမှားအယွင်းတွေ မတရားမှုတွေ နည်းလမ်းမကျတာတွေ ဖြစ်နေကြောင်း သူသူ ငါငါ ဝေဖန်တတ်လှသည်။ သို့သော် ထိုသို့သော ဆိုးပြစ်တို့သည် မိမိကို တိုက်ရိုက်ထိခိုက်မှု မရှိသရွေ့ကား အပြောတွင် အရသာခံရုံ ခံကြသည်၊ ကိုယ်ချင်းစာသည်ဟု ပါးစပ်ပြော ပြောကြသည်။ တကယ်မူ ကိုယ် နေသာသရွေ့ကား နေသာသလို နေလိုက်ကြသည်။ သို့ဖြစ်သဖြင့် ပတ်ဝန်းကျင်လောက၏ဆိုးပြစ်တို့သည် လျော့ပါးမသွား၊ ပျောက်ပြယ်မသွား၊ တည်တံ့မြဲ တည်တံ့၊ ကြီးထွားမြဲ ကြီးထွားကာ တစ်နေ့သောအခါ၌ အချောင်ခိုကာ ကိုယ်လွတ်ရုန်းနေသူများကိုပါ အမိဖမ်း ချေမှုန်းသွားတတ်ကြောင်း ပြလိုရင်းဖြစ်သည်။
ဝတ္ထုထဲက အဓိက ဇာတ်ကောင် အန်ဒရေရာဂင်သည် လူယဉ်ကျေး ပညာတတ်တစ်ယောက်ဖြစ်သည်။ သူသည် သူနှင့် သဘာဝချင်း လုံးဝခြားနားသော၊ အလွန်ဆိုးဝါးသော ပတ်ဝန်းကျင်၌ အနှစ်နှစ်ဆယ်လုံးလုံး ကျင်လည်ခဲ့သည်။ ထိုပတ်ဝန်းကျင်၏ မှားယွင်းချွတ်ချော်ခြင်း၊ ဆိုးဝါးခြင်းများကို သူ မြင်သည်။ သို့သော် ထိုအဆိုးများအတွက် မိမိ ထိခိုက်ခံစားခြင်းမဖြစ်ရအောင် မိမိ၏တစ်ပိုင်းမှန် တစ်ပိုင်းမှား တွေးခေါ်မြော်မြင်ရေး ယန္တရားဖြင့် ကာကွယ်နိုင်ခဲ့သည်။ ထိုအဆိုးတို့၏ဒဏ်ကို တိုက်ရိုက် ခံစားနေကြရသူများအားလည်း မိမိ၏တွေးခေါ်မြော်မြင်ရေးမျိုး လုပ်ဖို့ ဟောပြောသည်။ သူသည် အဆိုးလောက၏အလယ်၌ စိတ်သက်သာ ကိုယ်သက်သာနှင့် နေလာခဲ့သည်။ မိမိကိုယ်တိုင် လူနာဆောင် အမှတ်ခြောက်အတွင်း ထည့်သွင်းခံရပြီးသောအခါမှသာ ရာဂင်သည် ဆိုးပြစ်တို့၏အတိမ်အနက် အလေးအပေါ့ကို ကောင်းကောင်း ခံစားနားလည်သွားသည်။ အလန့်တကြား သိလာရသည်။ သူ တစ်သက်လုံး ကိုင်စွဲလာခဲ့သော လောကအမြင်တို့သည် နွေးထွေးသော စာကြည့်ခန်းထဲမှာ နေစဉ်က အမှားအယွင်း အချွတ်အချော်မရှိ ပကတိ မှန်ကန်ခဲ့သော်လည်း အလုံပိတ်ထားသည့် ပုပ်ဟောင် နံစော်သော လူနာခန်းအတွင်း၌မူ အသုံးမဝင် အရာမထင် ဖြစ်ခဲ့ပြီ။ မတရားပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းများကို လျစ်လျူမရှုနိုင်တော့။ နီကီတာ၏လက်သီးချက်များကို ကိုယ်တိုင် ခံလာရသောအခါ ဥပေက္ခာတရားကို နှလုံးမသွင်းနိုင်တော့။ သူသည် စောစောက သူဥပေက္ခာပြုခဲ့သောပတ်ဝန်းကျင်ဆိုး၏ ဝါးမျိုချေမှုန်းခြင်းကို ခံလိုက်ရလေသည်။
ဤဝတ္ထုကို စေ့စေ့ဆင်ခြင်လျှင် ချက်ကော့ဗ်၏ အနုပညာအရာ၌ သမ္ဘာရင့်ပုံကို တွေ့ နိုင်သည်။ ချက်ကောင်သည် စာဖတ်သူအား ဒေါက်တာရာဂင်နှင့် ကပ်ပေးလိုက်သည်။ စာဖတ်သူသည် ဖတ်ရင်းဖတ်ရင်း ရာဂင့်လူ ဖြစ်မှန်းမသိ ဖြစ်၍သွားသည်။ ရာဂင့်အတွေးအမြင်၊ ရာဂင့်အနေအထိုင်၊ ရာဂင့်အမူအရာတို့ကို သဘောကျသည်၊ ထောက်ခံသည်။ ရာဂင့်ပတ်ဝန်းကျင့်အပေါ် ရာဂင် မြင်သလိုပင် “ငါနှင့်မဆိုင်၊ ငါ့အလုပ်မဟုတ်၊ ငါ မတတ်နိုင်” ဟူသော ဥပေက္ခာဝါဒအမြင်၊ တာဝန်ရှောင်သောအမြင်နှင့် မြင်သည်။ သည်အခြေအနေမှာ သည်လိုမြင်တာ မှန်သည်ဟု ကိုင်စွဲမည်။ နောက်ဆုံး ရာဂင် လူနာဆောင်ထဲ ထည့်အပိတ်ခံလိုက်ရသောအခါမှသာ စာဖတ်သူသည် ရာဂင်နှင့်အတူ အလန့်တကြားဖြစ်ကာ စောစောက ကိုင်စွဲခဲ့သော အတွေးအမြင်တို့၏မှားယွင်းခြင်းကို သိမြင်၍လာသည်။ စာဖတ်သူကိုယ်တိုင် မိမိတစ်ကိုယ်ကောင်ဆန်ခဲ့ခြင်းကို ပြန်တွေးမိကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။
ဖေမြင့်