လူနာဆောင် အမှတ်(၆)

အခန်း(၃)

တစ်ခုသော ဆောင်းဦးပေါက် နံနက်ခင်း၌ အိုင်ဗင် ဒီမီထရစ်ချ်ဂရိုမော့ဗ်သည် လည်ပင်းကော်လာကို ထောင်၍ ရွှံ့ဗွက်တွေ ထနေသည့် လမ်းကြိုလမ်းကြားများမှ လျှောက်ကာ ကုန်သည်တစ်ယောက်အိမ်သို့ ရုံးစာရွက်စာတမ်းတစ်ခု ပေးပို့ရန် သွားရောက်လျက်ရှိ၏။ နံနက်ခင်းများတွင် ဖြစ်တတ်သည့် သူ့ထုံးစံအတိုင်း စိတ်က သုန်သုန်မှုန်မှုန် ဖြစ်၍နေ၏။

ထိုစဉ် လမ်းကြားတစ်ခုထဲ၌ လက်ထိပ် ခြေကျဉ်းများ ခတ်ထားသော အကျဉ်းသားနှစ်ယောက်ကို လက်နက်ကိုင်အစောင့် လေးယောက်က သံကြိုးတန်းလန်းနှင့် ခေါ်လာသည်ကို တွေ့ရ၏။ အိုင်ဗင်သည် ဤသို့ သံကြိုးတန်းလန်းနှင့် အကျဉ်းသားမျိုးကို မြင်ဖူးတွေ့ဖူးနေကျ ဖြစ်၏။ သို့သော် ထိုသို့ မြင်ရတိုင်း သူ့ရင်ထဲ၌ စာနာသနားစိတ်အပြင် ဘာလိုလို ညာလိုလို စိတ်အနှောင့်အယှက်လည်း ဖြစ်ရတတ်မြဲဖြစ်၏။ သို့သော် သည်တစ်ကြိမ်၌မူ ထူးဆန်း၍ အမျိုးအမည် ခွဲခြား ပြောမပြနိုင်သည့် ဝေဒနာတစ်ရပ်ကို စိတ်တွင် ထိခိုက်ခံစားလာရလေသည်။ ငါသည်လည်း ဤလူများနည်းတူ ရွှံ့ဗွက်တွေအကြား လက်ထိပ်ခြေကျဉ်းတန်းလန်းဆွဲကာ အကျဉ်းထောင်သို့ အပို့ခံရနိုင်သည်ဟူသော အတွေးတစ်ရပ် သူ့ခေါင်းထဲသို့ ရုတ်ခြည်း ရောက်ရှိလာခဲ့သည်။

အလုပ်ကိစ္စပြီး၍ အိမ်အပြန် စာပို့တိုက်အနီးတွင် ပုလိပ် အင်စပိတ်တော်တစ်ယောက်နှင့် တွေ့လေသည်။ သိဟောင်းကျွမ်းဟောင်းဖြစ်သည့်အလျောက် အင်စပိတ်တော်က သူ့အား နှုတ်ဆက်စကား ပြောကာ ခပ်လှမ်းလှမ်းလောက် အတူလမ်းကြုံလျှောက် လိုက်ပါလာခဲ့၏။ ဤသည်မှာ အိုင်ဗင့်အဖို့ တစ်နည်းတစ်ဖုံ သံသယဝင်စရာ ဖြစ်လာပြန်၏။ အိမ်ပြန်ရောက်သောအခါ အကျဉ်းသားများနှင့် လက်နက်ကိုင်အစောင့်များ အကြောင်းကို ခေါင်းထဲက ထုတ်မရနိုင်ဘဲ ရှိနေသည်။ ဘာရယ်မှန်းမသိသော စိုးရိမ်သောကတစ်ခုက သူ့ရင်ထဲတွင် ဖိစီးနေပြီး စာကို အာရုံစိုက်၍ မဖတ်နိုင်ဘဲ ရှိနေသည်။

