လူနာဆောင် အမှတ်(၆)

အခန်း (၁)

ဆေးရုံဝင်းအတွင်း၌ အဆောင်ငယ်တစ်ခု တည်ရှိ၏။ ထိုအဆောင်ပတ်ပတ်လည်၌ ချုံနွယ်ပင်၊ ဖက်ယားပင်တို့ တောရိုင်းကြီးထ၍နေလေသည်။ အဆောင်ခေါင်မိုးမှာ ဆွေးမြည့်ပျက်စီးလျက်ရှိပြီး မီးခိုးခေါင်းတိုင်က ထက်ပိုင်းကျိုးကျနေ၏။ အုတ်လှေကားမှာ မြက်ပင်တို့ ဖုံးကာ နံရံများမှာလည်း တစ်ချိန်က အင်္ဂတေ သုတ်ခဲ့ဖူးသည့် အရိပ်အယောင်မျှလောက်သာ ကျန်တော့၏။

အဆောင်ရှေ့မျက်နှာစာ၌ ဆေးရုံပင်မအဆောက်အအုံကြီး တည်ရှိပြီး နောက်ဘက်၌မူ လယ်ကွင်းပြင်ကြီးတစ်ခု ရှိ၏။ လယ်ကွင်းပြင်နှင့် အဆောင်ငယ်ကြားတွင် သံချွန်များ စိုက်ထားသည့်် အုတ်တံတိုင်းက ခြား၍ထားလေသည်။ မိုးသို့ မျှော်နေသော သံချွန်များ၊ ညိုမှောင်သော အုတ်တံတိုင်းနှင့် အဆောင်ငယ် ကိုယ်တိုင်သည် … ကျွန်တော်တို့ဆေးရုံများ၊ အကျဉ်းထောင်များ၏ ကံဆိုးမိုးမှောင်ကျခြင်း၊ အချည်းနှီး ပျက်သုဉ်း ကြေပြုန်းရခြင်း သရုပ်ကို ဆောင်လျက်ရှိတော့၏။

* * *

အကယ်၍သာ ဖက်ယားပင်များ၏ စူးရှခြင်းကို ဂရုမစိုက်ဘူး ဆိုပါမူ အဆောင်ငယ်ဆီသို့သွားရာ ခြေကြောင်းလမ်းကလေးအတိုင်း လိုက်ကာ အဆောင်ငယ်အတွင်းမှာ ဘာတွေ ဖြစ်ပျက်နေသည်ကို ဝင်ရောက်ကြည့်ရှုပါလေ။

အပြင်ဘက် တံခါးကြီးကို တွန်းဖွင့်ကာ ခန်းမထဲသို့ ဝင်လိုက်ပါ။ အခန်းနံရံနှင့် မီးဖိုကြီး ပတ်ပတ်လည်တွင် ဆေးရုံသုံးပစ္စည်း အဟောင်းအမြင်းများ တောင်လို ပုံ၍နေသည်။ အိပ်ရာအပေါက်အပြဲများ၊ ဝတ်စုံအစုတ်အပြတ်များ၊ အတွင်းခံ ဘောင်းဘီများ၊ အပြာစင်း ရှပ်အင်္ကျီများ၊ ဖိနပ်စုတ်များ… စသည်ဖြင့် ဗြုတ်စဗျင်းတောင်းများအားလုံး ရောထွေးယှက်လိမ်ကာ ကာလတောင်တာ စုပုံ၍ထားသဖြင့် ဆိုးရွားသောအနံ့အသက်များ ထွက်ပေါ်လျက်ရှိ၏။

ထိုအမှိုက်ပုံ၏အပေါ်၌ ဆေးတံတစ်လက်ကို မချွတ်တမ်း ခဲကာ လှဲအိပ်နေသူကား အဆောင်စောင့် နီကီတာ ဖြစ်၏။

