လူသစ်

“သူကလည်း အသတ်ခံရလိမ့်မယ်လို့ ဘယ်ထင်မှာလဲ။ ပစ္စည်းထွက်ဝယ်တာ မထူးဆန်းပါဘူး။ သူက မီးဖိုချောင်သုံး ကတ်ကြေးတစ်လက် ဝယ်ခဲ့တယ်။ ’ရွှေကတ်ကြေး’ ဆိုတဲ့ ဆိုင်ကို ညီမ သိတယ် မဟုတ်လား”
“အင်း သိတယ်”
“အဲဒါက ထားလိုက်ပါဦး။ ဦးလွန်းဆွေရဲ့ ပြောစကားအရဆိုရင် သူဟာ သပြေရိပ်ကနေ ထွက်လာပြီး ညီမတို့ အိမ်ကို အရင်ဝင်တယ်။ ပြီးတော့မှ ကုမ္ပဏီကို ပြန်တယ်တဲ့။ ကုမ္ပဏီရောက်တော့ ညီမအဖွားရဲ့ စာရွက်စာတမ်းတွေကို ရုံးက စာရေးမဆီ ပေးပြီး သူ့အိမ်ကို တန်းပြန်ခဲ့တယ်လို့ ဆိုတယ်”
“ဘာပြဿနာ ရှိလို့လဲ”
“သူရဲ့ အိမ်အပြန်လမ်းမှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့တယ်။ အဲဒီသူငယ်ချင်းရဲ့ ပြောစကားအရ ခန့်မှန်းတွက်ဆကြည့်လိုက်ရင် ဦးလွန်းဆွေဟာ ကုမ္ပဏီကနေ ၆ နာရီ မိနစ် ၄၀ လောက်မှ ထွက်လာခဲ့တာ ဖြစ်ရမယ်။ ဒါပေမယ့် သူ့ရုံးက စာရေးမရဲ့ ထွက်ဆိုချက်အရ ၆ နာရီ ၁၀ မိနစ်မှာ ကုမ္ပဏီကနေ ထွက်သွားသတဲ့။ ဒီတော့ ကြားမှာ မိနစ် ၃၀ လောက် ဟာနေတယ်။ တကယ်လို့သာ မိနစ် ၃၀ အချိန်ရရင် အိမ်ကိုပြန်ရင်း သပြေရိပ်ဘက် ဝင်ပြီး လူသတ်သွားလို့ ရနေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးလွန်းဆွေကို မေးကြည့်တော့လည်း သူက ကုမ္ပဏီကနေ ၆ နာရီ မိနစ် ၄၀ မှာ ထွက်ခဲ့တယ်လို့ အခိုင်အမာ ပြောနေတယ်။ သပြေရိပ်ဘက်ကိုလည်း လှည့်မဝင်ခဲ့ဘူး။ စာရေးမက အမှတ်မှားတာပဲ ဖြစ်မယ်တဲ့”
“တကယ်က အဲဒီလို မဟုတ်လို့လား”
“တခြား လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ငါ တွေ့ခဲ့သေးတယ်။ သူ့ကို ၆ နာရီနောက်ပိုင်းအထိ ရုံးမှာ တွေ့ခဲ့ကြသေးတယ်တဲ့။ ရဲတစ်ယောက်အနေနဲ့ ဒီလို အချိန်ကွာဟမှုကို ပြီးစလွယ် သဘောထားလို့ မရဘူး။ အဲ … ဦးလွန်းဆွေနဲ့ သူရဲ့ စာရေးမတို့ နှစ်ယောက်စလုံး ပြောတဲ့အထဲမှာ တူတာ တစ်ချက်တော့ ပါတယ်။ သူ ရုံးကို ရောက်တဲ့အချိန်ကနေ စပြီး ပြန်ထွက်သွားတဲ့အချိန်ထိ စုစုပေါင်း ဆယ်မိနစ်ပဲ ကြာတယ် ဆိုတဲ့ အချက်ပဲ။ ဒီလိုသာဆိုရင် သူ ညီမတို့အိမ်ကို ရောက်လာတဲ့ အချိန်က သိပ်ကို အရေးကြီးသွားပြီ။ ဒီကနေ သူအလုပ်လုပ်တဲ့ အာမခံကုမ္ပဏီအထိကို