လူသစ်

(ခ)

မနှင်းဖြူသည် ဒီဇင်ဘာလဆန်းပိုင်းတွင် အလှပြင် သင်တန်းကျောင်း၌ စတင် ပညာသင်ကြားခဲ့သည်။ သို့သော် သင်တန်းတက်ပြီး မကြာခင်တွင် ဒေါ်စိန်လှ ဆေးရုံတက်ရ၏။ ထို့ကြောင့် အတန်းချိန်များ များစွာ နောက်ကျခဲ့ပြီး ယခုရက်ပိုင်းရောက်မှ စာများကို လိုက်မီလာသည်။ မိတ်ကပ်ပညာရှင် တစ်ယောက် ဖြစ်ရေးမှာ သူ၏ ငယ်ဘဝ အိပ်မက်ဖြစ်သည်။ အထက်တန်းကျောင်း တက်ကတည်းက ဆယ်တန်းအောင်လျှင် တက္ကသိုလ်ဆက်တက်ရန် သူ့မှာ စိတ်ကူးမရှိခဲ့။
မိမိအိမ်၏ ဘဏ္ဍာရေး အခြေအနေ မကောင်းသည်ကိုလည်း သူ ကောင်းကောင်း သိသည်။ ယခု လက်ရှိအချိန်တွင် ဆိုင်မှ ရသော ဝင်ငွေဖြင့် စားလောက်ရုံသာ ရှိ၏။ ဒေါ်စိန်လှသည် တစ်နေ့တခြား အိုမင်းလာမည် ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးကျော်ဌေး၏ ကိုယ်ခန္ဓာမှာလည်း အမြဲတမ်း ကျန်းမာနေလိမ့်မည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။ သူသည် သူ့အိမ်နှင့် သူ၏ ရှေ့ရေးအတွက် ကြိုတင် တွက်ချက်ထားပြီး ဖြစ်သည်။ အကယ်၍ အခြေအနေများ ဆိုးရွားလာလျှင် မိမိကိုယ်ကိုယ်သာ အားကိုး၍ ပိုက်ဆံရှာပြီး အိမ်မှ လူကြီးများကို လုပ်ကိုင်ကျွေးမွေးမည်ဟု သူ ဆုံးဖြတ်ထားပြီး‌လေပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သော ထိုတစ်နေ့သို့ အမြန်ဆုံး ရောက်ချင်နေသည်။ ကိုယ့်အားကိုယ် ကိုးရမည်။
အလှပြင် သင်တန်းကျောင်းသည် ညနေ ၄ နာရီတွင် ကျောင်းဆင်းပေးသည်။ မနှင်းဖြူသည် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ဘတ်စ်ကား မှတ်တိုင်သို့ ရောက်ပြီး ဘတ်စ်ကား စီးသည်။ ထို့နောက် ရေအိုးစင်မှတ်တိုင်တွင် ကားပေါ်မှ ဆင်းပြီး ဂုဏ်ရောင်ရုပ်ရှင်ရုံ အရှေ့မှ ဖြတ်ကာ လမ်းမကြီးအတိုင်း အိမ်ဘက်သို့ လမ်းလျှောက်လာခဲ့သည်။ အမျိုးသားများစွာတို့သည် သူတို့၏ ပခုံးများပေါ်တွင် ကုတ်အင်္ကျီများကို တင်လျက် သူ၏ မျက်နှာချင်းဆိုင်မှ လျှောက်လာနေကြ၏။ ဟုတ်ပါသည်။ ယနေ့သည် အလွန်ပူလောင်သော နေ့တစ်နေ့ ဖြစ်ပေသည်။
ဤနေရာမှ ပေတစ်ရာ လမ်းမဆီသို့ ဆက်သွယ်ထားသော လမ်းကျဉ်းကလေးမှာ ဈေးတန်းလမ်း ဖြစ်သည်။ ဤအရပ်ကို ဈေးတန်းရပ်ဟုလည်း ခေါ်ကြသည်။ ဤလမ်းကြားလေးမှာ နာမည်နှင့် လိုက်ဖက်အောင် လမ်းဘေးဝဲယာတွင် ဈေးဆိုင်ပေါင်းစုံဖြင့် စည်ကားနေသည်။ မနှင်းဖြူ၏ နေထိုင်ရာ အိမ်လည်း ဖြစ်ပြီး သူ့မိသားစု၏ ဆိုင်လည်း ဖြစ်သော ‘ရသာစုံ’ မုန့်ဆိုင်လေးမှာ ဤလမ်းပေါ်တွင် ရှိသည်။
ဤဈေးတန်းလမ်းရှိ ဆိုင်များမှာ ခေတ်မီသော ဈေးဆိုင်များဟု မဆိုသာချေ။ နောက်ဆုံးပေါ် ကုန်ပစ္စည်းများကို ရောင်းချသည့် ဈေးဆိုင်များ မဟုတ်ကြ။ အဝတ်အထည်ဆိုင်များတွင် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း ဝတ်ကြသော အဝတ်အထည်များကို ချိတ်ဆွဲထားကြသည်။ နေ့လယ်ခင်း အချိန်မျိုးတွင် ဤလမ်းကြားထဲ၌ လမ်းသလားနေကြသူများသည် သွားကြားထိုးတံများ ကိုက်ထားကြသော လက်လုပ်လက်စားများနှင့် ဝန်ထမ်းများသာ ဖြစ်ကြောင်း တွေ့ရသည်။ ဤလမ်းကြားလေး၏ ချစ်စရာအကောင်းဆုံးသော အချက်မှာ ရိုးရာပစ္စည်းများကို ရောင်းချပေးသည့် ဆိုင်များ ရှိနေခြင်းပင် ဖြစ်သည်။ ယခင်က မနှင်းဖြူသည် မုန့်ပြား

