လူနာဆောင် အမှတ်(၆)

အခန်း(၂)

လွန်ခဲ့သော ဆယ့်ငါးနှစ် သို့တည်းမဟုတ် ဆယ့်နှစ်နှစ်မျှလောက်သော ကာလကမူ ဂရိုမော့ဗ် အမည်ရှိ ချမ်းသာကြွယ်ဝသော အစိုးရအရာရှိကြီး တစ်ယောက်သည် မြို့လယ်လမ်းမကြီးပေါ်တွင် ကိုယ်ပိုင်အိမ်နှင့် နေထိုင်လျက် ရှိခဲ့၏။ သူ၌ ဆာဂျီနှင့် အိုင်ဗင်ဟူ၍ သား နှစ်ယောက်ရှိ၏။ ဆာဂျီမှာ တက္ကသိုလ်တွင် စတုတ္ထနှစ် ကျောင်းသားအဖြစ် ပညာသင်နေဆဲ အဆုတ်ရောဂါ တရကြမ်း သည်းထန်စွာ ဖြစ်ပွားကာ အသက်ဆုံးခဲ့ရှာသည်။ သူကွယ်လွန်ခြင်းသည် ဂရိုမော့ဗ်မိသားစုအတွက် ကံကြမ္မာဆိုး ရေကာတာကြီးကို ခလုတ်နှိပ် ဖွင့်ချလိုက်သည်နှင့် တူလှတော့၏။ သား ကွယ်လွန်ပြီး တစ်ပတ်အကြာ၌ ဖခင် ဂရိုမော့ဗ်သည် အစိုးရငွေများ အလွဲသုံးစား လုပ်မှုဖြင့် အဖမ်းခံရပြီး မကြာမီမှာပင် ထောင်ဆေးရုံ၌ ငန်းဖျားမိ၍ ကွယ်လွန်လေသည်။ မိသားစုပိုင် အိမ်နှင့်တကွ ပစ္စည်းပစ္စယများအားလုံး လေလံတင် ရောင်းချခြင်း ခံရရာ အိုင်ဗင်တို့သားအမိနှစ်ယောက်မှာ လက်ထဲတွင် ခြူးတစ်ပြားမှ မရှိဘဲ ကျန်ရစ်လေသည်။

ဖခင် ရှိစဉ်ကမူ အိုင်ဗင်သည် ပီတာစဘတ်မြို့၌ နေထိုင်ကာ တက္ကသိုလ်ပညာသင်ကြားလျက် နေခဲ့၏။ ထိုစဉ်ကမူ အိမ်မှ တစ်လလျှင် ရူဘယ်ငွေ ခြောက်ဆယ် ခုနစ်ဆယ်စီ မှန်မှန်ရနေကာ ငွေကြေးချို့တဲ့ခြင်းဆိုသည်ကို ဘာမှန်းမသိဘဲ ရှိခဲ့၏။ ယခုကား သူ့မှာ ယခင်အနေအထိုင်အားလုံးကို အမြစ်လှန် ပြောင်းလဲပစ်ဖို့ လိုအပ်လာပေပြီ။ အိုင်ဗင်သည် အိမ်တိုင်ရာရောက်သွား၍ စာသင်ရသော အလုပ်၊ စာချုပ်စာတမ်းများ ရေး ကူးသောအလုပ်တို့ကို အလွန်မတန် နည်းပါးလှသော အခကြေးငွေဖြင့် လုပ်ကိုင်ရ၏။ သို့သော် ရှာဖွေ၍ရသမျှ အားလုံးနီးပါးလောက်ကို မိခင်ကြီးထံ ထောက်ပံ့ပေးပို့ရလေရာ သူ့ခမျာ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်သည့်ကြားမှပင် မကြာခဏ ငတ်မွတ်၍နေတော့၏။

အိုင်ဗင်မှာ ထိုဘဝမျိုးကို ကြံ့ကြံ့ခံနိုင်သူ မဟုတ်။ တဖြည်းဖြည်း စိတ်ဓာတ်ကျဆင်းလာကာ ကျန်းမာရေးကလည်း ဆိုးလာ၏။ သို့နှင့် တက္ကသိုလ်မှ နုတ်ထွက်ကာ အိမ်သို့ ပြန်လာခဲ့လေသည်။ ကိုယ့်မြို့ ကိုယ့်ရွာ ပြန်ရောက်ပြီးနောက် အသိအကျွမ်းတချို့ အကူအညီဖြင့် တောနယ်ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာအလုပ်ကို ရသည်။ သို့သော် အခြားကျောင်းဆရာများနှင့် တွဲဖက်မမိ၊ တပည့်များ၏ ချစ်ခင်လေးစားမှုကိုလည်း မရရှိသဖြင့် မိမိဘာသာ အလုပ်မှ နုတ်ထွက်ခဲ့ပြန်သည်။

