“ဒီမှာ အစာအိမ်ရောင်တယ်လို့ ရေးထားတယ်။ အဲ … ပြီးတော့ အူမကြီးကို အသားစ နမူနာ ယူထားတယ်လို့လည်း ပါတယ်”
“အေးဟယ်၊ အဲဒီ အူမကြီးက အဓိကပေါ့။ နဂိုက ခွဲစိတ်ဖို့ စီစဉ်ထားတာ။ အခုတော့ အချိန်ရွှေ့ထားရတယ်လေ”
“အူမကြီးခွဲစိတ်ဖို့က နောက်ထပ် လုပ်ဦးမှာလား”
“အင်း၊ ဒါပေမယ့် အမေလည်း ဒီလောက် အသက်ကြီးနေပြီပဲ။ ခွဲစိတ်တဲ့ ဒုက္ခတွေကို ခံနေမယ့်အစား အောင့်အီးပြီး နေလိုက်တာကမှ ပိုပြီး နေရာကျဦးမယ်”
“ဟုတ်၊ လွယ်တော့ မလွယ်ဘူးနော်” ဦးလွန်းဆွေသည် စကားအသုံးအနှုန်းကို ဂရုစိုက်နေရသည်။ ပြီးစလွယ် ပြော၍ မဖြစ်။
“ထောက်ခံစာက ဒီလောက်နဲ့ဆို အဆင်ပြေတယ်မလား” ဒေါ်စိန်လှက မေးနေသည်။
“ရပြီ။ ဟိုးရှေ့ရက်က ကျွန်တော် ယူထားတဲ့ စာရွက်တွေနဲ့ ပေါင်းလိုက်ရင် ပြည့်စုံသွားပါပြီ။ ကျွန်တော် ကုမ္ပဏီကို ပြန်ပြီး လိုအပ်တာ ဆက်လုပ်လိုက်ပါ့မယ်။ နောက်အကျဆုံး နောက်လထဲတော့ ဆေးရုံတက်စရိတ်အတွက် အာမခံလျော်ကြေး ရနိုင်ပါတယ်”
“ကုမ္ပဏီ ပြန်သွားရဦးမှာလား။ ပင်ပန်းလိုက်တာအေ”
“ရပါတယ်ဗျာ။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုဦး အမေ” ဦးလွန်းဆွေသည် စာရွက်ကို သူ၏ သားရေအိတ်ထဲသို့ ထည့်ပြီး မနှင်းဖြူကိုလည်း ပြုံးပြသည်။ “ဧည့်ခံတဲ့အတွက် ကျေးဇူးပါပဲ”
“ဟုတ်၊ ကျေးဇူးပါ ဦး” မနှင်းဖြူကလည်း တုန့်ပြန်လိုက်သည်။
ဒေါ်စိန်လှသည် ဦးလွန်းဆွေနှင့်အတူ ဆိုင်အပြင်သို့ လိုက်ထွက်သွားပြီး ထွက်ခွာသွားသော ဦးလွန်းဆွေ၏ ကျောပြင်ကို စိုက်ကြည့်နေသည်။
နောက်နှစ်နာရီခန့် ကြာသောအခါ မနှင်းဖြူ၏ ဖခင်ဖြစ်သူ ဦးကျော်ဌေး အိမ်သို့ ပြန်ရောက်လာသည်။ သူသည် အင်္ကျီလက်တို အဖြူရောင် ဝတ်ထားပြီး တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေသည်။ ဈေးထဲသို့ ကုန်ပို့ သွားခဲ့ခြင်း ဖြစ်မည်။
“သပြေရိပ်အိမ်ရာဘက်မှာ ဘာတွေ ဖြစ်နေသလဲ မသိဘူး” သူသည် ဖိနပ်ချွတ်လျက် ပြောသည်။
“အဲဒီမှာ ရဲကားတွေ အများကြီးပဲ ရပ်ထားတယ်။ ကားတိုက်ပြန်ပြီလား မသိပါဘူး”
“အမှုဖြစ်တာလား”
“ဟုတ်လောက်တယ်။ ရဲတွေတောင် ရောက်နေပြီ”
