“သူ့အမေထက်စာရင် အဲဒီကလေးက သူ့အဖွားနဲ့ ပိုပြီး ရင်းနှီးတယ် ပြောရမယ်။ သူ ငယ်ငယ်လေးကတည်းက သူ့အမေက ဆုံးသွားခဲ့တာကိုး။ ဒီတော့ တစ်နေကုန် သူ့အဖွားကိုပဲ ပတ်ချွဲနပ်ချွဲ လုပ်နေခဲ့ရတာ။ သူ မိတ်ကပ်ပညာရှင် ဖြစ်ပြီး သူ့ခြေထောက်ပေါ် သူ မရပ်နိုင်မချင်းတော့ သူ့ကို ဒီအကြောင်း ပြောပြလို့ မဖြစ်သေးဘူး” ဦးကျော်ဌေးသည် ပြောနေရင်း ကိစ္စတစ်ခုကို သတိရသွားဟန်ဖြင့် ကိုဝေဖြိုးကို ကြည့်သည်။ “ဒါပေမယ့် အခု ဆက်ပြီး ဖုံးကွယ်လို့ မရတော့ဘူး ထင်တယ်။ ဦးလွန်းဆွေအတွက် သံသယ ဖယ်ရှားပေးနိုင်ဖို့ ဆိုရင် အခုပြောခဲ့တဲ့ ဆေးရုံဆင်းလက်မှတ်ကိစ္စကို အမှန်အတိုင်း ပြောပြရတော့မှာပေါ့”
ကိုဝေဖြိုးသည် ဖြည်းညင်းစွာ ခေါင်းခါနေသည်။
“ကျွန်တော်ရဲ့ အထက်အရာရှိနဲ့ တိုင်ပင်ထားပြီးပါပြီ။ စခန်းမှူးက မှုခင်းထောက်လှမ်းရေးအဖွဲ့ကို ရှင်းပြပေးပါလိမ့်မယ်။ အားလုံး စီစဉ်ထားပြီးပြီ။ ဦးရဲ့ သက်သေထွက်ဆိုချက် တစ်ခုပဲ လိုပါတော့တယ်”
“ဒါဆို ဦးက သက်သေထွက်နိုင်ရင် ရပြီပေါ့၊ ဟုတ်လား”
“ဟုတ်ပါတယ် ဦး။ ကျေးဇူးပြုပြီး …..”
ဦးကျော်ဌေးသည် ခေါင်းကို ခါယမ်းလျက် “ဘယ်ဟုတ်မှာလဲ။ ဦးက ကျေးဇူးတင်ရမှာပါ”
“သပြေရိပ်အိမ်ရာမှာ လုပ်ကြံခံရတဲ့သူက တစ်ယောက်တည်းနေတဲ့ အမျိုးသမီးဆို”
“ဟုတ်”
“သူ့မိသားစုကရော”
ကိုဝေဖြိုးသည် ဘာမျှ မပြောတော့ဘဲ ခေါင်းငုံ့နေပြီး သူ၏ မျက်နှာပေါ်တွင် မအီမလည် အပြုံးတချို့သာ ထင်ရှားနေသည်။
“ဆောရီးပဲကွာ။ အမှုကိစ္စနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကို ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲ”
“အဲဒီလိုလည်း မဟုတ်ပါဘူး။ ဘာမှ လျှို့ဝှက်ထားစရာ ကိစ္စလည်း မရှိပါဘူး။ သူတို့ လင်မယား ကွာရှင်းထားတာ သိပ်မကြာသေးဘူး။ အခုမှ စပြီး သီးသန့်ခွဲနေနေတာပါ။ သူ့မှာ သားတစ်ယောက်ရှိတယ်။ ဒါပေမယ့် သူတို့မှာ အဆက်အသွယ် မရှိကြဘူး”
“ဟုတ်လား”
“သူ ဘာဖြစ်လို့ သပြေရိပ်ကို ပြောင်းလာရသလဲ ဆိုတာလည်း မသဲကွဲဘူး။ ဒီရပ်ကွက်အတွက်ဆိုရင် သူက လျှို့ဝှက်ဆန်းကြယ်တဲ့ လူသစ်တစ်ယောက်ပေါ့ဗျာ”
ဦးကျော်ဌေးသည် ကိုဝေဖြိုးကို စိုက်ကြည့်ပြီး “ဒီလိုဆိုရင် မင်းနဲ့ အတူတူပဲပေါ့”
“ဟုတ်ပါ့ဗျာ”
သူတို့နှစ်ဦးသား တပြိုင်နက် ရယ်မောလိုက်ကြသည်။
“ဟော …. ဦးရဲ့သမီး” ကိုဝေဖြိုးသည် ခေါင်းလှည့်ကာ လမ်းဘက်သို့ ကြည့်နေသည်။
မနှင်းဖြူသည် ဆိုင်ရှေ့မှ မှန်ကောင်တာထဲသို့ မုန့်များ ထည့်နေသည်။ ထိုစဉ် မှန်တံခါး ပွင့်သွားပြီး ဒေါ်စိန်လှ အပြင်သို့ ထွက်လာသည်။ သူတို့နှစ်ယောက် စကားပြောနေကြသည်။ ထုံးစံအတိုင်း မနှင်းဖြူ၏ အသံမှာ စူးရှကျယ်လောင်နေသည်။
“မင်းနဲ့ တွေ့ခဲ့တဲ့ ကိစ္စကို သမီးသာ သိသွားရင် တောင်မေးမြောက်မေးနဲ့ စပ်စုနေဦးမှာပဲ”
“ဦးလွန်းဆွေအပေါ် ရှိတဲ့ သံသယတွေ ပြေပျောက်သွားပြီ လို့သာ ပြောလိုက်ပါဦးရယ်”
ဦးကျော်ဌေးသည် ခေါင်းညိတ်ပြီး ထရပ်လိုက်သည်။
“မောင်ဝေဖြိုး … မင်း ဒီချောင်းဆုံရဲစခန်းမှာ အတော်ကြာကြာတော့ နေရဦးမယ် ထင်တယ်”
“ဟုတ်လောက်တယ်ဗျ”
“ကောင်းတာပဲ။ ဦးတို့ဆိုင်က လျှာပေါ်ဝဲလည်း လာအားပေးပါဦး”
“စိတ်ချပါ ဦး”
ဦးကျော်ဌေးသည် ကော်ဖီအေးအတွက် ကျသင့်ငွေကို စားပွဲပေါ်တွင် တင်ထားခဲ့ပြီး ဆိုင်ထဲမှ ထွက်သွားတော့သည်။ အင်္ကျီလက်ရှည်ကို လက်မောင်းအထိရောက်အောင် ခေါက်တင်ထားသော ဝန်ထမ်းတချို့သည် သူ့အနားမှ ခပ်သုတ်သုတ် ဖြတ်သန်း သွားလာနေကြသည်။