လူသစ်

“ဒါဆို သမီးက တစ်နေကုန် နာရီကို တကြည့်ကြည့် လုပ်နေရမှာလား” ရှူးရှူးရှားရှား ဖြစ်လာသော မနှင်းဖြူကို မြင်ရ၍ ဦးကျော်ဌေး၏ ခေါင်းမှာ ဆိုင်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားသည်။
“အင်း …. တကယ် စိတ်ပူစရာပဲ။ ဦးလွန်းဆွေအပေါ်မှာ ရှိတဲ့ သံသယတွေ မြန်မြန် ပပျောက်နိုင်ပါစေ” ဒေါ်စိန်လှသည် လက်အုပ်ချီကာ ဆုတောင်းနေလေသည်။
ညစာစားပြီးနောက် မနှင်းဖြူသည် ဆိုင်တံခါးကို ပိတ်ရန် အပြင်သို့ ထွက်လာခဲ့သည်။ ယင်းလိပ်တံခါးကို ဆွဲချပြီး တစ်ဝက်အရောက်တွင် ဆိုင်အပြင်ဘက်မှာ ရပ်နေသော ယောက်ျားတစ်ယောက်ကို မြင်လိုက်ရ၍ ချက်ချင်း တုံ့ရပ်သွားသည်။
ထိုအမျိုးသားသည် ခါးကိုင်းကာ အတွင်းဘက်သို့ ခေါင်းလျှို၍ လှမ်းကြည့်လိုက်သည်။ ကိုဝေဖြိုးသည် မနှင်းဖြူကို မြင်သောအခါ တစ်ချက် ပြုံးပြပြီး နှုတ်ဆက်နေသည်။ “တောင်းပန်ပါတယ်ဗျာ။ အချိန်နည်းနည်းလောက် ပေးနိုင်မလား”
“အမ် … ရပါတယ်။ ကျွန်မ အဖေတို့ကိုရော ခေါ်လိုက်ရဦးမလား”
“မလိုပါဘူး။ ညီမတစ်ယောက်တည်းဆို ရပါပြီ။ ကျွန်တော် အတည်ပြုချင်တာ တစ်ခု ရှိလို့ပါ”
“ဘာများလဲ ရှင့်”
“ဦးလွန်းဆွေရဲ့ အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ပေါ့။ သူ ကုတ်အင်္ကျီ ဝတ်လာတယ်လို့ ညီမ ပြောခဲ့တယ်နော်”
“ဟုတ်တယ်လေ။ သူ မီးခိုးရောင် ကုတ်အင်္ကျီဝတ်လာတာ။ အရင်တစ်ခေါက် လာတုန်းက အဝါခြောက်”
ကိုဝေဖြိုးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လက်ကာပြနေသည်။ “အရောင်က အရေးမကြီးပါဘူး။ သူ အဲဒီတုန်းက ကုတ် ဝတ်မဝတ်ပဲ သိချင်တာပါ”
“ဝတ်ထားတယ်”
“ဪ … ဒီလိုကိုး။ ညီမက သူဝတ်ထားတာ စမတ်ကျတယ်လို့ ပြောခဲ့တယ်။ ကျွန်တော်လည်း အဲဒီလို ထင်တာပါပဲ”
“ဘယ်လိုများ ပတ်သက်နေလို့လဲရှင်”
“အဲ … အခုတော့ ရှင်းမပြတတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲဗျာ” ကိုဝေဖြိုးသည် ပြောပြီးနောက် စင်ပေါ်မှ လျှာပေါ်ဝဲတစ်ထုပ်ကို လှမ်းယူကာ မနှင်းဖြူထံသို့ တစ်ထောင်တန်တစ်ရွက် ထိုးပေးလိုက်သည်။ “ကျွန်တော် ဒါယူမယ်”
“ကျေးဇူးပါရှင်”
“ဒါဆို ကောင်းသောညပါဗျာ” ကိုဝေဖြိုးသည် ဝင်ရောက်စဉ်ကကဲ့သို့ ခါးကိုင်းကာ ဆိုင်အပြင်သို့ ထွက်ခွာသွားလေသည်။
မနှင်းဖြူသည် တစ်ခဏမျှ ရပ်ကြည့်နေမိပြီးမှ တံခါးနားသို့ ကပ်သွားသည်။ တံခါး မပိတ်ခင် သူသည် ခါးကိုင်း၍ အပြင် လမ်းမဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုစဉ် အလုပ်ဆင်းလာကြဟန်တူသော ကုမ္ပဏီဝန်ထမ်း အမျိုးသားများ ဆိုင်ရှေ့မှ ဖြတ်သွားကြသည်။ ကြည့်ရသည်မှာ အိမ်မပြန်ခင် တစ်ခွက်တစ်ဖလား မော့ရန် ဆိုင်ရှာနေကြခြင်း ဖြစ်ပေမည်။ လမ်းဘေးဓာတ်တိုင်၏ မီးရောင်အောက်တွင် ကိုဝေဖြိုး၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချေ။

(ဂ)
 

ယနေ့လည်း နေထွက်လာသည်နှင့် ပူလိုက်သည်မှာ ဆိုဖွယ်ရာ မရှိတော့ပြီ။ မနှင်းဖြူသည် ညနေ သင်တန်းမှ ပြန်လာစဉ် ဘတ်စ်ကား တိုးစီးလာရသောကြောင့် သူ၏ တစ်ကိုယ်လုံးမှာ ချွေးများနှင့် ရွှဲရွှဲနစ်နေသည်။
ဦးကျော်ဌေးသည် ဆိုင်ရှေ့တွင် နေကာများကို ဖြုတ်နေစဉ် သူ့သမီးကို မြင်လိုက်ရသောကြောင့် အသံတိုးတိုးဖြင့် ပြောနေသည်။ “သမီး ပြန်လာပြီလား”
“ဟုတ် အဖေ။ အဲ ဒီနေ့ ရဲသားတွေ မလာဘူးလား”
“ငါတို့ဆီ မလာဘူး။ ဒါပေမယ့် ဒီလမ်းတစ်လျှောက်လုံး ပတ်ပြီး စုံစမ်းနေတာပဲ” ဦးကျော်ဌေးက လေသံ ခပ်တိုးတိုးဖြင့် ပြန်ဖြေသည်။
“သူတို့က ဘာလုပ်နေကြတာလဲ”
“အဖေလည်း ဖြတ်သွားတုန်း ကြားမိလိုက်တာပဲ။ ကြည့်ရတာ ဦးလွန်းဆွေကိစ္စ စုံစမ်းတုန်း နေမှာ။ သူ့ကို အဲဒီနေ့က ဘယ်သူတွေ မြင်ခဲ့သလဲဆိုတာ လိုက်စုံစမ်းနေကြတာ။