လူနာဆောင် အမှတ်(၆)

အခန်း (၈)

လွန်ခဲ့သော နှစ်နှစ်ခန့်ကမူ ခရိုင်အာဏာပိုင်များ ရုတ်တရက် သဒ္ဓါတရားတွေထကြွကာ မြူနီစီပါယ်ဆေးရုံအား တစ်နှစ်လျှင် ရူဘယ်ငွေ သုံးရာစီ ထောက်ပံ့သွားရန် ဤထောက်ပံ့ငွေဖြင့် ဆေးရုံအမှုထမ်းအင်အား ဖြည့်တင်းသွားရန်၊ နောက်ဆုံး၌ ခရိုင်ဆေးရုံအဆင့်တန်းအထိ တိုးမြှင့်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေါက်တာရာဂင်အား ကူညီရန်အတွက် ဒေါက်တာယက်ဗ်ဂျီနီဘိုတော့ဗ်ကို ငှားရမ်းလိုက်သည်။ ဆရာဝန်အသစ်မှာ အတော်ပင် ငယ်ရွယ်သေးသည်။ အသက်သုံးဆယ်ပင် ပြည့်တတ်ဟန်မရှိ။ အရပ်ရှည်ရှည်၊ မှုန်ကုပ်ကုပ်မျက်နှာနှင့် ပါးရိုးက ကျယ်ကာ ကျဉ်းမြောင်းသောမျက်လုံးများရှိရာ သူ့ကိုကြည့်ရသည်မှာ ရုရှားနှင့်မတူ၊ လူမျိုးခြားသွေး ပါသည်ဟု ထင်ရလေသည်။ သူသည် မြို့သို့ သားရေအိတ်ကလေးတစ်လုံး ဆွဲကာ လက်ထဲတွင် ခြူးတစ်ပြာ မှမပါဘဲရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ရုပ်ခပ်ဆိုးဆိုး အမျိုးသမီးတစ်ယောက် ပါလာခဲ့ရာ သူ၏ ထမင်းချက်ဟု ဆို၏။ ထိုအမျိုးသမီး၏ရင်ခွင်၌မူ နို့စို့ကလေးတစ်ယောက် ချီ၍ပါလာ၏။

ယခုမူကား ဒေါက်တာခိုဘိုတော့ဗ်မှာ ဒူးထိဖိနပ်ရှည်၊ ဦးထုပ်ချွန်နှင့် ဆောင်းတွင်းဝတ်သိုးရေကိုယ်ကျပ်အင်္ကျီတို့ကို ဝတ်ကာ လမ်းသလားလျက် ရှိလေသည်။ ဆေးရုံအလုပ်သမားခေါင်း ဆာဂျီ၊ ဆေးရုံဘဏ္ဍာစိုးတို့နှင့် သူက အလွန်မှ ပုလဲနံပသင့်လျက်ရှိလေပြီ။ သို့သော် မြို့ထဲရှိ အခြားအရာရှိများကိုကား သူက ဘာကြောင့်မှန်းမသိ ပဒေသရာဇ်များဟု ခေါ်ကာ အပေါင်းအသင် အဆက်အဆံမပြုဘဲ နေလေသည်။

သူ့အခန်းထဲတွင် စာအုပ်တစ်အုပ်တည်းသာရှိ၍ ထိုစာအုပ်မှာ ၁၈၈၁ခုနှစ် ဗီယင်နာဆေးခန်းသုံး နောက်ဆုံးပေါ် ကုထုံးများ ဟု အမည်တပ်ထားလေသည်။ ဒေါက်တာခိုဘိုတော့ဗ်သည် လူနာတစ်ယောက်ယောက် လိုက်၍ ကြည့်ရတိုင်း ထိုစာအုပ်ကို ယူငင်သွားလေ့ရှိ၏။ ညဦးပိုင်းအချိန်တွင် အသင်းတိုက်၌ ဘိလိယက်ထိုးလေ့ရှိသည်။ ဖဲကိုကား လက်ဖျားနှင့်ပင် မတို့ချေ။ သူ့မှာ စကားဆန်းဆန်းပြားပြားတွေ စပ်ဟပ် ပြောတတ်သော ဝါသနာရှိ၏။

သူက ဆေးရုံကို တစ်ပတ်နှစ်ကြိမ်လာပြီး လူနာဆောင်ထဲ လှည့်ကြည့်သည်။ ပြီးလျှင် အပြင်လူနာများ စမ်းသပ်ကြည့်ရှုသည်။ ဆေးရုံ၌ ရောဂါပိုးမွှားကင်းစင်မှုနှင့် သန့်ရှင်းစင်ကြယ်မှုကို လုံးဝ ဂရုမစိုက်ခြင်းနှင့် သွေးဖောက်ထုတ်ကုသနည်းကို ဆက်လက်ကျင့်သုံးနေခြင်းတို့အတွက် သူက အကြီးကျယ် ဒေါသထွက်သည်။ သို့သော် ထိုအရာများကို ပြုပြင်ပြောင်းလဲပစ်ဖို့မူကား ဒေါက်တာရာဂင်ကို ကြောက်ရွံ့သည်ဖြစ်၍ သူက အရေးဆိုခြင်း မပြုခဲ့ပေ။ ဒေါက်တာရာဂင်ကို ဆေးရုံတွင် နှစ်ပေါင်းများစွာ လိမ်ညာစားနေခဲ့သော အဘိုးကြီးတစ်ယောက်ဟု သူသဘောထားသည်။ ဤနေရာ၌ အတော်စီးပွားဖြစ်ခဲ့ပြီဟု သူက ယူဆကာ အတွင်းကျိတ် မနာလိုဖြစ်လျက်ရှိပြီး ရာဂင့်ရာထူးကို ရဖို့ဆိုလျှင် ဘယ်နည်းနှင့်ရရ ယူဖို့ အဆင်သင့်ရှိနေ၏။

