လူသစ်

ချပေးသည်။
“မနေ့က ဒီဆိုင်မှာပဲ ဦးသမီးနဲ့ စကားပြောဖြစ်ကြသေးတယ်”
“အင်း၊ သူပြောတယ်”
“ဪ … သူပြောပြထားတော့ အဆင်ပြေတာပေါ့။ ကျွန်တော့်အနေနဲ့ နိဒါန်းပျိုးနေစရာ မလိုတော့ဘူး”
“ဦး အခုလို ပြောလို့ ဘယ်လိုမှ မထင်ပါနဲ့။ မင်းက စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတစ်ခု တွေ့ထားတယ်လို့ ပြောသံ ကြားတယ်။ ဟိုကွာ … အဲဒီ ကုမ္ပဏီဝန်ထမ်းတွေ ဘယ်လို ဝတ်စားသွားလာတယ်ဆိုတာ ဦးဖြင့် တစ်ခါမှ ဂရုတစိုက် မကြည့်ခဲ့ဖူးဘူး”
“ကျွန်တော်က ဘယ်အရာကိုမဆို စေ့စေ့စပ်စပ် ကြည့်ရတာ ဝါသနာ ထုံတဲ့ သူမျိုးပါ။ ဒါကြောင့်လည်း ဦးလွန်းဆွေရဲ့ ဝတ်စားဆင်ယင်ပုံကို သတိထားမိတာပေါ့။ သူ လမ်းပေါ်မှာ ဒီလောက် အကြာကြီး လှည့်ပတ်နေခဲ့တာတောင် ဘာဖြစ်လို့ ကုတ်အင်္ကျီကို မချွတ်ဘဲ သပ်သပ်ရပ်ရပ် ဝတ်စားထားနိုင်ရတာလဲ”
စားပွဲထိုးသည် ကော်ဖီအေးနှစ်ခွက်ကို လာချသွားသည်။ ဦးကျော်ဌေးက သူ၏ ဆေးလိပ်ကို မီးညှိနေသည်။
“မင်းက အကြောင်းအရင်းကို သိပြီပေါ့”
“အကြမ်းအားဖြင့်တော့ သိပြီ ဆိုပါတော့”
“ဪ ……”
“ဦးအနေနဲ့ ထူးဆန်းမနေသလိုပဲ။ စိတ်မဝင်စားလို့လား”
“အဲဒီလိုတော့လည်း မဟုတ်ပါဘူး”
“အင်း၊ ဒီကိစ္စကို ဦးအနေနဲ့လည်း နားထောင်ချင်လိမ့်မယ် မထင်မိဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဦးက သိနှင့်နေပြီးသားပဲကိုး”
ဦးကျော်ဌေးသည် ကော်ဖီခွက်ကို သောက်ရန် နှုတ်ခမ်းနား တေ့ပြီးကာမှ ကိုဝေဖြိုး၏ စကားကြောင့် မသောက်သေးဘဲ ခွက်ကို စားပွဲပေါ် ပြန်ချလိုက်သည်။ “မင်းက ဘာဆိုလိုတာလဲ”
“ဦးလွန်းဆွေ ဦးတို့အိမ်ကို ရောက်လာတဲ့ အချိန်တုန်းက ဘာဖြစ်လို့ သူ ကုတ်အင်္ကျီ ဝတ်ထားရသလဲ။ အဖြေက ရိုးရိုးလေးပါ။ သူ အပြင်ဘက်မှာ လျှောက်ပတ်ပြီးမှ ဦးတို့ဆီ ရောက်လာခဲ့တာ မဟုတ်လို့ပေါ့။ သူ ကုမ္ပဏီကို အရင် ပြန်သွားခဲ့တယ်။ သူ့အလုပ်တွေ အားလုံးကို လုပ်ပြီးပြီဆိုမှ ဦးတို့ဆီ လာခဲ့တာ။ ဒါကြောင့် ချွေးထွက်တယ် ဆိုရင်တောင် အပေါ်အင်္ကျီကို ချွတ်ပစ်ရလောက်အောင် ဆိုးဆိုးဝါးဝါး မဖြစ်လို့ပေါ့”
ဦးကျော်ဌေးသည် ခေါင်းကို ငုံ့ထားသည်။
