“ဒီလိုအချိန်မျိုး ဆိုရင်တော့ …..” မနှင်းဖြူ၏ မျက်စိရှေ့တွင် အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူတစ်ယောက် ဖြတ်သွားသည်။ “သူတို့ ကုမ္ပဏီကို ပြန်တဲ့သူတွေပဲ ဖြစ်မှာပေါ့”
“သိပ်ဟုတ်တာပေါ့။ သူတို့ ဒီ့မတိုင်ခင်က ရုံးမှာ ရှိကြမှာ မဟုတ်ဘူး။ အပြင်ထွက်ပြီး ဖောက်သည်နဲ့ သွားတွေ့တဲ့သူက တွေ့မယ်။ ကုန်ပစ္စည်း ကြော်ငြာဖို့ သွားတဲ့သူက သွားမယ်။ အပြင်ထွက်ပြီး တစ်ခုမဟုတ်တစ်ခု လုပ်နေကြရမှာပဲ။ အဲ … မြောက်ဘက်ကနေ တောင်ဘက်ကို သွားတဲ့ လူတွေကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ဒီ့မတိုင်ခင်တုန်းက သူတို့ဟာ ကုမ္ပဏီရုံးခန်းမှာပဲ ရှိနေကြရမယ်။ သူတို့ တစ်ချိန်လုံး ကုမ္ပဏီက အဲယားကွန်းခန်းထဲမှာ နေနေကြရတော့ အလုပ်ထွက်လုပ်ရတဲ့ သူတွေလို ချွေးထွက်ကြရမှာ မဟုတ်ဘူး။ ချမ်းတောင် ချမ်းနေလောက်တယ်။ ဒါကြောင့်လည်း အနွေးထည်တွေ၊ ကုတ်အင်္ကျီတွေ ဝတ်ထားကြတာပေါ့။ အခုလို အချိန်ရောက်တော့ အပြင်မှာလည်း အေးအေးလူလူ ရှိလာပြီ။ ဟိုမှာ … မြောက်ဘက်က လာနေတဲ့ လူတွေကို ကြည့်ကြည့်လိုက်။ အများစုက သက်ကြီးပိုင်းတွေ ဖြစ်နေကြပြီ။ သူတို့ရဲ့ ကုမ္ပဏီ ရာထူးတွေကလည်း အတော်လေး ကြီးကြမယ် ထင်တယ်။ အပြင်ထွက်ပြီးလည်း အလုပ် လုပ်စရာ မလိုဘူး။ ဒီတော့ ညနေ ၅ နာရီခွဲတာနဲ့ ကုမ္ပဏီကနေ ကျော့ကျော့မော့မော့ ထွက်လာကြရုံပဲ”
မနှင်းဖြူသည် ကိုဝေဖြိုး၏ စကားများကို နားထောင်လျက်က လမ်းဘေးဝဲယာကို အကဲခတ် ကြည့်နေမိသည်။ ဟုတ်ပေသည်။ တချို့တလေ ခြွင်းချက် ရှိသည် မှန်သော်လည်း ကိုဝေဖြိုး ပြောပြသည်မှာ အင်မတန် အဓိပ္ပာယ် ရှိပေသည်ဟု သဘောကျနေမိသည်။
“ကျွန်မဖြင့် အရင်က ဒီလို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ကျွန်မ မွေးကတည်းက ဒီလမ်းကို နေ့တိုင်း မြင်နေရတာပဲဟာ”
“ဪ … ဒါက တတ်အပ်တဲ့ အဋ္ဌာရသ ဆယ့်ရှစ်ရပ်ထဲမှာ ပါတာမှ မဟုတ်တာ”
မနှင်းဖြူသည် ခေါင်းတညိတ်ညိတ် လုပ်နေရင်းမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ကိုဝေဖြိုးရှိရာဘက်သို့ ရုတ်တရက် လှည့်လာသည်။ “ဒါနဲ့ … ဒါက အမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ”
