အခန်း (၅)
ထူးဆန်းသော ကောလာဟလ သတင်း။
ဒေါက်တာ အန်ဒရေရာဂင်သည်လည်း သူ့နည်းနှင့်သူ မှတ်သားလောက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူသည် ငယ်စဉ်က အလွန် ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက် ဖြစ်၍ ၁၈၆၃ ခုနှစ် အထက်တန်းကျောင်းမှ ထွက်ပြီးသည့်နောက် ကျမ်းစာကျောင်းသို့ တက်ရောက်ရန် ကြံစည်ခဲ့ဖူးသည်ဟု အဆိုရှိ၏။ သို့သော် သူ၏ဖခင်ဖြစ်သူ အမ်ဒီဘွဲ့ ရ ခွဲစိတ်ဆရာဝန်ကြီးက သူ၏စိတ်ကူးရည်မှန်းချက်များကို မညှာမတာ ပြက်ရယ်ပြုခဲ့ပြီး ဘုန်းကြီးဝတ်ဖို့ စိတ်ကူးကို မဖျောက်ပါက သူ့အား သားအဖြစ်မှ စွန့်လွှတ်မည်ဟု သတိပေးခဲ့သည်ဆို၏။
ထိုအဆို မည်မျှမှန်သည် မမှန်သည်ကို အခိုင်အမာ မပြောနိုင်။ သို့သော် ဒေါက်တာရာဂင် ကိုယ်တိုင်ကမူ မိမိသည် ဘယ်သောအခါကမှ ဆေးသမား လုပ်လိုစိတ် မရှိခဲ့ကြောင်း၊ မည်သည့်သိပ္ပံပညာကိုမျှလည်း စိတ်ဝင်စားခြင်းမရှိကြောင်းကို လူရှေ့သူရှေ့၌ မကြာခဏ ဖွင့်ဟ ပြောကြားခဲ့ဖူး၏။ သူ့ခံစားချက် မည်သို့ရှိသည်ဖြစ်စေ၊ သူကား ဘုန်းကြီးမဝတ်ဖြစ်ခဲ့။ ဆေးပညာသင်တန်းကိုသာ ပြီးဆုံးအောင် တက်ခဲ့သည်။ နောက်ပိုင်းကာလများတွင်လည်း ဘာသာတရားကိုင်းရှိုင်းသည့် လက္ခဏာတစ်စုံတစ်ရာ မပြခဲ့ပေ။ တကယ်၌လည်း သူသည် ယခုအချိန်၌ရော ဆရာဝန်ဖြစ်စ ကပါ ဘုရားသခင့် တပည့်သားမြေးတစ်ယောက်၏ ရုပ်လက္ခဏာမျိုး မရှိခဲ့ချေ။
တုတ်တုတ်ခိုင်ခိုင် ကိုယ်ကာယနှင့် ခပ်ကြမ်းကြမ်းမျက်နှာကြောင့် ရာဂင်မှာ လယ်သမားတစ်ယောက်နှင့် သာ၍တူနေသည်။ ထို့အပြင် သူ၏မုတ်ဆိတ်မွေး၊ ပိပြားပြား ဆံပင်နှင့် မပြေပြစ်သော ကိုယ်ကာယကြောင့် တူချင်းတူရလျှင် အစားကြီးပြီး စိတ်တို၍ အပြောအဆို ကြမ်းတမ်းသည့် ခရီးဝေးလမ်းမ စားသောက်ဆိုင်ရှင်တစ်ယောက်နှင့် တူနိုင်လေသည်။ တင်းမာသောသူ့မျက်နှာ၌ သွေးကြောပြာပြာများ ယှက်သန်း၍နေ၏။ မျက်လုံးများက သေးငယ်ကာ နှာခေါင်းက နီမြန်း၏။ ပခုံးကျယ်ကျယ် အရပ်အမောင်း ကောင်းကောင်းနှင့် လက်ဖဝါး ခြေဖဝါးကြီးများကို ကြည့်၍ သူ့လက်သီး တစ်ချက် မိလိုက်လျှင် မည်သူမဆို တစ်ဒင်္ဂ မေ့လျော့သွားနိုင်မည် ထင်ရ၏။ သို့သော် သူလမ်းလျှောက်သောအခါ၌ကား ခြေသံ တိုးတိုးဖွဖွကလေးနှင့် ကြမ်းပြင်ကို မရဲတရဲ နင်းကာ လျှောက်တတ်၏။ ကော်ရစ်ဒါ၌ တစ်ယောက်ယောက်နှင့် မျက်နှာချင်းဆိုင် တွေ့ ပါက ထိုသူအား အရင် လမ်းဖယ်ပေးပြီး“ဆောရီး”ဟု ပြောတတ်သည်။ အသံကလည်း သူ့နှုတ်က ထွက်လျှင် အသံကျယ်ကျယ်သြသြကြီး ထွက်မည်ထင်ရသော်လည်း တကယ်၌မူ စူးစူးသေးသေးနှင့် ခပ်တိုးတိုးဖြစ်လေသည်။
