လူနာဆောင် အမှတ်(၆)

အခန်း(၇)

မိတ်ဆွေဖြစ်သူအား အပြင်သို့ လိုက်ပို့ပြီးနောက် ဆရာဝန်သည် စားပွဲ၌ ထိုင်ကာ စာဆက်ဖတ်လေသည်။ ညနေစောင်းအချိန်သည် တစ်ခုတလေသောအသံဗလံ၏ နှောင့်ယှက်ခြင်းကိုမျှ မခံရဘဲ ပကတိတိတ်ဆိတ်ခြင်းဖြင့်ပင် တဖြည်းဖြည်း ညသို့ တိုင်ခဲ့ရာ အချိန်ကာလကိုယ်တိုင်သည်ပင်လျှင် ဆရာဝန်နှင့် သူ့စာအုပ်တို့အပေါ်၌ မလှုပ်မယှက် ရပ်နား တွဲခိုနေဟန်ရှိကာ စာအုပ်၊ မီးအိမ်နှင့် အစိမ်းရောင် ဖန်မီးအုပ်တို့မှတစ်ပါး မည်သည့်အရာမျှ မရှိတော့ဟု ထင်ရဘိ၏။ ဆရာဝန်ကြီး၏ မပြေပြစ် မချောမွေ့သောမျက်နှာမှာ လူအသိဉာဏ်ပညာ၏ ဖန်တီး စွမ်းဆောင်ချက်များကို လေးစားမြတ်နိုးခြင်းဖြင့် တဖြည်းဖြည်း ပြုံးရိပ်သန်းကာ ကြည်လင်တောက်ပ၍လာ၏။

“ဘာလို့များ လူသားဟာ ထာဝရတည်တံ့နိုင်ခြင်းမရှိရပါလိမ့်” ဟူ၍ သူက တွေးမိ၏။

ဦးနှောက်ထဲက ဗဟိုချက်မတွေ၊ အဖုတွေ အထုံးတွေသည် ဘယ့်အတွက် ရှိနေရသနည်း။ အမြင်အာရုံရှိခြင်း၊ စကားပြောတတ်ခြင်း၊ သိမြင် မှတ်သားခြင်းများနှင့် ထူးကဲသော ဉာဏ်ပါရမီရှိခြင်း ကဲ့သို့သော ဂုဏ်အခြင်းအရာတို့သည် ပြာဘဝ မြူမှုန်ဘဝတွင် နိဂုံးချုပ်ကာ ကမ္ဘာ့မြေလွှာထဲတွင် ရောပေါင်း ပျောက်ကွယ်သွားမည်။ ထို့နောက် ထိုကမ္ဘာဂြိုဟ်နှင့်အတူ နှစ်ပေါင်း သန်းချီကာ နေကို အဓိပ္ပာယ်မရှိ လှည့်ပတ်၍သာ နေရမည်ဆိုပါက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ ဘုရားသခင်နီးပါး အသိဉာဏ်ကြီးမားသော မြင့်မြတ်သောလူသားတစ်ဦးကို မရှိခြင်းနယ်ပယ်မှ ဆွဲထုတ်ယူလာခဲ့ပြီးသည့်နောက်တွင်မှ မြေကြီးဘဝသို့ တစ်ဖန် ပြန်ရောက်စေရမည်ဆိုပါက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။ တစ်စုံတစ်ယောက်သောသူက အပျော်သဘောထားပြီး ကစားသွားသည်နှင့် တူမနေပြီလော။