နီကီတာမှာ တပ်မှ အငြိမ်းစားယူလာသည့် စစ်သားဟောင်းကြီးတစ်ယောက်ဖြစ်၍ တံဆိပ်တွေ ပျက်နေသော စစ်ဝတ်စုံ အဟောင်းကြီးကို ဝတ်ထားဆဲ ဖြစ်၏။ မျက်ချောင် ပါးချောင်ကျကာ ပါးရေနားရေ တွန်နေသော်လည်း သူ့မျက်နှာထားက တင်းမာခက်ထန်၏။ ရှည်လျားထူထဲသော မျက်ခုံးမွေးများကြောင့် သိုးကျောင်းခွေးနှင့် တူ၍နေ၏။ သူ့နှာခေါင်းကမူ ရဲရဲနီလေသည်။ လူကောင် မကြီးသော်လည်း နီကီတာသည် အဟန့်ကောင်းသူတစ်ယောက်ဖြစ်၏။ သေးသလောက် မာသည့် သံချောင်းလို အစားထဲက ဖြစ်၏။ သူ့လက်သီးများကလည်း ကြောက်ခမန်းလိလိ အားကြီးလှ၏။ သူကား တစ်ခုဆို တစ်ခုပဲ စွဲစွဲမြဲမြဲ မှတ်သားတတ်သော သူမျိုး။ ဒါစည်း ဒါကမ်း ဆိုသည်ကလွဲ၍ ဘာကိုမှ ထည့်မစဉ်းစားတတ်သော အလွန်ခေါင်းမာသည့်လူမျိုး ဖြစ်၏။ ထို့ကြောင့်လည်း “ဒီလူတွေက နာနာရိုက်ပေးနိုင်မှ”ဟု သူသဘောထားလေသည်။ ကျော ထိထိ၊ ရင်ဘတ်ထိထိ၊ မျက်နှာပဲ ထိထိ ထိုးဖို့တစ်ခုပဲ သူသိသည်။ ဒီလိုနည်းနှင့်မှပဲ ဤနေရာတွင် စည်းကမ်းကလနားကို ထိန်းသိမ်းနိုင်မည်ဟု သူက နားလည်ထားလေသည်။

ထိုမှ ဆက်၍ ဝင်သွားလျှင် ခန်းမကျယ်ကြီးတစ်ခုထဲသို့ ရောက်၏။ ထိုအခန်းကြီးကား အဝင်ဝခန်းမကို ဖယ်၍ အဆောင်ငယ်၏ ကျန်နေရာအားလုံးကို ယူထားပေသည်။ ခန်းမနံရံတွင် သုတ်ထားသော ဆေးရောင်မှာ မွဲညစ်ညစ်အပြာနုရောင် ဖြစ်သည်။ မျက်နှာကြက်မှာ မီးခိုးခေါင်းတိုင်မရှိသော ရှေးခေတ် တဲခေါင်မိုးများကဲ့သို့ ကျပ်ခိုးစွဲ၍နေရာ ဆောင်းအခါများ၌ တစ်ခန်းလုံး မီးခိုးတွေ ဝေ၍နေမည်ဖြစ်ကြောင်း သိသာလှ၏။ ပြတင်းပေါက်တို့မှာ သံတိုင်များ စိုက်ထားသဖြင့် အကျည်းတန်၍နေ၏။ ကြမ်းပြင်ကလည်း ညစ်ပေကာ အကွဲအစတွေ ထွက်၍နေလေပြီ။ ထို့ပြင် တစ်ခန်းလုံးမှာ ဂေါ်ဖီချဉ်ဖတ်နံ့၊ မီးအိမ်မှ ဆီညှော်နံ့၊ ကြမ်းပိုးနံ့၊ အမိုးနီးယားနံ့တို့ ရောပြွမ်းဖုံးလွှမ်းလျက်ရှိရာ တိရစ္ဆာန်လှောင်အိမ်ထဲ ဝင်နေရဘိသကဲ့သို့ အော်ဂလီဆန်ချင်စရာကောင်းလှတော့၏။

အခန်းထဲ၌ ခုတင်များကို ကြမ်းပြင်တွင် မူလီစွဲ၍ထား၏။ အပြာရောင်ဝတ်စုံများ၊ ရှေးဆန်ဆန် ခေါင်းစွပ်များကို ဝတ်ဆင်ထားသည့် လူများမှာ ခုတင်များပေါ် တွင် လှဲ၍တချို့ ၊ ထိုင်၍တချို့ နေကြသည်။ သူတို့ကား စိတ်ရောဂါသည်များ ဖြစ်သတည်း။

အားလုံးပေါင်း ငါးယောက်ဖြစ်၏။ ယင်းအနက် တစ်ယောက်သောသူသာ အထက်တန်းစားထဲကဖြစ်၍ ကျန်သူတို့ကား သာမန်ထဲက ဖြစ်၏။

တံခါးမကြီးနှင့် အနီးဆုံးရှိသူမှာ ပိန်စောက်စောက် ခြောက်ကပ်ကပ်ဖြစ်၍ အနီရောင် ပြောင်လက်သော နှုတ်ခမ်းမွေးများနှင့် မျက်ရည်ကြောင့် နီမြန်းသော မျက်လုံးများ ရှိ၏။ သူသည် မေးလက်ထောက်ထိုင်ကာ တစ်နေရာတည်းကို စိုက်ကြည့်ချင် ကြည့်နေတတ်၏။ ခေါင်းကို ယမ်းခါလိုက်၊ သက်ပြင်း ချလိုက်၊ မချိပြုံး ပြုံးလိုက်နှင့်လည်း တစ်နေ့လုံး ဝမ်းနည်းကြေကွဲနေတတ်၏။ သူများတကာနှင့် ရောရောနှောနှော စကားပြောဆိုလေ့မရှိ။ သူ့ကို သွားပြောလျှင်လည်း ပြန်ပြောချင်မှ ပြောသည်။ အစားအစာ လာပို့လျှင်လည်း စိတ်ပါဝင်စားဟန် မရှိ။ စက်ယန္တရား ပကတိလို ဝါးခြင်းမျိုခြင်း ပြု၏။ အာခေါင်ကို ခြစ်ကာ သလိပ်ခပ်ထုတ်နေရသော ချောင်းဆိုးပုံနှင့် သွေးရောင်သန်းနေရ သော သူ့ပါးပြင်ကို ကြည့်၍ သူ့မှာ အဆုတ်ရောဂါဖြစ်စပြုပြီဖြစ်ကြောင်း သိနိုင်၏။

သူ့ဘေးက လူမှာ သေးသေးညှက်ညှက်နှင့် အလွန်သွက်လက်သည့် အဘိုးအိုတစ်ယောက်ဖြစ်၏။ မည်းမည်းကောက်ကောက် ဆံပင်နှင့် မုတ်ဆိတ်သေးသေးချွန်ချွန် ရှိ၏။ နေ့အခါ၌ သူသည် အဆောင်ထဲတွင် ဟိုဘက်ထိပ် သည်ဘက်ထိပ် အပြန်ပြန် လျှောက်ချင်လျှောက်မည်။ ခြေထောက်ကို ဖင်အောက် ခုကာထိုင်၍ နေချင်နေမည်။ သို့တည်းမဟုတ် လေချွန်လိုက်၊ သီချင်းညည်းလိုက်၊ တစ်ယောက်တည်း နှစ်နှစ်ချိုက်ချိုက် ပြုံးလိုက် ရယ်လိုက် လုပ်ချင် လုပ်နေမည် ဖြစ်သည်။ ညဘက် ဘုရားရှိခိုးချိန်၊ ဆုတောင်းစာ ရွတ်ချိန်ရောက်၍ သူ့ရင်ဘက်သူ လက်သီးနှင့် စုံထုသောအခါ၊ တံခါးကြားထဲသို့ လက်ချောင်းများနှင့် ထိုးသောအခါများတွင်လည်း သူ၏ကလေးဆန်ဆန် မြူးထူးသွက်လက်ပုံတို့ကို တွေ့ နိုင်ပြန်သေး၏။ သူကား ဂျူးအဘိုးကြီး မိုးဇက်ဖြစ်လေသည်။ မိုးဇက်မှာ လူရိုးလူဖြောင့်တစ်ယောက်ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့် သူ၏ဦးထုပ်ဆိုင် မီးလောင်စဉ်က ရူးသွပ်သွားခဲ့ခြင်း ဖြစ်ပေသည်။

