အဘိုးအတွက် မွေးနေ့လက်ဆောင်
သူတို့ ဆွေမျိုးသိုက်ထဲတွင် တောင့်တောင့်တင်းတင်း ဟူ၍ သိပ်မရှိလှ။ တစ်မျိုးလုံး ဆင်းရဲကြသည်။ ကံထမ်း လာသည်ကို မမြင်နိုင်၊ လှံထမ်း လာသည်ကိုသာ မြင်နိုင်သည် ဆိုသည့် စကားကို အားကိုးကာ တစ်မျိုးလုံး ကံကိုသာ ပုံ၍ အပ်ထားကြသည်။ နှစ်စဉ်နှင့်အမျှ လျော့စပြုနေသော ပိုက်ဆံသေတ္တာ ကလေးများကို ပြန်ပြည့်လာအောင် လုပ်သည့်နည်းမှာ ကံကို အားကိုးသည့် နည်းမှတစ်ပါး အခြားနည်း မရှိ။
သူတို့ အထဲတွင် အကြီးမ ဂျက်က ချောင်ချောင်လည်လည် အရှိဆုံး ဖြစ်သည်။ သို့သော် ယောက်ျား မမာ၍ ဆေးရုံ တက်ရသည့် ကိစ္စ ပေါ်လာသည့် အခါတွင် ရှိစုမဲ့စုကလေး ပြောင်တော့သည်။ သူတို့အဘိုး မွေးနေ့တွင် ရွှေညှပ်ပါသည့် သမ္မာကျမ်းစာ တစ်အုပ်ကို လက်ဆောင်အဖြစ် ပေးရန် စိတ်ကူး ပေါ်သည်မှာ အကြီးမ ဂျက် ဖြစ်သည်။ အခြား မြေးများကလည်း ထိုက်ထိုက်တန်တန် လက်ဆောင်မျိုး ပေးသင့်သည်ဟု အကြီးမ ဂျက်က ယူဆသည်။ မူလတုန်းက စီမံကိန်းသည် ဘာမျှ မဖြစ်နိုင်စရာ မရှိ။ ဤမျှလောက်တော့ တတ်နိုင်ကြသည်။
ဒုတိယမှာ အကြီးမ ဂျက်အောက်က မောင်ငယ် ဒတ် ဖြစ်သည်။ သူက ဂျက်ထက် ၆-နှစ် ငယ်သည်။ အခြား မောင်နှမ သုံးယောက်မှာ အမေ မဆုံးမီကတည်းက တခြားသို့ ပြောင်းသွားကြပြီ။ ဒတ်က အကြီးမ ဂျက်၏ အကြံဉာဏ်ကို အလေးအနက် ထား၍ စဉ်းစားခြင်း မရှိ။ သူတို့ အထင်၌ သူတို့ အဘိုးသည် ရွှေညှပ်ပါသည့် သမ္မာကျမ်း စာအုပ်ကို လက်ဆောင် ရသည့်တိုင် အဘိုးသည် ထိုကျမ်းစာအုပ်ကို အသုံးပြုမည် မဟုတ်။ အဘိုးသည် အဘွား မဆုံးမီက အဘွားနှင့်အတူ ဖတ်လေ့ရှိသည့် ကျမ်းစာအုပ်ကို အသုံးပြုလေ့ ရှိသည် မဟုတ်လော။ ဤမျှသာမက ဒတ်ကလည်း သူ့စိတ်ကူးနှင့်သူ ဖြစ်သည်။ လူတိုင်း မိမိ ယုံကြည်ရာကို လွတ်လပ်စွာ ယုံကြည်နိုင်ခွင့် ရှိသည်။ ဘုရားရှိခိုး ကျောင်းဝင်းထဲသို့ ဒတ် မရောက်သည်မှာ ကြာလှပြီ။ သမ္မာကျမ်း စာအုပ်ကို အဘိုးအား လက်ဆောင် ပေးခြင်းကို ဒတ် သဘောမတူ။ သူတို့အားလုံး အဘိုးကို လက်ဆောင် ပေးရမည် ဆိုလျှင် လက်ဆောင်ပစ္စည်း ရွေးချယ်ရန် ကိစ္စ၌ အားလုံးက သဘောတူဖို့ လိုသည်။ အကြီးမ ရွေးချင်ရာကို ရွေးတိုင်း သူတို့က သဘောမတူနိုင်။
