လူသစ်

အခန်း (၁)
 
မုန့်ဆိုင်မှ ကောင်မလေး
(က)


“အခုမှပဲ အေးအေးလူလူ ရှိတော့တယ်အေ။ တကတဲပဲ၊ အခုမှ ဖေဖော်ဝါရီလပဲ ရှိသေးတာကို” ဒေါ်စိန်လှသည် ဆိုင်ပြင်မှ မှန်ကောင်တာထဲတွင် လျှာပေါ်ဝဲမုန့်ထုပ်များကို အသေအချာ နေရာချပြီး ဆိုင်ထဲသို့ ဝင်လာသည်။
“အဖွားကလည်း …. မနေ့ကမှ ဆေးရုံက ဆင်းလာတယ်။ အခုလို အပြင်ထွက်လိုက် အထဲဝင်လိုက်နဲ့ အလုပ်တွေ လျှောက်လုပ်နေလို့ ဘယ်ဖြစ်မလဲ။ အဖေသာ မြင်သွားရင် သမီးကို ဆူနေဦးမှာ”
“ကိစ္စ မရှိပါဘူးအေ။ ဆေးရုံက ဆင်းပြီဆိုကတည်းက လူနာမဟုတ်တော့ဘူးအေ့။ အရင်လို အလုပ်လေး ဘာလေး ပြန်မလုပ်လို့ ဖြစ်မလားဟဲ့။ ဘုရားဟောတောင် ရှိသေးတယ် မဟုတ်လား။ အတ္တာဟိ အတ္တနော နာထော။ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ဒါနဲ့ ညည်းလည်း ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် မြန်မြန် ကြိုးစား”
“အာ … လာပြန်ပြီ၊ ဒီဓာတ်ပြားဟောင်းကြီးပဲ” မနှင်းဖြူသည် လျှာပေါ်ဝဲတစ်ချပ်ကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဒေါ်စိန်လှသည် သူ့ခါးကို အသာအယာ ထုနေရင်း သူ့မြေးမလေးအား စိုက်ကြည့်နေသည်။ “ညည်းက အခုထိ အဲဒီ လျှာပေါ်ဝဲကို ကြိုက်တုန်းပဲလား။ မွေးကတည်းက ဒီဆိုင်မှာ နေလာပြီး ဒီအရွယ်အထိ နေ့တိုင်း စားနေရတဲ့ မုန့်ကို မညည်းမညူဘဲ စားနေနိုင်တာတော့ အံ့ပါရဲ့အေ”
“အဲ … အဖွားက ဘာသိလို့လဲ။ ဒါက အရသာအသစ်လေ”
“အရသာအသစ် ဖြစ်နေပါစေအေ။ လျှာပေါ်ဝဲက လျှာပေါ်ဝဲပါပဲ။ ငါဖြင့် ကြည့်ရရုံနဲ့တင် အီနေပြီ။ အဲ … အရေးကြီးဆုံးက ငါ့သွားတွေကလည်း မကောင်းတော့ဘူးအေ့”
“ဒါတောင်ပဲ ဒီလျှာပေါ်ဝဲကို နှစ် ၅၀ လောက် လုပ်လာသေးတာလား”
“အယ် … ငါ ဘယ်နှခါ ပြောရမလဲ။ ငါတို့ လျှာပေါ်ဝဲလုပ်တာ နှစ် ၃၀ လောက်ပဲ ရှိသေးတာ။ သူ့အရင်ကတော့ ငါတို့ ကိတ်ခြောက်တွေ လုပ်ကြတာ။ နင့်အဖေပေါ့။ သူက တောင်းဆိုလို့ ငါတို့ လျှာပေါ်ဝဲကို ပြောင်းလုပ်ဖြစ်ကြတာ။ အင်း …. အဲဒီခေတ်က ကိတ်ခြောက်တွေကိုတော့ လွမ်းပါရဲ့အေ”
“အဖွားက အခုလည်း ကိတ်ခြောက် စားနေရတာပဲ မဟုတ်လား”
မနှင်းဖြူသည် အသံကျယ်ကျယ်ဖြင့် ထိုသို့ အော်ပြောလိုက်စဉ် မီးခိုးရောင် ကုတ်အင်္ကျီ ဝတ်ထားသော လူဝကြီးတစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်။
“အမေ၊ နေကောင်းလား” သူက တက်ကြွသော ဟန်ပန်ဖြင့် နှုတ်ဆက်နေသည်။
“ဦးလွန်းဆွေရယ်၊ ဒီလောက် ပူလောင်နေတာကိုပဲ ဒီကို တကူးတက လာခိုင်းရတာ အားနာစရာပါတော်”
“ရပါတယ် အမေရယ်။ ဒါက ကျွန်တော့်အလုပ်ပဲဟာ။ ပြီးတော့ အခု နေလည်း စောင်းသွားပြီဆိုတော့ အတော်လေး အေးသွားပါပြီ။ ကျွန်တော် နေ့ခင်းက တစ်ခေါက်လာသေးတယ်။ ဒါပေမယ့် အဲဒီအချိန်က အမေ မရှိဘူး”
“အို … သက်သက် ဒုက္ခပေးသလို ဖြစ်နေပါပြီ။ အအေးလေး သုံးဆောင်ရအောင် အထဲမှာ ခဏ ထိုင်ပါဦးလား” ဒေါ်စိန်လှသည် အတွင်းဘက် ဧည့်ခန်းသို့ လက်ညှိုးညွှန်ပြရင်း ပြောနေသည်။
“ရတယ်။ ဒီမှာပဲ စောင့်နေတော့မယ်။ ကျွန်တော့်ကို ဒါလေးပဲ ပေးရင် ရပြီ” ဦးလွန်းဆွေသည် လေထဲတွင် လေးထောင့်ပုံသဏ္ဌာန် ဆွဲပြနေသည်။
“ဆေးရုံဆင်းလက်မှတ် မဟုတ်လား။ ဒီနေ့မနက်ပဲ ဒီကလေးနဲ့အတူ သွားယူခဲ့ပြီ။ ကျွန်မတစ်ယောက်တည်း သွားယူလည်း ဖြစ်နေတာပဲဟာကို ဒီကလေးက နားမထောင်ဘူး။ အတင်းပဲ ကျွန်မနဲ့အတူ သွားမယ် ဆိုတာချည်းပဲ” ဒေါ်စိန်လှသည် ပြောရင်း ဖိနပ်ချွတ်နေသည်။
“နေနေ၊ အဖွား။ သမီး သွားယူလိုက်မယ်” မနှင်းဖြူသည် ဒေါ်စိန်လှအား တားလိုက်ပြီး အိမ်ထဲသို့ ဝင်သွားသည်။
“ဘယ်နားမှာ ထားသလဲဆိုတာ နင်သိလို့လား” ဒေါ်စိန်လှက လှမ်းမေးသည်။
“သိတာပေါ့။ သမီးပဲ ထားခဲ့တဲ့ဟာကို။ တကယ်တမ်း ဘယ်မှာထားမှန်း မသိတာက အဖွား”