ထို့နောက် မိခင် ကွယ်လွန်သည်။ သည့်နောက် ခြောက်လခန့်ကြာအောင် အလုပ်အကိုင် ရှာမရဘဲရှိရာ ထိုအတောအတွင်း ပေါင်မုန့်နှင့် ရေကိုသာ မှီဝဲနေရသည်။ ထို့နောက်မှ တရားရုံး ဘိလစ်အလုပ်ကို ရသည်။ ထိုအလုပ်၌ မကျန်းမာ၍ အလုပ်မှ နုတ်ထွက်ပေးရသည့် နောက်ဆုံးအချိန်ထိ စွဲမြဲခဲ့၏။

အိုင်ဗင်မှာ ကျောင်းသားဘဝ အပါအဝင် သူ့သက်တမ်းတစ်လျှောက် မည်သည့်အခါကမှ ကျန်းမာကြံ့ခိုင်သော ရုပ်လက္ခဏာ မရှိခဲ့။ ဘယ်အချိန်ကြည့်ကြည့် လူက ပိန်လှီလှီ၊ ဖြူဖျော့ဖျော့နှင့် မကြာခဏ အအေးမိကာ နေထိုင်မကောင်းဖြစ်တတ်သည်။ အစားအသောက်လည်း များများ မစားနိုင်၊ အိပ်လည်း ကောင်းကောင်းအိပ်လေ့မရှိ။ ဝိုင်အရက်တစ်ခွက်လောက် သောက်လျှင်ပင် တစ်ခေါင်းလုံး ချာချာလည်ကာ မူးမူးရူးရူးဖြစ်သွားတတ်၏။ လူတွေနှင့် ဆက်စပ်မိတတ်သော်လည်း သူတစ်ပါးအပေါ် သည်းညည်းမခံတတ်ခြင်း၊ မယုံသင်္ကာဖြစ်တတ်ခြင်းတို့ကြောင့် မည်သူနှင့်မျှ မရင်းနှီးနိုင်ဘဲရှိရာ သူ့၌ မိတ်ဆွေအပေါင်းအသင်းဟူ၍ ခေါ်စရာပင် တစ်ယောက်မျှ မရှိခဲ့ပေ။

မြို့ထဲတွင် နေထိုင်ကြသူများနှင့်ပတ်သက်၍မူ သူက ဘယ်သောအခါမျှ အကောင်းပြောလေ့မရှိ။ ထိုလူများ၏ အသိဉာဏ်ခေါင်းပါး ထုံထိုင်းခြင်း၊ တိရစ္ဆာန်များသဖွယ် အိပ်လိုက်စားလိုက်နှင့် အချိန်ကုန်ခံနေကြခြင်းတို့သည် မိမိ၌ ထိုသူတို့အပေါ် စက်ဆုပ်ရွံရှာစိတ်များသာ ဖြစ်ပေါ်စေကြောင်း သူ ပြောကြားလေ့ရှိ၏။ သူက စူးရှကျယ်လောင်သောအသံဖြင့် အော်ကာဟစ်ကာ အကျိတ်အနယ် ပြောတတ်သည်။ တစ်ခါတစ်ရံ၌ တစ်စုံတစ်ခုနှင့်ပတ်သက်၍ မခံမရပ်နိုင်ဖြစ်ကာ ဒေါကြီးမောကြီး ပြောမည်။ တစ်ခါတစ်ရံ ကိစ္စတစ်ခုကို အလွန်စိတ်ပါဝင်စားကာ တအံ့တသြ ပြောမည်။ သို့သော် ဘယ်လိုပြောပြော ပကတိရိုးသားမှုအပြည့်နှင့် ပြောသည်သာဖြစ်၏။

ထို့အပြင် ဘယ်သူက ဘယ်အကြောင်း စပြောသည်ဖြစ်စေ သူက တစ်ခုတည်းသောအကြောင်းဆီသို့သာ ဆွဲ၍သွားမည် ဖြစ်၏။ ထိုအကြောင်းကား ထိုမြို့ကလေး၏ စိတ်ပျက်စရာကောင်းလောက်အောင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့်အကြောင်း၊ မြို့သူမြို့သားများမှာ ကြီးကျယ်သောအကြံအစည် စိတ်ကူးစိတ်သန်းမရှိကြဘဲ လေလွင့်ပျက်စီးခြင်း၊ လျှပ်ပေါ်လော်လီခြင်း၊ သေသောက်ကြူးခြင်း၊ အကြမ်းပတမ်း ထကြွသောင်းကျန်းခြင်းတို့မှ ထူးခြားပြောင်းလဲသည်မရှိသော အဓိပ္ပာယ်ရည်မှန်းချက်ကင်းမဲ့သောဘဝ၌ ကျေနပ်နှစ်သိမ့်နေကြသည့်အကြောင်း၊ လူလိမ်လူကောက်များက ကောင်းကောင်းဝတ် ကောင်းကောင်းစားကာ လူကောင်းသူကောင်းများမှာ မငတ်ရုံတမယ် ရပ်တည်နေကြရကြောင်း၊ စာသင်ကျောင်းများ မလုံလောက်သည့်အကြောင်း၊ အဆင့်အတန်းရှိသည့် သတင်းစာဟူ၍လည်း တစ်စောင်တလေမျှ မရှိကြောင်း၊ ဇာတ်ပွဲများ ဟောပြောပွဲများ မရှိသည့်အကြောင်း၊ ပညာတတ်များ စည်းစည်းလုံးလုံး မရှိသည့်အကြောင်း စသည်တို့ပင် ဖြစ်၏။ လူမှုအဖွဲ့အစည်းအား ယင်း၏သရုပ်မှန်ကို သိမြင်လာအောင် အတင်းအကျပ် လုပ်ယူရမည်ဖြစ်ကြောင်း၊ သို့မှသာ အခြေအနေမှန်ကို အလန့်တကြား တွေ့ မြင်လာကြမည်ဖြစ်ကြောင်း သူပြောလေ့ရှိသည်။