ပရိဘောဂ ဆိုင်တစ်ဆိုင်တွင် အလွန်ကောင်းသည့် လက်တင် ကုလားထိုင် တစ်လုံးကို ဒတ် တွေ့ခဲ့သည်။ ထိုဆိုင်က နှစ်ဆယ်ရာနှုန်း လျှော့ဈေးဖြင့် ရောင်းနေသည်။ သူတို့ အဘိုးကို ဤကုလားထိုင်မျိုး ဝယ်၍ လက်ဆောင် ပေးရသော် မီးစာကုန် ဆီခန်းဘဝတွင် အေးအေးချမ်းချမ်းဖြင့် နေထိုင် သွားနိုင်စေမည် ဆိုသည့် စကားမျိုးကိုလည်း ဒတ်က ပြောလေ့ရှိသည်။ ထိုမျှမက အဘိုး သတင်းစာ ထိုင်ဖတ်လေ့ ရှိသည့် ကုလားထိုင်ကလည်း စုတ်ပြတ်နေပြီ။ ကုလားထိုင် စပရင်တွေကလည်း ထိုးထိုးထောင်ထောင်ဖြင့် အပြင်သို့ ထွက်နေကြပြီ။
မေရီက ဒုတိယသမီး ဖြစ်သည်။ သူက (အစိုးရ စရိတ်ဖြင့်) တစ်ခုလပ် တစ်လင်ကွာ ဖြစ်သည်။ ရုံးတော်က ကွာရှင်းခွင့် အမိန့်မကျသေး။ စတုတ္ထကလေး ကိုယ်ဝန်နှင့် ဖြစ်သည်။ မေရီက ကုလားထိုင် လက်ဆောင်ပေးရန် သဘောမတူသူမို့ ကုလားထိုင်ကို လက်ဆောင်ပေးဖို့ စိတ်ကူးရသည် ဟုလည်း ဒတ်ကို သဘောမကျချင်။ ကုလားထိုင်စုတ်ကြီး ပေါ်တွင် ထိုင်ပါဟု သူတို့ အဘိုးကို မည်သူက တိုက်တွန်းသနည်း။ သူ့ဘာသာသူ ထိုင်ချင်၍ ထိုင်သည် မဟုတ်လော။ အဘွား ထိုင်သွားခဲ့သည့် ကုလားထိုင် မဟုတ်လော။ ကုလားထိုင်ကြီး ဖင်ကျွံကျသည်မှာ အဘွား ထိုင်ခဲ့၍ မဟုတ်လော။ အဘိုးက သည်အကြောင်းကို အကြိမ် တစ်ဒါဇင်မက ပြောခဲ့ဖူးပြီ။ မြေးတွေက စု၍ လက်ဆောင်ပေးမည် ဆိုလျှင် ထိုပစ္စည်းသည် အဘိုးအတွက် အသုံးဝင်ရမည်။ အလဟဿ မဖြစ်သင့်။ ဆောင်းဝတ် ကုတ်အင်္ကျီ တစ်ထည်၊ လည်စည်း တစ်ခု၊ လက်အိတ် တစ်စုံ သို့မဟုတ် လွှာဖိနပ် ကောင်းကောင်း တစ်ရန် စသည်တို့ ဖြစ်သင့်သည်။ ထိုပစ္စည်းများ ဆိုလျှင် အဘိုးအတွက် အသုံးလည်း ဝင်သည်။ တန်ဖိုးကလည်း သိပ်များလှသည် မဟုတ်။
အငယ်များ ဖြစ်သည့် ပီယက်နှင့် ဖရန့် တို့ကိုမူ စာရင်းထဲ သွင်း၍ မဖြစ်။ သူတို့ နှစ်ယောက် ဝင်ငွေ မရှိသည်မှာ ကြာလှပြီ။ မကြာခဏ အပေါင်ဆိုင်သို့ သွားတတ်ကြသည်။ အဘိုးက မကြာခဏ ထောက်ပံ့ရသည်။ သို့ရာတွင် လက်ဆောင်ပစ္စည်း ရွေးသည့် ကိစ္စ၌မူ သူတို့ က စကားအပြောဆုံး ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးက သမ္မာကျမ်းစာ ကိုလည်း မကြိုက်၊ ကုလားထိုင် ကိုလည်း သဘောမတူ၊ ဆောင်းဝတ် ကုတ်အင်္ကျီကိုလည်း မနှစ်သက် (ကိုယ်က ပိုက်ဆံတစ်ပြားမှ မထည့်သော်လည်း) သူတို့ စိတ်ကူးက ကြီးကျယ်သည်။ ဧည့်ခန်းကို ပန်းစက္ကူတွေ၊ ပူဖောင်းတွေနှင့် အလှပြင်မည်။ စပျစ်သီးခြောက်၊ ဘရန်ဒီ၊ ဂျင်တို့ဖြင့် အဘိုးကို ဧည့်ခံမည်။ သူတို့လည်း စားကြမည်။