ညနေစောင်းသောအခါ သူက မီးအိမ်မထွန်းနိုင်၊ ညရောက်တော့လည်း မအိပ်နိုင်။ သူ အဖမ်းခံရမည်၊ သံကြိုးတဲကာ အကျဉ်းထောင်ထဲ ဆွဲသွင်းခံရလိမ့်မည်ဟူ၍သာ တွေးတောနေမိသည်။ ယခင်က သူ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဖူးကြောင်း သူသိသည်။ နောင်ကိုလည်း လူသတ်မှု၊ ခိုးမှု၊ မီးရှို့မှု ဘာတစ်ခုမှ ကျူးလွန်မိလိမ့်မည် မဟုတ်ကြောင်း သူ အာမခံနိုင်သည်။ သို့နှင့်လည်း ရာဇဝတ်မှုတစ်ခုခုထဲတွင် အမှတ်မထင် ပါဝင်ပတ်သက်မသွားနိုင်ပြီလော၊ မှားယွင်းပြီး အစွပ်အစွဲမခံရနိုင်ပြီလော၊ တရားစီရင်ရေးတွင် အမှားအယွင်း ဖြစ်မသွားနိုင်သလော။ ထို့ပြင် “အကျဉ်းထောင်ရယ်၊ လူမွဲဂေဟာရယ်က လုံးလုံးကင်းဝေးမယ်လို့ ဘယ်သူမှ ကံသေကံမ မပြောနိုင် ဆိုသော စကားလည်း ရှိသေးသည် မဟုတ်လော။

ယနေ့ တရားစီရင်ရေးလောကတွင် လုပ်နေကိုင်နေကြပုံတွေကလည်း အမှားမှားအယွင်းယွင်းဖြစ်မည်ဆိုလျှင် များစွာဖြစ်နိုင်သည့် အခြေအနေ။ ဖြစ်သွားလျှင်လည်း မည်သို့မှ အံ့သြစရာမရှိသည့် အခြေအနေမျိုး။ တရားသူကြီး၊ ပုလိပ်အရာရှိ၊ ဆရာဝန် စသည့် လူတို့၏စိတ်ဒုက္ခများနှင့် ဆက်စပ်လုပ်ကိုင်နေကြသူများမှာလည်း နေ့တဓူဝ အတွေ့အကြုံများအရ အကျင့်ပါ အရေထူကာ အမှုသည်တို့၏အကျိုးအတွက် ဆောင်ရွက်လိုစိတ် ရှိသည် ဆိုဦးတော့၊ ရုံးလုပ်ထုံး လုပ်နည်းများအတိုင်းကလွဲ၍ လုပ်မပေးတတ်ကြတော့။ တစ်နည်းအားဖြင့် သူတို့မှာ အိမ်နောက်ဖေးကွက်လပ်တွင် သိုးများ ဆိတ်များကို လည်လှီးသတ်ကာ သွေးမြင်၍မှ သတိမရနိုင်ကြသည့် လယ်သမား ယာသမားများနှင့် ဘာမှမခြားကြတော့။

တရားသူကြီးတစ်ယောက်အနေနှင့် အကြင်နာတရားကင်းကာ ရုံးဆန်သောအမူအကျင့်များ စွဲမြဲလာပြီဆိုပါက အပြစ်မရှိသော လူတစ်ယောက်အား တရားဥပဒေဆိုင်ရာ အခွင့်အလမ်းများကို ပိတ်ပင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း အချိန်ယူ လုပ်ဆောင်ရခြင်းမှလွဲ၍ အခြားဆောင်ရွက်စရာမရှိတော့။ သူ့ကို လစာကြေးငွေ ပေးထားသည်မှာလည်း ဒါတွေ ဆောင်ရွက်ဖို့သာ ဖြစ်သည်။ အားလုံး ပြီးစီးတော့မှ မိမိအတွက် တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို ကာကွယ်ဖို့ တရားလမ်းကြောင်းအတိုင်းဖြစ်အောင် လုပ်ဖို့ ဆိုသည်ကို မီးရထားလမ်းနှင့် မိုင် တစ်ရာငါးဆယ်လောက်ဝေးသော ဤမြို့သိမ်ဇနပုဒ်တွင် ကြံစည်အားထုတ်လေဦးတော့။ ပြီးလျှင် အများပြည်သူလူထု ဆိုသည်ကလည်း လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လွတ်လပ်ပိုင်ခွင့် ဟူသည်ကို အဓိပ္ပာယ်ရှိသော အရာတစ်ခု၊ လူမှုရေးသဘောအရ တန်ဖိုးရှိသောအရာတစ်ခု ဟူ၍ မမြင်တတ်ဘဲ၊ တရားသေ လွှတ်ခြင်းကဲ့သို့ တရားဥပဒေက သက်ညှာမှု ပြုလိုက်သည့်အခါမျိုးမှာပင် လက်စား မချေလိုက်ရသည့်အတွက် ဒေါသအမျက်ခြောင်းခြောင်းထွက်တတ်သေးရာ ဤပတ်ဝန်းကျင်မျိုး၌ တရားမျှတမှု ဟူသည်ကို တောင်းဆိုခြင်းသည်ပင် ရူးသွပ် မိုက်မဲရာကျချေဦးမည် မဟုတ်လော။

