အခန်း (၄)
အိုင်ဗင်၏ လက်ဝဲဘက်က လူမှာ ဂျူးအဘိုးကြီး မိုးဇက်ဖြစ်ကြောင်း ပြောခဲ့ပြီ။ လက်ယာဘက်ရှိပုဂ္ဂိုလ်ကား တစ်ကိုယ်လုံး အဆီတုံး အဆီခဲကြီးထဲသို့ ဝင်နေသလိုဖြစ်ကာ လုံးဝိုင်းလုနီးပါး ဖြစ်နေပြီး မျက်နှာပြင်ကလည်း မည်သည့် ခံစားမှု အရိပ်အယောင်မျှ ပြသဖော်မရဘဲ ပြောင်သလင်းကြီးဖြစ်နေ၏။ ပါးစပ်ထဲ ဝင်လာသမျှကို ဝါးမျိုကာ မလှုပ်မယှက် ငြိမ်သက်နေတတ်သည့် ညစ်ထေးနံစော်သော ထိုသတ္တဝါကား အသိဉာဏ်နှင့် အာရုံခံစားမှုတို့ ကင်းမဲ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။ အသက်ရှူကျပ်လောက်အောင် ပုပ်ဟောင်နံစော်သော အနံ့အသက်တို့သည် သူ၏ခန္ဓါကိုယ်မှ အစဥ်မပြတ် ထွက်ပေါ်လျှက်ရှိသည်။
သူ့ကို သန့်ရှင်းဆေးကြောပေးရသူ နီကီတာက သူ့အား တအားတအား လွှဲ၍ ရိုက်နှက်လေ့ရှိ၏။ သူက လက်သီးကိုပင် အလကားမထားပေ။ နီကီတာ၏ ရိုက်ပုတ်ထိုးနှက်ခြင်းထက် ပို၍ ချောက်ချားဖွယ်ကောင်းသည့် အခြင်းအရာတစ်ခုကား အသေကောင်ကြီးလို မလှုပ်မရှက်ဖြစ်နေသော ထိုသတ္တဝါသည် လေးလံသော စည်ပိုင်းကြီးတစ်လုံးလို အနည်းငယ် လိမ့်လိမ့်သွားတတ်သည်မှအပ ရိုက်ပုတ်ထိုးနှက်ခြင်းကို အသံဖြင့်လည်းကောင်း၊ လှုပ်ရှားရုန်းကန်မှုဖြင့်လည်းကောင်း၊ ယုတ်စွအဆုံး မျက်စိ၏အကြည့်ဖြင့်သော်လည်းကောင်း တုံ့ ပြန်လှုပ်ရှားမှု မပြုခြင်းပင်တည်း။
ပဉ္စမနှင့် နောက်ဆုံးဖြစ်သော အဆောင်သားသည်ကား စာတိုက်မှ စာရွေး စာရေးဟောင်းတစ်ယောက်ဖြစ်လေသည်။ သူက ပိန်ပိန်ပါးပါး သေးသေးသွယ်သွယ်နှင့် အသွေးအမွေးကောင်းသူတစ်ယောက်ဖြစ်သည်။ မျက်နှာကမူ မရိုးသားသော ဟန်ပန်အရိပ်အယောင် အနည်းငယ် ပေါ်သည်။ အသိဉာဏ်ရှိဟန် မိမိကိုယ်ကို ယုံကြည်စိတ်ချဟန်ရှိသော သူ့မျက်လုံးအစုံ၏ တောက်ပရွှင်လန်းသော အကြည့်ကို ထောက်၍ ဤလူ၌ အလွန်ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းသော အရေးကြီးသည့် လျှို့ဝှက်ချက်တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု မှန်းဆနိုင်၏။