ဟန့်က အငယ်ဆုံးသား ဖြစ်သည်။ ဟန့်သည် မကြာမီကမှ စစ်တပ်ထဲသို့ ဝင်သွားကာ အရှေ့အိန္ဒိယ ကျွန်းစုတွင် တာဝန်ကျ နေသည်။ သင်တန်းတက်စဉ် ရသည့်လစာ အားလုံးကို သုံးပစ်ပြီးပြီ။ သူကမူ အဘိုး၏ မွေးနေ့လက်ဆောင် အဖြစ် (မွေးနေ့ကလည်း လေးရက်သာ လိုတော့သည်။) ညီအစ်ကို မောင်နှမများ၊ သားသမီးများနှင့် မြေးများ အားလုံး ပါဝင်သည့် ဓာတ်ပုံတစ်ပုံကို ပေးသင့်သည်ဟု အဆိုပြုသည်။ ထိုလက်ဆောင်သည် လူတိုင်းအတွက် သင့်တော်သည်။ အထူးသဖြင့် အရှေ့အိန္ဒိယ ကျွန်းစုတွင် တာဝန်ကျနေသူ မိမိအတွက်လည်း အသုံးဝင်သည်။
ဟန့်၏ တင်ပြချက်ကို အားလုံး ဝိုင်းဆွေးနွေး ကြပြီးနောက် လက်ခံလိုက် ကြသည်။ နောက် တစ်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်သည်။ ထိုနေ့တွင် ဆွေမျိုး တစ်သိုက်လုံး ဓာတ်ပုံဆိုင် သွားကာ ဓာတ်ပုံရိုက် ခံကြသည်။ ဆွေမျိုး တစ်သိုက်လုံး တစ်ယောက်မကျန် အကုန်ပါသည်။ မနေ့ညကမှ ဆေးရုံက ဆင်းလာသည့် ဂျက်၏ ယောက်ျားပင်လျှင် မုတ်ဆိတ်မွေး ထူလပျစ်နှင့် ပါလာသေးသည်။ သမီးများ ဖြစ်ကြသော မေရီ၊ ထရွန်နှင့် ဂျက်တို့က အလယ်ခေါင်တွင် ကုလားထိုင်များဖြင့် ထိုင်ကြသည်။ သားများဖြစ်သည့် ဒတ်၊ ပီယက်၊ ဟန့်နှင့် သမက် ဘွန်းတို့က နောက်က မတ်တတ်ရပ် ကြသည်။ ပီယက်က အခါလည်ခွဲ သားငယ်ကို ပွေ့ကာ လက်ဝဲ အစွန်တွင် ရပ်သည်။ ဟန့်က ယူနီဖောင်း အသစ်ဖြင့် လက်ယာ အစွန်တွင် ရပ်သည်။ လက်တွင် အစ်မကြီး ဂျက်၏ သားအငယ်ဆုံး ဆန်ဂျီကို ချီထားသည်။ အခြား ကလေး ငါးယောက်က ကုလားထိုင် ရှေ့က ကော်ဇောပေါ်တွင် အမေနှင့်ကပ်လျက် ထိုင်ကြသည်။
သူတို့ အားလုံး ဆယ့်လေးယောက် နှင်နှင်ရှိသည်။ ကံမကောင်းသည့် ဂဏန်းထက် တစ်ခုပိုသည်။ ဓာတ်ပုံဆရာကမူ သူ့ဓာတ်ပုံဆိုင်တွင် သည့်ထက် ခမ်းနား သိုက်မြိုက်သည့် ဆွေမျိုးသိုက်ကို တစ်ခါမှ မရိုက်ရဖူးသေးဟု ဆိုသည်။