ကိုဝေဖြိုးက ဆက်လက်ပြီး “သူ ၅ နာရီခွဲမှာ သပြေရိပ်အိမ်ရာကနေ ထွက်ခဲ့တယ်။ ၆ နာရီမှာ ကုမ္ပဏီကို ရောက်တယ်။ ပြီးတော့ ဒေါ်စိန်လှရဲ့ ဆေးရုံဆင်းလက်မှတ်ကို စာရေးမဆီ ပေးပြီး လိုအပ်တာတွေ ဆက်လုပ်ခိုင်းတယ်။ အဲဒါပြီးတော့မှ ကုတ်အင်္ကျီဝတ်ပြီး ဦးတို့အိမ်ကို ရောက်လာခဲ့တယ်။ ဦးတို့အိမ်ကနေ ထွက်ပြီးတဲ့နောက် ကုမ္ပဏီကို ပြန်သွားပြီး ခဏနေတော့မှ သူ အိမ်ပြန်သွားတယ်။ ဒီလိုသာဆိုရင် သူ့ရဲ့ သွားလာလှုပ်ရှားမှုက သက်သေထွက်ဆိုချက်တွေ အားလုံးနဲ့ တစ်ထပ်တည်း ကျသွားရောပေါ့။ မိနစ် ၃၀ ကွာဟနေတာမျိုးလည်း မရှိနိုင်တော့ဘူး။ သူ ရုံးကနေ ဦးတို့အိမ်လာတဲ့ လမ်းခရီးကြာချိန်ရယ်၊ ဦးအမေနဲ့ စကားလက်ဆုံ ကျခဲ့ကြတဲ့ အချိန်ရယ်၊ နှစ်ခုပေါင်းလိုက်ရင် မိနစ် ၃၀ လောက် ကြာတယ်လို့ ယူဆနိုင်တယ်။ ဒါပေမယ့် အဲဒီလို ယူဆလိုက်ရင် ဝိရောဓိတစ်ခု ပေါ်ပေါက်လာပြန်တယ်။ ကျန်းမာရေး အာမခံလျော်ကြေး လျှောက်ထားဖို့ ဆိုတာ ဆေးရုံရဲ့ ထောက်ခံချက် လိုသေးတာကိုး။ တကယ်လို့ သူ ပထမအကြိမ် ကုမ္ပဏီကို မပြန်ခင်မှာ ဦးတို့အိမ်ကို မရောက်ခဲ့ဘူးဆိုရင် လျှောက်လွှာကိစ္စ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်တော့်မှာ နောက်ထပ် သိချင်တာ တစ်ခု ရှိနေသေးတယ်။ တကယ်လို့ ဦးလွန်းဆွေရဲ့ သွားလာလှုပ်ရှားမှုက စောစောက ပြောခဲ့တဲ့အတိုင်း ဆိုရင် သူက ဘာဖြစ်လို့ အမှန်အတိုင်း မပြောပြနိုင်ရတာလဲ”
ဦးကျော်ဌေးသည် ခေါင်းမော့လာသည်။ ကိုဝေဖြိုးသည် မျက်တောင်တစ်ချက် မခတ်ဘဲ သူ့အား စိုက်ကြည့်နေသည်။
“မင်း ….. အားလုံးကို သိနေပြီပဲ” ဦးကျော်ဌေးက ပြောသည်။
“ကျွန်တော် ဆေးရုံက တာဝန်ကျ ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပြီးပါပြီ။ ဒါပေမယ့် ဒေါ်စိန်လှရဲ့ ရောဂါအခြေအနေ အစစ်အမှန်ကိုတော့ မမေးခဲ့ပါဘူး”
ဦးကျော်ဌေးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထို့နောက် ကော်ဖီအေးတစ်ငုံ သောက်ကာ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလျက် ပြောနေသည်။ “ချောင်းဆုံရဲစခန်းကို အင်မတန် ဉာဏ်ပြေးတဲ့ ရဲတစ်ယောက် ရောက်လာပြီပဲ”