လူသစ်

“အင်းလေ။ ရှင် စကားပြောနေပုံက သွေးအေးတဲ့ ပွဲကြည့်ပရိသတ်တစ်ယောက်လိုပဲ”
ကိုဝေဖြိုးသည် ရေခဲများ အရည်ပျော်နေသော ဖန်ခွက်ကို လှမ်းကိုင်လိုက်သည်။ “အခု ဒီအမှုမှာ မှုခင်းထောက်လှမ်းရေးအဖွဲ့က အဓိက ဇာတ်လိုက်ပဲ။ ငါတို့က သူတို့ရဲ့ အကူတွေ သက်သက်ပါ။ ဒါမှမဟုတ် လမ်းပြတွေပေါ့ကွာ။ ငါတို့က သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း အလုပ်လုပ်ကြရတာ”
မနှင်းဖြူသည် တည်ကြည်ပြတ်သားသော ကိုဝေဖြိုး၏ မျက်နှာကို သေချာ စိုက်ကြည့်နေသည်။
“သွားပြီ … သွားပြီ။ ကျွန်မကတော့ ရှင့်ကို တခြားရဲတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့ ရဲတစ်ယောက်လို့ အောက်မေ့နေတာ။ အဲဒီလိုသာဆိုရင် ရဲစခန်းထဲမှာပဲ နေနေပါတော့လား”
“အဲဒီလိုတော့ တစ်နေကုန် နေနေလို့ ဘယ်ဖြစ်မလဲ။ အမှန်အတိုင်း ပြောရရင် ငါ ဒီကို ပြောင်းလာရတာ မကြာသေးဘူး။ ဒီပတ်ဝန်းကျင်က အခြေအနေတွေကို ဘာမှ သိသေးတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလမ်းကြားကို အရင် လေ့လာမယ်လို့ ဆုံးဖြတ်ထားတာ။ ဒီနေရာက သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။ စောစောကတင် ငါ နာရီပြင်ဆိုင်ကို ရောက်ခဲ့သေးတယ်။ အင်မတန် ရှားပါးတဲ့ ပိရမစ်ပုံ နာရီတစ်လုံးကို အဲဒီမှာ တွေ့ခဲ့သေးတယ်။ သုံးမျက်နှာစလုံးမှာ နာရီဒိုင်ခွက် တစ်လုံးဆီနဲ့။ ပြီးတော့ သူတို့အားလုံးက အချိန်တစ်ခုတည်းကိုပဲ ပြနေကြတယ်။ အဲဒီလို တစ်ပုံစံတည်း လည်ပတ်နေအောင် ဘယ်လိုများ လုပ်ထားတာပါလိမ့်မလဲ မသိဘူး”
“ရှင်က အတော် ရယ်ရတဲ့လူပဲ။ ချောင်ခိုရင်လည်း ချောင်ခိုတယ်ပေါ့။ အခုတော့ ပတ်ဝန်းကျင် လေ့လာတယ်လေး ဘာလေးနဲ့” မနှင်းဖြူသည် သူ့ဖန်ခွက်ထဲမှ လက်ကျန် ဖရဲသီးဖျော်ရည်များကို အကုန် မော့ချပြီး ပိုက်ဆံကို စားပွဲပေါ် တင်လိုက်သည်။
“ဒီနေ့ အတော် ပူတာပဲ” ကိုဝေဖြိုးသည် မှန်ပြတင်းပေါက်သို့ ငေးကြည့်ရင်း ပြောနေသည်။ “ကြည့်ကြည့်၊ ဟိုရုံးဝန်ထမ်းတွေက သူတို့ရဲ့ လက်ရှည်အင်္ကျီတွေကို လက်မောင်းနားအထိ ရောက်အောင် ခေါက်တင်ထားကြတယ်။ တွေ့လား၊ လမ်း တောင်ဘက်ကနေ ဒီဘက်ကို လမ်းလျှောက်လာနေကြတာ”
