လူသစ်

ထောက်ထားတတ်တယ်။ ဒီခေတ်မှာ ဒီလိုလူမျိုးက အင်မတန် ရှားသွားပြီ။ ငါ ဆေးရုံက ဆင်းတော့လည်း သူကပဲ ပထမဆုံး …..”
မနှင်းဖြူသည် လက်မြှောက်ကာ သူ့အဖွား၏ စကားစ ဖြတ်တောက်လိုက်သည်။ “သူက လူကောင်းတစ်ယောက်ဆိုတာ လူတိုင်းက သိကြပါတယ်။ ပြောနေဖို့တောင် မလိုဘူး။ အခု အရေးအကြီးဆုံး ကိစ္စက သူ့ကို သံသယဝင်နေတာတွေ ပယ်ဖျောက်နိုင်အောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာပဲ”
“ဒါကြောင့် ငါပြောနေတာပေါ့။ ရဲတွေကို တဲ့တိုးသာ ပြောလိုက်။ ရပြီ။ သူတို့က ဦးလွန်းဆွေကိုမှ ကောင်းကောင်း မသိကြတာ။ ဒါကြောင့်လည်း ယုန်ထင်ကြောင်ထင် လျှောက်ထင်နေကြတာပေါ့”
မနှင်းဖြူသည် အသံခပ်တိုးတိုးဖြင့် တစ်ခွန်း ဝင်ထောက်သည်။ “ဒီလောက်နဲ့ မရသေးဘူး အဖွားရ” ထိုနောက် ဖခင်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ဦးကျော်ဌေးသည် စိတ်မကောင်းသော အမူအရာဖြင့် နှုတ်ဆိတ်နေသည်။
“အဖေ၊ ဘာတွေ စဉ်းစားနေတာလဲ”
“ဟေ၊ ဪ … ဦးလွန်းဆွေက အဲဒီလိုပဲ ပြောခဲ့သလားလို့ ငါ စဉ်းစားနေတာပါကွာ”
“ဘာကြီးလဲ”
“ဦးလွန်းဆွေက သပြေရိပ်အိမ်ရာကနေ ငါတို့အိမ်ကို တန်းလာပြီး နောက်မှ ကုမ္ပဏီကို ပြန်တယ်။ အဲဒီကနေမှ သူ့အိမ်ကို ပြန်သွားတယ်လို့ သူပြောခဲ့တာ အမှန်ပဲလား”
“ဦးရဲကြီးကတော့ အဲဒီလို ပြောတာပဲလေ”
“အဲဒီလိုလား ….” ဦးကျော်ဌေးသည် တစ်ခုခုကို စဉ်းစားနေပုံရသည်။
“ဘာဖြစ်လို့လဲ”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး”
“ငါ့မြေးပြောတဲ့ အဲဒီ ဦးရဲကြီး ဆိုတဲ့လူက အတော် ယောက်ျားဆန်တာပဲ” ဒေါ်စိန်လှသည် ရေနွေးငှဲ့ရင်း ပြောနေသည်။ “အက်ရှင်ကား ရိုက်ရင် သူ့မျက်နှာကျနဲ့ အတော် လိုက်ဖက်မှာပဲ။ ပြီးတော့ ကြည့်ရတာ အတော် ထက်မြက်တဲ့ပုံစံ”
“ဟုတ်လောက်မယ်။ သမီး သူ့ဆီကနေ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခု သိခဲ့ရတယ်” မနှင်းဖြူသည် ကိုဝေဖြိုးပြောပြခဲ့သည့် ကုတ်အင်္ကျီ ဝတ်ခြင်း၊ မဝတ်ခြင်းနှင့် ပတ်သက်သော အယူအဆကို ရှင်းပြနေသည်။
“အေး …. ငါလည်း တစ်ခါမှကို အဲဒီလို မစဉ်းစားဖူးဘူး”
“ဒါကြောင့်လည်း ဦးရဲကြီးက ဦးလွန်းဆွေရဲ့ အဝတ်အစားအကြောင်းကို မေးခဲ့တာပေါ့။ ပြီးတော့ အဲဒါက ကွာဟနေတဲ့ မိနစ် ၃၀ နဲ့လည်း သက်ဆိုင်နိုင်တယ်တဲ့လေ”
“ဘယ်လို သက်ဆိုင်တာလဲ”
“ဒါတော့ သမီးလည်း မသိဘူး”
“သူရဲ့ စိတ်ကူးက အတော် ထူးဆန်းတာပဲ။ ရဲတွေထဲမှာဆိုရင် လူတော်တစ်ယောက်ပဲ ဖြစ်မယ် ထင်တယ်”
“ဒါတော့ ပြောရခက်တယ်” မနှင်းဖြူသည် ရေနွေးခွက်ကို ကောက်ကိုင်လိုက်သည်။ “သမီးဖြင့် သူ အလုပ်ကောင်းကောင်း လုပ်နေတာကို မတွေ့ဖူးသေးဘူး။ ပြီးတော့ သမီးလို အပြင်လူတစ်ယောက်ကို အမှုကိစ္စတွေ လျှောက်ပြောပြနေတာကိုပဲ ကြည့်ပါလား။ လုပ်သင့်ရဲ့လားလို့”
“အဲဒါ ညည်းက သူများကို လျှောက်မေးနေတာကိုး”
“မေးတာတော့ မေးတာပေါ့။ တခြားလူဆိုရင် ပြောချင်မှ ပြောမှာလေ” မနှင်းဖြူသည် သူ့အဖေဘက်သို့ လှည့်ကာ စစ်ကူတောင်းသကဲ့သို့ စိုက်ကြည့်နေသည်။
“ဪ …. အေး၊ ဟုတ်တာပေါ့” ဦးကျော်ဌေးသည် မတ်တပ်ထရပ်လိုက်သည်။ “ကဲ ရေသွားချိုးဦးမယ်။ ဒီနေ့ ဟင်းကတော့ အတော် စားကောင်းတာ”
စိတ်နှင့်လူ မကပ်သော ဖခင်ကို ကြည့်ကာ မနှင်းဖြူသည် ထမင်းစားခန်းထဲတွင် ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့တော့သည်။
 

(င)

နေ့လည် နေစောင်းသွားသောအခါ ဦးကျော်ဌေးသည် ဆိုင်ပြင်သို့ ထွက်ကာ ယခင် လုပ်နေကျအတိုင်း နေကာများကို ရုပ်သိမ်းနေသည်။ မွန်းတည့်နေလောက် မပူတော့သော်လည်း အပူချိန်မှာ တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာသည်ကို ခံစားသိရှိ