သူ၏လည်ကုပ်ပေါ်၌ မြင်းဖုတစ်ခု ရှိနေသဖြင့် သူ့မှာ ကြွေတိုက်ထားသော ကော်လာမာမာကြီးများကို မဝတ်နိုင်ဘဲ နူးညံ့သော ချည်ထည် လိုင်နင်ထည်များကိုသာ ဝတ်လေ့ရှိသည်။ ခြုံ၍ ပြောရလျှင် သူ၏ဝတ်စားဆင်ယင်ပုံမှာ ဆရာဝန်တစ်ယောက်နှင့် လုံးဝ မတူပေ။ အဝတ်တစ်စုံတည်းကို နှစ်ပေါင်းများစွာ ဝတ်သည်။ နောက်ဆုံး သူဝယ်နေကျ ယေ ဟူဒီဆိုင်က ဝတ်စုံအသစ် ယူဝတ်ပြန်သောအခါလည်း စဝတ်ကတည်းကပင် ယခင် အဟောင်းနှင့်မခြား နွမ်းနွမ်းကြေကြေသာ ဖြစ်၏။ လူနာကြည့်ချိန်၌လည်း သည်အင်္ကျီ၊ ညစာစားတော့လည်း ဒါ၊ အသိမိတ်ဆွေဆီ အလည်အပတ် သွားတော့လည်း ဒါပဲဖြစ်သည်။ အဝတ်အစားအတွက် ငွေကုန်ကြေးကျ မခံလို၍ကား မဟုတ်။ သူ့ရုပ်သူ့ရည် ဘယ်လိုနေသည်ကို ဂရုစိုက်လေ့မရှိသောကြောင့်သာ ဖြစ်သည်။
ဤမြို့သို့ ဒေါက်တာရာဂင် အလုပ်လက်ခံရန် ရောက်ရှိလာစဉ်က ကုသိုလ်ဖြစ်ဆေးရုံမှာ ကြောက်စရာကောင်းလောက်အောင် အခြေအနေ ဆိုးရွားလျက်ရှိသည်။ လူနာခန်းများ၊ ကော်ရစ်ဒါများအပြင် ဆေးရုံဝင်းထဲ၌ပါ အသက်ရှူကျပ်လောက်အောင် အနံ့အသက်များ အလွန်ဆိုးရွား နံစော်လျက်ရှိ၏။ ဆေးရုံအလုပ်သမားများ၊ သူနာပြုဆရာမများနှင့် ၎င်းတို့၏သားသမီးများမှာ လူနာဆောင်များထဲတွင်ပင် လူနာများနှင့် ရောနှောအိပ်စက်နေကြသည်။ ပိုးဟပ်များ၊ ကြမ်းပိုးများ၊ ကြွက်များ သောင်းကျန်းကြသဖြင့် ဆေးရုံ၏အခြေအနေမှာ နေမဖြစ်လောက်အောင် ဆိုးရွားလျက်ရှိကြောင်း လူတိုင်းက ညည်းညူလျက်ရှိလေသည်။
ခွဲစိတ်လူနာခန်း၌ အနာမီး အနာလျှံများ အမြဲဖြစ်ပွားလျက်ရှိ၏။ ဆေးရုံတစ်ရုံလုံးတွင် ခွဲစိတ်ဓား နှစ်ချောင်းသာ ရှိသည်။ ပြဒါးတိုင်ကား တစ်တိုင်မျှ မရှိချေ။ ရေချိုးစည်ပိုင်းများ၌ ရိက္ခာ အာလူးများ သိုလှောင်ထား၏။
အုပ်ချုပ်ရေးမှူး၊ သူနာပြုဆရာမချုပ်နှင့် အလုပ်သမားခေါင်းတို့မှာ လူနာများထံမှ ဖြတ်စားနေကြလေသည်။ ရာဂင့်အရင်က ရှိနေသော ဆရာဝန်ကြီးမှာ ဆေးရုံသုံး အရက်ပြန်များကို မှောင်ခိုရောင်းချသည်။ သူနာပြုဆရာမများ၊ အမျိုးသမီးလူနာများနှင့် ဆောင်ကြာမြိုင်ဖွင့်၍ နေခဲ့သည်။
