လူသစ်

“အတည်ပြုစရာ အချက်တချို့ ရှိနေလို့ပါ။ အချိန်အများကြီး မကြာစေရပါဘူး”
“ဪ … ရပါတယ်။ ကြွကြပါ။ ဒါနဲ့ …. ကျွန်တော့်အမေကိုပါ ခေါ်ဖို့ လိုဦးမလား”
“ဒီက ညီမရဲ့ အဖွား ဆိုတာလား” ကိုဝေဖြိုးသည် မနှင်းဖြူကို လှည့်ကြည့်နေသည်။ “ဖြစ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ”
“ဟုတ်ပါပြီ” ဟုဆိုကာ ဦးကျော်ဌေးသည် အတွင်းဘက်သို့ လျှောက်ဝင်သွားသည်။
ကိုဝေဖြိုးသည် အပြင်ဘက်တွင် ရပ်စောင့်နေသော ယောက်ျားကြီး နှစ်ဦးကို အထဲသို့ ခေါ်ဝင်လာသည်။ သူတို့၏ မျက်နှာ အမူအရာမှာ အနည်းငယ် တင်းမာသယောင် ရှိသည်။ မနှင်းဖြူအနေဖြင့် သူတို့၏ အသက်အရွယ်ကို ခန့်မှန်းကြည့်ရန် ခက်နေသည်။ သေချာသည်မှာ သူ၏ ဦးလေးအရွယ်များ ဖြစ်ကြသည်။ ထိုခေတ် ဦးလေးကြီးများ၏ ဆံပင်စတိုင်၊ ဦးလေးကြီးများ၏ ဝတ်စားဆင်ပြင်ပုံနှင့် မျက်နှာပြဲပြဲ၊ ဗိုက်ရွှဲရွှဲများသာ ဖြစ်ကြသည်။ ထိုသူ နှစ်ဦးစလုံးကလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်နေကြသည်။ သို့သော် မနှင်းဖြူက အရေးတယူလုပ်ကာ မှတ်မနေတော့။
ဒေါ်စိန်လှသည် ဦးကျော်ဌေး၏ နောက်မှ လိုက်ကာ ဆိုင်ထဲသို့ ဝင်လာသည်။ အသက်အကြီးဆုံး ရဲအရာရှိက စတင်ပြီး မေးခွန်းထုတ်တော့သည်။
“မနေ့က ဒီလူ ဒီကို လာခဲ့တယ် မဟုတ်လား” သူသည် လက်တွင် ဓာတ်ပုံကို ကိုင်ကာ မေးနေသည်။ ဓာတ်ပုံထဲတွင် တည်ကြည်အေးဆေးသော ဦးလွန်းဆွေ၏ အပြုံးမျက်နှာကို မြင်နေရသည်။
“ဟုတ်တယ်” မနှင်းဖြူနှင့် ဒေါ်စိန်လှတို့၏ အသံများမှာ တပြိုင်တည်းလိုလို ထွက်လာကြသည်။
“ဘယ်အချိန်လောက်က လာတာလဲ” ရဲအရာရှိက ဆက်လက် မေးမြန်းနေသည်။
“ဘယ်အချိန် ဖြစ်မလဲ” ဒေါ်စိန်လှသည် မနှင်းဖြူကို လှမ်းကြည့်သည်။ “ကျွန်မအထင်တော့ ၆ နာရီ မဟုတ်ရင် ၆ နာရီခွဲလောက်ပဲ”
“၆ နာရီခွဲ မတိုင်ခင် ဖြစ်နိုင်မလား”
“ဖြစ်နိုင်တာပေါ့” မနှင်းဖြူသည် နှုတ်ခမ်းကို လက်ညှိုးဖြင့် ထိကိုင်ရင်း ဖြေနေသည်။ “အဲဒီအချိန်က အပြင်မှာ လမ်းမီးတွေတောင် မဖွင့်သေးဘူး”
“ခင်ဗျားတို့ လမ်းမီးက ဖွင့်ချင်တဲ့အချိန် ဖွင့်တာပါဗျာ” ရဲအရာရှိက ပြောနေသည်။ “ဒါဆို အချိန်အတိအကျ သတ်မှတ်ဖို့ မဖြစ်နိုင်ဘူးပေါ့။ အဲဒီလိုလား”
“နာရီ၊ မိနစ် အတိအကျ သိနိုင်ဖို့ ဆိုတာတော့ ဘယ်လွယ်ပါ့မလဲ” ဒေါ်စိန်လှကလည်း အတိအကျ မပြောနိုင်။
“ဦးလွန်းဆွေက ဒီကို ဘာကိစ္စနဲ့ လာတာလဲ”
“သူက ကျွန်မအတွက် ကျန်းမာရေး အာမခံလျော်ကြေး ရဖို့ စာရွက်စာတမ်းတွေ လုပ်ပေးနေတာ။ ဆေးရုံဆရာဝန်ကြီးရဲ့ ဆေးရုံဆင်းလက်မှတ် လိုတယ်ဆိုလို့ အဲဒီအချိန်က သူ လာယူတာပါ”
“သူ ဒီမှာ ဘယ်လောက်ကြာကြာ နေသွားသလဲ”
“ဒါလား …..” ဒေါ်စိန်လှသည် အနည်းငယ် စဉ်းစားနေသည်။ “ဆယ်မိနစ်လောက်တော့ ကြာမှာပေါ့”
မနှင်းဖြူလည်း ထိုသို့ပင် ထင်သည်။ ထို့ကြောင့် ဘာမျှ ဝင်မပြောဖြစ်တော့။ သူသည် အနားတွင် ခေါင်းတညိတ်ညိတ် လုပ်လျက် ကိုဝေဖြိုးကို အကဲခတ်နေမိသည်။ ထိုသူသည် မှန်ကောင်တာထဲတွင် ခင်းကျင်းထားသော မုန့်များကိုသာ စူးစူးစိုက်စိုက် လေ့လာနေသည်။ တခြား ရဲအရာရှိများ မေးမြန်းနေသည့် စကားများကို နည်းနည်းမျှ စိတ်ဝင်စားပုံ မပြ။
“ဒါဆို ဒီကနေ ပြန်ရင် သူ ဘယ်ကို သွားဦးမလဲ ဆိုတာကိုရော ပြောခဲ့သေးသလား”
“သူ ကုမ္ပဏီပြန်ပြီး ကျွန်မအတွက် လျှောက်လွှာတင်ပေးမယ် ပြောတာပဲ”
“ဪ” ရဲအရာရှိက ခေါင်းညိတ်နေသည်။ “အဲဒီတုန်းက ဦးလွန်းဆွေရဲ့ ပုံစံက ဘယ်လိုမျိုးလဲ”
“ဘာကို ဆိုလိုတာလဲ”
“ဪ … အရင်လို မဟုတ်ဘဲ မူမမှန်တာမျိုးများ ရှိမလား”
“မရှိဘူး ထင်တာပဲ”
ဒေါ်စိန်လှသည် မနှင်းဖြူကို လှမ်းကြည့်ပြန်သည်။ သူ၏ အမြင်ကို တောင်းခံနေသည့်နှယ်။