အခန်း(၆)
သူ၏နေ့စဉ်အလုပ်မှာ ဤသို့ဖြစ်၏။ နံနက်ရှစ်နာရီလောက်တွင် အိပ်ရာမှ ထသည်။ အဝတ်အစား လဲပြီးလျှင် နံနက်စာစားသည်။ ထို့နောက် စာကြည့်ခန်းတွင် ထိုင်ချင်ထိုင်၊ ဒါမှမဟုတ် ဆေးရုံသို့ လျှောက်မည်။ ပြင်ပလူနာများမှာ ကျဉ်းမြောင်းမှောင်မည်းသည့် စင်္ကြံထဲတွင် သူ့ကို စောင့်မျှော်နေကြသည်။ သူနာပြုဆရာမများ၊ လူနာစောင့်များက သမံတလင်းတွင် တဂေါက်ဂေါက် တဂွပ်ဂွပ်နှင့် အပြေးအလွှား သွားနေကြသည်။ အသားအရေ ခြောက်ခန်း ပိန်ချုံးနေသော လူမမာများက ဆေးရုံအဝတ်များနှင့် ဘေးက ဖြတ်လျှောက်သွားသည်။ လူနာခန်းများထဲမှ လူသေအလောင်းများ၊ အညစ်အကြေးအိုးများကို သယ်ထုတ်လာသည်။ ကလေးများက ငိုကြသည်။ လေအေးက ဝှေ့တိုက်သည်။ စိတ်ဓာတ်ကျဆင်းဖွယ်ကောင်းသော ဤပတ်ဝန်းကျင်သည် စိတ်ထိခိုက်လွယ်သောလူနာများ၊ အထူးသဖြင့် ဖျားနာနေသူများနှင့် အဆုတ်ရောဂါသည်များအတွက် မသက်မသာဖြစ်စရာ ကောင်းလှကြောင်း ဒေါက်တာ ရာဂင် ကောင်းကောင်း သိလေသည်။ သို့သော် သူကကော ဘာတတ်နိုင်ပါမည်နည်း။
လူနာကြည့်ခန်းတွင် အလုပ်သမားခေါင်း ဆာဂျီနှင့် တွေ့သည်။ ဆာဂျီမှာ အရပ်တိုတို ဝဝဖိုင့်ဖိုင့် ဖြစ်သည်။ ပွဖောင်းသောသူ့မျက်နှာ၌ မုတ်ဆိတ်ကျင်စွယ်များ ပြောင်စင်အောင် ရိတ်ကာ ကျကျနန ပွတ်တိုက်ဆေးကြောထား၏။ သူက ခပ်ပွပွ ဝတ်စုံအသစ်ကို ဝတ်လျက် သွားပုံ လာပုံကလည်း သိမ်မွေ့ လေရာ ဆေးရုံအလုပ်သမားထက် လွှတ်တော်အမတ်နှင့်သာ ပို၍တူလေသည်။ မြို့ထဲ၌ သူ့ထံတွင် လေးလေးစားစား ဆေးဝါးကုသခံကြသူ အများအပြားရှိရာ ဆာဂျီစိတ်၌ သူ့ကိုယ်သူ အပြင်တွင် ဆေးကုသခြင်းမရှိသော ဒေါက်တာ ရာဂင်ထက် ပို၍တတ်ကျွမ်းသည်ဟု အထင်ရောက်လျက်ရှိ၏။
လူနာကြည့်ခန်း၏ထောင့်တစ်ခုတွင် ဘုရားစင်ကြီးတစ်စင် ရှိသည်။ ဘုရားစင်ရှေ့တွင် မီးအိမ်ကြီး တစ်လုံး ထွန်းညှိထားသည်။ ၎င်းအနီးတွင်ကား ဖယောင်းတိုင် စင်တစ်ခု ရှိလေသည်။ နံရံပေါ်၌ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရုပ်ပုံများ၊ ဆဗီယာတိုဂေါ့စ် ဘုန်းတော်ကြီးကျောင်းကို နောက်ခံပြု ရေးဆွဲထားသော ရှုမျှော်ခင်းပုံ ကားချပ်တစ်ခုနှင့် ဘုရားပန်းကုံးများ ချိတ်ဆွဲထား၏။ ဆာဂျီမှာ ဘာသာတရားကိုင်းရှိုင်းသူ၊ ဝတ်ပြုကိုးကွယ်မှု