“အဲတော့ ဘာဖြစ်လဲ” မနှင်းဖြူသည် စိတ်မရှည်သော လေသံဖြင့် ပြောသည်။ ထိုသူ့အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံချင်စိတ်လည်း မနှင်းဖြူတွင် မရှိတော့။
“ဟော .. နောက်တစ်ယောက် လာပြန်ပြီ။ သူ့ပခုံးပေါ်မှာ အနွေးထည်ကို တင်ထားတယ်”
“ဒီလောက် ပူနေတာပဲရှင်။ အဲဒီလို လုပ်တာ သဘာဝ မကျဘူးလား”
“ဒါပေမယ့် အခု အတော်လေး အေးအေးလူလူ ရှိနေပါပြီ။ ဟိုမှာကြည့်၊ ကုတ်အင်္ကျီနဲ့ လူတစ်ယောက်”
မနှင်းဖြူက လှမ်းကြည့်လိုက်သောအခါ အမှန်တကယ်ပင် ကုတ်အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူတစ်ယောက် သူတို့ရှေ့မှ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
“ရှင် ဘာပြောချင်နေတာလဲ” မနှင်းဖြူသည် စိတ်မရှည်နိုင်တော့ဘဲ မေးချလိုက်သည်။
“ညီမ သေသေချာချာလေး ကြည့်ကြည့်စမ်းပါဦး။ လမ်းတောင်ဘက်ကနေ မြောက်ဘက်ကို သွားတဲ့ ရုံးဝန်ထမ်းတွေ အများစုက အနွေးထည်တွေကို ချွတ်သွားကြတယ်။ ဒါပေမယ့် သူတို့နဲ့ ဆန့်ကျင်ဘက် မြောက်ဘက်ကနေ တောင်ဘက်ကို သွားတဲ့ လူတွေကျတော့ ဂျာကင်အင်္ကျီနဲ့၊ လက်ရှည်နဲ့ ကျကျနန ဝတ်စားထားကြတယ်”
မနှင်းဖြူသည် လမ်းကို ဘယ်ပြန်ညာပြန် ကြည့်ကာ စူးစမ်းလေ့လာနေသည်။
“ဟုတ်သားပဲ” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ဘာဖြစ်လို့လဲ။ တိုက်ဆိုင်တာများလား”
“ဘယ်က တိုက်ဆိုင်ရမှာလဲ။ အကြောင်းအရင်း ရှိတာပေါ့”
“ရှင်က အကြောင်းအရင်းကို သိတယ်ပေါ့?”
“ဆိုပါတော့” ကိုဝေဖြိုးသည် နှုတ်ခမ်းကို အနည်းငယ် ရွဲ့ကာ ပြုံးနေသည်။
“ရှင် အမူအရာက ဘာသဘောလဲ။ ကျွန်မကို အချဉ်ဖမ်းနေတာလား”
“မဟုတ်ရပါဘူးဗျာ။ အရေးကြီးတဲ့ သိပ္ပံတွေ့ရှိချက်ကြီးမှ မဟုတ်တာပဲဟာ။ ကဲ ထားပါတော့လေ။ ရုံးဝန်ထမ်း အတော်များများဟာ ဒီလမ်းကြားကို ဖြတ်သွားကြတယ်။ ဒါကို ညီမလည်း သိထားပြီးသား။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အလုပ်လုပ်တဲ့ ရုံးတွေဟာ လမ်းရဲ့ မြောက်ဘက်မှာ ရှိကြတယ်။ အဲဒါ အရေးကြီးဆုံး အချက်ပဲ။ အခု ညနေ ၅ နာရီခွဲ ရှိပြီ။ အခုလိုအချိန်မှာ လမ်းရဲ့ တောင်ဘက်၊ ဂုဏ်ရောင်ရုပ်ရှင်ရုံဘက်ကနေ ဒီဘက်ကို လာနေတဲ့ လူတွေက ဘယ်လို လူမျိုးတွေ ဖြစ်မလဲ”