သို့သော် ဓာတ်ပုံဆရာ အဖို့ သူတို့ တစ်တွေကို နေရာချထား ရသည်မှာ မလွယ်။ ပီယက်၏သား ဝီလီက ဓာတ်ပုံ ရိုက်တော့မည် ကြံတိုင်း ငိုတတ်သည်။ အဝတ်နက်ကြီး အောက်က ပြူတစ်ပြူတစ် ထွက်လာသော ဆံပင်ရှည်ရှည် ဓာတ်ပုံဆရာ၏ ခေါင်းကို ဝီလီ ကြောက်သည်။ ကလေးတွေ ကင်မရာ ဘက်သို့ လှည့်ကြည့်စေရန် ဓာတ်ပုံဆရာက ဓာတ်ပုံဆိုင်က အရုပ်ကလေး တစ်ရုပ်ကို ကင်မရာပေါ်သို့ တင်၍ လှုပ်ပြသည့် အခါ၌မူ ဝီလီ စူးစူးဝါးဝါး အော်ငိုတော့သည်။ ကုလားထိုင်တွင် နေသားတကျ ထိုင်ပြီးနေသော ထရွန်က ထ၍ ချော့ရသည်။ သို့ဖြင့် နာရီတစ်စိတ်လောက် အချိန်ကုန်သွားသည်။ ဓာတ်ပုံရိုက်ပြီး၍ နေရာမှ ထကြသည့် အခါတွင်မူ တင်းထားရသည့် အကြောများကို ဖြေကာ ဓာတ်ပုံ ရိုက်ခံရသူတို့၏ အမူအရာများကို တစ်ယောက်တစ်ပေါက် ပြော၍ ရယ်ကြသည်။ တချို့ကလည်း ယခုမှ သက်ပြင်းကြီး ချနိုင်တော့သည်။
ပထမဆုံး အရိုက်ခံသည့် ပုံနှစ်ပုံ ပျက်သွားသည်။ တစ်ပုံက ဓာတ်ပုံရိုက်မည် လုပ်တုန်း ဆန်ဂျီက “ဟပ်ချိုး” ဟု ချေလိုက်သဖြင့် ပျက်သွားခြင်း ဖြစ်သည်။ တမင်လုပ်ခြင်း ဖြစ်ဟန်တူသည်။ ဓာတ်ပုံဆရာက တစ်၊ နှစ်၊ သုံး ရေနေစဉ် ဟန့်က နေရာပြင် လိုက်သဖြင့် မရိုက်လိုက်ရ။ ဒုတိယ ဓာတ်ပုံ ပျက်ရသည်မှာ မေရီ၏ သား ချာလီက ရိုက်ပြီးပြီ အထင်ဖြင့် မတ်တတ်ရပ် လိုက်သောကြောင့် ဖြစ်သည်။ ဂျက်၏ သား ဂျန်က သူ့ကို တံတောင်ဖြင့် တွက်လိုက်သည်ကို ပြီးပြီဟု ပြောသည် ထင်သဖြင့် ရပ်လိုက်ခြင်း ဖြစ်သည်။ သည်တော့မှ အမေများက သူတို့ ကလေးတိုင်းကို နားရွက်ဆွဲလိမ် ပစ်သည်။ ထို့နောက် အအော်အဟစ် ရပ်၍ အကောင်းဆုံး ဝတ်စုံများဖြင့် ကုလားထိုင်များ ပေါ်တွင် တောင့်တောင့်ကြီးတွေ ထိုင်ပြီး အရိုက်ခံကြသည်။ တတိယ အကြိမ်တွင်မူ ချောချောမောမော ပြီးသွားသည်။
ဓာတ်ပုံဆိုင်တွင် ငွေလက်ငင်း ချေရလိမ့်မည်ဟု မည်သူမျှ မထင်ကြ။ သို့ရာတွင် ဓာတ်ပုံဆရာက ဒတ်ကို သိသဖြင့် (ဒတ်က မျက်နှာချင်းဆိုင် ဆေးဆိုင်တွင် အလုပ် လုပ်သည်။) ဒတ်ထံ တောင်းသည်။ ဒတ်က ဓာတ်ပုံဆရာကို ဒင်္ဂါးနှစ်ပြား စရန်ပေးခဲ့သည်။ ဓာတ်ပုံကိုမူ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် လာယူရန် ချိန်းလိုက်သည်။
“နေပါဦးဗျ။ ဓာတ်ပုံ ပျက်သွားရင်ကော ဘယ့်နှယ် လုပ်မလဲ”
ဒတ်က ဆိုင်က ထွက်ခါနီးတွင် မေးသည်။
“ပျက်သွားရင် ပိုက်ဆံပေးဖို့ မလိုပါဘူး” ဟု ဓာတ်ပုံဆရာက ပြောသည်။
