လူသစ်

“တာဝန်ကျ ဆရာဝန်ကြီးက အတွင်းစာသား မတူတဲ့ ဆေးရုံဆင်းလက်မှတ် နှစ်စောင် ရေးပေးခဲ့တယ်လို့ ဝန်ခံထားတယ်။ တစ်စောင်မှာ ရောဂါအခြေအနေကို အစစ်အမှန်အတိုင်း ရေးပေးထားပြီး နောက်တစ်စောင်ကတော့ အတုပေါ့။ အဲဒီလို ဘာဖြစ်လို့ ရေးပေးရတာလဲလို့ ကျွန်တော် မေးကြည့်တော့ ဦးက တောင်းဆိုခဲ့တာလို့ ပြောတယ်”
“သူ ပြောတာ မမှားပါဘူး။ ဦးက အတင်းအကျပ် တောင်းဆိုခဲ့တာပါ။ ဦးလည်း တခြားနည်းလမ်းကို မရှာတတ်တော့ဘူး။ ဦးရဲ့ အမေက သိပ်ပြီး ခေါင်းမာတယ်။ ကျန်းမာရေးအာမခံ လျှောက်လို့ ရနိုင်တယ်လို့ပဲ ယုံကြည်နေတာ။ ဘယ်လိုမှ တားလို့ကို မရဘူး။ အဲဒီလို လျှောက်လွှာ တင်ဖို့ဆိုတာ ဆေးရုံဆင်းလက်မှတ် လိုတယ် မဟုတ်လား။ ခက်တာက အဲဒီ ဆေးရုံဆင်းလက်မှတ်မှာ ပါတဲ့ ရောဂါ အခြေအနေကိုလည်း သူ့ကို မမြင်စေချင်ဘူး။ ဟူး …. တကယ်ပါ။ ဦးလည်း ကြံမိကြံရာ လုပ်လိုက်မိတော့တာပဲ”
“ဒါကြောင့် ဦးက ဆရာဝန်ကြီးကို တောင်းပန်းပြီး လက်မှတ်အတုတစ်စောင် လုပ်ခိုင်းခဲ့တယ်။ ပြီးတော့ ဒေါ်စိန်လှကိုယ်တိုင် ဆေးရုံလာယူတဲ့အခါ အဲဒါကို ပေးခိုင်းလိုက်တယ် ဆိုပါတော့”
ဦးကျော်ဌေးက ခေါင်းညိတ်ပြသည်။ “ဆရာဝန်က ပြောတယ်လေ။ သူတို့အနေနဲ့ အဲဒါမျိုး လုပ်ခွင့် မရှိဘူးပေါ့။ ဒါပေမယ့် ဆရာဝန်က စိတ်သဘောထား ပြည့်ဝတဲ့သူဆိုတော့ ဆေးရုံစည်းကမ်းကို ဖောက်ဖျက်ပြီး အတုတစ်စောင် ရေးပေးခဲ့တယ်။ အဲဒီစာရွက်အတုကို တခြား ဘယ်သူ့ကိုမှ မပေးပါဘူးလို့တော့ ဝန်ခံကတိပေးရတာပေါ့။ ဦးအမေ အိမ်ပြန်ရောက်မှ ဦးက ဆေးရုံကို ပြန်သွားပြီး ဆေးရုံဆင်းလက်မှတ် အစစ်ကို သွားယူခဲ့ရတယ်”
“ဦး ဘယ်အချိန်က လက်မှတ်အစစ်ကို ဦးလွန်းဆွေဆီ ပေးခဲ့တာလဲ”
“၆ နာရီ မတိုင်ခင်လောက်ကပေါ့။ ဦးကိုယ်တိုင် ဦးလွန်းဆွေတို့ရဲ့ ကုမ္ပဏီအနား သွားပြီး အဲဒီမှာပဲ သူ့လက်ထဲ အပ်လိုက်တာ။ အဲဒီအခါမှ သူ့ရုံးကိစ္စကို ဆက်လုပ်လို့ ရတော့တာပေါ့”
“ဒါပေမယ့် ဦးလွန်းဆွေမှာ နောက်ထပ် အလုပ်တစ်ခု ကျန်နေသေးတယ်။ အဲဒါက ဒေါ်စိန်လှနဲ့တွေ့ပြီး လက်မှတ်အတုကို ဟန်ဆောင်ပန်ဆောင် သွားယူဖို့ပဲ မဟုတ်လား။ ဒါကြောင့်လည်း ကုမ္ပဏီကနေ ဦးတို့အိမ်ကို ရောက်လာခဲ့တာပေါ့”