* * *

အချိန်မှာ မတ်လကုန်ခါနီး တစ်ခုသောညနေစောင်းအချိန်ဖြစ်၍ မြေပြင်၌ နှင်းခဲတို့ ကင်းစင်ကာ ဆေးရုံဝင်းထဲ၌ ငှက်ကလေးများ တေးဆိုလျက်ရှိ၏။ ဒေါက်တာရာဂင်က မိတ်ဆွေ စာတိုက်ဗိုလ်ကြီးကို ဆေးရုံဂိတ်တံခါးဝအထိ လိုက်ပို့ နှုတ်ဆက်နေ၏။ ထိုအခိုက်မှာပင် ဂျူးအဘိုးကြီး မိုးဇက်သည် တောင်းရမ်းခြင်းခရီးမှ ပြန်လည်ရောက်ရှိလာလေသည်။ သူ့မှာ ခေါင်း၌ ဦးထုပ် မပါ၊ ခြေထောက်တွင်လည်း ရာဘာခြေစွပ်ဖိနပ်ကိုသာ စီးထား၏။ လက်တွင်မူ တောင်း၍ရသမျှပစ္စည်းတို့ကို ထည့်သိုလာသော အိတ်ကလေးတစ်လုံး ကိုင်၍ထားလေသည်။

“ပိုက်ဆံတစ်ပြားလောက် ပေးပါခင်ဗျာ” ဟု သူက ချမ်းတုန်နေသည့် ကြားမှပင် ဆရာဝန်ကြီးအား ပြုံး၍ပြောနေ၏။

ဒေါက်တာရာဂင်မှာ ဘယ်သောအခါမှ ငြင်းဆန်တတ်သူ မဟုတ်ရကား မိုးဇက်အား ဆယ်ကိုပက်တန် ပိုက်ဆံတစ်ပြား ပေးလေသည်။

သူက အဘိုးကြီး၏ ဟာလာဟင်းလင်းဖြစ်သော ခြေချင်းဝတ်ကိုကြည့်ကာ “မဟုတ်သေးပါဘူး၊ အပြင်မှာ အေးလဲအေး၊ စိုလဲ စိုပါဘိသနဲ့” ဟူ၍ တွေးမိသည်။ ထို့နောက် သနားကြင်နာစိတ်နှင့် မမြင်လိုမရှုလိုစိတ်တို့၏ စေ့ဆော်ချက်ဖြင့် ဂျူးအဘိုးကြီးနောက်မှနေ၍ ခြေထောက်ကို တစ်လှည့်၊ ခေါင်းပြောင်ပြောင်ကို တစ်လှည့် ကြည့်ကာ အဆောင်ငယ်ရှိရာသို့ လိုက်ပါသွားခဲ့၏။

ဆရာဝန်ကို မြင်သောအခါ နီကီတာက အမှိုက်ပုံထက်မှ ခုန်ဆင်းလာကာ သတိအနေအထားဖြင့် တောင့်တောင့်ကြီး ရပ်နေ၏။

“နီကီတာရေ”

ဒေါက်တာရာဂင်က အသံမှန်မှန်နှင့် ခေါ်လိုက်သည်။

“ဒီ ဂျူးအဘိုးကြီးအတွက် ဖိနပ်တစ်ရံလောက် မရနိုင်ဘူးလားဗျာ၊ ဒီအတိုင်းဆို အအေးမိလိမ့်မယ်ဗျ”

“ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် အုပ်ချုပ်ရေးမှူးဆီ တင်ပြပေးပါ့မယ်”

“လုပ်ပါဗျာ၊ အဲဒီကိစ္စ ဆောင်ရွက်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်လို့ ပြောလိုက်စမ်းပါ”

အပြင်ခန်းနှင့် အဆောင်ခန်းမ အကြား တံခါးကြီး ပွင့်နေ၏။ အိုဗင်ဂရိုမော့ဗ်သည် အိပ်ရာပေါ်တွင် တံထောင်တစ်ဖက် ထောက်ကာ လှဲလျက်ရှိသည်။ သူက အပြင်မှ ထူးဆန်းသောအသံကို စိုးရိမ်ကြောင့်ကြစွာဖြင့် နားစွင့်၍နေ၏။ ထို့နောက်မှ ဆရာဝန်အသံမှန်း ရုတ်တရက် သတိရကာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်အောင် ဒေါသဖြစ်လာ၏။ သူက ခုတင်ပေါ်မှ ခုန်ထကာ ခန်းမအလယ်သို့ ပြေးလာသည်။ သူ့မျက်နှာမှာ ဒေါသရောင်ကြောင့် ရဲရဲနီကာ မျက်လုံးများလည်း ပြူးထွက်လျက်ရှိလေသည်။

“နောက်ဆုံးတော့ ဆရာဝန် ဒီကို ရောက်လာသားပဲဗျို့”

သူက အော်ဟစ်ပြောဆိုရင်း တစ်ချက်ဟားတိုက်၍ ရယ်လိုက်သည်။

“ဟားဟား လူကြီးမင်းများခင်ဗျား၊ ခင်ဗျားတို့ကို ကျွန်တော်ဂုဏ်ပြုပါရစေ၊ ဆရာဝန်ကြီး ကျွန်တော်တို့ဆီကို လာရောက် ချီးမြှင့်နေတယ်ဗျို့၊ ထွီ အလကားကောင်”