ဤသို့ ထင်ရာစိုင်း လုပ်နေကြသောအဖြစ်ကို မြို့ထဲက လူများအားလုံး သိသည်သာဖြစ်၏။ သူတို့က သည့်ထက်မကပင် ချဲ့ကား၍သာ ပြောကြသေး၏။ သို့သော် ဤကိစ္စများမှာ သူတို့အတွက် ဂရုစိုက်စရာ မဟုတ်။
တချို့က ဆိုလျှင် ဤဆေးရုံမှာ “တောက လယ်သမားများနှင့် မြို့ထဲက ဆင်းရဲသားများသာ တက်သော ဆေးရုံဖြစ်သည်။ သူတို့အနေနှင့် ဆေးရုံကို အပြစ်ပြောပိုင်ခွင့် မရှိ။ ဆေးရုံအခြေအနေမှာ သူတို့အိမ်ထက်တော့ အပုံကြီး သာသေးသည်။ သူတို့ကို ကြက်သား ငှက်သားတွေနှင့် ဘယ်သူကျွေးထားနိုင်မည်နည်း” ဟု ဆိုကြသည်။ တချို့ကလည်း မြို့အနေနှင့် နယ်မြေကောင်စီ၏ အထောက်အပံ့မရဘဲ ဆေးရုံကောင်းကောင်း တည်ထောင်ပေးနိုင်မည် မဟုတ်၊ ဘယ်လောက်ပင် ဆိုးသည်ဖြစ်စေ လုံးဝ မရှိသည်နှင့် စာလျှင်တော့ ဆေးရုံတစ်ရုံရှိနေခြင်းအတွက် ဝမ်းသာကြရမည်သာဖြစ်သည်။ တစ်ဖက်၌လည်း နယ်မြေကောင်စီအဖွဲ့သစ်က မြို့တွင် ဆေးရုံတစ်ရုံ ရှိပြီးဖြစ်ရာ ဆေးရုံသစ် တစ်ရုံ ထပ်ဖွင့်ဖို့ ရန်ပုံငွေ ထုတ်မပေးနိုင်ဟု ငြင်းဆန်ခဲ့လေသည်။
အန်ဒရေ ရာဂင်က ဆေးရုံကို စစ်ဆေးကြည့်ရှုပြီးနောက် ဤဆေးရုံကား အကျင့်စာရိတ္တ လုံးဝ ပျက်ပြားနေသော နေရာတစ်ခု၊ လူနာများအတွက် ကျန်းမာရေးနှင့် မညီညွတ်ဆုံးနေရာတစ်ခု ဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။ ဤအခြေအနေ၌ ဆေးရုံကို ပိတ်ကာ လူနာအားလုံးကို အိမ်သို့ ပြန်ပို့လိုက်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူက သဘောရလေသည်။ သို့သော် သူ့သဘောတစ်ခုနှင့် ဤသို့ လုပ်၍မရမှန်း သူသိ၏။ ပြီးတော့လည်း ဆေးရုံပိတ်လိုက်သဖြင့် ဘာအကျိုးကျေးဇူးမျှ ပေါ်ထွက်လာလိမ့်မည်မဟုတ်။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ညစ်ထေးနေမှုသည် နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြေအနေဆိုးတွေ တဖြည်းဖြည်း သူ့အလိုအလျောက် လျော့ပါးပျောက်ကွယ်သွားသည့်အချိန်ကို သူတို့ စောင့်ကြရပေလိမ့်မည်။
ပြီးတော့ လူထုအနေနှင့် ဆေးရုံတစ်ရုံ ဖွင့်ခဲ့ပြီးနောက် ဤမျှဆိုးရွားသော အခြေအနေများကို သည်းညည်းခံနေခဲ့ခြင်းကို ထောက်လျှင် သူတို့အတွက် ဤဆေးရုံသည် အမှန်တကယ် လိုအပ်နေ၍ပဲ ဖြစ်လိမ့်မည်။ ထို့ပြင် အယူသည်းစွဲလမ်းမှုများနှင့် ဘဝ၏အခြားသော စက်ဆုပ်ဖွယ် အော့နှလုံးနာဖွယ်များသည်လည်း လိုအပ်သောအရာများသာဖြစ်သည်။ နောက်ချေးသည်ပင် မြေသြဇာဖြစ်လာနိုင်သကဲ့သို့ တစ်ချိန်ကျလျှင် ဤအရာတို့သည်လည်း အသုံးကျလာနိုင်သည်။ လောက၌ ကောင်းသောအရာမှန်သမျှ သည်လိုအဆိုးအဝါးများထဲက ပေါက်ဖွားလာသည်ချည်း မဟုတ်လော စသဖြင့် သူ ဆင်ခြင်ခဲ့သည်။