ကိုဝေဖြိုးသည် စားပွဲပေါ်မှ ဘောက်ချာစာရွက်ကို လှမ်းယူနေသည်။ “ညီမကို ဦးလွန်းဆွေရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီး မေးခဲ့ဖူးတာ မှတ်မိသေးလား”
မနှင်းဖြူသည် မျက်တောင်ကို ပေကလတ် ပေကလတ် လုပ်ရင်း “ဦးလွန်းဆွေက ကျကျနန ဝတ်စားထားတာပဲလေ”
“သူ့တာဝန်က အပြင်ထွက်ပြီး အလုပ်လုပ်တာ။ ပြီးတော့ သူက သပြေရိပ်အိမ်ရာကို ဝင်ပြီး ညီမတို့အိမ်ကို တန်းလာတယ်လို့ ပြောခဲ့တယ်။ သူ အပြင်မှာ ဒီလောက် အကြာကြီး လျှောက်သွားနေခဲ့ပြီးတော့တောင် ဒီလို သပ်သပ်ရပ်ရပ် ဝတ်စားထားနိုင်သေးတယ်နော်”
“အင်း …. အလုပ်သဘောအရ ကျိတ်မှိတ်ပြီး ဝတ်ထားရတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”
“ဒါပေါ့။ အဲဒီလိုလည်း ဖြစ်နိုင်သေးတာပဲ။ ဒါပေမယ့် အဲဒီအထဲမှာ မိနစ်သုံးဆယ်စာ လျှို့ဝှက်သဲဖို ကိစ္စတစ်ခုလည်း ပါချင် ပါနေနိုင်တာပေါ့” ကိုဝေဖြိုးသည် မတ်တပ်ရပ်ကာ ငွေသိမ်းကောင်တာဘက်သို့ လျှောက်သွားသည်။
“နေဦး။ အဲဒါ ဘာအဓိပ္ပာယ်လဲ”
“နောက်ကိစ္စတွေကတော့ ငါ နင့်ကို ပြောပြချင်လည်း မတတ်နိုင်သေးဘူး။ ငါကိုယ်တိုင်တောင် လုံးစေ့ပတ်စေ့ နားလည်သေးတာ မဟုတ်ဘူး” ကိုဝေဖြိုးသည် လှည့်ကြည့်ပြီး “နောက်တွေ့ကြသေးတာပေါ့” ဟုဆိုကာ ကော်ဖီဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။
(ဃ)
ညစာစားနေကြစဉ် မနှင်းဖြူသည် ကိုဝေဖြိုးနှင့် ပြောခဲ့သမျှကို ဖခင်နှင့် အဖွားအား ပြောပြခဲ့သည်။ အချိန် အတော်ကြာမှ ဒေါ်စိန်လှသည် လစ်ဟာနေသည့် မိနစ် ၃၀ ၏ အရေးပါပုံကို သဘောပေါက်လာသည်။ ပိုမို ရှင်းလင်းသေချာရန်အတွက် မနှင်းဖြူသည် ဦးလွန်းဆွေ၏ လှုပ်ရှားမှု အချိန်ဇယားကို စာရွက်ပေါ်တွင် ချရေးပြခဲ့သည်။ “ဪ … အဲဒီ မိနစ် ၃၀ လား။ ငါ့အမြင်ကတော့ ဘာမှ ထူးခြားတယ် မထင်ပါဘူးအေ” ဒေါ်စိန်လှသည် ခေါင်းတခါခါဖြင့် ပြောနေသည်။
“ဒါပေမယ့် အဲဒီ မိနစ် ၃၀ က လူတစ်ယောက်ကို သတ်ဖို့အတွက် လုံလောက်တဲ့ အချိန်ပဲလို့ ရဲတွေအနေနဲ့ အခိုင်အမာ လက်ခံထားကြတယ်”
“အဲဒါ ယုတ္တိ မရှိတာပေါ့။ အရင်ဆုံး စဉ်းစားသင့်တာက ဦးလွန်းဆွေဟာ ဒီလို လုပ်မယ့်သူ ဟုတ်မဟုတ် ဆိုတာပဲ။ သူက အဲဒီလောက် ရက်စက်တဲ့ အလုပ်မျိုး လုပ်နိုင်မယ် မထင်ပါဘူးအေ။ သူက အချိန်လေးစားတယ်။ ပြီးတော့ တစ်ဘက်သားအပေါ် စာနာ