သူ ငါတို့ဆီ လာတဲ့အချိန်က အတော် အရေးကြီးပုံ ရတယ်”
“ဒီလိုဆို သမီးတို့ရဲ့ ထွက်ဆိုချက်နဲ့တင် မလုံလောက်လို့ပေါ့နော်”
“အေးပေါ့” ဦးကျော်ဌေးသည် ဆိုင်အတွင်းသို့ ဝင်သွားသည်။
မနှင်းဖြူသည် လေးဘက်လေးတန်သို့ လှည့်ကြည့်မိသည်။ ရပ်ကွက်ထဲတွင် ရဲသားများ တစ်နေရာရာမှာ ရှိနေကြဦးမည်လား မသိ။
သူ၏ အမှတ်တမဲ့ အကြည့်သည် မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်အရောက်တွင် ရပ်တန့်သွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဆိုင်ပြင်မှ မှန်ပြတင်းက ခြားထားသော်လည်း ဆိုင်တွင်းရှိ မျက်နှာသိတစ်ယောက်ကို သူ သဲကွဲစွာ မြင်နေရသည်။ ထိုသူကလည်း သူ့ကို သတိထားမိသွားသောကြောင့် မချိပြုံး ပြုံးနေသည်။
မနှင်းဖြူသည် လမ်းတစ်ဘက်သို့ ကူးသွားပြီး ကော်ဖီဆိုင်ထဲသို့ ဝင်သွားသည်။ ထို့နောက် လမ်းဘက်သို့ မျက်နှာမူထားသော စားပွဲခုံ ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
“ဦးရဲကြီးက ဒီမှာ လာပြီး ဘာတွေကို ချောင်းနေတာလဲ” သူ ခေါင်းငုံ့ကာ ကိုဝေဖြိုးကို စိုက်ကြည့်နေသည်။
“မချောင်းရပါဘူးကွာ။ အရင် ထိုင်ပါဦးလား” ကိုဝေဖြိုးသည် စားပွဲထိုးကို လက်ပြ၍ လှမ်းခေါ်နေသည်။ “ဘာသောက်မလဲ”
“ဟင့်အင်း မသောက်တော့ပါဘူး”
“အားမနာပါနဲ့” ကိုဝေဖြိုးက သောက်ဖွယ်စာရင်းကို လှမ်းပေးသည်။
“ဒါဆို ဖရဲသီးဖျော်ရည် တစ်ခွက်ပေး” သူက စားပွဲထိုးကို ဖျော်ရည်မှာလိုက်ပြီး ထိုင်ချလိုက်သည်။ “ဦးက ကျွန်မတို့အိမ်ကို စောင့်ကြည့်နေတာလား”
ကိုဝေဖြိုးက ရယ်သည်။ “ဒီကောင်မလေးကတော့ တကယ့် မနိုင်စိန်လေးပါလား။ ငါ ပြောပြီးပြီပဲ။ ဘာကိုမှ ချောင်းမနေပါဘူးဗျာ”
“ဒါဆို ဦးက ဘာလုပ်နေတာလဲ”
“ဘာမှ မလုပ်ဘူး။ ကော်ဖီအေးအေးလေး လာသောက်နေတာလေ။ နောက်တစ်မျိုး ပြောင်းပြောရရင်တော့ ချောင်ခိုနေတာပေါ့” ကိုဝေဖြိုးသည် စုပ်ပိုက်ကို မသုံးဘဲ ဖန်ခွက်ထဲမှ ကော်ဖီများကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။
“ဦးတို့က ဦးလွန်းဆွေကို သပြေရိပ်အိမ်ရာ လူသတ်မှုနဲ့ ပတ်သက်နေတယ်လို့ သံသယ ဝင်နေတာလား”
ကိုဝေဖြိုးသည် ပြုံးချိုသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ပြီး “တိုးတိုး ပြောပါဟ”
“ဦးက ကျွန်မကို ရှင်းမပြဘူးဆိုရင် ဒီထက် ကျယ်တဲ့ အသံနဲ့ နောက်တစ်ခါ ထပ်မေးရလိမ့်မယ်”
ကိုဝေဖြိုးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ဆံပင်များကို လက်ဖြင့် ပွတ်သပ်နေသည်။
“သူက သံသယတရားခံထဲက တစ်ယောက်ပေါ့။ အခင်းဖြစ်တဲ့နေ့က ဦးလွန်းဆွေဟာ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ အိမ်ကို ရောက်ခဲ့တယ်။ ငါတို့ သူ့အခန်းထဲမှာ အာမခံကုမ္ပဏီရဲ့ ကြော်ငြာစာရွက်နဲ့ သူရဲ့ လိပ်စာကတ်ကို တွေ့ထားတယ်။ ကာယကံရှင် ကိုယ်နှိုက်ကတော့ အာမခံကိစ္စအတွက် အဲဒီအိမ်ကို သွားတယ်လို့ ပြောတာပဲ”
“အဲဒီတစ်ချက်တည်းကြောင့်လား”
“ငါတို့ ရဲတွေအတွက်ကတော့ သိပ်အရေးကြီးတာပဲ”
စားပွဲထိုးသည် ဖရဲသီးဖျော်ရည်ကို လာချပေးပြီးနောက် မနှင်းဖြူသည် စုပ်ပိုက်ဖြင့် တစ်ဝက်ကျိုးလောက်အောင် တစ်ချက်တည်း စုပ်ပစ်လိုက်သည်။
“ကျွန်မတို့အိမ်ကို ဦးလွန်းဆွေ ရောက်ခဲ့တဲ့ အချိန်က သိပ်ကို အရေးကြီးသလား” သူက အသက်ပြင်းပြင်း ရှူသွင်းပြီး မေးလိုက်သည်။
ကိုဝေဖြိုးသည် တစ်ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ပြသည်။ “အခုထိ သိရသလောက်ဆိုရင် အဲဒီနေ့ ည ၅ နာရီခွဲလောက်မှာ ဦးလွန်းဆွေဟာ သပြေရိပ်အိမ်ရာကနေ ထွက်လာခဲ့တယ်။ အဲဒီအချိန်က လူသတ်မှု မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန် နောက်ပိုင်းမှာ အဲဒီအမျိုးသမီးက အပြင်ထွက်ပြီး တစ်ခုခု ဝယ်ခဲ့သေးတယ်ဆိုတာ ငါတို့ အခိုင်အမာ သိထားတယ်”
“အမ် …. ဘာထွက်ဝယ်တာလဲ”
ကိုဝေဖြိုးသည် မနှင်းဖြူကို စိုက်ကြည့်ရင်း “အဲဒါ ညီမအတွက် အရေးပါလို့လား”
“ဟီး … စပ်စုချင်ရုံ သက်သက်ပါ။ အဲဒါ အသတ်မခံရခင်က ကိစ္စပဲဟာ”