အိုင်ဗင် ဂရိုမော့ဗ်မှာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်လျက်ရှိလေပြီ။ မနက်အိပ်ရာမှ ထသောအခါ သူ့နဖူးမှာ ချွေးစို့လျက်ရှိ၏။ ယခုအချိန်၌မူ သူ့စိတ်ထဲ၌ တစ်ချိန်မဟုတ်တစ်ချိန် သူ့အား လာရောက်ဖမ်းဆီးကြတော့မည် ဟူ၍သာ စွဲမြဲလျက်ရှိလေပြီ။ မနေ့က အတွေးများသည် ယနေ့အထိ မပျောက်သေးဘူးဆိုပါက ယင်းအတွေးများထဲ၌ တကယ် အဖြစ်မှန်များ ပါ၍သာ ဖြစ်ရမည်၊ သို့မဟုတ်က ခေါင်းထဲသို့ အလိုအလျောက် ဝင်ရောက်လာစရာ အကြောင်းမရှိ ဟူ၍ သူက ဝေဖန်ပိုင်းဖြတ်ခဲ့ပြီဖြစ်၏။

ပုလိပ်အရာရှိတစ်ယောက် အိမ်ရှေ့က တုံ့နှေးတုံ့နှေး လျှောက်သွားသည်။ ဒါသည် အလကား ကြုံကြိုက်မှုသက်သက် မဖြစ်နိုင်။ လူနှစ်ယောက် အိမ်နားတွင် ရပ်နေသည်။ တိတ်တိတ်ကလေး ရပ်နေသည်။ ဒီလူတွေ ဘာကြောင့် စကားမပြောကြသနည်း။

နောက်ပိုင်း နေ့ညများသည်ကား အိုင်ဗင်ဂရိုမော့ဗ်အဖို့ ပင်ပန်းဆင်းရဲကြီးသော နေ့ညများချည်းသာ ဖြစ်တော့သည်။ သူ့အိမ်ရှေ့မှ ဖြတ်လျှောက်သွားသူမှန်သမျှ၊ သူ့ခြံဝင်းထဲ ဝင်လာသူ မှန်သမျှသည် သူလျှိုများ၊ စုံထောက်များချည်းသာ ဖြစ်လေတော့သည်။ နေ့စဉ် မွန်းတည့်ချိန်လောက်ရောက်တိုင်း ပုလိပ်အင်စပိတ်တော်သည် မြို့စွန်ရှိ နေအိမ်မှ ရဲဌာနသို့ မြင်းနှစ်ကောင်တပ် ရထားကို မောင်းနှင်ကာ ဂရိုမော့ဗ် အိမ်ရှေ့မှ ဖြတ်သွားမြဲ ဖြစ်၏။ သို့သော် ယခုအခါ၌မူ သူ့ကိုမြင်တိုင်း အိုင်ဗင်၏စိတ်၌ သူသည် မယုံသင်္ကာစရာကောင်းလောက်အောင် အမြန်ကြီး မောင်းနှင်သွားသည်ဟူ၍လည်းကောင်း၊ သူ့မျက်နှာအမူအရာ ထူးခြားပါသည် ဟူ၍လည်းကောင်း၊ မြို့ထဲမှာ အရေးကြီးတဲ့ ရာဇဝတ်ကောင်တစ်ကောင် တွေ့ထားပြီဟု ကြေညာရန်အတွက် အလျင်စလိုသွားနေသည်ဟူ၍လည်းကောင်း အထင်ရောက်နေတော့သည်။