ဘာတဲ့၊ ဒါသည် အခြေခံ ဒြပ်ဝတ္ထုတို့၏ အသွင်ပြောင်းလဲခြင်းပဲတဲ့လား။ ဟုတ်ကောင်းဟုတ်မည်ပ။ သို့သော် ဒါသည် ကျွန်ုပ်တို့အတွက် ထာဝရရှင်သန်ခြင်းနေရာ၌ အစားထိုးပေးလိုက်သောအရာဖြစ်သည်ဟု ကျွန်ုပ်တို့ကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ပေးနေကြမည်ဆိုပါက အကြီးအကျယ် သွေးကြောင်ရာကျလိမ့်မည် မဟုတ်ပါလော။ သဘာဝတွင် ဖြစ်ပျက်နေကြသော အတွေးမပါ၊ စိတ်ကူးမပါသော အလိုအလျောက် ဖြစ်ပျက်ပြုပြင်နေမှုများသည် လူ၏ အယုတ်ဆုံး အပြုအမူများထက်ပင် နိမ့်ကျသေးသည်။ အကြောင်းကား သဘာဝ အဖြစ်အပျက်တို့သည် ဘာစိတ်ကူးစိတ်သန်းမှမပါ၊ အလိုအလျောက် ဖြစ်နေကြခြင်းဖြစ်၍ လူ့အပြုအမူများမှာကား ယုတ်မာမှုပင် ဖြစ်စေဦးတော့ ယုတ်မာသော စိတ်ကူးနှင့် အလိုဆန္ဒများ ပါရှိနေရသည်။

မိမိဂုဏ်သရေကို မိမိလေးစားသည့်စိတ် လုံးဝ ပျက်စီးသွားလောက်အောင် သေခြင်းတရားကို အလွန်အကျွံ ကြောက်ရွံ့နေသော သူမျိုးသာလျှင် မိမိ၏ခန္ဓာကိုယ်သည် မြက်တစ်ပင်အသွင်ဖြစ်စေ၊ ဖားတစ်ကောင်အသွင် ဖြစ်စေ တစ်ခုခုသော အသွင်ဖြင့် ဆက်လက် တည်တံ့သွားလိမ့်မည်ဟူသော အတွေးမျိုး၌ နှစ်သိမ့် ကြည်နူးနိုင်လိမ့်မည်။ ရုပ်ဝတ္ထုတို့၏ အသွင်ပြောင်းလဲသွားခြင်း၌ ထာဝရတည်တံ့မှုကို တွေ့ ရဖို့ ဆိုသည်မှာကား တယောကျိုးသွားပြီးသည့်နောက်၌ပင် တယောအိတ်၏အနာဂတ်သည် တောက်ပြောင်နေလိမ့်ဦးမည်ဆိုသော အထင်အမြင်မျိုးကဲ့သို့ ရယ်စရာကောင်းလွန်းလှတော့၏။

နာရီသံ တစ်ချက်ထွက်လာတိုင်း ဆရာဝန်က နောက်ကျောမှီကာ မျက်စိကိုစုံမှိတ်ရင်း ခဏမျှ ရပ်တံ့ တွေးတောလေ့ရှိ၏။ ထို့နောက် စာအုပ်ထဲက ထွက်လာသည့် အတွေးအမြင်တစ်ခုခုအားဖြင့် သူက သူ၏အတိတ်ဘဝနှင့် နောင် အနာဂတ်ကို မှန်းဆကာ အကဲဖြတ်လေ့ရှိသည်။ အတိတ်ဘဝကား စိတ်ပျက်အားလျော့ဖွယ်ကောင်းလှသည်။ ပြန်လည်တွေးတောဖို့ပင် မကောင်း။ ယခုလက်ရှိဘဝမှာလည်း ၎င်းအတိုင်းပင် ဖြစ်လေသည်။ သူ့အတွေးများက အေးခဲနေသော ကမ္ဘာ့အပေါ်ယံမြေလွှာနှင့်အတူ နေကိုလှည့်ပတ်သွားနေသော်လည်း သူ့အနားလေးတွင် ကပ်နေသည့် ဆေးရုံအဆောက်အအုံကြီးထဲ၌ လူမမာများမှာ ကြောက်မက်ဖွယ် ဆိုးရွားလှသော အနံ့အသက်များကြား၌ နွမ်းလျကြေပြုန်း၍ နေရကြောင်း သူ သိနေ၏။