သူက ခြေကိုဆောင့်ကာ သွေးရူးသွေးတန်း ဟစ်အော်လျက်ရှိသည်။ သူ ဤသိုမူပုံမျိုး ဤအခန်းထဲတွင် တစ်ခါမျှ မမြင်ခဲ့ရဖူးချေ။

” အဲဒီသတ္တဝါကောင်ကို သတ်ပစ်ရမယ်၊ မဟုတ်သေးဘူးဟေ့၊ သတ်ရုံနဲ့တင် မလုံလောက်သေးဘူး၊ ဒီကောင့်ကို နောက်ဖေး အိမ်သာထဲမှာ နှစ်သတ်ရမယ်”

ဒေါက်တာရာဂင်က သူပြောနေသည်များကို ကြားကာ လူနာဆောင်ထဲသို့ လှမ်းကြည့်သည်။ ထို့နောက် သာယာညင်းပျောင်း အသံဖြင့်ပင် လှမ်း၍မေးလေသည်။

“ဘာဖြစ်တာပါလိမ့်ဗျာ၊ ကျွန်တော်က ဘာများလုပ်မိလို့ပါလိမ့်”

“ဘာဖြစ်လို့လဲတဲ့ ဟုတ်လား”

ဂရိုမော့ဗ်က သူ့ဝတ်ရုံကို ကမူးရှူးထိုးနှင့် ဆွဲပတ်လိုက်ကာ ဆရာဝန်ဆီသို့ ရိုက်မောင်းပုတ်မောင်းလုပ်မည့်ပုံမျိုးဖြင့် တိုးလာခဲ့သည်။

“ဘာကြောင့်လဲတဲ့၊ ခင်ဗျားဟာ သူခိုးမို့လို့ပေါ့ဗျ”

သူက စက်ဆုပ်ရွံရှာဟန်ဖြင့် နှုတ်ခမ်းကို တွန့်ကာရွဲ့ကာ ပြောသည်။ သူ့အမူအရာကြည့်ရသည်မှာ စကားပြောသည်နှင့်ပင် မတူတော့ဘဲ စကားလုံးများကို ထွေးထုတ်နေသည်လား ထင်ရ၏။

“လူလိမ် လူကောက် လူသတ်သမား”

“ဖြည်းဖြည်းပြောပါလေ၊ အေးအေးဆေးဆေးပေါ့ဗျာ”

ဒေါက်တာရာဂင်က မျက်နှာငယ်လေးနှင့် ပြုံး၍ ပြောသည်။

“ကျွန်တော် ဘယ်တုန်းကမှ မခိုးခဲ့ မဝှက်ခဲ့ပါဘူးဗျာ၊ အဲဒါကတော့ အာမခံနိုင်ပါတယ်၊ ကျန်တာနဲ့ ပတ်သက်လို့ကတော့ ခင်ဗျား ပြောတာတွေက အကျယ်ချဲ့လွန်းအားကြီးတယ်လို့ ထင်တယ်။ ခင်ဗျား ကျွန်တော့်အပေါ် ဒေါသထွက်နေမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ နည်းနည်းတော့ ထိန်းပါဦး၊ ခင်ဗျား ကျွန်တော့်ကို ဘာမကျေမနပ်ဖြစ်နေတယ်ဆိုတာ ကျွန်တော့်ကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး”

“ခင်ဗျား ကျုပ်ကို ဒီအထဲမှာ ဘာလို့လှောင်ထားရတာလဲ’

“ခင်ဗျား နေမကောင်းသေးလို့ပေါ့ဗျာ”

“ကောင်းပြီ၊ ကျွန်တော် နေမကောင်းဘူးတဲ့၊ ဒါပေမဲ့ အပြင်မှာ ခင်ဗျားတို့က အရူးလား အကောင်းလား မခွဲခြားနိုင်လို့ ဒီအတိုင်းထားရတဲ့ အရူးတွေ ရာထောင်ချီပြီး လျှောက်သွားနေတာကျတော့ ခင်ဗျားတို့ ဘာတတ်နိုင်သလဲ၊ ကျုပ်တို့လို ကံဆိုးမိုးမှောင်ကျပြီး ဒီအထဲ ရောက်လာရတဲ့သူတွေက ကျသမျှအပြစ်ဒဏ် ငဝက်ခံ ဆိုတာမျိုး ဒီနေရာမှာ သေကျေပုပ်သိုးတဲ့အထိ ခံနေရမှာလား။ ခင်ဗျားရော၊ ခင်ဗျားလက်ထောက်ရော၊ ဆေးရုံအုပ်ချုပ်ရေး အရာရှိဆိုတဲ့လူရော၊ တခြား ဆေးရုံအမှုထမ်းဆိုတဲ့ အမှိုက်သရိုက်ကောင်တွေအားလုံးဟာ ကိုယ်ကျင့်တရားအရာမှာ ကျုပ်တို့ထက် နိမ့်ကျတဲ့သတ္တဝါတွေချည်းပဲဗျ၊ ခင်ဗျားတို့ကို မထားဘဲနဲ့ ကျုပ်တို့က ဘာကြောင့် သော့ပိတ်ခံနေရသလဲ၊ ဘယ်လိုယုတ္တိဗေဒတွေနဲ့ တွေးခေါ်ပြီး လုပ်ထားသလဲ”