လူနာဆောင် အမှတ်ခြောက်အတွင်း မှီတင်း နေထိုင်ကြသူများအနက် မိုးဇက်တစ်ယောက်သာ အဆောင်အပြင်ဘက် ထွက်ခွင့်ရသူ။ ထိုထက်မက ဆေးရုံဝင်းခြံ ပြင်ဘက်ထိအောင် ထွက်ခွင့်ရသူ ဖြစ်သည်။ အဆောင်သက် ရင့်သူတစ်ယောက်၊ အများတကာအတွက် အန္တရာယ်ကင်းသော အရူးတစ်ယောက်အဖြစ် အပြင်ထွက်နိုင်သည့် အခွင့်အရေးကို သူက နှစ်ရှည်လများ ခံစားခွင့်ရခဲ့၏။ မြို့ထဲ၌ကား သူ့မှာ လမ်းတကာတွင် ကလေးတွေ ခွေးတွေ ဝိုင်းကာ လူပြက်ကြီးဖြစ်၍နေလေသည်။ ဆေးရုံအဝတ်ကို ဝတ်ကာ ကိုးရိုးကားရားနိုင်သော ခေါင်းစွပ်ကြီးကလည်း စွပ်ထားလိုက်သေးသည်။ ခြေထောက်တွင်လည်း ခြေညှပ်ဖိနပ်ပင် ပါသည့်အခါ ပါ၊ မပါသည့်အခါ မပါ။ တစ်ခါတစ်ရံ ဘောင်းဘီရှည်ပင် မပါဘဲ သူက လမ်းတကာလည်ကာ အိမ်ပေါက်စေ့ ဆိုင်ပေါက်စေ့ ရပ်ပြီး ပိုက်ဆံတောင်းသည်။ အရက်တိုက်သူက တိုက်၊ ပေါင်မုန့် ကျွေးသူက ကျွေး၊ တချို့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ပေးတတ်ရာ ဆေးရုံသို့ ပြန်လာတိုင်း မိုးဇက်မှာ ဗိုက်လည်းပြည့်၊ လူလည်း ချမ်းသာ၍လာ၏။ သို့သော် သူ့တွင် ပါလာသမျှကို နီကီတာက သိမ်းပိုက်ယူငင်မြဲဖြစ်လေသည်။ စစ်သားကြီးက သူ့ကို ဒေါသတကြီးဖြင့် အကြမ်းပတမ်း ဆွဲလားငင်လားလုပ်ကာ သူ့အိတ်ထဲ ပါသမျှ အကုန်ထုတ်သည်။ ပါးစပ်ကလည်း ဘုရားသခင်ကို တိုင်တည်ကာ ဂျူးအဘိုးကြီးအား နောင် ဘယ်သောအခါမှ အပြင်ထွက်ခွင့် ပေးတော့မည် မဟုတ်ကြောင်း၊ နီကီတာအဖို့ စည်းကမ်းပျက်ခြင်းထက် မုန်းတီးသော အရာ မရှိတော့ကြောင်း အော်ဟစ်ပြောဆိုတတ်လေသည်။

မိုးဇက်မှာ သူတစ်ပါး၏ဝေယျာဝစ္စတို့ကို ဝင်ရောက်ကူညီလုပ်ကိုင်ပေးလေ့ ရှိသည်။ အခြားသူများအား ရေ ယူပေးသည်။ အိပ်ပျော်နေလျှင် စောင်ခြုံပေးသည်။ မြို့ထဲက ပြန်လာလျှင် တစ်ယောက်ကို ပိုက်ဆံတစ်ပြားစီ ပေးမည်ဟု ကတိပေးသည်။ ဦးထုပ်အသစ် တစ်လုံးစီ ချုပ်မည်ဟုလည်း ပြောတတ်သည်။ သူ့လက်ဝဲဘက်ရှိ တစ်ကိုယ်လုံး အကြောသေနေသူကို ဇွန်းဖြင့် ခွံ့ကျွေးသည်။ သို့သော် သူလုပ်သမျှ ဤအရာအားလုံးသည် လူသားအချင်းချင်း စာနာထောက်ထားသောစိတ် သို့မဟုတ် မေတ္တာကရုဏာစိတ် အရင်းခံဖြင့် လုပ်ဆောင်နေခြင်းကား မဟုတ်။ သူ လက်ယာဘက်ရှိပုဂ္ဂိုလ်၏အမူအကျင့်တို့ကို အတုခိုး လုပ်ကိုင်နေခြင်းသာဖြစ်၏။ သူ့မှာ ထိုပုဂ္ဂိုလ်၏ သြဇာလွှမ်းမိုးမှုကို အမှတ်မထင် ခံယူမိပြီး ဖြစ်နေလေသည်။ ထိုပုဂ္ဂိုလ်ကား ဂရိုမော့ဗ်တည်း။

အိုင်ဗင် ဂရိုမော့ဗ်သည် လူကုံထံအမျိုးအရိုးမှ ဆင်းသက်လာသူဖြစ်၏။ အသက် သုံးဆယ့်သုံးနှစ်ခန့်ရှိပြီးဖြစ်၍ တစ်ချိန်ကမူ တရားရုံး ဘီလစ်စာရေးကြီးအဖြစ်လည်းကောင်း၊ နယ်မြေအုပ်ချုပ်ရေးရုံး အတွင်းရေးမှူးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ဖူး၏။ သူကား ပါဆက်ကူးရှင်းမေးနီးယား (ခေါ်) မိမိအား တစ်ပါးသူတို့ ဘေးအန္တရာယ်ပြုရန် ကြံစည်လျက်ရှိကြသည်ဟု ယုံမှားလွန်သည့် စိတ်ဝေဒနာတစ်မျိုးကို ခံစားနေရသူ ဖြစ်၏။ သူက အိပ်ရာထဲတွင် ခွေ၍နေချင်နေမည်၊ သို့တည်းမဟုတ် ကျန်းမာရေးလေ့ကျင့်ခန်းယူသည့်အလား အဆောင်ထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ချင် လျှောက်နေမည်၊ ထိုင်၍ကား နေခဲလှသည်။ သူ့မှာ ဘယ်သောအခါမှ ဂနာငြိမ်သည်မရှိ၊ အစဉ်အမြဲ တထထ တကြွကြွ ဖြစ်နေတတ်၏။ ဘာမှန်းမသိသည့် တစ်စုံတစ်ရာကို မျှော်လင့်ခြင်းဖြင့် သူ့စိတ်အာရုံတို့မှာ အမြဲတောင့်တင်း၍နေ၏။