အလှေးအမွားတို့ နှိပ်စက်သဖြင့် အချို့လူနာများ အိပ်ပျော်ကြမည်မဟုတ်။ အချို့မှာ အနာမီးအနာလျှံများဖြစ်နေ၏။ အချို့ကား တင်းလွန်းသောပတ်တီးများကြောင့် နာကျင်ကာ ညည်းညူ၍နေ၏။ အချို့လူနာများမူကား သူနာပြုဆရာမများနှင့်အတူ ဝိုင်းဖွဲ့ကာ အရက်သောက်လိုက်၊ ဖဲရိုက်လိုက် လုပ်နေကြဖွယ်ရှိ၏။ နှစ်စဉ် သောင်းနှစ်ထောင်မျှရှိသော လူတို့ လိမ်လည်လှည့်ဖြား ခံရလျက်ရှိသည်။ ဆေးရုံလုပ်ငန်းတစ်ခုလုံးမှာ ယခင် အနှစ်နှစ်ဆယ်ကကဲ့သို့ပင် ခိုးဝှက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အကောက်ကြံခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းကိုသာ ကြည့်ခြင်း၊ ညာဝါး ဖြီးဖြန်း ကုသခြင်းတို့အပေါ် ၌ အခြေခံ၍ နေပေသည်။ ဆေးရုံမှာ ယခင်ကကဲ့သို့ပင် စာရိတ္တပျက်ပြားသောဌာနတစ်ခုဖြစ်လျက် လူထုကျန်းမာရေးအတွက် အလွန်အန္တ ရာယ်များသော အခြေအနေ၌ပင် ရှိနေ၏။ ထို့ပြင် လူနာဆောင် အမှတ်ခြောက်၏ သံတိုင်များ နောက်ကွယ်၌ နီကီတာက လူနာများကို ရိုက်နှက်လျက်ရှိကြောင်း၊ မိုးဇက်သည်လည်း နေ့စဉ်နှင့်အမျှ အရပ်ထဲလည်ကာ တောင်းရမ်းလျက်ရှိကြောင်း သူ သိနေပေသည်။

တစ်ဖက်တွင်လည်း ဆေးပညာသည် လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်ကနှင့် မနှိုင်းယှဉ်သာအောင် ပြောင်းလဲ တိုးတက်ခဲ့ကြောင်း သူ သိရ၏။ သူ ဆေးကျောင်းတက်နေစဉ်ကမူ တစ်နေ့သောအခါ၌ ဆေးပညာသည် အဂ္ဂိရတ်ပညာ၊ တက္ကိကဗေဒပညာများကဲ့သို့ ခေတ်ကုန်၍ သွားလိမ့်မည်ဟု အထင်ရှိခဲ့ဖူး၏။ သို့သော်လည်း ယနေ့ခေတ် ဆေးပညာအကြောင်း ညဘက်တွင် သူဖတ်ကြည့်မိသောအခါ၌ ဆေးသိပ္ပံပညာရပ်သည် သူ့အား အံ့ဩတုန်လှုပ်သွားစေ ကြောင်း၊ လှုပ်ရှားတက်ကြွသွားစေကြောင်း တွေ့ရှိရလေသည်။ ဘယ်လိုမှ မမျှော်လင့်ဘဲ အောင်ပွဲတွေ ဆင်နိုင်ခဲ့ပါကလား၊ တကယ့်ကို တော်လှန် ပြောင်းလဲတိုးတက်လာခဲ့ပါကလား။ ခေတ်သစ် ပိုးမွှားသန့်စင်ရေးနည်းစနစ်များသည် မည်မျှ ကျေးဇူးတင်စရာကောင်းလိုက်ပါသနည်း။