အလုပ်လက်ခံစ၌ ဒေါက်တာ ရာဂင်သည် ဆေးရုံ၌ ဖြစ်ချင်သလို ဖြစ်နေမှုများကို စိတ်အေးအေးထားပြီး ကိုင်တွယ်သုံးသပ်ပုံရ၏။ အလုပ်သမားများနှင့် သူနာပြုများအား လူနာဆောင်ကို အိမ်လိုလုပ်မနေကြဖို့ ပြောသည်။ ပြီးလျှင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထားရန်အတွက် ဗီရိုနှစ်လုံး ပြင်ဆင်သည်။ သို့သော် သူနာပြုဆရာမချုပ်နှင့် အလုပ်သမားခေါင်းတို့က သူတို့လုပ်နည်းလုပ်ဟန်များကို မပြင်ကြ။ အနာမီး အနာလျှံနာများမှာ ဆက်လက် ခြိမ်းခြောက်၍ပင် နေလေသည်။
ဒေါက်တာရာဂင်က ဘယ်အရာမဆို အသိဉာဏ်ဖြင့် ရိုးရိုးသားသား လုပ်တာမှ ကြိုက်တတ်၏။ သို့သော် သူ့လက်အောက်ငယ်သားများ ထိုသို့ ရိုးရိုးသားသား ဆင်ဆင်ခြင်ခြင် အလုပ်လုပ်လာအောင် သိမ်းသွင်းနိုင်ဖို့အတွက်ကား သူ့၌ မိမိကိုယ်ကိုယုံကြည်မှုနှင့် တည်ကြည် ကြံ့ခိုင်မှုတို့ လျော့နည်း၍နေ၏။ သူ့၌ အမိန့်ပေးခြင်း၊ တားမြစ်ခြင်း၊ အတင်းအကျပ် စေခိုင်းခြင်းတို့ကို လုပ်ဆောင်မည့်သဘာဝသည် မွေးကတည်းကပင် ချို့တဲ့၍လာခဲ့၏။ သူ့ကို ကြည့်ရသည်မှာ လေသံမာမာ စကားပြောခြင်း၊ သြဇာပေး ခိုင်းစေခြင်းတို့ကို လုံးဝရှောင်ကြဥ်ပါမည်ဟု သစ္စာပြုထားသည်နှင့် တူလှ၏။
“ဒီဟာပေးပါ”၊ “ဟိုဟာယူခဲ့ပါ”ဆိုသော စကားမျိုး ပြောရမှာ သူ့အတွက် အလွန်ခက်ခဲ၏။ ဗိုက်ဆာသောအခါ၌ သူက စားဖိုမှူးထံ သွားကာ ရှိုးတိုးရှန့်တန့်နှင့် ချောင်းတစ်ချက် နှစ်ချက် ဟန့်ပြီးမှ
“ကျွန်တော့်အတွက် လက်ဖက်ရည်နည်းနည်းလောက် ရနိုင်မလား မသိဘူး” ဒါမှမဟုတ် “အခုအချိန် ညစာစားချင်ရင် ရနိုင်မလားဗျာ” စသည်ဖြင့် ပြောတတ်၏။
အုပ်ချုပ်ရေးမှူးအား “ခင်ဗျား ခိုးမနေပါနှင့်တော့” ဟု ပြောဖို့၊ သို့မဟုတ် ရာထူးမှ ထုတ်ပစ်ဖို့၊ သို့မဟုတ် မလိုအပ်လှသော ထိုရာထူးကို ဖျက်သိမ်းပစ်ဖို့မှာမူ သူ့အင်အားနှင့် မတန်ဘဲ ရှိလေသည်။
သူ့ကို ဝိုင်း၍ ညာကြ မြှောက်ပြောကြသော အခါမျိုး၊ ဘယ်လို မမှန်ကန်ကြောင်း သိသာလှသည့် ပြေစာမျိုးကို လက်မှတ်ထိုးခိုင်းသည့်အခါမျိုးတွင် သူ့မျက်နှာမှာ ပြုတ်ထားသော ပုစွန်ထုပ်လို ရဲရဲနီလာလေ့ရှိသည်။ ငါ့မှာ တာဝန်ရှိတယ်ဟု ခံစားနေရလျက်ကပင် သူက လက်မှတ်ထိုးလိုက်သည်သာဖြစ်၏။