လမ်းလျှောက်သွားရင် ဆယ်မိနစ်နဲ့ ရောက်နိုင်တယ်။ ညီမတို့ အိမ်ကနေ သူ ထွက်လာပြီးတော့ ကုမ္ပဏီကို တန်းပြန်တယ်လို့ သူပြောခဲ့တယ်။ ဒါကြောင့် ညီမတို့ အိမ်ကနေ သူ ဘယ်အချိန်က ထွက်သွားသလဲဆိုတာ အတိအကျ သိအောင် လုပ်နိုင်ရင် သူ ညာပြောခဲ့သလားဆိုတာ တွက်ယူလို့ ရပြီပေါ့”
ကိုဝေဖြိုးသည် သူ့ကို ခပ်မြန်မြန် ရှင်းပြနေသောကြောင့် မနှင်းဖြူသည်လည်း ဦးနှောက်ထဲတွင် အမြန် စာစီကာ နားလည်နိုင်ရန် ကြိုးစားနေရသည်။
“ဒါကြောင့် ရှင်က အဲဒီအချိန်ကို အသည်းအသန် မေးနေတာကိုး”
“ဟုတ်တယ်။ ဒါပေမယ့် ညီမရော၊ ညီမအဖွားကရော အချိန်အတိအကျ မပြောပြနိုင်ဘူးဆိုတော့ ငါတို့က ဒီပတ်ဝန်းကျင်မှာ လူတကာကို လိုက်မေးနေရတော့တာပေါ့။ ဒီအချိန် ပတ်ဝန်းကျင်မှာ ဦးလွန်းဆွေကို တွေ့မိတဲ့သူ ရှိသလားဆိုတာ စုံစမ်းနေရတယ်။ ညီမတို့ မုန့်ဆိုင်ကို သူ ဝင်သွားတာ ဘယ်သူမှ မတွေ့ခဲ့ကြဘူး။ ငါ ဒီဆိုင်ကိုလည်း မေးကြည့်သေးတယ်။ အဲဒီ အဖြေပဲ ရခဲ့တယ်”
“အဲဒီတော့ ဘာဖြစ်သလဲ”
“ဒါလား …..” ကိုဝေဖြိုးသည် ပေါ့ပေါ့ပါးပါးဖြင့် ထိုင်ခုံ နောက်မှီပေါ် မှီချလိုက်ပြီး အပြင်ဘက်မှ လမ်းသွားလမ်းလာများကို ကြည့်နေသည်။
“အခုချိန်ထိ တခြား သံသယရှိတဲ့လူကို မတွေ့ရသေးဘူး။ ဒီလိုသာဆိုရင် မှုခင်းထောက်လှမ်းရေးအဖွဲ့ လူတွေက ဦးလွန်းဆွေကိုပဲ မဲနေကြတော့မှာ”
“ဒါပေမယ့် ကျွန်မကတော့ ဦးလွန်းဆွေကို လူသတ်လိမ့်မယ်လို့ မထင်ဘူး”
“အင်း … တရားခံကို ဖမ်းသွားရင် သူ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးက အဲဒီလိုပဲ ပြောကြတာပဲ”
ကြားရသော စကားကြောင့် မနှင်းဖြူသည် စိတ်တိုသွားသည်။ “ဒါပေမယ့် သူက ဘာကြောင့်မို့ သတ်ရမှာလဲ”
“အဲ ….”
“အဲ မနေပါနဲ့။ ပြောစရာရှိတာ ရှင်းရှင်းပြောပါရှင်”
“သတ်ရတဲ့ အကြောင်းအရင်း ဆိုတာမျိုးက ကာယကံရှင် ကိုယ်တိုင်ပဲ သိနိုင်တာလေ။ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဒါကြောင့် ထောက်လှမ်းရေးအဖွဲ့ကတော့ ဒီအကြောင်းကို မကြာခင် စစ်ကြောနိုင်လိမ့်မယ် ထင်ပါတယ်”
“အခုကြားရသလောက် ရှင်က ကိစ္စကြီးတစ်ခုလုံးကို သူများဆီ ပုံချထားသလိုပဲ”
“သူများဆီ?”