သူ၏မွေ့ ရာအောက်၌ မည်သူတစ်စုံတစ်ယောက်ကိုမျှ မပြဘဲ သိုဝှက်၍ထားသော ပစ္စည်းတစ်ခုရှိ၏။ ထိုသို့ ထုတ်ဖော်မပြခြင်းသည် သူ့ပစ္စည်းကို ယူငင်သွားမှာ၊ ခိုးဝှက်သွားမှာ စိုးရိမ်၍ကား မဟုတ်။ မဝင့်ကြွား မပလွှားလိုခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့်သာ ဖြစ်၏။ တစ်ခါတစ်ခါ၌ သူက ပြတင်းပေါက်နားသို့ သွားကာ သူ့အပေါင်းအဖော်များကို ကျောခိုင်းရပ်ပြီး ပစ္စည်းတစ်စုံတစ်ရာကို ရင်ဘတ်တွင် ကပ်၍ ခေါင်းငုံ့ကြည့်နေတတ်၏။ အကယ်၍ ထိုအခိုက်အတန့်တွင် သူ့အနားသို့ သွားလိုက်ပါက သူက များစွာ ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီး ရင်ဘတ်က ပစ္စည်းကို ဆွဲဖြုတ်ပစ်လိမ့်မည်။ သို့သော် သူ့လျှို့ဝှက်ချက် ဘာ ဆိုသည်ကို မှန်းဆဖို့ မခက်လှပါ။
သူက အိုင်ဗင်ဂရိုမော့ဗ်ကို မကြာခဏ ပြောတတ်သည်။
“ခင်ဗျားတော့ ကျုပ်ကို ဂုဏ်ပြုစကား ပြောရလိမ့်ဦးမယ်ဗျို့၊ ကျွန်တော့်ကို စိန့်စတင်နစ္စလတ်စ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ဖို့ ထောက်ခံလိုက်ကြပြီ။ ကြယ်ပွင့်နဲ့ ဒုတိယအဆင့်ဗျ၊ ကြယ်ပွင့်နဲ့ ဒုတိယအဆင့် ဆုတံဆိပ်က နိုင်ငံခြားသားတွေကိုမှ ပေးတာ၊ ကျွန်တော့်ကိုတော့ ခြွင်းချက်အနေနဲ့ ပေးဖို့ ဆုံးဖြတ်လိုက်ကြတာပဲ”
သူက နားမလည်နိုင်ဘဲ ရှိကာ ပြုံးပြပြီး ပခုံးကို တွန့်လေသည်။
“ကျွန်တော်လဲ ဘယ်တုန်းကမှတော့ ရမယ်မထင်ဘူးပေါ့ဗျာ”
“ကျွန်တော် အဲဒါတွေ နားမလည်ဘူးဗျ”
အိုင်ဗင်က ခပ်ပြတ်ပြတ် ပြန်ပြောသည်။
“ဒါပေမဲ့ ခင်ဗျားသိထားဖို့က ကျွန်တော် အနှေးနဲ့ အမြန်ဆိုသလို ရတော့မယ့်ဟာဗျ”
စာရွေးသမားဟောင်းက မျက်စိကို မှေးကာ မလိုတမာ မျက်နှာနှင့် ပြောလေ၏။
“ဆွီဒင် ဓူဝံကြယ်တံဆိပ်ဗျာ၊ ခင်ဗျားကိုယ်တိုင်တောင် ရအောင် ကြိုးစားဖို့ ကောင်းတယ်၊ ဖဲပြားအနက်ပေါ်မှာ အဖြူရောင် ကြက်ခြေခတ်နဲ့၊ သိပ်လှတာ”
