လူသစ်

“သူဝတ်ထားတဲ့ ကုတ်အင်္ကျီက အရောင်မတူဘူး” မနှင်းဖြူက ဝင်ပြောသည်။ “အရင်က အဝါခြောက်ရောင်၊ မနေ့ကတော့ မီးခိုးရောင် ဝတ်လာတယ်။ အဲဒီအရောင်က သူနဲ့ ပိုလိုက်ဖက်တယ် ထင်မိလို့ ကျွန်မက မှတ်မိနေတာ”
“ကျွန်တော်က ဝတ်ပုံစားပုံကို ပြောနေတာ မဟုတ်ပါဘူး။ သူရဲ့ အမူအရာက အလောတကော ဖြစ်နေသလား။ ဒါမှမဟုတ် စိတ်ရှုပ်နေသလား။ အဲဒီလိုဟာမျိုးကို မေးတာ”
“အဲဒါမျိုးတော့ မရှိဘူး”
မနှင်းဖြူ၏ အဖြေကို ရဲအရာရှိများက သဘောကျဟန် မတူ။ သို့သော် ခဏချင်းပင် မျက်နှာအမူအရာကို ပြင်ဆင်ပြီး ပြုံးထားလိုက်ကြသည်။
“ဒီတော့ ခင်ဗျားတို့က သူ ဘယ်အချိန် ရောက်လာခဲ့သလဲ ဆိုတဲ့ အချိန်အတိအကျကို မမှတ်မိကြတော့ဘူး။ ၆ နာရီ မတိုင်ခင်လည်း ဖြစ်ချင် ဖြစ်မယ်။ ၆ နာရီ နောက်ပိုင်းလည်း ဖြစ်ချင်ဖြစ်မယ်။ ၅ နာရီခွဲနဲ့ ၆ နာရီကြားလို့ ပြောရင် မမှားနိုင်ဘူး။ ဟုတ်တယ်မလား”
“အင်း၊ ဖြစ်နိုင်တာပေါ့” မနှင်းဖြူနှင့် ဒေါ်စိန်လှတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ရပါပြီ။ အခုလို အချိန်ယူပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်”
“ဒါနဲ့ … ဦးလွန်းဆွေက ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး။ အခုမှ စုံစမ်းနေဆဲပါ” ရဲအရာရှိနှစ်ဦးသည် ကိုဝေဖြိုးကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ရာ ကိုဝေဖြိုးလည်း မနှင်းဖြူတို့ မိသားစုကို ကျေးဇူးတင်စကား ဆိုနေတော့သည်။
ရဲအရာရှိသုံးဦး ဆိုင်ထဲမှ ထွက်သွားပြီးနောက် ဦးကျော်ဌေးက ရုတ်တရက် စကားတစ်ခွန်း ဆိုလာသည်။ “မဟုတ်မှ လွဲရော။ မနေ့က ဖြစ်တဲ့ သပြေရိပ်အိမ်ရာက အမှုနဲ့ ပတ်သက်နေမယ် ထင်တယ်”
“ဘာရယ်” မနှင်းဖြူက မေးလိုက်သည်။
“နင် သတင်းစာ မဖတ်ဘူးလား” ဦးကျော်ဌေးက မျက်မှောင်ကြုတ်ကာ မေးနေသည်။ “ဆတ္တာသည်က သတင်းစာ ဖတ်ရတယ်ဟ။ သတင်းလေး၊ ဘာလေး သိထားမှ ဖြစ်မှာ”
“သမီးက ဆတ္တာသည် မဟုတ်ပါဘူးနော်” မနှင်းဖြူသည် ဖိနပ်ချွတ်လျက် အော်ပြောနေသည်။ စားပွဲပေါ်တွင် တင်ထားသော ဂျာနယ်တစ်စောင်ကို မြင်သောအခါ အထဲမှ သတင်းများကို ခပ်သွက်သွက် ဖတ်ကြည့်နေမိသည်။
ဦးကျော်ဌေးပြောသော သတင်းကို မှုခင်းသတင်း ကဏ္ဍထဲတွင် တွေ့လိုက်ရသည်။ တစ်ကိုယ်တည်း နေထိုင်သော အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူ့အိမ်ထဲတွင် လည်ပင်းညှစ်သတ် ခံရခြင်း။ အခန်းထဲတွင် ရုန့်ရင်းဆန်ခတ် ဖြစ်သော ခြေရာလက်ရာများ မတွေ့ရသောကြောင့် လူသတ်သမားသည် ထိုအမျိုးသမီးနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းထားသည်။ ချောင်းဆုံရဲစခန်းနှင့် ဗဟိုမှုခင်းထောက်လှမ်းရေး အဖွဲ့သည် ထိုအမှုကို လူသတ်မှုအဖြစ် သတ်မှတ်ထားပြီး တရားခံပေါ်ပေါက်ရေးအတွက် စုံစမ်းနေကြသည်။
“ဒါက တကယ့်ကို မညှာမတာ သတ်ဖြတ်မှုကြီးပဲ”
“ဦးလွန်းဆွေက ဒီလူသတ်မှုနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ပါဘူးအေ။ အဲဒီလူက ဘယ်လိုပဲကြည့်ကြည့် အင်မတန် ရိုးသားပြီး သဘော မနော ကောင်းတဲ့သူပါ။ ကူလီကူမာ လုပ်တာမျိုးကိုတောင် ကြိုက်တာမဟုတ်ဘူး” ဒေါ်စိန်လှသည် အနားသို့လှမ်းလာပြီး ဂျာနယ်ကို မျက်စိစွေကြည့်ကာ ပြောသည်။
“စောစောက ရဲအရာရှိတွေရဲ့ စကား အသွားအလာ အရဆိုရင် ဦးလွန်းဆွေရဲ့ အလီဘိုင်သက်သေအတွက် စုံစမ်းနေပုံရတယ်။ သူတို့က သူ့ကို သံသယ ရှိနေတာများလား”
“မဖြစ်နိုင်ပါဘူးအေ။ ဟုတ်တော့ရော ဘာအရေးလဲ။ သူ မနေ့က ငါတို့ဆီ လာခဲ့ကြောင်းကို ငါတို့က သက်သေပြနိုင်ခဲ့တာပဲဟာ။ အမှန်တရားက သူ့ဘက်မှာ ရှိပါတယ်အေ”
“ဒါပေမယ့် သူတို့က သူရောက်လာတဲ့ အချိန်ကိုပဲ အတင်း ဇွတ်မေးနေတာ။ ကြည့်ရတာ အဲဒါက အတော် အရေးကြီးပုံရတယ်”
“နင်တို့က အချိန်အတိအကျကို လုံးဝ စဉ်းစားလို့ မရတော့ဘူးလား” ဦးကျော်ဌေးသည် ဆိုင်ထဲမှ ခေါင်းပြူထွက်လာသည်။
“သမီးတော့ ၅ နာရီခွဲနဲ့ ၆ နာရီကြားလောက်ပဲ ပြောနိုင်တာပဲ။ အချိန်အတိအကျကတော့ မပြောနိုင်ဘူး”
“နင်တို့က အရေးအကြောင်းဆိုရင် ….”