အစဉ်အလာများကို နှစ်ခြိုက်သူဖြစ်သည်။ ဘုရားစင်မှာ သူ့ပိုက်ဆံနှင့်သူ ဆောက်လုပ်ထားခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ရောက်တိုင်း လူနာတစ်ယောက်ကို ခေါ်ကာ ဆာလံကျမ်းကို အော်ဖတ်ခိုင်းသည်။ ထို့နောက် သူက အမွှေးတိုင်များ ထွန်းညှိထားသည့်ခွက်ကို ကိုင်ကာ လူနာဆောင်များကို လှည့်လေသည်။
လာပြသောလူနာက အလွန်များသည့်အပြင် အချိန်လည်း သိပ်မရသဖြင့် ဒေါက်တာရာဂင်မှာ လူနာများအား တတ်နိုင်သမျှ မေးခွန်းအနည်းဆုံး မေးမြန်းပြီး ကြက်ဆူဆီ သို့မဟုတ် လိမ်းဆေးတစ်ခုခု ပေးသည်။ သူက ကုလားထိုင်တွင် မေးထောက်၍ ထိုင်ကာ ငိုင်တွေ ငေးမောရင်း မေးနေကျ မေးခွန်းများကို ပါးစပ်က မေးသည်။ ဆာဂျီက သူ့အနားတွင် ရပ်ကာ လက်ဝါးများကို ပွတ်သပ်ရင်း တစ်ချက်တစ်ချက် ဝင်ဝင်ထောက်ကာ အနှောင့်အယှက်ပေး၍နေလေသည်။
“ကျွန်တော်တို့ နေထိုင်မကောင်းဖြစ်ကြတာ၊ စိတ်ဒုက္ခရောက်ကြတာတွေဟာ မဟာကရုဏာရှင် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကိုးကွယ်မှု မပြုကြလို့ပါ၊ အဓိကအကြောင်းက ဒါပါပဲ”ဟု သူက ရှင်းပြနေသည်။
ဒေါက်တာ ရာဂင် ဆေးရုံ၌ ခွဲစိတ်ကုသခြင်းမပြုလုပ်သည်မှာ ကြာပြီဖြစ်သည်။ ယခုဆိုလျှင် သူက သွေးကို မြင်ရုံနှင့်ပင် မသက်မသာဖြစ်တတ်နေချေပြီ။ ကလေးတစ်ယောက်အား လည်ချောင်း၌ ဘာဖြစ်နေသလဲ ကြည့်ရအောင် ပါးစပ် ဟခိုင်းသည့်အခါမျိုး ကလေးက အော်ဟစ်ငိုယိုကာ သူ့အား တွန်းဖယ်ပစ်ဖို့ ကြိုးစားမည် ဆိုပါစို့။ ကလေးငိုသံကြောင့် ရာဂင်မှာ မူးနောက်နောက်ဖြစ်ကာ မျက်ရည်များ ဝဲလာပြီး ဆေးစာတစ်ခု မြန်မြန်ရေးကာ ကလေးအမေအား ကလေးကို ခေါ်ယူသွားဖို့ လက်ပြလိုက်လိမ့်မည်။
လူနာစ,ကြည့်ပြီ ဆိုသည်နှင့် သူက လူနာတို့၏ရှက်ရွံ့ခြင်း၊ အပြောရ အဆိုရ ခွကျခြင်း၊ ဟန်များလွန်းသော သူ့လက်ထောက် ဆာဂျီ၏ ဝင်ရောက်ပြောဆိုလုပ်ကိုင်ခြင်းများ၊ နံရံပေါ်က ဂိုဏ်းအုပ် ဘုန်းတော်ကြီးရုပ်များနှင့် သူကိုယ်တိုင် ဤလူများအား နှစ်ပေါင်းနှစ်ဆယ်ကျော် မေးလာခဲ့သော မေးခွန်းများကို ငြီးငွေ့သောစိတ်တို့က လွှမ်းမိုးလာကာ လူနာလေးငါးယောက် ကြည့်ပြီးသည်နှင့် ကျန်လူများကို ဆာဂျီအား လွှဲခဲ့ကာ ထပြန်တော့သည်။