မနှင်းဖြူ ပြောပြီးနောက် ဒေါ်စိန်လှက တစ်ခုခု ပြန်ပြောလိုက်ပုံရသည်။ သို့သော် ဦးလွန်းဆွေ၏ ရယ်သံများကိုသာ ကြားလိုက်ရသည်။
“ဟဲ့ ကောင်မလေး၊ အအေးတစ်ခွက်ပါ ယူခဲ့ဦး” ဒေါ်စိန်လှ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ဟုတ်” မနှင်းဖြူက အနည်းငယ် ဒေါပွလာ၍ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ “စိတ်ရှုပ်တယ်”
သူသည် ပန်းကန်ပြားတစ်ချပ်ဖြင့် ခံလျက် လိမ္မော်ရည်တစ်ခွက်ကို ယူ၍ ဆိုင်ထဲသို့ ဝင်လာသောအခါ သူတို့နှစ်ယောက်သည် ရယ်ရယ်မောမောနှင့် စကားလက်ဆုံ ကျနေကြသည်။
“အမေ့ကို ကြည့်ရတာ ကျန်းကျန်းမာမာ စိုစိုပြေပြေပဲ။ လွန်ခဲ့တဲ့ လေးရက် ကျွန်တော် ရောက်တုန်းကနဲ့စာရင် ဒီရက်ပိုင်းလေး အတွင်းမှာပဲ အတော်ကို သိသိသာသာ ပြောင်းလဲသွားတာပဲ“
“အိမ်ပြန်ရောက်ပြီ ဆိုရင်ပဲ စိတ်က တစ်မျိုးပြောင်းသွားတာ။ အိမ်ပြန်ရောက်တော့လည်း ငြိမ်ငြိမ်က မနေနိုင်ပြန်ဘူး။ ဒီကောင်မလေးကတော့ ကျွန်မကို နည်းနည်းလေးမှ လှုပ်စေချင်တာ မဟုတ်ဘူး”
“အမယ်လေး၊ အမေ့မြေးက အမေ့ကို စိတ်ပူလို့ပေါ့ဗျာ။ အော် … ကျေးဇူးပဲ” ဦးလွန်းဆွေသည် ကမ်းလာသော လိမ္မော်ရည်ခွက်ကို လှမ်းယူလိုက်သည်။
“အဖွား၊ ရော့” မနှင်းဖြူသည် စာအိတ်အား ဒေါ်စိန်လှကို ပေးလိုက်သည်။
“အော်၊ အေး အေး” ဒေါ်စိန်လှသည် စာအိတ်ထဲမှ စာရွက်ကို ဆွဲထုတ်ပြီး တစ်ချက် စိုက်ကြည့်သည်။ ပြီးနောက် ဦးလွန်းဆွေကို ကမ်းပေးလိုက်သည်။ “ဦးလွန်းဆွေ၊ ဒီလောက်ဆို ရတယ်မလား”
“ကြည့်ရအောင်” ဦးလွန်းဆွေသည် ပြောလျက်က စာရွက်ကို လှမ်းယူလိုက်သည်။ “အမေက နှစ်လတောင် ဆေးရုံတက်လိုက်ရတာပဲ။ အတော်တော့ အီသွားမှာပဲဗျာ”
“အဓိကကျတဲ့ ရောဂါကို ကုလိုက်နိုင်ရင်တော့ တော်သေးတာပေါ့အေ။ အခုဟာက သူ့ကို တို့တောင် မတို့လိုက်ရဘူး။ တကတဲမှပဲ။ အဲဒီရောဂါကို ကုရမယ် မရှိဘူး။ တခြားရောဂါက ပေါ်လာလို့ ဆေးရုံမှာ နှစ်လတောင် နေလိုက်ရတာအေ့။ တကယ် စိတ်ပျက်စရာပဲ”