“ဒီကိစ္စက ကိုယ်ကျင့်တရားတို့ ယုတ္တိဗေဒတို့ ဆိုတာတွေနဲ့ အကျုံးမဝင်ပါဘူးလေ၊ အရာအားလုံးဟာ ကြုံကြိုက်မှုပေါ်မှာ အခြေတည်တယ်။ ဒီနေရာမှာ အထားခံရတဲ့ လူဟာ ဒီမှာ နေရတယ်၊ ဒီမှာ အထားမခံရတဲ့လူက သူ့ဘာသာ လွတ်လွတ်ကျွတ်ကျွတ် နေရတယ်၊ ဒါပဲဗျ။ ကျွန်တော်က ဆရာဝန်ဖြစ်ပြီး ခင်ဗျားက စိတ်ရောဂါသည်ဖြစ်နေတာဟာ ကိုယ်ကျင့်တရားတို့ ယုတ္တိဗေဒတို့နဲ့ မဆိုင်ဘူး၊ ကံကြမ္မာရဲ့ စီမံချက်သက်သက်သာဖြစ်တယ်”

‘အလကား တွေ့ ကရာတွေ၊ ကျုပ် နားမလည်ဘူး”

ဂရိုမော့ဗ်က ဝူးဝူးဝါးဝါး ပြောကာ ခုတင်ပေါ်၌ ထိုင်ချလိုက်သည်။

နီကီတာမှာ မိုးဇက်အား ဆရာဝန်ရှေ့တွင် ရှာဖွေခြင်း မပြုဝံ့ဘဲရှိရာ မိုးဇက်သည် သူ့တွင် ပါလာသမျှ ပေါင်မုန့်အပဲ့အစများ၊ စက္ကူစုတ်များ၊ အရိုးစများနှင့် သူ၏ခရီးစဉ်တွင် ရရှိလာသည့် အခြားသော ပစ္စည်းပစ္စယများကို ခုတင်ပေါ်၌ ဖြန့်ခင်းလျက်ရှိ၏။ လူက အအေးဒဏ်ကြောင့် တုန်ယင်လျက်ပင် ရှိသေးသော်လည်း ပါးစပ်ကမူ အရပ်သုံး ဂျူးဘာသာဖြင့် ရောက်တတ်ရာရာများကို သီချင်းညည်းသလို ညည်းနေ၏။ သူ့စိတ်ထဲ၌မူ ဤနေရာ၌ ဆိုင်တစ်ဆိုင် ခင်းကျင်းရောင်းချနေရသည်ဟု အထင်ရှိလေသလား မပြောတတ်ပေ။

“ကျွန်တော့်ကို ဒီက လွှတ်ပေးပါ”

အိုင်ဗင်ဂရိမော့ဗ် က အသံခပ်တုန်တုန်ဖြင့် ပြောသည်။

“ကျွန်တော် လွှတ်ပေးလို့ မရဘူးဗျ”

“ဘာကြောင့်လဲဗျ၊ ဘာကြောင့်လဲ”

“ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်းနဲ့ မပြီးလို့ပေါ့ဗျ။ ပြီးတော့ ခင်ဗျားပဲ စဉ်းစားကြည့်၊ သူတို့က ခင်ဗျားကို လွှတ်ပေးလိုက်ပြီ ဆိုပါဘော့၊ အပြင်ရောက်တာနဲ့ ခင်ဗျားကို မြို့ထဲကလူတွေ၊ ပုလိပ်တွေက ဝိုင်းဖမ်းပြီး ဆေးရုံပြန်ပို့ကြမှာပဲ”

“ဟုတ်ပါတယ်လေ… ဟုတ်ပါတယ်၊ အဲဒါအမှန်ပဲ”

ဂရိုမော့ဗ်က သူ့နဖူးပြင်ကို ဖြည်းဖြည်းလေး ပွတ်၍နေသည်။

“ဒါပေမဲ့ အဲဒါကိုက ကြောက်စရာကောင်းနေတာဗျ၊ အဲဒီတော့ ကျုပ်က ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲဗျ”

ဂရိုမော့ဗ်၏ အသံနှင့်၊ သူ၏ငယ်ရွယ်နုပျိုကာ အသိဥာဏ်ပညာရှိပုံရသော မျက်နှာကို ရှုံ့မဲ့ထားပုံသည် ဆရာဝန်ကြီး၏စိတ်၌ ခင်မင်နှစ်သက်စိတ်ကို ပေါ်ပေါက်စေခဲ့သည်။ သူက လူငယ်အား စိတ်စွမ်းသာစရာတစ်ခုခု ပြောလိုက်ချင်သည်။ သူ့ရင်ထဲတွင် သက်သာသွားစေချင်သည်။ သူက ဂရိုမော့ဗ်၏ဘေးတွင် ဝင်ထိုင်ကာ

“ခင်ဗျားက ဘာလုပ်ရမလဲလို့ ကျွန်တော့်ကို မေးတယ်၊ ကောင်းပြီ၊ ခင်ဗျားလို အခြေအနေမျိုးမှာ ရောက်နေတဲ့ လူတစ်ယောက်အဖို့ အကောင်းဆုံးက ဒီနေရာက ထွက်ပြေးဖို့ပဲ၊ ဒါပေမဲ့ ဒါလဲ အချည်းနှီးပဲ ဖြစ်လိမ့်မယ်၊ ခင်ဗျားကို ပြန်ဖမ်းမိမှာပဲ၊ ခင်ဗျား စဉ်းစားကြည့်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ မိမိကိုယ်ကို ရာဇဝတ်ကောင်များ၊ စိတ်ရောဂါသည်များ၏အန္တရာယ်မှ ကာကွယ်ဖို့ လိုအပ်တယ်လို့ လက်ခံနေသမျှ ကာလပတ်လုံး စောစောက အစီအစဉ်ဟာ မဖြစ်နိုင်သေးဘူး။ အဲဒီတော့ ခင်ဗျားအဖို့ လုပ်သင့်တဲ့ တစ်ခုတည်းသောနည်းလမ်းက ခင်ဗျား ဒီနေရာမှာ ရောက်ရှိနေရခြင်းသည် မည်သို့မျှ ရှောင်လွှဲမရနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည် ဆိုတဲ့ အယူအဆကို လက်ခံလိုက်ဖို့ပဲ”