လူကို အကဲဖြတ်ရာ၌ သူက ပိန်းအရောင်တွေကိုသာ သုံးသည်။ အဖြူမဟုတ်လျှင် အမည်း ဒါပဲ သူသိသည်။ ကြားက စပ်အရောင်တွေကို သူ ဂရုမစိုက်။ သူ့အဖို့ လောက၌ လူကောင်းနှင့်လူဆိုး နှစ်မျိုးသာ ရှိသည်။ ကြားမရှိ။ သူက မိန်းမများအကြောင်း၊ ချစ်ရေးချစ်ရာအကြောင်းတို့ကိုလည်း ပြင်းပြင်းပြပြ ထက်သန်သန် ပြောတတ်သည်။ သို့သော် မည်သူ့ကိုမှ ချစ်ဖူးသည်လည်း မဟုတ်ပေ။

မညှာမတာ ဝေဖန်ပြောဆိုတတ်သူ၊ အလွယ်တကူ ဒေါသထွက်တတ်သူဖြစ်သော်လည်း မြို့သူမြို့သားများက သူ့ကို သဘောကျကြသည်။ ကွယ်ရာ၌ သူ့အား ဗန်နီယာဟု အမြတ်တနိုး ခေါ်လေ့ရှိသည်။ အပြောအဆို၌ ယဉ်ကျေးဖွယ်ရာရှိခြင်း၊ သူတထူးကို ကူညီစောင်မတတ်ခြင်း၊ အနေအထိုင် ရိုးဖြောင့်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း စသော သူ၏ပင်ကိုစရိုက်သဘာဝများအပြင် သူ၏နွမ်းပါးလှပြီဖြစ်သော ကုတ်အင်္ကျီ၊ ကျန်းမာရွှင်လန်းခြင်းမရှိသော သူ့အသွင်အပြင်၊ သူတို့မိသားစု ကံဆိုးမိုးမှောင်ကျခဲ့သည့်အကြောင်းများ စသည်တို့က လူအများ၏စိတ်တွင် သူ့အပေါ် ခင်မင်တွယ်တာစိတ်၊ ကြင်နာသနားစိတ်များ ဖြစ်ပေါ်စေ၏။ ထို့အပြင် သူ့မှာ ကျောင်းပညာအရည်အချင်းလည်း ရှိ၊ စာလည်း အလွန်ဖတ်သူဖြစ်ရာ မြို့သူမြို့သားများ၏အမြင်၌ သူသည် ဘာမဆိုသိသောသူတစ်ယောက်၊ လမ်းလျှောက်နေသော စွယ်စုံကျမ်းကြီးတစ်စောင်ဟု သဘောထားရမည့်လူတစ်ယောက် ဖြစ်နေတော့၏။

သူသည် စာအလွန်ဖတ်၏။ အသင်းတိုက်တွင် နာရီပေါင်းများစွာ ထိုင်ကာ မနားတမ်း ဖတ်၏။ စာအုပ်များ၊ မဂ္ဂဇင်းများကို လှန်လှောရင်းက မုတ်ဆိတ်မွေးကို ဂနာမငြိမ်စွာ ထိုးလိုက်ဆွလိုက် လုပ်၏။ ထိုအချိန်မျိုး၌ သူ့မျက်နှာကို ကြည့်လျှင် သူကား စာကို ဖတ်ရှုနေခြင်းမဟုတ်၊ ပလုပ်ပလောင်း မျိုချနေခြင်းသာဖြစ်ကြောင်း၊ ဝါးချိန်ပင် ရဟန်မတူကြောင်း သိသာလှ၏။

သူစာဖတ်ပုံ မူမမှန်တော့ကြောင်းကား ထင်ရှားပါသည်။ နှစ်ပေါင်းများစွာက သတင်းစာ အဟောင်းအမြင်းဖြစ်စေ၊ ပြက္ခဒိန်အဟောင်းဖြစ်စေ လက်ထဲရောက်လာ၍ကား သူက တစ်သမတ်တည်းသော စိတ်ဝင်စားမှုဖြင့် ဖတ်ရှုလိုက်သည်သာဖြစ်၏။ အိမ်တွင် စာဖတ်သောအခါမူ သူက အမြဲ အိပ်ရာထဲတွင် လှဲ၍သာ ဖတ်လေ့ရှိလေသည်။