“ဦးလွန်းဆွေကို အတော် အားနာစရာ ကောင်းပါတယ်ဗျာ။ အဲဒီလို လုပ်ပေးဖို့ သူ့ကို ဦးက တောင်းပန်းထားတော့ သူကလည်း အပင်ပန်းခံပြီး လုပ်ပေးရှာတယ်။ ဒါနဲ့ပဲ သူ့ခမျာ သံသယတရားခံ ဖြစ်ရရှာတော့တာပဲ။ သူ့မှာ အလီဘိုင် သက်သေ ကောင်းကောင်း ပြနိုင်ပါလျက်နဲ့ ရဲတွေကို ပြောပြလို့ မရဘူး ဖြစ်နေတယ်။ တကယ်လို့ သူ့အနေနဲ့ ရဲတွေကို အကုန်လုံး ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်ရင်လည်း ဦးက သူ့ကို ဘာမှ အပြစ်ပြောနေစရာ အကြောင်း မရှိပါဘူး”
“ဦးလွန်းဆွေကတော့ အခုထိ အဲဒီ လက်မှတ်အတုအကြောင်းကို တစ်ချက်ကလေးမှ မဟဘူး”
“ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီအကြံကို သူပဲ ပေးခဲ့တာ။ ဦးက သူ့ကို ဆေးရုံဆင်းလက်မှတ်အစစ် ပေးလိုက်တုန်းမှာ သူက ဦးကို ပြောတယ်။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် သူ ဒီကိစ္စကို ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ဘူးတဲ့လေ။ သူက တောင်ပေါ်သား၊ သိပ်ကတိတည်တယ်။ သေတဲ့အထိ နှုတ်လုံသွားမယ့် လူမျိုး”
“ဦးလွန်းဆွေက တကယ်လည်း သူ့ကတိကို စောင့်ထိန်းနိုင်ခဲ့ပါတယ်”
“တကယ် အ,တဲ့လူပဲဗျာ။ ဖွင့်ပြောလိုက်ရင် ပြီးတာပဲဟာ”
တစ်ခဏတာ ငြိမ်နေကြပြီး ဦးကျော်ဌေးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ဆရာဝန်က အူမကြီးကင်ဆာလို့ ပြောတယ်”
“ကင်ဆာ ….. အဲဒီလိုလား” ကိုဝေဖြိုးလည်း ငြိမ်ကျသွားသည်။
“သူ့အသက်အရွယ်နဲ့ ခွဲစိတ်တဲ့ ဒဏ်ကိုလည်း ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့် အိမ်မှာပဲ နားနားနေနေ နေခိုင်းပြီး အခြေအနေကို စောင့်ကြည့်ရအောင် ဆေးရုံဆင်းခွင့် ပြုလိုက်တာပဲ။ ဘယ်လောက် အတိုင်းအတာထိ ပြန်ကောင်းပြီး ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ ဘာမှ ရေရေရာရာ ပြောနိုင်တာ မဟုတ်ဘူး” ဦးကျော်ဌေးသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “နဂိုအတိုင်း ကျန်းကျန်းမာမာ ပြန်ကောင်းလာနိုင်တယ် ဆိုရင်တောင် အနည်းဆုံး နှစ်ဝက်လောက်တော့ အချိန်ပေးရမှာပဲလို့ ဆရာဝန်က ပြောတယ်”
“ဦးကို ကျွန်တော် ကိုယ်ချင်းစာနိုင်ပါတယ်”
ဦးကျော်ဌေးက ပြုံးသည်။ “မင်း နားလည်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမယ့် ဒီကိစ္စကို တခြားလူတွေ မသိစေချင်ဘူး။ ဦးအမေ့ကိုတော့ ထည့်ပြောစရာတောင် မလိုဘူးပေါ့လေ။ ပြီးတော့ သမီးကိုရောပဲ”
ကိုဝေဖြိုးက ခေါင်းညိတ်ပြသည်။ “ကျွန်တော် သဘောပေါက်ပါတယ်”