“ဒါပေမဲ့ ဒါက ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်မလာနိုင်ဘဲဗျ”

“အကျဉ်းထောင်တို့ … စိတ်ရောဂါကုဌာနတို့ … ဆိုတာတွေ ရှိနေသမျှတော့ ဒီဟာတွေထဲမှာ ထားဖို့ လူတွေ ရှိနေမှာပဲဗျ၊ ခင်ဗျား မဟုတ်ရင် ကျွန်တော်ဖြစ်မယ်၊ ဒါမှမဟုတ်ရင် နောက်တစ်ယောက်ဖြစ်မယ်။ ကျွန်တော်တို့အနေနဲ့က အကျဉ်းထောင်တွေ စိတ်ရောဂါကုဌာနတွေ မရှိတဲ့၊ ပြတင်းပေါက်သံတိုင်တွေ မရှိတဲ့၊ ဆေးရုံဝတ်စုံတွေ မရှိတဲ့ ဝေးလံသောအနာဂတ်ကိုသာ စောင့်မျှော်ကြဖို့ ရှိတာပဲ။ အဲဒီအနာဂတ်က တစ်နေ့သောအခါ ရောက်လာမှာတော့ သေချာပါတယ်”

ဂရိုမော့ဗ်က လှောင်ပြုံး ပြုံးလိုက်သည်။

“သိပ်တော့လဲ ကြီးကြီးကျယ်ကျယ် ပြောမနေပါနဲ့”

သူက မျက်စိကို မှေးကာ ပြောလေသည်။

“ခင်ဗျားလို လူမျိုးတွေ၊ ခင်ဗျားရဲ့ တပည့် နီကီတာလို လူမျိုးတွေဟာ နောင်အနာဂတ်ဆိုတာကို အရေးမစိုက်ကြပါဘူးဗျာ၊ ဒါပေမဲ့ နောင်အနာဂတ်မှာ အစစအရာရာဟာ ခုထက် ကောင်းလာမယ်ဆိုတာကိုတော့ ကျုပ် အာမခံရဲတယ်၊ ကျုပ်စကားတွေဟာ သူများတကာ ပြောလို့ ဖန်တစ်ရာတေနေတဲ့ စကားမျိုး ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ခင်ဗျား ရယ်ချင် ရယ်ပါ၊ ကျုပ် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ခေတ်သစ်ရောင်ခြည်ဟာ ထွန်းသစ်လာလိမ့်မယ်၊ တရားမျှတမှုဟာ အောင်ပွဲဆင်ရလိမ့်မယ်၊ ကျုပ်တို့ရဲ့ နေ့ဟာလဲ ရောက်ရှိလာရလိမ့်မယ်လို့တော့ ပြောချင်တယ်၊ ကျုပ်တော့ ဒါတွေကို မြင်သွားရမှာမဟုတ်ဘူး၊ အစောကြီးကတည်းက သေသွားပြီး ဖြစ်မှာပါ၊ ဒါပေမဲ့ တစ်စုံတစ်ယောက်သောသူရဲ့ မြေးမြစ်တွေဟာ ဒါတွေကို တွေ့ မြင်သွားကြရလိမ့်မယ်လို့ ကျုပ် အခိုင်အမာ ယုံကြည်တယ်။ သူတို့အတွက် ကျုပ်ဝမ်းသာတယ်၊ မိတ်ဆွေတို့ သင်တို့ကို ဘုရားသခင်က အကူအညီပေးပါလိမ့်မယ်၊ အမြန်ဆုံး ပြီးမြောက် အောင်မြင်စေပါလိမ့်မယ်”

ဂရိမော့ဗ်၏ မျက်လုံးများမှာ တဖိတ်ဖိတ်လက်၍ နေသည်။ သူက နေရာမှ ထလိုက်ပြီး ပြတင်းပေါက်ဆီ သို့ လျှောက်သွားသည်။ ထို့နောက် လက်ကို ဆန့်တန် ပြီး ပြင်းထန်လှိုက်လှဲစွာဖြင့် ပြောနေသည်။

“ဒီသံတိုင်တွေ နောက်က နေပြီး ခင်ဗျားတို့ဆီကို ကျွန်တော့်ရဲ့ ကောင်းချီးမင်္ဂလာတွေ ပေးပို့လိုက်ပါတယ် တရားမျှတမှုဟာအောင်ပွဲဆင်နိုင်ပါစေ၊ သင်တို့အတွက် ကျွန်ုပ် ဝမ်းမြောက်နေမယ်”

“ကျွန်တော့်အနေနဲ့ကတော့ အဲဒီလောက် ဝမ်းမြောက်စရာအကြောင်းမျိုး မမြင်မိဘူးဗျ”

ဆရာဝန်က ပြောသည်။ သူ့မျက်စိရှေ့၌ ဂရိုမော့ဗ်၏အမူအရာတို့မှာ ဇာတ်ဟန်ပါသလို ထင်ရသော်လည်း များစွာကား ထိရောက်မှုရှိလေသည်။