ဆရာကြီးပီရိုဂေါ့ဗ်ကိုယ်တိုင်က မည်သို့မျှ မဖြစ်နိုင်၊ စိတ်ကူးလို့ပင် မရနိုင်ဟု ဆိုခဲ့သော ခွဲစိတ်ကုသမှုမျိုးတွေကိုပင် ယခု လုပ်ကိုင်နေကြပြီ။ ရိုးရိုး တောရွာဆရာဝန်များသည်ပင် ဒူးဆစ်ဖြုတ်တာလောက်တော့ လုပ်နိုင်နေကြပြီ။ ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှုများ ပြုလုပ်ရာ၌လည်း အသေအပျောက်နှုန်းမှာ တစ်ရာ တစ်ယောက်လောက်သာ ရှိတော့ပြီ။ သည်းခြေအိတ် ကျောက်တည်ခြင်းလို အကြောင်းအရာမျိုးမှာ ဆေးပညာဂျာနယ်များနှင့် မတန်လောက်အောင် အသေးအမွှားဖြစ်သွားပြီ။ ဆစ်ဖလစ်ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ပြီ။

ပြီးတော့လည်း အိပ်မွေ့ ချခြင်းအကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာသီဝရီများ၊ ပါစတာနှင့် ကော့တို့၏ ရှာဖွေတွေ့ရှိချက်များ၊ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ စာရင်းအင်း ပြုစုခြင်းများ၊ ပြီးတော့ ကျွန်ုပ်တို့ ရုရှားကျေးလက် ဆေးဝါးကုသရေးလုပ်ငန်းများ။ ထို့အပြင်လည်း ခေတ်သစ် စိတ်ရောဂါကုပညာရပ်တွင် စိတ်ရောဂါအမျိုးမျိုးတို့ ခွဲခြားသတ်မှတ်ပုံ၊ ရောဂါဖော်ထုတ်ပုံ၊ ကုသပုံများမှာ ယခင်က ရှိခဲ့သော အသိပညာစုကလေးပေါ်၌ အယ်လဘိုရပ်တောင်ကြီးတစ်တောင်လုံး ပုံလိုက်သကဲ့သို့ပင် စိတ်ရောဂါသည်များကို ယခင်ကကဲ့သို့ ရေခဲရေ၌ စိမ်ထားရန် မလိုတော့။ လူဆန်ဆန် ကုသနိုင်ပြီ ဖြစ်သည်။ သူတို့အတွက် ကပွဲများနှင့် အခြား ပျော်ပွဲရွှင်ပွဲများပင် ဖန်တီးပေးလာပြီဖြစ်ကြောင်း သတင်းစာများတွင် ဒေါက်တာရာဂင် ဖတ်ရှုရသည်။

ခေတ်သစ် ဆေးပညာကုထုံးများ၊ ပညာရပ်ဆိုင်ရာအောင်မြင်မှုများ ပေါ်ထွန်းနေသည့်ကြားမှပင် လူနာဆောင်အမှတ်ခြောက်လို စက်ဆုပ်ဖွယ်ကောင်းလှသော နေရာဌာနမျိုး တည်ရှိနေနိုင်ခြင်းသည် အနီးဆုံး မီးရထားလမ်းနှင့် မိုင်တစ်ရာ့ငါးဆယ်ခန့် ဝေးသော မြို့ကလေးဖြစ်ခြင်း၊ မြို့ဝန်နှင့် မြို့နယ်ကောင်စီဝင် ဆိုသူများမှာ စာမတတ်တတတ် ဈေးသည်တစ်စုမျှသာ ဖြစ်ပြီး ဆရာဝန်ဆိုသည်ကိုလည်း ပယောဂဆရာကဲ့သို့ သူ့သဘောနှင့်သူ ဆုံးဖြတ်ချင်ရာ ဆုံးဖြတ်၍ ကုသတိုင်း လူနာ၏ပါးစပ်ထဲသို့ သံကို အရည်ကျို၍လောင်းသည်ပဲဖြစ်ဖြစ် ယုံယုံကြည်ကြည် ကြည့်နေကြမည့်သူများဖြစ်ခြင်းကြောင့်ပင်တည်း။ အခြားတစ်နေရာ၌သာဆိုပါမူ ဤ ဘတ်စတီးထောင်အသေးစားကလေးကို သတင်းစာများနှင့် အရပ်ထဲရှိလူထုက ဝိုင်းဝန်းတိုက်ခိုက်ကာ ဖြိုချ ဖျက်ဆီးပစ်လိုက်မည်သာ ဖြစ်သည်ဟု သူက တွေးမိ၏။