အဝင်ခန်းမမှ တိုးတိုးတိတ်တိတ် လှုပ်ရှားသံကလေး တစ်ခုတလေ၊ ခြံဝင်းထဲမှ အော်သံခေါ်သံ တစ်ခုတလေလောက်သည်ပင် သူ့အား ခေါင်းထောင်ထကာ နားတစွင့်စွင် ဖြစ်စေနိုင်၏။ သူတို့ လိုက်ရှာနေကြပြီလော၊ ယခုပင် လာရောက် ဆွဲခေါ်သွားကြတော့မည်လော ဟူသော အတွေးများ ဝင်လာစေနိုင်၏။ ဤအချိန်မျိုးတွင် သူ့မျက်နှာ၌ အပြင်းအထန် တုန်လှုပ်ချောက်ချားခြင်းနှင့် ငြင်းဆန် ရုန်းကန်ခြင်း အမူအရာတို့ ထင်ရှားပေါ်လွင်၍လာတတ်ပေသည်။ ပါးရိုးတို့ ငေါကာ ဖြူလျော် ဖျော့တော့နေသော သူ့မျက်နှာပြင်ကျယ်ကြီးမှာ တစ်မျိုးနှစ်သက်စရာကောင်း၏။ ထိုမျက်နှာကား အစဉ်မပြတ် တုန်လှုပ်ချောက်ချားနေရခြင်း၊ ရုန်းကန်လှုပ်ရှားနေရခြင်းတို့ကြောင့် အားအင်ကုန်ခန်းကာ နွမ်းလျနေသည့် အတွင်းဝိညာဉ်ကို အထင်းသား ဖော်ပြနေလေသည်။ တွန့်လိမ်ရှုံ့မဲ့ထားသော သူ့မျက်နှာမှာ အမြင်ဆန်းသလောက် ဝေဒနာရုပ် ပေါက်၏။ သို့သော် ပြင်းထန်သော စိတ်ဝေဒနာကို အမှန်တကယ် အနက်အရှိုင်း ခံစားရခြင်းကြောင့် ပေါ်ပေါက်လာသည့် သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းတို့ကမူ ထိခိုက်ခံစားတတ်ခြင်း၊ ထက်မြက်သော ဉာဏ်အမြင်ရှိခြင်းကို ဖော်ပြလျက်ရှိပြီး မျက်လုံးအစုံကလည်း နွေးထွေးရွှင်လန်းကာ ကျန်းမာခြင်းအရိပ်အယောင်များ ယှက်သန်း၍နေပေသည်။ သူ့အပြုအမူတို့မှာ သဘောကျစရာကောင်းသည်။

နီကီတာက လွဲလျှင် အားလုံးအပေါ် ယဉ်ကျေးသိမ်မွေ့သည်။ ကူညီစောင်မတတ်သည်။ စာနာထောက်ထားစိတ် ရှိသည်။ တစ်ယောက်ယောက်ထံမှ ဇွန်းဖြစ်စေ၊ ကြယ်သီးဖြစ်စေ လွတ်ကျလျှင် သူက အိပ်ရာထဲမှ ခုန်ထကာ ပြေးကောက်ပေးတတ်သည်။ နံနက်အိပ်ရာထလျှင် အားလုံးကို ကောင်းသော နံနက်ခင်းပါခင်ဗျားဟု နှုတ်ဆက်သည်။ ည အိပ်ရာဝင်ချိန်ရောက်တိုင်း အားလုံးကို ကောင်းသောညဖြစ်ပါစေဟု ဆုတောင်းစကားပြောလေ့ရှိသည်။