ဂိတ်တံခါးခေါက်သံ၊ လူခေါ်ခေါင်းလောင်းတီးသံကြားတိုင်း အိုင်ဗင်မှာ လန့်ဖျပ်သွားတတ်သည်။ အိမ်ရှင်မိန်းမကြီးထံသို့ လူစိမ်းတစ်ယောက် ရောက်လာလျှင်ကား သူ့မှာ ဒုက္ခကြီးစွာ ရောက်တော့၏။ ပုလိပ်အရာရှိ သို့မဟုတ် စစ်ပုလိပ်တစ်ယောက်ယောက်နှင့် တွေ့ လေတိုင်း ပြုံးပြကာ သူ့၌ စိုးရိမ်ထိတ်လန့်စရာအကြောင်းတစ်စုံတစ်ရာ မရှိကြောင်း ပြသည့်အနေနှင့် လေချွန်နေတတ်လေသည်။ အဖမ်းခံရမည်ကို စောင့်မျှော်ရသောကြောင့် ညစဉ်ညတိုင်း မအိပ်ဘဲ အချိန်ကုန်ရလေသည်။ သို့သော် သူအိပ်နေသည်ဟု အိမ်ရှင်မိန်းမကြီး အထင်ရောက်စေရန်အတွက် တစ်ညလုံး အသက်ကို ပြင်းပြင်းရှူလိုက်၊ တခေါခေါ ဟောက်လိုက် လုပ်နေရ၏။ သူ တစ်ညလုံး မအိပ်မှန်း သိသွားပြီး တစ်စုံတစ်ရာသော ပြစ်မှုအတွက် ရတက်မအေးဖြစ်နေသည်ဟု မှတ်ယူသွားပါက ကြောက်စရာကောင်းသော သဲလွန်စ ရသွားမည် မဟုတ်လော။

တကယ် လက်တွေ့ အဖြစ်အပျက်များနှင့် ရိုးရိုးကျိုးကြောင်းဆင်ခြင်မှုများက သူ့အား မိမိ၏စိုးရိမ်ထိတ်လန့်မှုများမှာ အဓိပ္ပာယ်ကင်းမဲ့ကြောင်း၊ ရူးသွပ်မိုက်မဲစွာ ယုံမှားသံသယလွန်ကဲနေခြင်းမျှသာ ဖြစ်ကြောင်း ထောက်ပြလျက် ရှိသည်။ ကိုယ့်လိပ်ပြာ ကိုယ်လုံနေသမျှ ကာလပတ်လုံး ဖမ်းဆီးချုပ်နှောင်ကာ ထောင်ထဲသို့ အသွင်းခံရမည့်အရေးကို တွေးကြောက်နေစရာမလိုကြောင်း မိမိဘာသာ သေသေချာချာ စဉ်းစားကြည့်လျှင် သိနိုင်၏။ သို့တစေလည်း တကယ်ယုတ္တိ ယုတ္တာရှိရှိ ဆင်ခြင်စဉ်းစားလေလေ စိတ်တွင်းမှ ခြောက်လှန့်ပင်ပန်းခြင်းဝေဒနာက ပို၍ပြင်းပြလာလေ ဖြစ်နေ၏။

သူ့အဖြစ်ကား ချုံနွယ်ပိတ်ပေါင်း ထူတတ်သော တောကြီးမျက်မည်းထဲတွင် မိမိအတွက် တစ်နေရာစာရအောင် ရှင်းလင်းဖို့ ကြိုးစားနေသော ယောဂီရသေ့တစ်ယောက်နှင့် တူလှ၏။ များများအားစိုက်၍ ခုတ်ထွင်ရှင်းလင်းလေ တောက ပို၍ မြန်မြန်ထူထပ် ဝိုင်းရံလာလေ ဖြစ်တော့၏။ နောက်ဆုံး၌ကား အိုင်ဗင်သည် ခုခံတွန်းလှန်နေ၍လည်း အကျိုးမဲ့ အချည်းနှီးသာဖြစ်မည်ဟု နားလည်သဘောပေါက်ကာ ဆင်ခြင် တွေးဆခြင်းကို စွန့်လွှတ်လျက် မိမိကိုယ်ကို ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် စိတ်ပျက်လက်လျှော့ခြင်းလက်သို့ ပုံအပ်လိုက်တော့၏။