သလက်၊ မုန့်ဗိုင်းတောင့်၊ ပုံတော်ဖိနပ် စသည်တို့ကို မြို့တစ်မြို့လုံး ကြိုက်သည့်နေရာတွင် ဝယ်လျှင် ရနိုင်သည်ဟု ထင်ခဲ့ဖူးသည်။
ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ကလေးကစားစရာ ဂျင်များ၊ ပလုတ်တုတ်များ၊ ကြိုးဆွဲရုပ်များ ခင်းကျင်းထားသည်။ ၎င်းမှာ ‘ငယ်ဘဝ’ ဟု အမည်ပေးထားသော လက်လုပ် အရုပ်များနှင့် ကလေးပစ္စည်း ရောင်းသောဆိုင် ဖြစ်သည်။ မနှင်းဖြူသည် ထိုဆိုင်အရှေ့သို့ ဖြတ်လျှောက်သွားသောအခါ ဆိုင်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ပြန်လာပြီလား” မမာလာ၏ အသံဖြစ်သည်။ သူသည် ဤဆိုင်တွင် အလုပ်လုပ်နေသူ ဖြစ်ပြီး မနှင်းဖြူထက် တစ်နှစ်ကြီးသည်။ သူတို့မှာ သူငယ်ချင်းများ ဖြစ်နေကြပြီ။
“နင့်သင်တန်းက ဘယ်လိုလဲ”
“ဒီလိုပါပဲဟာ”
“အင်း၊ ကြိုးစားထား‌ဟေ့”
“အေးအေး” မနှင်းဖြူသည် လက်ပြကာ ထွက်လာခဲ့သည်။
‘ငယ်ဘဝ’ ဆိုင်ကို ကျော်ပြီး သုံးဆိုင်လွန်သောအခါ ‘ရသာစုံ’ ဆိုင်သို့ ရောက်သည်။ ဆိုင်ရှေ့တွင် ယောက်ျားသုံးယောက် ရပ်နေကြသည်။ နှစ်ယောက်မှာ သားသားနားနား ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်မှာ ရှပ်အင်္ကျီလက်ပြတ်ကို ရင်ဘတ်ဟောင်းလောင်း ဖွင့်ထားကာ အထဲတွင် ဝတ်ထားသော တီရှပ်မှာ အထင်းသား ပေါ်နေသည်။
သူ၏ ဆိုင်သို့ လာဝယ်ကြသော ဖောက်သည်အများစုမှာ အမျိုးသမီးများသာ ဖြစ်သည်။ ထိုသူများမှာ ဈေးဝယ်များ မဟုတ်နိုင်ကြောင်းကို မနှင်းဖြူသည် ကြည့်ရုံဖြင့် ခန့်မှန်းသိရှိနေလေပြီ။ ထို့ကြောင့် ထိုသုံးယောက်ကို လျစ်လျူရှုကာ ဆိုင်ထဲသို့ ဝင်တော့မည် ဟန်ပြင်ပြီး မှန်တံခါးကို ဖွင့်မည် ပြုစဉ် ရှပ်အင်္ကျီ လက်ပြတ် ဝတ်ဆင်ထားသော ယောက်ျားကြီးနှင့် အပေါက်ဝတွင် ဝင်တိုက်မိတော့မလို ဖြစ်သွားရသည်။ ထိုယောက်ျားကြီးသည် ချက်ချင်းပင် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။
“ဆောရီးဗျာ။ ကြွပါ” ထိုအမျိုးသားသည် သူ့ကို ဦးစွာ ဝင်နိုင်ရန် လမ်းဖယ်ပေးပြီး လက်ဟန်ဖြင့် ဝင်ခိုင်းနေသည်။ ထိုအမျိုးသားသည် သူ၏ ဖြူဝင်းနေသော သွားများ ပေါ်အောင်ပင် ပြုံးပြနေသည်။
“ရပါတယ်။ ရှင် အရင်ဝင်ပါ။ ဒါ ကျွန်မအိမ်ပဲ”