လူနာဆောင် အမှတ်ခြောက်မှာကဲ့သို့ မပြောင်းမလဲ တစ်သမတ်တည်း ဖြစ်နေသော ဘဝမျိုးကား ရှိလိမ့်မည် မဟုတ်ပေ။ မနက်လင်းလျှင် အကြောသေနေသူ အဆီတုံးသတ္တဝါကြီးမှအပ ကျန်လူနာအားလုံးသည် ခန်းမထဲရှိ စည်ပိုင်းကြီးတစ်လုံးတွင် ဆေးကြောသုတ်သင်ကြသည်။ ထို့နောက် ဝတ်ရုံ အနားသားများနှင့် ပွတ်သပ်ကာ ခြောက်အောင် သုတ်သည်။ ထို့နောက် ဆေးရုံပင်မအဆောက်အအုံမှ နီကီတာ ယူလာခဲ့သည့် လက်ဖက်ရည်ကို သံဖြူမတ်ခွက်များနှင့် သောက်ကြသည်။ တစ်ယောက်လျှင် လက်ဖက်ရည်မတ်ခွက်နှင့် တစ်လုံးစီ ရသည်။ နေ့လယ်တိုင်သောအခါ ချဉ်တူးသော ဂေါ်ဖီရွက်ဆွပ်ပြုတ်နှင့် ကစီရည် သောက်ရသည်။ ညနေစောင်းသောအခါ နေ့လယ်က လက်ကျန် ကစီရည်ကို အကုန်ပြောင်အောင် သောက်ကြသည်။ ထိုစပ်ကြား၌မူ အိပ်ရာထဲတွင် လှဲမည်၊ အိပ်မည်၊ ပြတင်းပေါက်က အပြင်ကို ကြည့်မည်၊ အဆောင်ထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်မည်၊ တစ်နေ့တစ်နေ့ သည်အတိုင်းပဲ ဖြစ်သည်။ စာရွေး စာရေးဟောင်းသည်ပင်လျှင် သည်ကြယ်ပွင့်များ သည်ဖဲပြားများအကြောင်းပဲ ပြောလေသည်။
လူနာဆောင် အမှတ်ခြောက်၌ မျက်နှာသစ် မြင်ရခဲသည်။ ဆရာဝန်က စိတ်ရောဂါသည်အသစ် လက်မခံသည်မှာ ကြာခဲ့ပြီ။ အရူးထောင်များကို လိုက်ကြည့်ချင်တတ်သည့် လူမျိုးကလည်း ရှားဘိခြင်း။ ဆတ္တာသည် ဆယ်မီယွန်တစ်ယောက်သာ အဆောင်သို့ နှစ်လ တစ် ကြိမ် ရောက်လာလေ့ရှိသည်။ သို့သော် အဆောင်သားများ၏ဆံပင်ကို သူ ဘယ်လိုညှပ်သည့်အကြောင်း၊ နီကီတာက ဘယ်လို အကူအညီပေးသည့်အကြောင်း၊ အမူးသမား ဆတ္တာသည်၏ ပြုံးနေသောရုပ်ကို မြင်လိုက်ရရုံနှင့် လူနာများ မည်ကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်သွားကြသည် ဆိုသော အကြောင်းများကိုကား ချန်လှပ်ခဲ့ပေတော့မည်။ ဆတ္တာသည်က လွဲလျှင် အဆောင်ထဲသို့ တစ်ရံတစ်ဆစ်မျှ ဝင်ရောက်လာသူ မရှိတော့ချေ။ လူနာများမှာ နီကီတာ၏မျက်နှာမှအပ ဘာမျှ ကြည့်စရာမရှိသော ဘဝနှင့်ပင် တစ်နေ့ပြီးတစ်နေ့ ယိုယွင်းပျက်သုဉ်းကာ မျှော်လင့်ချက်ကုန်ဆုံးလျက်ရှိလေသည်။
မကြာခင်ကလေး၌ကား ထူးဆန်းသော ကောလာဟလ သတင်းတစ်ရပ်သည် ဆေးရုံပင်မ အဆောက်အဦးတစ်ခွင်၌ ပျံ့နှံ့၍လာသည်။ ထိုကောလာဟလ၏အဆိုအရကား ဆရာဝန်သည် လူနာဆောင် အမှတ်ခြောက်သို့ မှန်မှန်သွားရောက်လျက်ရှိသည်ဟူ၍ဖြစ်သတည်း။