“အေးဟယ်၊ ဒီဘက်တွေတော့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ကြဦးမှာပဲ” မီးဖိုချောင်ထဲတွင် ဒေါ်စိန်လှသည် ငံပြာရည်ပုလင်း ကိုင်ထားလျက် ပြောနေသည်။
“လူဦးရေ တိုးလာတာ အတော် မြန်တာပဲ။ ကန်ထရိုက်တိုက်တွေ နင်းကန် ဆောက်ကြလို့ ဖြစ်မှာ”
ဦးကျော်ဌေးသည် ဘာမျှ ပြန်မပြောဘဲ တီဗီကို ဖွင့်ပြီး ဘောလုံးပွဲကြည့်ရန် အားကစားလိုင်းသို့ ပြောင်းနေသည်။ မနှင်းဖြူသည်လည်း ထမင်းစားပွဲ အနီးတွင် ထမင်းစားရန် ပြင်ဆင်နေလေသည်။ ကန်ထရိုက်တိုက်များ တိုးလာလျှင် လူဦးရေလည်း တိုးလာပေမည်။ ထို့အတူ လူဆိုးကြမ်းပိုးတွေလည်း တိုးလာပေတော့မည်။ ၎င်းမှာ ဒေါ်စိန်လှ၏ လောဂျစ် ဖြစ်သည်။
ဤအိမ်တွင် မိသားစုဝင် သုံးယောက်စလုံး လူစုံမှ ထမင်းလက်ဆုံ စားကြသည်မှာ မိသားစု စည်းကမ်းလို ဖြစ်နေလေပြီ။ ယနေ့ညတွင် ဦးကျော်ဌေးသည် အပြင်ထွက်၍ ကုန်ပို့နေရသောကြောင့် ညစာစားချိန်မှာ နောက်ကျကြသည်။
ယခင်က ထမင်းဟင်းများကို မနှင်းဖြူကသာ ချက်ပြုတ်ခဲ့ရသည်။ သို့သော် လွန်ခဲ့သော တစ်ပတ်မှ စတင်ကာ ဒေါ်စိန်လှသည် စားဖိုမှူး ပြန်ဖြစ်သွားရသည်။ ဟုတ်သည်။ ဒေါ်စိန်လှ ဆေးရုံမတက်ခင်က အခြေအနေအတိုင်း ပြန်ပြောင်းသွားခြင်း ဖြစ်၏။
မနှင်းဖြူ၏ မိခင်သည် မနှင်းဖြူ ငယ်စဉ်ကပင် ယာဉ်တိုက်မှုဖြင့် ဆုံးပါးသွားခဲ့ရသည်။ ထိုစဉ်က မနှင်းဖြူမှာ ငယ်ရွယ်လွန်းသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် မိတဆိုး ဖြစ်ခဲ့ရရှာသော သူ့အတွက် လောကဓံ၏ ရိုက်ချက်မှာ ပြင်းထန်လှသည်။ ကံကောင်းသည်မှာ အိမ်နှင့်ဆိုင် တွဲထားသောကြောင့် ဖခင်မှာ သူ၏ အနားတွင် အမြဲတမ်း အဖော်ရှိနေခဲ့သည်။ ထိုအပြင် အဖွား၏ စောင့်ရှောက်မှုကလည်း သူ့ကို အားရှိစေသည်။ ထို့ကြောင့်သာလျှင် အမိမဲ့သမီးတစ်ယောက်၏ အထီးကျန်မှုမျိုး မနှင်းဖြူတွင် မပေါ်ပေါက်ခဲ့ပေ။ သူသည် အမေ့မေတ္တာကို တောင့်တခဲ့သည်။ ထို့ကြောင့် ဂရုတစိုက် ချက်ပြုတ်ကျွေးမွေး၍ စောင့်ရှောက်တတ်သော အဖွား၏ အယုအယက သူ့အား နွေးထွေးစေခဲ့သည်။ ကျောင်းတက်ချိန်တွင် သူ၏ ထမင်းချိုင့်ထဲမှ ဟင်းများကို မြင်၍ သူငယ်ချင်းများက အားကျခဲ့ကြရသည်။
