မာတိကာ
နိုင်ငံတစ်နိုင်ငံမှာ အစိုးရဝန်ထမ်း အမျိုးအစား အမျိုးမျိုး ရှိတဲ့အထဲမှာ လူမုန်းအခံရဆုံး ဝန်ထမ်း၊ ဖြစ်နိုင်ရင် မြင်ကို မမြင်ချင်တာ ဆိုပြီး အပြောအခံရဆုံး ဝန်ထမ်းကို ပြပါဆိုရင် ရဲကို ပြရတော့မှာပဲ။ ဒါက ဖွံ့ဖြိုးဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး။ ဖွံ့ဖြိုးပြီး ဖြစ်တဲ့ အမေရိကန်၊ အင်္ဂလန်လို နိုင်ငံမျိုးမှာလည်း ဒီအတိုင်းပဲ။ စစ်တမ်းတစ်စောင်ကို ဖတ်ဖူးတယ်။ ကမ္ဘာပေါ်မှာ လူမုန်းအများဆုံး ဝန်ထမ်းက ရဲပါတဲ့။ စစ်တပ်/ စစ်သားကို ကြည်ဖြူတဲ့ နိုင်ငံ ရှိကောင်း ရှိမယ်။ ရဲကို အကောင်းပြောတဲ့ နိုင်ငံကတော့ မရှိသလောက်ပဲ။ ဘာကြောင့်လဲ ဆိုတာတော့ ဒီမှာ မဆွေးနွေးချင်ပါဘူး။
ဒီဝတ္ထုကို ဖတ်ပြီးပြီးချင်း ပထမဆုံး ဝင်လာတဲ့ အတွေးကတော့ “ဒီလို ရဲသားမျိုး ကမ္ဘာမှာ တကယ် ရှိနိုင်ပါ့မလား” ဆိုတာပဲ။ စာရေးဆရာရဲ့ တိုင်းပြည်ဖြစ်တဲ့ ဂျပန်မှာရော တကယ် ရှိနိုင်ပါ့မလား။ ကျွန်တော်တော့ သံသယ ဖြစ်မိတယ်။ စာရေးဆရာက သူမြင်ချင်တဲ့ ဖြစ်စေချင်တဲ့ ရဲသားတစ်ယောက်/ စုံထောက်တစ်ယောက်ရဲ့ စိတ်နေသဘာဝကို ဖန်တီးထားတာ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။ သူရဲ့ Idol ပေါ့လေ။ ဘာဖြစ်လို့ အဲဒီလို တွေးရသလဲ ဆိုတာ သိနိုင်ဖို့ ဒီဝတ္ထုထဲမှာ ကိုဝေဖြိုး ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဖတ်ကြည့်ကြည့်ပါ။
“အခုလို လူသတ်မှုတွေကြောင့် လူတချို့ရဲ့ ရင်ထဲမှာ စိတ်အမာရွတ်တွေ ထင်ကျန်ခဲ့ရတယ်။ သူတို့လည်း ထိခိုက်နစ်နာသူတွေပဲ။ အဲဒီလို ထိခိုက်နစ်နာသူတွေကို ကယ်တင်နိုင်ဖို့အတွက် သဲလွန်စ ရှာဖွေရေးဟာ ကျွန်တော်တို့ မှုခင်းစစ်ရဲတွေရဲ့ တာဝန်ပါပဲ”
ဒီရဲက လူသတ်တရားခံ ရှာဖို့တင် စိတ်ဝင်စားတာ မဟုတ်ဘူး။ collateral damage လို့ ခေါ်တဲ့ ဆက်ပွားနစ်နာမှုတွေကိုပါ ကုစားပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။
ဒီဝတ္ထုဟာ ဇာတ်အိမ်တော်တော် ကြီးတယ်လို့ ဆိုရမယ်။ ဝတ္ထုထဲမှာ မိသားစု ၈ စု အကြောင်း ပါတယ်။ မိသားစုတွေ များလို့ ဝတ္ထုက ရှုပ်ယှက်ခတ်နေမှာပဲလို့ ပြီးစလွယ် ကောက်ချက် မချစေချင်ဘူး။ စာရေးဆရာရဲ့ ဝတ္ထုဖွဲ့စည်းပုံ ပိုင်နိုင်မှုကြောင့် မိသားစုတွေ များနေပေမယ့် ဇာတ်အိမ်က ရှုပ်မနေဘူး။ ပြီးတော့ နာမည်တွေ အများကြီးကို တကူးတက လိုက်မှတ်နေစရာ မလိုအောင်ကို စာရေးဆရာက စီစဉ်ပေးထားတယ်။