လူနာများက အစားအသောက် ပြည့်ပြည့်၀၀ မရကြောင်း၊ ဆရာမများ ဆက်ဆံပုံ မကောင်းကြောင်း တိုင်ကြားပြောဆိုသောအခါမျိုးတွင် သူ့မှာ ဘယ်လိုနေရမှန်းမသိအောင် ဖြစ်ကာ အပြစ်မကင်းဟန်ဖြင့် ညည်းတွားတတ်လေသည်။
“ဟုတ်ကဲ့ဗျာ… ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်ကြည့်ပါဦးမယ်၊ တစ်ခုခု နားလည်မှု လွဲကြတာနေမှာပါ ခင်ဗျာ”
အစတွင် ဒေါက်တာရာဂင်သည် အလုပ်ကို သဲသဲမဲမဲ ဖိ၍လုပ်သည်။ မနက်ကစ၍ ညစာစားချိန်တိုင်အောင် လူနာများကို အဆက်မပြတ် ကြည့်သည်။ ခွဲစရာရှိတာ ခွဲသည်။ ကလေးပင် မွေးပေးသည်။ မိန်းမကြီးများက ဒေါက်တာ ရာဂင်သည် လူနာအား မေးမြန်းပုံ စမ်းသပ်ပုံ အလွန်ကောင်းကြောင်း၊ ရောဂါရှာဖွေဖော်ထုတ်ရာတွင် အလွန်တော်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးရောဂါနှင့် ကလေးသူငယ် ရောဂါဘက်တွင် ထူးချွန်ကြောင်း ပြောဆိုကြသည်။ သို့သော် သည်အလုပ်တွေချည်း နေ့တဓူဝ လုပ်နေရပြီး လုပ်သမျှလည်း အကျိုးမထင်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရသောအခါ ရာဂင်မှာ အလုပ်၌ စိတ်ဝင်စားမှု သိသိသာသာ လျော့ပါး၍လာခဲ့လေသည်။
ယနေ့အဖို့ လူနာသုံးဆယ်လောက် ကြည့်လိုက်သည် ဆိုပါစို့။ နောက်တစ်နေ့ကျတော့ ကြည့်ပါဦး၊ သုံးဆယ့်ငါးယောက်။ သည့်နောက် လေးဆယ်ဖြစ်လာမည်။ သည်လိုနှင့် တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်။ ပြီးတော့လည်း မြို့၏လူအသေအပျောက်နှုန်းမှာ ကျသည်ဟူ၍ မရှိ။ လူမမာများကလည်း လာပြီးရင်း လာရင်း ဖြစ်နေသည်။ ထို့ပြင် တစ်မနက်စာအတွင်း လူနာလေးဆယ်ခန့်ကို သေသေချာချာ စစ်ဆေးကုသပေးဖို့ ဆိုသည်မှာ ဖြစ်နိုင်သောအလုပ် မဟုတ်လေရာ မလွှဲမရှောင်သာ ညာဝါးဖြီးဖြန်းရလေသည်။ ပမာအားဖြင့် သူ၏နှစ်ချုပ် အစီရင်ခံစာတွင် လူနာတစ်သောင်းနှစ်ထောင်အား စစ်ဆေးကြည့်ရှုခဲ့ကြောင်း ဖော်ပြထားသည် ဆိုပါစို့။ တကယ်လက်တွေ့၌ လူပေါင်း သောင်းနှစ်ထောင်မှာ အလိမ်အညာခံလိုက်ရခြင်းသာဖြစ်၏။