“အကျဉ်းထောင်နဲ့ စိတ်ရောဂါသည် ထိန်းသိမ်းရေးစခန်းတွေဟာ ပျောက်ကွယ်ချင် ပျောက်ကွယ်သွားလိမ့်မယ်”

သူက ဆက်ပြန်သည်။

“ပြီးတော့ တရားမျှတမှုဟာလဲ ခင်ဗျားပြောသလို အောင်ပွဲခံမှာပါ၊ ဒါ ပေမဲ့ သဘာဝ နိယာမတရားတွေဟာ ပြောင်းလဲမသွားဘူးဗျ၊ ကိစ္စအဝဝဟာ အခြေခံသဘောအားဖြင့်တော့ ဒီနေ့ကာလအတိုင်းပဲ ဆက်လက်တည်ရှိနေမှာပဲ၊ ဘယ်လောက်တောက်ပတဲ့ အနာဂတ်ရောင်ခြည်သစ် ထွန်းလင်းလာသည်ဖြစ်စေ … အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကတော့ ရှိနေဦးမှာပဲ။ နောက်ဆုံးတစ်နေ့ကျတော့ ခင်ဗျားရဲ့ ခေါင်းတလားမှာ သံမှိုစွဲပြီး တွင်းခေါင်းထဲကို ချကြဦးမှာပဲ”

“ဒါဖြင့်ရင် မသေခြင်းတရားဆိုတာကောဗျာ”

”အဓိပ္ပာယ်မရှိတာဗျာ”

“ခင်ဗျားကတော့ ယုံမှာမဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော်ကျတော့ ယုံနေတယ်ဗျ။ ဒေါ့စတိုယက်ဗ်စကီးလား၊ ဗော်လတဲယားလား ဘယ်သူပြောမှန်းတော့ ကျွန် တော် အသေအချာ မမှတ်မိတော့ဘူး၊ သူပြောတာက ထာဝရဘုရားသခင်သာ မရှိဘူးဆိုရင် လူဟာ တစ်နည်းနည်းနဲ့ ဘုရားသခင်ကို ဖန်ဆင်းယူမှာပဲတဲ့၊ အဲဒီလိုပဲ ကျွန်တော်ကလဲ မသေခြင်းတရား ဆိုတာဟာ တကယ်မရှိဘူးဆိုရင် တစ်နေ့မှာ လူသားဟာ မိမိရဲ့ ဉာဏ်ပါရမီနဲ့ ဒါကို ဖန်ဆင်းယူလိမ့်မယ်လို့ လက်ခံထားတယ်

“ခင်ဗျား တွေးခေါ်ပုံ သိပ်ကောင်းတယ်ဗျာ”

ဆရာဝန်က နှစ်ခြိုက်စွာ ပြုံးရင်း ပြောလိုက်သည်။

“ခင်ဗျားဟာ ဘာသာရေးသမားတစ်ယောက် ဖြစ်နေတာ သိပ်ကောင်းတယ်ဗျ၊ ခင်ဗျားလို ယုံကြည်ချက်မျိုးရှိတဲ့ သူတစ်ယောက်အဖို့ နံရံလေးဘက် ကာရံထားတဲ့အထဲမှာ ပိတ်လှောင်ခံထားရသည်ဖြစ်စေ စိတ်ညစ်ညူးဖို့အကြောင်း မရှိဘူးဗျ၊ ဒါနဲ့ ခင်ဗျား ဘယ်တွေမှာ ပညာသင်ခဲ့သေးသလဲ”

“တက္ကသိုလ်တော့ ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့ ပြီးဆုံးအောင် မတက်ခဲ့ရဘူး”

“ခင်ဗျားဟာ တွေးခေါ်တတ်တဲ့သူ၊ စိတ်ကူးဉာဏ်ရှိတဲ့ သူတစ်ယောက်ပဲဗျာ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ခင်ဗျားကိုယ်ခင်ဗျား နှစ်သိမ့်မှုပေးနိုင်မှာပဲ၊ ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်ဖို့ တစ်သမတ်တည်း အလေးအနက် ဆင်ခြင်သုံးသပ်ခြင်း၊ သွားသွားလာလာ စားစားသောက်သောက်နဲ့ တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လွန်သွားရမယ့် ဘဝမျိုးကို လုံးဝဥဿုံ စက်ဆုပ်ရွံရှာခြင်းဆိုတဲ့ အချက်နှစ်ချက်ဟာ လူသားတွေ ဘယ်တုန်းကမှမရခဲ့တဲ့ ကောင်းချီးမင်္ဂလာတွေပဲ။ ဒါပေမဲ့ ခင်ဗျားအနေနဲ့တော့ သံတိုင် သုံးထပ်ရဲ့ နောက်မှာ ရောက်နေပေစေ၊ အဲဒီ ကောင်းချီးမင်္ဂလာတွေကို ခင်ဗျား ရနိုင်လိမ့်မယ်၊ စည်ပိုင်းထဲမှာနေတဲ့ ဒိုင်အိုဂျီနီးစ်ဟာ ကမ္ဘာကို အုပ်စိုးနေတဲ့ မင်းဧကရာဇ်တွေထက် ပျော်ရွှင်မှုရခဲ့တယ်မဟုတ်လား”

“ခင်ဗျား ဒိုင်အိုဂျီနီးစ်က နလပိန်းတုံး ငတုံးပဲဗျ”