သူက လူအများကို ရှောင်ရှားကာ တစ်ယောက်ထီးတည်း နေဖို့ ကြိုးစား၏။ နဂိုကတည်းက ပျော်ရွှင်နှစ်ခြိုက်ခြင်းမရှိခဲ့သည့် သူ့အလုပ်ကို ယခုအခါ နည်းနည်းလေးမျှ သည်းညည်းမခံနိုင်ဘဲ ရှိလာ၏။ သူတို့က မိမိကို တစ်နည်းနည်းတစ်ဖုံဖုံ ထောင်ခြောက်ဆင်လိမ့်မည်ဟု စိုးရိမ်၍နေ၏။ သူ့အိတ်ထဲသို့ လာဘ်ငွေများ အမှတ်တမဲ့ ထည့်ကာ လူပုံအလယ်တွင် ဖမ်းပြမည်လော၊ သို့တည်းမဟုတ် အစိုးရစာချုပ်စာတမ်းများ လုပ်ရာတွင် မတော်တဆ တစ်ခုခု မှားယွင်းမိရာက စာချုပ်စာတမ်း အတုပြုလုပ်မှုဖြင့် အစွဲခံရမည်လော၊ သို့တည်းမဟုတ် ကိုယ့်လက်တွင် သူတစ်ပါးငွေကြေးများ ပျောက်ရှမိမည်လော။ ဆန်းဆန်းကြယ်ကြယ်ပင် သူ့စိတ်က ယခုမှ အလွန်ရွှင် အလွန်ထွင်တတ်နေကာ သူ့လွတ်လပ်ခွင့်၊ သူ့ဂုဏ်သရေတို့ကို ခြိမ်းခြောက်နိုင်မည့် အကြောင်းပေါင်း ထောင်ချီကာ စိတ်ကူးမိလေသည်။ တစ်ဖက်ကလည်း သူ့မှာ အပြင်လောကနှင့်ပတ်သက်၍ အထူးသဖြင့် စာအုပ်များနှင့်ပတ်သက်၍ စိတ်ဝင်စားမှု သိသိ သာသာကြီး လျော့ပါးသွားသည်။ ပြီးလျှင် မှတ်ဉာဏ်ကလည်း အားကိုးမရချင် ဖြစ်လာသည်။

နွေဦးပေါက်၍ နှင်းခဲများ ပျော်သောအခါ သင်္ချိုင်းကုန်းအနီးရှိ လျှိုထဲတွင် အတော်အတန် ပုပ်နေပြီဖြစ်သော လူသေအလောင်းနှစ်ခုကို တွေ့ရသည်။ အဘွားအိုကြီးတစ်ယောက်နှင့် ကလေးငယ်တစ်ယောက်၊ နှစ်ယောက်လုံးမှာ အသေဆိုးဖြင့် သေခဲ့ကြရကြောင်း အထောက်အထားများ တွေ့ရှိရ၏။ တစ်မြို့လုံးမှာ လူသေအလောင်းများနှင့် အမည်မသိ လူသတ်ကောင်များအကြောင်းချည်းသာ ပြောနေကြလေသည်။ အိုင်ဗင်မှာ ဤအမှုနှင့်ပတ်သက်၍ သင်္ကာမကင်း အဖြစ်မခံရစေရန်အတွက် မျက်နှာကို ပြုံးပြုံးထားကာ တစ်မြို့လုံး ပတ်၍ လမ်းလျှောက်ပြလေသည်။ လမ်းတွင် အသိအကျွမ်း တွေ့သောအခါ သူ့မျက်နှာက ရုတ်တရက် ဖြူရော်သွားမည်၊ ထို့နောက် နီရဲလာမည်၊ ပြီးလျှင် ဤသို့ အားနွဲ့သော၊ ခုခံနိုင်စွမ်း မရှိသောသူများကို သတ်ဖြတ်ခြင်းထက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရာဇဝတ်မှုမျိုး မရှိတော့ကြောင်း အခိုင်အမာ ကြေညာပြောဆိုမည်။

သို့သော် မကြာမီမှာပင် ဤသို့ ဟန်ဆောင်နေရခြင်းကို သည်းမခံနိုင်ဘဲ ဖြစ်လာသည်။ သူက ကြာကြာရှည်ရှည်ပင် နှိုင်းချိန် တွေးဆခြင်း မပြုတော့ဘဲ မိမိကဲ့သို့သော အခြေအနေမျိုး၌ ရောက်ရှိနေသူတစ်ယောက်အဖို့ အိမ်ရှင်မိန်းမကြီး၏မြေအောက်ခန်းတွင် ပုန်းအောင်းနေခြင်းထက် သင့်လျော်သောအလုပ် မရှိဟု ဆုံးဖြတ်လိုက်တော့၏။ ထိုနေ့ တစ်နေ့လုံး တစ်ညလုံးနှင့် နောက်တစ်နေ့ ညချမ်းချိန်အထိ မြေအောက်ခန်းတွင် ပုန်းအောင်းနေပြီးသည့် နောက် တစ်ကိုယ်လုံး အရိုးခိုက်အောင် အေးစက်လာ၍ သူခိုးတစ်ယောက်လို အသာလေး ခိုးထွက်ပြီး သူ့အခန်းသို့ တက်လာခဲ့သည်။ ခန်းမလယ်၌ တစ်ညလုံး မတ်တတ်ရပ်ကာ နားစွင့်နေသည်။