ထိုအချိန်မျိုး၌ မိမိမှာ ဘုရားသခင်ဂုဏ်ကျေးဇူးတော်ကြောင့် ဆေးရုံပြင်ပ ဆေးကုသော အလုပ်ကို နှစ်ပေါင်းများစွာ မလုပ်ဘဲ နေခဲ့၍ မည်သူမျှ မိမိအိမ်သို့ လာရောက်နှောင့်ယှက်လိမ့်မည်မဟုတ်ကြောင်း တွေးမိကာ ကျေနပ်ဝမ်းမြောက်မိတတ်မြဲဖြစ်၏။ အိမ်ရောက်လျှင် စာကြည့်ခန်းသို့ တန်းဝင်ကာ စားပွဲ၌ ထိုင်၍ စာဖတ်တော့၏။ သူသည် စာကို အကြီးအကျယ် ဖတ်သူ၊ ခုံခုံမင်မင် ဖတ်သူ ဖြစ်သည်။ သူ ရသမျှ ပိုက်ဆံ၏တစ်ဝက်မှာ စာအုပ်ဖိုးဖြင့် ကုန်သည်။ သူ့အခန်း ခြောက်ခန်းအနက် သုံးခန်းမှာ စာအုပ်များ မဂ္ဂဇင်းများဖြင့် ရှုပ်ထွေးပြည့်ကျပ်၍နေလေသည်။ သမိုင်းကျမ်း ဒဿနကျမ်းများကို သူ အနှစ်သက်ဆုံးဖြစ်သည်။ သို့သော် သူ့အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ဆိုင်သော စာအုပ်စာတမ်းဟူ၍ကား အပတ်စဉ် မှန်မှန်ယူသည့် သမားတော်စာစောင်တစ်ခုသာ ရှိ၏။ ထိုစာစောင်ကိုလည်း နောက်ဆုံးစာမျက်နှာမှသာ စ၍ဖတ်လေ့ရှိသည်။
သူက စာကို နာရီပေါင်းများစွာ ကြာအောင် အရပ်အနားမရှိ ဖတ်သည်။ ထိုသို့ ဖတ်သော်လည်း သူ့မှာ ပင်ပန်းနွမ်းနယ်ဟန်မရှိချေ။ သူ စာဖတ်ပုံမှာ ယခင် အိုင်ဗင်ဂရိုမော့ဗ်လို စာကို အရွေးအချယ် မရှိ၊ တရကြမ်း ဖတ်ပုံဖတ်နည်းမျိုး မဟုတ်။ ဖြည်းဖြည်းချင်း စနစ်တကျ ဖတ်သည်။ မကြိုက်သော စာပိုဒ်များ၊ မရှင်းလင်းသော စာပိုဒ်များကို နှစ်ခေါက်သုံးခေါက် ပြန်ဖတ်သည်။ သူဖတ်နေသော စာအုပ်အနီး၌ ဗော့ဒကာ အရက်ပုလင်းတစ်လုံး အမြဲရှိတတ်သည်။ အရက်ပုလင်းအနီးတွင် သခွားသီး ဆားစိမ် သို့မဟုတ် အခြားသစ်သီး ဆားစိမ် တစ်ခုခု ရှိတတ်၏။ သခွားသီးကို ပန်းကန်ပြားနှင့် မထည့်ဘဲ သက္ကလပ် စားပွဲခင်းပေါ်၌ သည်အတိုင်း တင်ထား၏။ နာရီဝက်တစ်ခါလောက် မျက်စိကို စာအုပ်က မခွာဘဲ ဗော့ဒကာ တစ်ဖန်ခွက် ငှဲ့ကာ မော့ချသည်။ ပြီးလျှင် သခွားသီးကို လှမ်းဆွဲကာ တစ်ကိုက် ကိုက်သည်။
သုံးနာရီလောက်ရှိလျှင် သူက မီးဖိုချောင်ဘက်သို့ သတိဝီရိယနှင့် သွားကာ ချောင်းတစ်ချက်နှစ်ချက်ဟန့်ပြီးနောက် “ဒါရီယာရေ၊ ကျွန်တော့်အတွက် စားစရာတစ်ခုခု လုပ်ပေးနိုင်မလားဗျာ”ဟု ပြောမည်။ စားချင့်စဖွယ်မရှိ၊ အရသာလည်း မရှိသော အစာများကို စားပြီးနောက် ဆရာဝန်က လက်ကို ပိုက်ပြီး အခန်းများထဲ ခေါက်တုံ့ ခေါက်ပြန် လျှောက်ကာ အတွေးနယ်ထဲတွင် နှစ်မျောနေမည်။ နာရီက လေးချက်တီးမည်။ ထို့နောက် ငါးချက်တီးမည်။ သူက ခေါက်တုံ့ခေါက်ပြန် လျှောက်ဆဲ၊ တွေးတောဆဲ။ မကြာခဏပင် မီးဖိုချောင်တံခါးက တကျွီကျွီ အသံပေးကာ ပွင့်လာပြီး ဒါရီယာ၏ နီမြန်းငိုက်မျဉ်းသောမျက်နှာက တံခါးဝ၌ ပေါ်လာကာ ရာဂင်အား မေးတတ်သည်။
“ဆရာ၊ ဘီယာသောက်ချိန် ရောက်ပြီထင်တယ်”
“ဪ..နေပါဦး၊ နေဦးနော်၊ ကျေးဇူးတင်ပါတယ်၊ ခဏနေဦးမယ်နော်၊ ခဏလေး”
ညနေစောင်းလာသောအခါ စာတိုက်ဗိုလ် ရောက်လာသည်။ ဆရာဝန်အဖို့ ဤမြို့သားများထဲမှ စာတိုက်ဗိုလ် မစ်ခေးလ် အေဗာရီယန်နစ်ချ် တစ်ယောက်ကိုသာ စိတ်မပျက်လက်မပျက် ပေါင်းသင်း၍ရ၏။ မစ်ခေးလ်မှာ တစ်ချိန်က အလွန်ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်ကြီးတစ်ဦးဖြစ်၍ မြင်းတပ်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့ဖူး၏။ နောက်တွင်မှ စီးပွားဥစ္စာပျက်စီးကာ အသက်အရွယ်ကြီးရင့်သည့် ဤအချိန်တွင် စာတိုက်ဗိုလ်အလုပ်ကို မလုပ်မဖြစ်၍ လုပ်နေရလေသည်။ သူ့ကိုကြည့်ရသည်မှာ ကျန်းမာရွှင်လန်း၍ အားတက်သရောအမူအရာမျိုး ရှိ၏။ ဖြူရော်စ ပြုနေသော သူ့နားသယ်မွေးများ၊ သူ့ဟန်ပန်အမူအရာနှင့် ကြည်လင်ပြတ်သားကာ ဟိန်းနေသောအသံတို့ကြောင့် ကျန်းမာကြံ့ခိုင်၍ ခံ့ညားသော ရုပ်လက္ခဏာ ရှိ၏။ သူ့မှာ သူတစ်ထူးကို ကြင်နာသနားတတ်သလောက် စိတ်ကျတော့ အတော်တို၏။ စာတိုက်တွင် တစ်ယောက်ယောက်က သူ့ကို အငြင်းအခုံပြုလျှင်ဖြစ်စေ၊ တစ်ခုခု တကယ်သိလို၍ မေးသည်ဖြစ်စေ၊ သူက မုန်လာဥနီကဲ့သို့ မျက်နှာကြီး နီရဲလာကာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက် မိုးခြိမ်းသံလို ကျယ်လောင်သော အသံကြီးဖြင့် ‘တိတ်စမ်း’ဟု အော်လေ့ရှိ၏။ သို့နှင့်ပင် စာပို့တိုက်မှာ ကြောက်စရာကောင်းသော ဌာနတစ်ခုဟူသော ဝိသေသကို ရလျက်ရှိလေသည်။
မစ်ခေးလ် အေဗာရီယန်နစ်ချ်သည် ဒေါက်တာရာဂင်အား ယဉ်ကျေးဖွယ်ရာရှိသူ၊ မြင့်မြတ်သော စိတ်ထားရှိသူတစ်ယောက်အနေနှင့် လေးစားခင်မင်လျက်ရှိ၏။ အခြားသော မြို့သူမြို့သားများကိုကား အောက်တန်းစားများ၊ မတူမတန်သူများဟု သူ သဘောထားပေသည်။
“ကျုပ်တော့ ရောက်လာပြန်ပြီဗျို့”
သူက အခန်းထဲသို့ ဝင်လာရင်းက လှမ်းပြောလိုက်သည်။