“တော်သေးတာပေါ့ဗျာ” ဟု ဒတ်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောသည်။
သူတို့ ဓာတ်ပုံ ရိုက်ကြသည့် အကြောင်းကို အဘိုးအား မပြောဘဲ လျှို့ဝှက် ထားကြသည်။ တစ်နည်း ပြောရလျှင် ဓာတ်ပုံ ရိုက်ကြောင်းကို အဘိုးအား လာပြောသူများ ထိုနေ့ညနေ မတိုင်မီတွင်ပင် လေးယောက် ရှိနေပြီ။ ထိုနေ့ ညနေက ဂျက်၏ သားငယ်ဂျန်သည် သူ့အစ်မနှင့်အတူ အဘိုးထံ ရောက်လာကာ သကြားလုံးနှင့် ပိုက်ဆံနှစ်ပြား တောင်းသည်။
“ဘိုးဘိုးကြီး၊ ဘိုးဘိုးကြီး။ ဘိုးဘိုးကြီးရဲ့ မွေးနေ့လက်ဆောင် အဖြစ် ပေးမဲ့ပစ္စည်းကို ကျွန်တော် သိတယ်ဗျ။ ဘာလဲ သိရဲ့လား” ဟု မေးသည်။
အဘိုးကြီးက ရယ်ကာ သွားမရှိတော့သည့် သွားဖုံးနှစ်ခု ကြားက ဆေးတံကို ချွတ်လိုက်ပြီး –
“မွေးနေ့လက်ဆောင် ကလေးက လှရဲ့လားကွ”
“မပြောရဘူးတဲ့ ဘိုးဘိုးကြီးရ”
“ကဲ ဒါဖြင့် စားစရာလားကွာ”
“ မဟုတ်ဘူး၊ စားစရာပေးရင် ဗိုက်နာမစိုးလို့ တဲ့” ဂျန်က ရယ်၍ ပြောသည်။
“ကဲ ဒါဖြင့် ဖတ်စရာ၊ ကြည့်စရာ စာအုပ်လားကွာ”
“ကြည့်လို့တော့ ရတယ်”
“ကဲ ဒါဖြင့် ထိုင်စရာလားကွာ”
“ထိုင်လို့လည်း ရတယ်။ ဟား ဟား”
“ကဲ ဒါဖြင့် ဝတ်စရာလားကွာ”
“ဟင့်အင်း ဝတ်လို့တော့ မရဘူး ဘိုးဘိုးကြီးရေ”
“ကဲ ဘိုးဘိုးကြီးလည်း မဖော်နိုင်ဘူး။ ပန်းပေးပါပြီတဲ့ကွာ”
အဘိုးကြီးက ကျေနပ်စွာ ပြောသည်။
ဂျန်သည် သူ့အဘိုးထံမှ တနင်္ဂနွေနေ့တိုင်း မုန့်ဘိုးနှစ်ပြား ရနေကျ ဖြစ်သည်။ ဖွင့်ပြောလိုက်လျှင် သူ့အဘိုးက တစ်ပြား တိုးပေးလိမ့်မည်ဟု သူထင်သည်။ ထို့ကြောင့် ဂျန်က အရိပ်အမြွက်လောက် ဖော်ပြောသည်။
“ကျွန်တော်တို့ အားလုံးပါတယ်။ ဖေဖေရော၊ မေမေရော၊ ဒေါ်လေး မေရီရော၊ ဒေါ်လေး ထရွန်ရော၊ ဦးလေး ဒတ်ရော၊ ဦးလေး ပီယက်ရော၊ ဦးလေး ဟန့်ရော ယူနီဖောင်းကြီး ဝတ်လို့။ ပြီးတော့ ကျွန်တော်တို့ရော အားလုံးပဲ။ နာရီဝက်လောက် ငြိမ်ငြိမ်ကလေး ထိုင်နေရတယ်။ အဲဒီတော့မှ ရတယ်”
“ပြီးတော့ မှန်ပေါင်လည်း သွင်းရဦးမယ် မဟုတ်လားကွ”
အဘိုးက ခေါင်းတဆတ်ဆတ်ဖြင့် မေးသည်။
“ဒါတော့ မပြောရဘူးတဲ့ ဘိုးဘိုးကြီးရဲ့”
တစ်နာရီခန့် ကြာသော် သောက်စရာ တစ်ခုခု လာရှာသည့် သားငယ် ဟန့် ရောက်လာသည်။