ရောဂါသည်းသော လူမမာများကို ဆေးရုံတင်ကာ ဆေးပညာအဆိုအမိန့်များအတိုင်း ကုသပေးဖို့မှာလည်း ဆရာဝန်က တတ်ကျွမ်းနားလည်သည် ထားဦးတော့၊ ဘာပစ္စည်းပစ္စယမှမရှိသည့် ဤအခြေ၌ မည်သို့မျှ မစွမ်းဆောင်နိုင်။ အကယ်၍ သူက ဤအခြေအနေတွေကို ကြည့်ကာ တရားသဘောနှင့် ဆင်ခြင်၍မနေဘဲ အခြားသောဆရာဝန်များကဲ့သို့ သမားဝါဒအတိုင်း တိတိကျကျ လုပ်မည် ဆိုဦးတော့၊ ဆေးရုံ၌ သန့်သန့်ရှင်းရှင်းရှိဖို့၊ အနံ့အသက်ဆိုးများအစား လေကောင်းလေသန့်ရရှိဖို့၊ ဂေါ်ဖီရွက်ပုပ်များနှင့် လုပ်ထားသော ဟင်းချိုအစား လတ်ဆတ်ကောင်းမွန်သော အစားအစာများ ရရှိဖို့၊ သူခိုးတစ်စုနေရာတွင် သင့်တော်သော လက်အောက်ငယ်သားများ ရရှိဖို့ စတာတွေက အရင်ဆုံး ရှိဦးမှ။
ပြီးတော့လည်း သေခြင်းတရား ဆိုသည်မှာ လူတိုင်းအတွက် တရားဝင် မူမှန်နိဂုံးဖြစ်နေမှတော့ ဘာကြောင့် လူတွေရဲ့အသက်ကို ကယ်တင်ချင်နေရမည်နည်း။ စျေးရောင်းတဲ့လူတစ်ယောက်ရဲ့ ဘဝမှာ အသက်ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ် ရှည်လာတာနဲ့ မရှည်တော့ဘဲ ရပ်ဆိုင်းသွားတာနဲ့မှာ ဘာခြားနားမှု ရှိမည်နည်း။ ပြီးတော့လည်း ဆေးပညာ၏ရည်မှန်းချက်သည် လူတို့အား ဝေဒနာ ကင်းပအောင် ဆောင်ရွက်ပေးဖို့ ဖြစ်သည်ဆိုပါစို့။ ယင်းသို့ ဝေဒနာကို ပျောက်အောင်လုပ်ခြင်းသည် မှန်၏ မမှန်၏ စဉ်းစားဖို့ လိုလာပြန်သည်။ ပထမတစ်ချက် စဉ်းစားဖို့က ဒုက္ခဆင်းရဲခြင်းဖြင့်သာ လူသည် ပြည့်ဝမှန်ကန်လာနိုင်သည်ဟု ဆိုကြသည် မဟုတ်လော။ ထို့ပြင် လူသည် ဆေးပြားများ ဆေးရည်များ အားကိုးဖြင့် ဝေဒနာကို ကင်းပစေနိုင်သည် ဆိုပါက၊ အပြားပြားသော ဘေးဒုက္ခများမှ လွတ်မြောက်ရုံသာမက ပျော်ရွှင်ချမ်းမြေ့ခြင်းကိုပါ ညွှန်ပြသည့် ဘာသာတရားနှင့် ဒဿနများကို အပိုင် စွန့်လွှတ်ကုန်ကြပေလိမ့်မည်။
ပုရှကင်းလည်း မကွယ်လွန်မီက ဒုက္ခဝေဒနာကို ခံစားခဲ့ရ၏။ ဟိန်းခမျာလည်း အကြောသေရောဂါဖြင့် အိပ်ရာထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်သာ။ ထို့ကြောင့် အကယ်၍ အန်ဒရေ ရာဂင် ဖြစ်စေ၊ ဦးဘယ်သူဘယ်ဝါ ဖြစ်စေ၊ ဘယ်သူ့ကိုဖြစ်ဖြစ်၊ နဂိုကတည်းက အနှစ်သာရမရှိခဲ့သောဘဝမှ မကျန်းမာခြင်း ဆင်းရဲခြင်းတို့ကိုပါ ဖယ်ရှားလိုက်မည်ဆိုပါက သူ့ဘဝမှာ အမီးဗား ပိုးတစ်ကောင်လို အဓိပ္ပာယ်လုံးဝကင်းမဲ့သွားတော့မည် မဟုတ်သလော။
ဤသို့သော ဆင်ခြင်မှုများအားဖြင့် ဒေါက်တာရာဂင်မှာ စိတ်ဓာတ်ကျသထက် ကျဆင်းကာ စိတ်ပျက်လက်ပျက် ပခုံးကိုသာ တွန့်လျက်နေ၏။ ဆေးရုံသို့လည်း နေ့စဉ်မှန်မှန် မသွားတော့ချေ။