“ဘယ်လိုလဲ ကိုယ့်လူရ၊ ခုလောက်ရှိတော့ ခင်ဗျားလဲ ကျုပ်ကိုမြင်ရတာ ငြီးငွေ့လှရောပေါ့”
“ဟာ..မဟုတ်တာ၊ ကျုပ်က ဝမ်းသာပါတယ်ဗျ။ ခင်ဗျားကို တွေ့လိုက်ရရင် ကျုပ်စိတ်ထဲ ပျော်သွားတာပဲ”
ဆရာဝန်က ပြန်ပြောသည်။
ထို့နောက် မိတ်ဆွေနှစ်ယောက် စာကြည့်ခန်းထဲသို့ ဝင်သွားပြီး ဆိုဖာပေါ်တွင် ထိုင်ကာ အတန်ကြာမျှ စကားမပြောဘဲ ဆေးလိပ်ကိုသာ ဖွာ၍နေကြသည်။
“ဒါရီယာရေ၊ ကျုပ်တို့အတွက် ဘီယာနည်းနည်းလောက် ရမလားဗျာ”
ဆရာဝန်က မေးသည်။
ပထမ တစ်ပုလင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပင် ကုန်၍သွား၏။ ဆရာဝန်မှာ အတွေးနက်နေဟန် ရှိပြီး စာတိုက်ဗိုလ်ကမူ အလွန်စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတစ်ခုကို ပြောတော့မည်ကဲ့သို့ ရွှင်လန်း တက်ကြွ၍နေ၏။ သို့သော်လည်း တကယ် စကားဝိုင်း စပြီ ဆိုသောအခါ၌မူ ဆရာဝန်ကသာ စ ပြောမြဲဖြစ်၏။
“တကယ့်ကို ရှက်စရာပါဗျာ”
သူက ခေါင်းကို ယမ်းကာ အဖော်ဖြစ်သူ၏မျက်နှာကို မကြည့်ဘဲ ဖြည်းဖြည်းခြင်း ပြောလေသည်။ (သူက သူတစ်ပါးကို ဘယ်ခါမှ မျက်စိတည့်တည့် စိုက်ကြည့်လေ့မရှိပေ။)
“ဒီမြို့ မှာ အသိဉာဏ်ရှိရှိ အာဝဇ္ဇန်းကောင်းကောင်းနဲ့ စကားစမြည် ပြောတတ်တဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာတော့ တကယ်ရှက်စရာကောင်းတယ်ဗျာ၊ သိပ်ကို စိတ်ဓာတ်ကျစရာကောင်းတယ်ဗျ။ ပညာတတ် ဆိုတဲ့လူတွေ ကိုယ်တိုင်ကလဲ အသေးအဖွဲကိစ္စက လွဲပြီး ဘာမှမပြောတတ်ကြဘူး၊ ကျွန်တော်ပြောရဲတယ်ဗျာ၊ ဒီလူတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဟာ လက်လုပ်လက်စားသမားတွေနဲ့ ဘာမှ မခြားဘူးဗျ”
“သိပ်မှန်တာပေါ့ဗျာ၊ ကျွန်တော် လုံးဝလက်ခံတယ်”
ဆရာဝန်က တွေးတွေးဆဆ ပြောနေပြန်သည်။
“ဒီကမ္ဘာလောကမှာ လူသားရဲ့ ထိုးထွင်းတီထွင်သိမြင်မှုများလောက် စိတ်ဝင်စားစရာကောင်းတာ အရေးကြီးတာ မရှိဘူးဗျ၊ ဒါ ခင်ဗျားလဲ ဒီအတိုင်းခံစားရမှာပဲ၊ ဒီအသိဉာဏ် အမြော်အမြင်ဆိုတာကပဲ လူသားနဲ့ သားရဲတိရစ္ဆာန်တွေကြားမှာ ပြတ်သားတဲ့စည်းကြောင်း ခြားပေးလိုက်တာပဲ မဟုတ်လား။ ကောင်းကင်ဘုံနဲ့ နှီးနွယ်ဆက်စပ်တဲ့ အနှစ်သာရအကြောင်းတရားဟာလဲ ဒီအသိဉာဏ်ရှိမှုအပေါ်မှာပဲ မူတည်တယ်၊ တစ်နည်းအားဖြင့်ပြောရရင်လဲ အသိဉာဏ်ဆိုတာဟာ လူသားအနေနဲ့ မရရှိနိုင်တဲ့ မသေခြင်းတရားအစား ရရှိလာတာ ဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့်မို့ အသိဉာဏ်ပညာသာလျှင် ကျွန်တော်တို့အတွက် ပျော်ရွှင်ချမ်းမြေ့ခြင်းကို ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေတယ်၊ ဒါပေမဲ့ ခင်ဗျားရော ကျုပ်ရောဟာ ကျုပ်တို့ပတ်ဝန်းကျင်မှာ အသိဉာဏ်ပညာရှိခြင်းရဲ့ လက္ခဏာတစ်စုံတစ်ရာကိုမှ မတွေ့ကြရဘူး၊ တစ်နည်းဆိုရရင် ကျုပ်တို့ဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝအတွက် အခြေခံလိုအပ်ချက်တွေနဲ့ ကင်းဝေနေတယ်လို့ ဆိုရမယ်၊ ကျုပ်တို့မှာ စာအုပ်တွေ ရှိတာ မှန်တယ်၊ ဒါပေမဲ့ စာအုပ်ဟာ တက်တက်ကြွကြွ ဝေဖန်ဆွေးနွေးခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းများနေရာမှာ အစားမဝင်နိုင်ဘူး။ ခပ်လွယ်လွယ် ဥပမာတစ်ခု ပေးရရင် စာအုပ်ဆိုတာ ဂီတသင်္ကေတနဲ့ တူတယ်၊ ဝေဖန်ဆွေးနွေးခြင်းကတော့ တကယ့်တေးသံကို တီးမှုတ် သီကျူးလိုက်တာနဲ့ တူတယ်ဗျာ”
“မှန်တာပေါ့ဗျာ၊ သိပ်မှန်တာပေါ့”
ထို့နောက် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဒါရီယာက မီးဖိုချောင်ထဲက ပေါ်လာပြီး တံခါးဝတွင် မေးထောက်ကာ နားထောင်နေသည်။ သူ့မျက်နှာက ဘာအတွက်မှန်းမသိ ရှုံ့မဲ့မဲ့ဖြစ်နေ၏။
“အင်း ဒီခေတ်လူတွေဆီကတော့ အသိဉာဏ်ပညာကို မျှော်လင့်လို့ မရတော့ပါဘူးဗျာ”
စာတိုက်ဗိုလ်ကြီးက ညည်းတွားလိုက်သည်။
ပြီးလျှင် အလွန်ပျော်ရွှင်စရာ စိတ်ဝင်စားစရာကောင်း၍ ကြီးကျယ်ခမ်းနားလှသော ဟိုယခင်ခေတ်ဆီက ရုရှားပညာတတ်များ ဂုဏ်သရေကို အလေးထားကြပုံ၊ မိတ်ဆွေသင်္ဂဟကို လေးစားတတ်ပုံများအကြောင်း ဆက်ပြောသည်။ ထိုအခါများက ဆိုလျှင် ပိုက်ဆံချေးရင်အတွက် အကြွေးလက်မှတ် ရေးစရာမလိုသည့်အကြောင်း၊ အခက်အခဲတွေ့ နေသော မိတ်ဆွေတစ်ယောက်အား အကူအညီမပေးရလျှင် ရှက်စရာကောင်းသည်ဟု ယူဆသည့်အကြောင်း။ ထို့နောက် ထိုခေတ်က စစ်ပွဲကြီးများ၊ ရင်ဆိုင် တိုက်ပွဲများ၊ စွန့်စားခန်းများ၊ အပေါင်းအသင်းများ၊ မိန်းမများအကြောင်း၊ ပြီးတော့ အလွန်မတန် အံ့ဖွယ်သရဲဖြစ်သော ကော့ကေးဆပ်ဒေသက အကြောင်းများ။