“ဒါပေမဲ့လဲကွာ၊ ပိုးသတ်ဆေးတို့၊ ပါစတာတို့၊ ကော့တို့ ရှိလို့လဲ ဘာအကျိုးထူးသလဲ”

ဒေါက်တာရာဂင်က မျက်လုံးဖွင့်ကာ ကိုယ့်ကိုယ်ကို မေးသည်။

“ဖျားတာ နားတာ သေကျေနေကြတာတွေ ဒီမှာ ဒီအတိုင်းရှိနေတာပဲ၊ အရူးတွေအတွက် ကပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးချင် လုပ်ပေးမယ်၊ ဒါပေမဲ့ လွှတ်မှမပေးဘဲ ဘာအဓိပ္ပာယ်ရှိမလဲ၊ ဒါတွေအားလုံးဟာ အလကား အချိန်ဖြုန်းနေတာ အဓိပ္ပာယ်မရှိတဲ့ဟာတွေချည်းပဲ မဟုတ်လား၊ နောက်ဆုံး ပေါ် ဗီယင်နာဆေးခန်းနဲ့ ငါ့ဆေးရုံနဲ့ ဘာမှမခြားနားပါဘူး”

သို့သော် ဝမ်းနည်းကြေကွဲစိတ်နှင့် မနာလိုစိတ် ကဲ့သို့သော အခြားခံစားမှုတစ်ခုက သူ့အား ထိုအရာများကို ပေယျာလကန်ပြုမထားနိုင်အောင် လုပ်လျက်ရှိ၏။ ဤသည်ကို သူက အညောင်းမိလွန်း၍ စိတ်ထဲတွင် ဤသို့ ဖြစ်ရသည်ဟု မှတ်ချက်ချ၏။ ခေါင်းက လေးလံလာကာ စာအုပ်ပေါ်သို့ ငိုက်ကျလာသည်။ သူက မျက်နှာကို လက်နှစ်ဖက်နှင့် ဖေးမကာ ဆက်၍စဉ်းစားနေသည်။

“ငါဟာ လူတွေကို အန္တရာယ်ပြုမယ့် ဌာနတစ်ခုအတွက် အလုပ်လုပ်ပေးနေတယ်၊ ငါ့ကို လခပေးထားတဲ့လူတွေကို ငါ လိမ်ညာစားနေတယ်၊ ငါဟာ မရိုးသားဘူး၊ ဒါပေမဲ့ ငါက အဲဒီ မရှိမဖြစ်တဲ့ လူမှုအညစ်အကြေးထဲမှာ ဘာမဟုတ်တဲ့အသေးအမွှားကလေးပါ၊ တခြားအရာရှိတွေလဲ ကောင်းတဲ့လူတွေမှ မဟုတ်ဘဲ၊ လခကို ထိုက်ထိုက်တန်တန် ယူနေကြသူတွေမှ မဟုတ်ဘဲ၊ အခုလို မရိုးမသားလုပ်နေတဲ့အတွက် ငါ့မှာအပြစ်မရှိပါဘူး၊ ငါတို့ရှင်သန်နေရတဲ့ခေတ်မှာသာ တာဝန်ရှိတယ်။ တကယ်လို့သာ ငါဟာ နောက်နှစ်ပေါင်းနှစ်ရာလောက်မှာမှ လူ ဖြစ်လာမယ်ဆိုရင် အခုနဲ့ လုံးဝမတူတဲ့လူတစ်ယောက် ဖြစ်မှာပဲ”

နာရီက သုံးချက်တီးသည်။ သူက မီးအိမ်ကိုမှိတ်ကာ အိပ်ရာသို့ ဝင်လေသည်။ အိပ်ချင်စိတ်ကား မရှိသေး။