ထို့ကြောင့်လည်း ဒီဇင်ဘာလတွင် သူ၏ အဖွား အသည်းအသန် ဖြစ်စဉ်က မနှင်းဖြူမှာလည်း တစ်မျက်နှာလုံး ဖြူဖက်ဖြူရော် ဖြစ်သွားသည်အထိ စိုးရိမ်ပူပန်မိခဲ့သည်။ သူ၏ ကမ္ဘာလေးအတွက် အဖွားသည် မရှိ၍ မဖြစ်။ သူ ဆေးရုံသို့ အပြေးရောက်သွားစဉ် မျက်ရည်များမှာ ကျိုးပေါက်သွားသော ရေကာတာမှ ရေများကဲ့သို့ တဟုန်ထိုး စီးဆင်းနေကြလေပြီ။
အာမခံကုမ္ပဏီမှ ဦးလွန်းဆွေအား ဒေါ်စိန်လှ ပြောပြခဲ့သကဲ့သို့ပင် ဆေးရုံတက်ခြင်း၏ မူလရည်ရွယ်ချက်မှာ ဒေါ်စိန်လှ၏ အူမကြီးအား ခွဲစိတ်ကုသရန် ဖြစ်သည်။ သို့သော် ခွဲစိတ်ရန် သတ်မှတ်ထားသော ရက်မတိုင်မီတွင် ဒေါ်စိန်လှသည် ရုတ်တရက် အဖျားဝင်လာပြီး တစ်ခါတရံ သတိမေ့မျောနေတတ်သည်။ ထိုအနေအထားအတိုင်း သုံးရက်မျှ ဖြစ်ခဲ့ပြီး လေးရက်မြောက်နေ့မှ ပြန်လည် သတိရလာတော့သည်။ မနှင်းဖြူမှာ ဝမ်းသာ၍လည်း ငိုခဲ့ရပြန်သည်။
ထို့နောက်မှ ဆရာဝန်ပြောပြ၍ သိခဲ့ရသည်မှာ ထိုကဲ့သို့ အဖျားတက်ပြီး သတိမေ့မျောခဲ့ခြင်းမှာ အစာအိမ်ရောင်နေသောကြောင့် ဖြစ်သည်။ ထိုအခါကျမှ မနှင်းဖြူ သဘောပေါက် နားလည်လာမိသည်။ သူ တစ်သက်လုံး အမှီသဟဲပြု၍ ဂျီကျလာခဲ့သူမှာ ရောဂါအခံရှိနေသော ဂိလာန အမယ်အိုတစ်ယောက် ဖြစ်နေသည်။
ဆေးရုံမှ ဆင်းရသောအခါ မနှင်းဖြူသည် ဒေါ်စိန်လှ၏ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး ဤသို့ ပြောခဲ့သည်။ “ရှေ့လျှောက် သမီးက အဖွားကို ပြုစုစောင့်ရှောက်မယ်နော်။ အရင်က တစ်သက်လုံး သမီးအပေါ် ကောင်းလာခဲ့တာ အဲဒီကျေးဇူးတွေကို သမီး ပြန်ဆပ်ပါရစေ”
ဒေါ်စိန်လှသည် ထိုစကားကို ကြားရသောအခါ ကြည်နူးကျေနပ်လွန်း၍ မျက်ရည်များ ကျခဲ့ရသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသို့သော ကြည်နူးစရာ မြင်ကွင်းများသည် ကာလကြာရှည် မခံခဲ့ပါ။ ဒေါ်စိန်လှသည် စိတ်မြန်သူ တစ်ယောက် ဖြစ်သည်။ အစပိုင်းတွင် အိမ်မှုကိစ္စများကို တုံ့နှေးတုံ့နှေး လုပ်နေတတ်သော မြေးမလေးအား