တပ်ရင်းမှူးတစ်ယောက်၏ဇနီးအကြောင်းမှာ အတော်ထူးဆန်း၏။ ထိုမိန်းမသည် အရာရှိဝတ်စုံကို ဝတ်ကာ နေဝင်ရီတရောအချိန်၌ တောင်တန်းများဆီသို့ အဖော်မပါဘဲ တစ်ယောက်တည်း မြင်းစီးထွက်တတ်သည်။ သူမသည် တောင်ပေါ်ရွာကလေး တစ်ရွာမှ မင်းသားလေးတစ်ပါးနှင့် ချစ်ဇာတ်လမ်း ခင်းနေသည် ဆို၏။
“အင်း တကယ့်မိန်းမပဲ”ဟု ဒါရီယာက ဝင်ထောက်လေသည်။
“ခင်ဗျား ကျုပ်တို့ စားပုံသောက်ပုံတွေ မြင်စေ့ချင်တယ်၊ တကယ့်ကို ဗုံးပေါလအော အလျှံပယ်ပဲဗျ”
ဆရာဝန်က သူပြောသည်ကို နားထောင်၍နေသည် မှန်သော်လည်း သူ့စကားများကို မှတ်သားနေသည်ကား မဟုတ်။ သူက ဘီယာကို ဖြည်းဖြည်းချင်းစုပ်ကာ တစ်စုံတစ်ရာကို စဉ်းစားတွေးတော၍နေ၏။
“ကျွန်တော်တော့ ပညာတတ်တစ်စုနဲ့ အကြာကြီး ထိုင်ပြီး စကားပြောရဖို့ မကြာခဏ တမ်းတမိတယ်ဗျာ”
သူက စာတိုက်ဗိုလ်ကြီးစကားကို ရုတ်တရက် ကြားက ဖြတ်၍ ပြောလိုက်သည်။
“ကျွန်တော့်အဖေက ကျွန်တော့်ကို ပညာကောင်းကောင်း တတ်စေချင်တယ်၊ ဒါပေမဲ့ သူ့မှာ ၁၈၆ဝ ခုနှစ် အတွေးအခေါ်တွေ လွှမ်းမိုးနေတော့ ကျွန်တော့်ကို ဆရာဝန်ဖြစ်အောင်လုပ်ဖို့ပဲ အတင်းအကျပ် ခိုင်းခဲ့တယ်၊ တစ်ခါတစ်ခါတော့လဲ ငါသာ အဖေ့စကား နားမထောင်ဘဲ နေခဲ့မိရင် ငါဟာ အသိပညာဆိုင်ရာလှုပ်ရှားမှုကြီးတစ်ခုမှာ အဓိကကျတဲ့ နေရာက ပါဝင်နေမှာပဲလို့လဲ တွေးမိတယ်။ ကျုပ်ဟာ တက္ကသိုလ်ပညာဌာနတစ်ခုခုမှာ ဆရာတစ်ယောက်ဖြစ်နေဖို့အကြောင်းရှိတယ်၊ အသိပညာဆိုတာလဲ အရာရာတိုင်းလိုပဲ သင်္ခါရသာဖြစ်တယ်၊ ထာဝရမတည်ပါဘူး။ ဒါပေမဲ့ အသိပညာကို ကျုပ် ဘာကြောင့် ဒီလောက်တပ်မက်နေရသလဲ ခင်ဗျား သိပြီးသားပါ၊ လူ့ဘဝဆိုတာ ဘယ်လိုမှ ရုန်းကန်ကျော်လွှားမသွားနိုင်တဲ့ ထောင်ချောက်တစ်ခုပဲဗျ၊ အသိဉာဏ်ရှိပြီး စဉ်းစားတတ်တဲ့ လူတစ်ယောက်ဟာ အရွယ်ရောက်လာပြီး ဆင်ခြင်ပိုင်းခြားတတ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ငါဟာ ထွက်ပေါက်မရှိတဲ့ ထောင်ချောက်တစ်ခုထဲကို ရောက်နေပါကလားဆိုတာ ခံစားလာရစမြဲပဲ။ စဉ်းစားကြည့်ဗျာ၊ ကိုယ့်ကို တိုင်ပင်ခြင်းမရှိဘဲ မတော်တဆ သဘောမျိုးနဲ့ သူဟာ မရှိတဲ့ဘဝကနေ လူ့ဘဝကို ရောက်လာတယ်၊ ဘာအတွက် ရောက်လာရသလဲတဲ့။ ကောင်းပြီ၊ ငါ ဘာအတွက် ဖြစ်ပေါ်လာရသလဲ၊ ဘာအတွက် တည်ရှိနေရသလဲ။ ဒီလိုမေးလာတဲ့အခါ လုံးဝ အဖြေမရဘဲ ရှိချင်ရှိမယ်၊ ဒါမှမဟုတ် အဓိပ္ပာယ်မရှိတဲ့ မရေရာတဲ့အတွေးအမျိုးမျိုး ရလိမ့်မယ်၊ ဘယ်လိုမှ ပွင့်မလာတဲ့တံခါးတွေကိုပဲ သူဟာ ထပ်တလဲလဲ ခေါက်နေရတယ်၊ ဒီလို သူ့သဘော သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ပဲ သေခြင်းတရားဆိုတာ ရောက်လာပြန်တယ်။ အကျဉ်းထောင်ထဲမှာ ကျရောက်နေတဲ့ အကျဉ်းသားတွေဟာ အတူတူ စုဝေးကြတဲ့အခါ ဒုက္ခဆင်းရဲ နည်းနည်းသက်သာတယ် ထင်သလိုပဲ၊ စဉ်းစားတတ် တွေးတောကြံဆတတ်တဲ့လူတွေဟာလဲ သူတို့ရဲ့ ကြီးကျယ်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ်အယူအဆတွေကို အချင်းချင်းဖလှယ်ပြီး ဝေဖန်ဆွေးနွေးရမှသာလျှင် စိတ်ထဲမှာ မချင့်မရဲဖြစ်နေတာတွေ ပြေပျောက်နိုင်တယ်၊ ဒီသဘောနဲ့ ဆင်ခြင်ခြင်းအားဖြင့် အသိဉာဏ်ပညာသည်သာ စိတ်ချမ်းသာပျော်ရွှင်ရေးအတွက် အစားထိုးမရနိုင်သော အရင်းခံပစ္စည်းဖြစ်တယ်လို့ သိနိုင်တယ်”
“သိပ်မှန်တယ်ဗျာ”
ဆရာဝန်က သူ့မိတ်ဆွေ၏မျက်နှာကို မကြည့်ဘဲ ပညာတတ်များအကြောင်း၊ သူတို့၏ ဆွေးနွေးပွဲများကြောင်းကိုသာ တစ်ချက်တစ်ချက် နားကာ လေသံမှန်မှန်နှင့် ပြော၍နေသည်။ စာတိုက်ဗိုလ်ကမူ သူ ပြောသည်ကို ဂရုတစိုက် နားထောင်ကာ အချက်ကျတိုင်း“မှန်တာပေါ့ဗျာ၊ မှန်တာပေါ့ဗျာ”ဟူ၍ ထောက်ခံလျက် ရှိလေသည်။
“ဒါဖြင့် ခင်ဗျားက နာမ်ဝိညာဉ်ရဲ့ ထာဝရတည်မြဲခြင်းကို မယုံကြည်ဘူးပေါ့”
စာတိုက်ဗိုလ်က ရုတ်တရက် ကောက်မေးလိုက်သည်။
“ဟင့်အင်း မယုံဘူး မစ်ခေးလ်၊ ယုံကြည်လောက်စရာ အထောက်အထားအချက်အလက်လဲ မတွေ့ဘူးဗျ”
“ကျုပ်လဲ ဒီကိစ္စနဲ့ပတ်သက်လို့ အများကြီး သံသယရှိနေတာပါပဲ၊ ဒါပေမဲ့လဲ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ဘယ်တော့မှ သေမှာမဟုတ်ဘူးဆိုတဲ့ အစွဲကလေးတစ်ခုက ကပ်နေတယ်၊ တစ်ခါတစ်ခါ ကျွန်တော့်ကိုယ်ကျွန်တော် ပြောမိတယ်၊ ‘ဟေ့ကောင်ကြီး မင်းသေဖို့ အချိန်တန်ပြီ’လို့၊ ဒါပေမဲ့ ကိုယ်ထဲက အသံတိုးတိုးလေးတစ်ခုက အမြဲဝင်ဝင်ပြောတယ်၊ ‘မယုံနဲ့ဗျ၊ ခင်ဗျား သေမှာ မဟုတ်ဘူး’ တဲ့”
ကိုးနာရီသာသာခန့် ရှိသောအခါ စာတိုက်ဗိုလ်က ပြန်ဖို့ ထသည်။ သူက ကုတ်အင်္ကျီကို ဝတ်ရင်း
“အင်း၊ ကံကြမ္မာပဲပေါ့ဗျာ၊ ဒီလောက်ဆိုးတဲ့အရပ်မှာ လူလာဖြစ်ရတာ၊ ပိုဆိုးတာက သေတော့လဲ ဒီအရပ်မှာပဲ သေရဦးမှာဗျ”