နောက်တစ်နေ့ နံနက်မလင်းမီမှာပင် အိမ်ရှင်မိန်းမကြီး၏အခန်းသို့ မီးဖိုအသစ်ဆောက်မည့် အလုပ်သမားတစ်စု ရောက်လာသည်။ သူတို့ ဘာကိစ္စနှင့် လာကြကြောင်း အိုင်ဗင် ကောင်းကောင်း သိပြီးသားဖြစ်သည်။ သို့သော် ကြောက်ရွံ့တုန်လှုပ်စိတ်က သူ့အား ထိုသူများသည် ရုပ်ဖျက်လာသော စုံထောက်များသာ ဖြစ်သည်ဟု အထင်ရောက်စေသည်။ သူက ဦးထုပ်မပါ ကုတ်အင်္ကျီမပါဘဲ အပြင်ဘက်သို့ အသာကလေး ထွက်လာပြီး လမ်းမပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် လျှောက်၍ပြေးတော့သည်။ ခွေးတွေက ဟောင်ကာ သူ့နောက်မှ လိုက်ကြသည်။ လူတစ်ယောက်ကလည်း ဘာမှန်းမသိ လိုက်အော်သည်။ နားထဲတွင် လေတိုးသံ တရွှီရွှီ မြည်လာသည်။ သူ့စိတ်၌မူ တစ်ကမ္ဘာလုံးရှိ အကြမ်းဖက် အင်အားစုများအားလုံး သူ့နောက်က လိုက်နေကြပြီဟု ထင်မှတ်လျက် ရှိသည်။

သူ့ကို ဝိုင်း၍ဖမ်းကာ အိမ်သို့ ခေါ်လာကြပြီး အိမ်ရှင်မိန်းမကြီးအား ဆရာဝန် အခေါ်လွှတ်သည်။ ဆရာဝန် အန်ဒရေရာဂင်(သူ့အကြောင်း နောက်မှ များများ ပြောမည်)က ရေခဲအုပ်ပေးဖို့၊ မညှိုးပန်းနွယ် ဆေးရည် တိုက်ဖို့ ညွှန်ကြားပြီးလျှင် ဝမ်းနည်းစွာ ခေါင်းကိုယမ်းခါလျက် အိမ်ရှင်မိန်းမကြီးအား လူနာမှာ စိတ်ပြန်ကောင်းလာတော့မည် မဟုတ်သည့်အကြောင်း၊ စိတ်ဖောက်ပြန်တတ်သောသူအား မဖောက်ပြန်အောင် တားဆီး၍မရနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောပြလေသည်။ နောက်တွင် အိုင်ဗင်မှာ အိမ်၌ ဆေးဝါးကုသရန် စရိတ်စက မတတ်နိုင်သဖြင့် သူ့အား ဆေးရုံသို့ ပို့ကာ ကာလသားရောဂါသည်အဆောင်တွင် ထားလေသည်။ ထိုအဆောင်၌ သူက ညညမအိပ်၊ ထိန်းရသိမ်းရခက်ကာ အခြားလူနာများအတွက် အနှောင့်အယှက်ဖြစ်စေသဖြင့် ရာဂင်၏ ညွှန်ကြားချက်အရ သူ့အား လူနာဆောင် အမှတ်ခြောက်သို့ ရွှေ့ပြောင်းလိုက်လေသည်။

တစ်နှစ်တာအတွင်းမှာပင် အိုင်ဗင်ဂရိုမော့ဗ်နှင့် သူ့စာအုပ်များအကြောင်းကို မြို့သူမြို့သားများက မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြလေသည်။ စာအုပ်များကို အိမ်ရှင်မိန်းမကြီးက အိမ်ဘေး ကနဖျင်းထဲရှိ စွပ်ဖားလှည်းပျက်တစ်ခုထဲတွင် စုပုံထားရာ လမ်းထဲရှိကလေးများ အလစ်ဆွဲကြသည်နှင့် ကုန်တော့၏။