ဂရိုမော့ဗ်က ဘုကျကျ ပြန်ပြောလိုက်သည်။

“ခင်ဗျားက ဘာကိစ္စနဲ့ ကျုပ်ကိုလာပြီး ဒိုင်အိုဂျီနီးစ်တွေ၊ ဟိုဟာ ဒီဟာတွေ လာပြောနေရတာလဲ”

သူက ရုတ်တရက် ဒေါသထွက်လာကာ ခုတင်ပေါ်မှ ခုန်ထလိုက်သည်။

“ကျုပ်ဟာ ဘဝကို မြတ်နိုးတယ်၊ တကယ်ပြင်းပြင်းပြပြ ခုံမင်တယ်။ ကျုပ်ဟာ ပါဆက်ကူးရှင်း မေးနီးယား ဝေဒနာကို ခံစားနေရတယ်၊ ကျုပ်ဟာ စိုးရိမ်ထိတ်လန့်စိတ်ရဲ့ နှိပ်စက်ခြင်းကို အခါမလပ် ခံစားနေရတယ်၊ ဒါပေမဲ့ တစ်ခါ တလေမှာလူ့ဘဝကို ပြင်းပြင်းပြပြ ဆာလောင်မွတ်သိပ်တဲ့စိတ်ဟာ အခိုက်အတန့်ဆိုသလို ပေါ်ပေါက်လာတတ်တယ်၊ အဲဒီအခါမျိုးမှာ ကျုပ်ဟာ လုံးဝ သွက်သွက်ခါအောင် ရူးတဲ့ လူတစ်ယောက် ဖြစ်သွားမှာ သိပ်ကြောက်ကြောက်လာတယ်၊ ကျုပ်ဟာ လူ့ လောကကြီးထဲမှာ နေချင်တယ်၊ တကယ့်ကို အရူးအမူး နေချင်နေတယ်ဗျာ”

ထိုနောက် သူက အကြီးအကျယ် ဂနာမငြိမ်ဖြစ်ကာ လူနာဆောင် ဟိုဘက်ထိပ် သည်ဘက်ထိပ် လျှောက်နေသည်။

သူက အသံကိုနှိမ့်လျက် ပြောပြန်သည်။

“ကျွန်တော့်ဘာသာ တစ်ယောက်တည်း ဟိုတွေးသည်တွေး တွေးရင်းက ကျွန်တော့်မျက်စိထဲမှာ အကောင်ဒြပ် အသေအချာ မခွဲခြားနိုင်တဲ့ ရုပ်တွေ၊ မမြင်ဖူးတဲ့လူတွေ မြင်လာရတယ်။ နားထဲမှာ အသံဗလံတွေ တူရိယာသံတွေ ကြား ရတယ်။ ပြီးတော့ ကျွန်တော့်ဟာကျွန်တော် တောထဲမှာ လမ်းလျှောက်နေရသလို ပင်လယ်ကမ်းခြေတစ်လျှောက် လျှောက်သွားနေရသလို ခံစားရတယ်။ ပြီးတော့ လှုပ်လှုပ်ရှားရှား သွားသွားလာလာနဲ့ လုပ်ကိုင် စားသောက်ရတဲ့ဘဝ၊ လုပ်စရာ ကိုင်စရာကလေးတွေ ပူပင်စရာကလေးတွေနဲ့ ရောပြွမ်းတဲ့ဘဝကို တမ်းတမိတယ်။ အပြင်မှာ ဘာအသစ်တွေများ ထူးနေသလဲ၊ ဘာတွေဖြစ်နေသလဲ ပြောပြစမ်းပါဦးဗျာ”

“ဒီမြို့ထဲမှာလား၊ ကမ္ဘာကြီးတစ်ခုလုံးမှာကို ဆိုလိုတာလား”

“မြို့ထဲက အကြောင်း ပထမ ပြောဗျာ၊ ပြီးတော့ ကျန်တဲ့ ကမ္ဘာအကြောင်း ပြောတာပေါ့”

“အင်း ဘာပြောရပါလိမ့်၊ ဒီမြို့မှာ နေရတဲ့ဘဝကတော့ ပျင်းခြောက်ခြောက်နဲ့ စိတ်ဓာတ်ကျစရာပါပဲဗျာ။ ကိုယ် စကားသွားပြောလို့ နားထောင်မယ့်သူလဲ မရှိ၊ စိတ်ဝင်စားစရာစကား ပြောတတ်တဲ့လူလဲ မရှိ။ မျက်နှာသစ် ဆိုလို့လဲ တစ်ယောက်မှ မရှိ။ သိပ်မကြာခင်ကတော့ ဆရာဝန်အသစ်တစ်ယောက် ဒီရောက်လာတယ်၊ ခိုဘိုတော့ တဲ့”

“အဲဒီလူ ဒီမြို့ ရောက်ခါစက ကျွန်တော် အပြင်မှာ ပဲ ရှိသေးတယ်၊ တောသားတစ်ယောက်နဲ့သာ တူပါတယ်ဗျာ၊ သိပ်ဉာဏ်ပညာရှိပုံ မရဘူး မဟုတ်လား”