ဖော်ပြပါ အမြဲတင်းမာမဲ့ရွဲ့နေသော မျက်နှာ အပြင် သူ၏ရူးသွပ်မှုကို ထင်ရှားစေသည့် အခြားသော အခြင်းအရာတို့ ရှိပါသေး၏။ ညနေစောင်းအချိန်များတွင် သူက တစ်ကိုယ်လုံး ဆေးရုံဝတ်စုံနှင့် လွှမ်းခြုံထားသည့်ကြားက မေးတဆတ်ဆတ်ရိုက်အောင် တုန်ခိုက်လျက် အခန်းထဲ လူးလာခေါက်တုံ့ ပြေးလွှားကာ ခုတင်တစ်ခုမှတစ်ခု ကူးချည်သန်းချည်လုပ်မည်။ အမှတ်မဲ့ကြည့်လျှင် အဖျားများ အကြီးအကျယ် တက်နေရော့သလား ထင်ရသည်။ ပြေးရင်းလွှားရင်းက တစ်ယောက်ယောက်ခုတင်နားတွင် ရုတ်တရက် ရပ်ကာ ခုတင်ပေါ်က လူကို ကြည့်မည်။ သူ့ကြည့်ရသည်မှာတော့ အလွန်အရေးကြီးသော အကြောင်းကိစ္စတစ်ခုကို ပြောတော့မည့်ပုံမျိုး ဖြစ်သည်။ သို့သော် နောက်တော့မှ သူပြောသည့်စကားကို နားထောင်မည့်သူ သို့မဟုတ် နားလည်မည့်သူ မဟုတ်မှန်း သဘောပေါက်သွားဟန်ဖြင့် ခေါင်းကို စိတ်ပျက်စွာ ယမ်းခါကာ ခါတိုင်းလိုပင် အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်မည်။

သို့သော် မကြာခင်မှာပင် အခြားအရာအားလုံးထက် စကားပြောချင်စိတ်က လွှမ်းမိုးလာကာ ထိန်းချုပ်မနေတော့ဘဲ သူ့ကိုယ်သူ လွှတ်ပေးလိုက်မည်။ ထို့နောက်ကား စိတ်အလွန်အမင်း ထကြွလှုပ်ရှားစွာဖြင့် စကားတွေ အော်ကြီးဟစ်ကျယ် ပြောမည်။ သူ့စကားများမှာ အဆက်အစပ်မရှိ၊ ကယောင်ကတမ်း နိုင်သည်။ စိတ်လှုပ်ရှား အုံကြွလွန်းသော စကားတွေ ပါသည်။ အားလုံးနားလည်ဖို့ကား မလွယ်။ သို့သော် သူ့စကားလုံးများနှင့် သူ့အသံဟန်ပန်တွင် ဆွဲဆောင်မှု သဘောပါသည်ကိုတော့ သတိပြုမိနိုင်သည်။ သူ့စကားကို နားထောင်ကြည့်လျှင် သူ စိတ်မနှံ့မှန်း သိနိုင်သကဲ့ သူ့ပင်ကိုယ်အရည်အသွေးများကို သတိပြုနိုင်သည်။

သူ စိတ်ဖောက်ပြန်ချိန်တွင် ဟောကြားသော စကားများကို ပြန်ရေးပြဖို့ မလွယ်ပါ။ သူ ပြောသည့် အကြောင်းအရာများမှာ လူတို့၏ လိမ်လည်ကောက်ကျစ်ခြင်းများ၊ တရားမျှတမှုကို ဖျက်ဆီးပစ်နေသည့် ဖိနှိပ်ချုပ်ချယ်မှုများအကြောင်း၊ သာယာလှပ၍ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော လောကသစ်သည် တစ်နေ့သောအခါ၌ ကမ္ဘာမြေပေါ်ဝယ် ပေါ်ထွန်းလာလိမ့်မည့်အကြောင်းနှင့် အဆောင်ပြတင်းပေါက် သံတိုင်များက သူ့အား ဖိနှိပ်ချုပ်ချယ်သူတို့၏ ယုတ်မာရက်စက်ခြင်း၊ အသိဉာဏ်ခေါင်းပါးခြင်းတို့ကို အစဉ်မပြတ် သတိရစေသည် ဆိုသော အကြောင်းများဖြစ်၍ အကုန်လုံး ရောထွေး ပြောဆိုလေရာ ခုနစ်ထွေအကကို တစ်ပေါင်းတည်း ရောမွှေ က,သည်နှင့် တူလှတော့၏။