ဒီဝတ္ထုထဲမှာ မိသားစုက များတော့ အချစ်အမုန်း ရသတွေကလည်း စုံနေတယ်။ မိခင်တစ်ယောက်ရဲ့ သားအပေါ် ချစ်တဲ့ အချစ်မျိုး ပါသလို ဖခင်တစ်ယောက်ရဲ့ သမီးအပေါ် တိတ်တိတ်ပုန်း ချစ်ရတဲ့ အချစ်မျိုးလည်း ပါတယ်။ ယောက္ခမနဲ့ ချွေးမကြားက ပဋိပက္ခမျိုး ရေးဖွဲ့ထားသလို လင်သားအပေါ် ထားတဲ့ မယားရဲ့ မေတ္တာနဲ့ ဥပေက္ခာမျိုး တွေ့ရသေးတယ်။ မြေးအဖွားရဲ့ မေတ္တာ၊ သူငယ်ချင်းနှစ်ယောက်ရဲ့ သစ္စာ၊ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်ရဲ့ လျစ်လျူရှုမှု စတဲ့ စတဲ့ ခံစားမှုပေါင်းစုံကို သေသေသပ်သပ် စုဖွဲ့ပြီး အားလုံးကို ပါးပါးလေး ပုတ်ပြသွားတယ်။
ဒီဝတ္ထုတစ်အုပ်ထဲမှာပဲ ဗြဟ္မစိုရ်တရား လေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဒီလေးမျိုးစလုံးကို တွေ့မြင်ခံစားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆတာပဲ။ အဓိကအကျဆုံးကတော့ စာရေးဆရာ အဓိကပေးချင်တဲ့ message သတင်းစကားပဲ။ လူတစ်ယောက်က တခြား လူတစ်ယောက်ကို ချစ်နေရုံနဲ့ မလုံလောက်ဘူး။ မေတ္တာ ထားတတ်ဖို့ လိုသေးတယ် ဆိုတာပါပဲ။ အထူးသဖြင့် ကိုယ်တန်ဖိုးထားတဲ့ မိသားစုဝင်တွေ အပေါ်မှာပေါ့။ ကြင်စဦး လင်မယားလည်း ဒီအတိုင်းပဲလို့ ထင်တာပဲ။ ချစ်တဲ့အဆင့်ကနေ မေတ္တာထားနိုင်တဲ့ အဆင့်ကို မကူးနိုင်ဘူး ဆိုရင် အဲဒီ လင်မယားရဲ့ ရှေ့ရေးက မတွေးဝံ့စရာပဲ။
ဝတ္ထုထဲမှာကတော့ ဒီလောက်ပဲ ပြောထားတယ်။
“ကျွန်တော်က ကျွန်တော့်သားကို သိပ်ချစ်တယ်။ ဒါကို ဘယ်သူကမှ ငြင်းချက် ထုတ်နိုင်မယ် မထင်ဘူး။ လူတွေက အချစ်မေတ္တာဆိုပြီး အချစ်နဲ့ မေတ္တာကို တွဲသုံးတတ်ကြပေမယ့် တကယ်တော့ ချစ်တာနဲ့ မေတ္တာထားတာက တစ်ကဏ္ဍစီပဲဗျ။ မေတ္တာထားတယ် ဆိုတာက သူ့အကျိုးကို လိုလားတာ။ ကလေးရဲ့ အနာဂတ်ကို အမြဲတမ်း ထည့်တွက်နေတတ်တာမျိုး။ သူ့အတွက် ကောင်းပေ့ဆိုတာကို အမြဲမပြတ် ရွေးချယ်ပေးတတ်တာမျိုး။ အဲဒါမျိုးကို ကျွန်တော် မေတ္တာ မထားတတ်ခဲ့ဘူး။ ကျွန်တော်ဟာ ကိုယ်ချစ်လို့ရမယ့် အရာလေးတစ်ခုကို ပိုင်ဆိုင်ရရင်ကိုပဲ ကျေနပ်နေခဲ့မိတဲ့ လူစားမျိုးပဲ”
ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်တိုင်း၊ စာတချို့ကို ဘာသာပြန်တိုင်း ကိုယ့်ကိုယ်ကိုယ် အမြဲ မေးနေမိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ “ငါ အချိန်ဖြုန်းနေမိသလား” ပေါ့။ အဓိပ္ပာယ် မပြည့်ဝတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း အချိန်ဖြုန်းမိမှာ စိုးကြောက်သလို စာတစ်ပုဒ် ဘာသာပြန်ရင်းနဲ့လည်း အချိန်ဖြုန်းမိနေမှာ စိုးတယ်။ ဒီ လူသစ် ဆိုတဲ့ စာအုပ်ကို အစအဆုံး ဘာသာပြန်နိုင်ဖို့ ကျွန်တော် နာရီပေါင်း ၁၃၀ ကျော် သုံးခဲ့ရပါတယ်။ အဲဒီ ကုန်သွားခဲ့တဲ့ အသက်နာရီပေါင်း ၁၃၀ ကျော်ဟာ အလဟဿ ကုန်ဆုံးခဲ့ခြင်း မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်မိပါတယ်။ ဒီစာအုပ် ဖတ်ပြီး အတွေးတစ်ခု၊ ခံစားမှု တစ်စုံတစ်ရာ ထင်ကျန်နေခဲ့မယ် ဆိုရင်ပေါ့လေ။
ဖြိုးကျော်