“မှန်တာပေါ့ဗျာ။ စာပေပညာတတ်တဲ့ လူတစ်ယောက်၊ ယဉ်ကျေးတဲ့လူတစ်ယောက် မဟုတ်ဘူးဗျ၊ ဆန်းတော့ ဆန်းတယ်ဗျာ၊ ကျွန်တော် စဉ်းစားလို့ ရသလောက်တော့ မော်စကိုနဲ့ ပီတာစဘတ်က ပညာတတ် လောကဟာ ရပ်တန့်ဆုတ်ယုတ်သွားတာမဟုတ်ဘူးဗျ၊ အဲဒီမှာ အမြဲတမ်း ပြောင်းလဲတိုးတက်နေတာပဲ ဆိုတော့ အဲဒီမှာ တကယ့်လူတွေ ရှိရမယ်။ ဒါပေမဲ့ ဖြစ်နေပုံက သူတို့ဆီက ဒီကို ပို့လိုက်တဲ့လူတွေ ကြည့်လိုက်ရင် ရုပ်မြင်တာနဲ့တင် စိတ်ပျက်စရာချည်း ဖြစ်ဖြစ်နေတယ်၊ တကယ့် ကို ကံဇာတာဆိုးလှတဲ့ မြို့ပါဗျာ”

“ဟုတ်တယ်၊ ဒီမြို့ကတော့ တကယ့်ကို ကံဆိုးတဲ့ မြို့ပါဗျာ”

ဂရိုမော့ဗ်က သက်ပြင်းချပြီးနောက် တစ်ချက် ရယ်လိုက်သည်။

“ဒါနဲ့ ကျန်တဲ့ ကမ္ဘာလောကကြီးက ဒီခေတ်သတင်းစာတွေ ဘာကောဗျာ၊ ဒီခေတ် သတင်းစာတွေ မဂ္ဂဇင်းတွေက ဘာတွေ ရေးနေကြတုံးဗျ”

ယခုအချိန်၌ကား လူနာဆောင်ထဲတွင် အတော်ကြီး မှောင်မည်းလျက် ရှိနေပြီ ဖြစ်သည်။ ဒေါက်တာရာဂင်က ခုတင်ပေါ်မှ ဆင်းကာ မတ်တတ်ရပ်ရင်း ဂရိုမော့ဗ်အား ရုရှားပြည်နှင့် နိုင်ငံခြားတိုင်းပြည်များတွင် ရေးသားနေကြသည့် အကြောင်းများ၊ သတင်းစာများမှ သူထုတ် ယူ ဆင်ခြင်မိသည့် ယနေ့ခေတ် အတွေးအခေါ် လမ်းကြောင်းများဟု ယူဆရသည်များကို ပြောပြနေသည်။ ဂရိုမော့ဗ်ကလည်း အလေးအနက် အာရုံစိုက် နားထောင်ကာ တစ်ချက်တစ်ချက် ကြားဖြတ်၍ မေးခွန်းများ မေးသည်။ ထို့နောက်မှ ရုတ်တရက် စိုးရိမ်ထိတ်လန့်စရာတစ်ခုခုကို သတိရလိုက်သကဲ့သို့ သူ့ခေါင်းသူ လက်နှစ်ဖက်နှင့် အုပ်ကာ ခုတင်ပေါ်၌ ကိုယ်ကို စန့်စန့်ကြီး လုပ်ပြီး ဆရာဝန်အား ကျောခိုင်းနေလိုက်သည်။

“ဘာဖြစ်တာလဲဗျ”

ဆရာဝန်က မေးသည်။

“ခင်ဗျား ကျုပ်ဆီက နောက်ထပ် ဘာစကားတစ်ခွန်းမှ ကြားရတော့မှာ မဟုတ်ဘူး၊ ကျုပ်ဘာသာကျုပ် နေပါရစေ”

ဂရိုမော့ဗ်က ပြတ်ပြတ်တောင်းတောင်း ပြောလိုက်သည်။

“ဘာကြောင့် ဆိုတာတော့ ပြောစမ်းပါဦးဗျာ”

“ကျုပ်ဘာသာ နေပါရစေလို့ ပြောပြီးပါကောလားဗျ၊ သေပါစေဗျာ”

ဒေါက်တာရာဂင်က ပခုံးကို တွန့်လိုက်ပြီးနောက် သက်ပြင်းချကာ အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ခန်းသို့ ရောက်သောအခါ သူက.….

“နီကီတာရေ၊ ဒီအမှိုက်တွေ အနည်းအပါး ရှင်းဖို့ လုပ်ပါဦးဗျာ၊ နံလှပြီဗျ”

“ဟုတ်ကဲ့ပါ ဆရာ”

“သိပ်တော်တဲ့လူပဲ”

ဆရာဝန်က သူ့အခန်းဆီသို့ လျှောက်ရင်းက တွေးလာသည်။

“ငါ ဒီမြို့ ရောက်ပါပြီ ဆိုကတည်းက ငါနဲ့ စကားကောင်းကောင်း ပြောလို့ရတဲ့ ပထမဆုံး ပုဂ္ဂိုလ်ပဲ၊ သူ့မှာ တွေးနိုင်ခေါ်နိုင်စွမ်း ရှိတယ်၊ ပြီးတော့ တန်ဖိုးရှိတဲ့ ကိစ္စရပ်တွေမှာ စိတ်ဝင်စားမှု ရှိတယ်”

ထိုညအဖို့ စာဖတ်ချိန်၌လည်းကောင်း၊ အိပ်ရာထဲ ရောက်ပြီးချိန်၌လည်းကောင်း သူက အိုင်ဗင်ဂရိုမော့ဗ်အကြောင်းကိုသာ တွေး၍နေမိသည်။ နောက်တစ်နေ့ နံနက် အိပ်ရာမှ နိုးလာသောအခါ သူ ပထမဆုံး သတိရသောအချက်မှာ အသိဉာဏ်ပညာရှိ၍ စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်နှင့် သူတွေ့ခဲ့ရသည့်အကြောင်းပင်ဖြစ်၍၊ အခွင့်အရေးရလျှင်ရချင်း ထိုသူထံ နောက်တစ်ကြိမ် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။