သည်းခံနိုင်သေးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် စိတ်မရှည်နိုင်အောင် ဖြစ်လာရပြီး သူပါ ဝင်ပါလာတော့သည်။ သူ လုပ်ချင်ရာကို တဇွတ်ထိုး လုပ်တတ်ပြီး ဘယ်သူ့ကိုမျှ အားမနာတတ်သော ဝသီကြောင့် စကားပြောရာမှာလည်း တစ်ဘက်လူအား ထိခိုက်မည်၊ မထိခိုက်မည်ကို ဂရုမစိုက်တတ်ပေ။ အဆိုးအဆုံးအချက်မှာ မနှင်းဖြူကလည်း ဒေါ်စိန်လှနှင့် အသွင်တူကာ ထိုစရိုက်မျိုး ရှိလေသည်။ သူက ဒေါ်စိန်လှအား ဤသို့ ပြောခဲ့သည်။ “အဖွားက အဲဒီလောက်တောင် ဇီဇာကြောင်နေမှတော့ ကိုယ့်
ဘာသာကိုယ်ပဲ လုပ်ပါတော့လား” ထို့ကြောင့် အချိန်သိပ်မကြာခင်မှာပင် အိမ်တွင်းရှိ အခြေအနေသည် ဆေးရုံမတက်ခင်က အနေအထားသို့ ပြန်ရောက်သွားတော့သည်။
ထိုသို့ ဖြစ်သွားသည်ကို ကျေနပ်နေသူမှာ ဦးကျော်ဌေးသာ ဖြစ်တော့သည်။ အစားအသောက်များကို မနှင်းဖြူက တာဝန်ယူ ချက်ပြုတ်စဉ် သူသည် ငါးကီလိုခန့် ဝိတ်ကျသွားခဲ့သည်။ ယခုအခါ စားဖိုမှူးတာဝန်ကို သူ့မိခင်ဖြစ်သူ ဒေါ်စိန်လှက ပြောင်းလဲ တာဝန်ယူလာ၍ သူ၏ ကိုယ်အလေးချိန်သည် မူလ အနေအထားသို့ ပြန်ရောက်လာရသည်။
“ဒါနဲ့ သမီးရဲ့။ နင့်ရဲ့ အလှပြင်သင်တန်းကိုရော မှန်မှန် သွားရဲ့လား”
“သွားတာပေါ့။ ဒီနေ့က ပိတ်ရက်လေ။ ဒါကြောင့် အိမ်မှာ ရှိနေတာ”
“ဒါဆိုလည်း ပြီးရော”
“ဟဲ့ကောင်မလေး၊ နင်က အလှပြင်ဆရာမ ဖြစ်နိုင်ဦးမှာလား”
“ဖြစ်နိုင်တာပေါ့” မနှင်းဖြူသည် ဒေါ်စိန်လှကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သို့သော် အဖွားဆေးရုံတက်စဉ် သူ့ကြောင့် အတန်းချိန်များ လွတ်သွားခဲ့ရသည်ကိုတော့ သူ့အား ပြောပြ၍ မဖြစ်။
“အေးအေး၊ လုပ်မယ့်လုပ် ကောင်းအောင် လုပ်။ စောစောစီးစီး ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်တာပေါ့။ ကိုယ့်ဝင်ငွေနဲ့ကိုယ် နေနိုင်အောင် ကြိုးစား” ဦးကျော်ဌေးက ပြောနေသည်။ “ဘုရားရှင်ကတောင် အတ္တာ …….”
“မိမိကိုယ်သာ ကိုးကွယ်ရာလို့ ပြောမလို့မလား။ သမီး သိပါတယ်” မနှင်းဖြူသည် သူ့ဖခင်ကိုပါ မျက်စောင်း ထိုးပစ်လိုက်ပြန်သည်။