“နောက် ဗုဒ္ဓဟူးနေ့ ရောက်ရင် ဖေဖေတော့ သိပ်အံ့ဩ သွားမှာပဲ” ဟု ဟန့်က ပြောသည်။ “အရင်တုန်းက ဖေဖေ့မှာ တစ်ခါမှ မရှိဘူးတဲ့ ဟာမျိုးကို ဂျက်က ဖေဖေ့ကို သမ္မာကျမ်းစာအုပ် ပေးချင်တယ်။ ဒတ်က မတ်တတ် ကုလားထိုင်တစ်လုံး ပေးချင်တယ်။ မေရီက ဆောင်းတွင်း ကုတ်အင်္ကျီ တစ်ထည် ပေးချင်တယ်။ ဒါပေမဲ့ ဖေဖေ ဒါမျိုးတွေ မလိုချင်ဘူး ဆိုတာ ကျွန်တော် သိတာပဲ။ ကျွန်တော် ဝင်ဖြေရှင်း ပေးလိုက်တယ်။ ကြိုသိထားရင် ပျော်စရာ မကောင်းတဲ့ အတွက် ခုတော့ ကျွန်တော် မပြောသေးဘူး”
“အံမာလေး၊ မပြောလည်း သိပါတယ်ကွ။ အနံ့ခံ ကြည့်လိုက်ရင် သိတာပဲ လောင်းတောင် လောင်းလိုက်ချင်သေး”
အဘိုးကြီးက ပြောသည်။
“စိမ် လိုက်လေ။ ဖေဖေ တစ်နေ့လုံး တစ်ညလုံး စဉ်းစား။ မပေါ်ဘူး စိတ်ချ”
ဟန့်က ပြောသည်။ အဘိုးကြီးက မီးခိုးထောင်းထောင်း ထအောင် ဆေးတံကို ဖွာ၍ စဉ်းစားနေသည်။ အတန်ကြာမှ –
“အဲဒီပစ္စည်းက လေးထောင့်ကွာ။ မျက်လုံးက နှစ်ဆယ့်ရှစ်လုံး၊ လက်က နှစ်ဆယ့်ရှစ်ချောင်း၊ နားရွက်က နှစ်ဆယ့်ရှစ်ခု၊ ပါးစပ်က ဆယ့်လေးပေါက်၊ ငါ့ဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိတယ်ကွ၊ သိရဲ့လား”
“ဟာ” ဟန့်က အလန့်တကြား အော်သည်။ “သူတို့က ဖွင့်ပြောပြီး ကြပလား။ ဖေဖေကော ကြိုက်ရဲ့လား”
“ဖေဖေလည်း မင်း အရှေ့အိန္ဒိယ ကျွန်းစု မသွားခင် ဓာတ်ပုံတစ်ပုံ ရိုက်ထားခဲ့ဖို့ ပြောမလို့ လုပ်နေတာ။ တော်တော်နဲ့ ပြန်တွေ့ရမှာ မဟုတ်ဘူး မဟုတ်လား”
ထိုနေ့ ညနေပိုင်း၌ ဒတ်နှင့် ဂျက်တို့ ကလည်း အဘိုးကြီးထံ လာကာ ဆောင်းပါးရိပ်ခြည် လာပြောကြသည်။ သို့သော် သူတို့ အရင် ဦးအောင် ပြောပြီးသူ ရှိနေသဖြင့် စိတ်ဓာတ်ကျ သွားကြသည်။ ယခုမူ ထိုကိစ္စသည် လျှို့ဝှက်ချက် မဟုတ်တော့။ မည်သို့ပင် ဖြစ်စေ၊ ဓာတ်ပုံသည် အကောင်းဆုံး လက်ဆောင်ပစ္စည်း ဟူ၍ ကား အားလုံးက သဘောတူကြသည်။ သမ္မာကျမ်းစာအုပ်၊ ကုလားထိုင်၊ ကုတ်အင်္ကျီ စသည်တို့ထက် အများကြီး ကောင်းသည်။ စင်စစ် မိသားစု ဓာတ်ပုံ တစ်ပုံသည် အဘိုး အတွက်သာမက မည်သူ့အတွက် မဆို၊ မည်သည့် အချိန်မဆို၊ လက်ဆောင်ကောင်း တစ်ခု ဖြစ်သည်။ အဘိုးကို မှန်ပေါင်သွင်းထားသည့် ပုံကြီးတစ်ပုံ ပေးမည်။ ကျန်လူများက မှန်ပေါင် မသွင်းသည့် ပုံငယ်များကို ယူမည်။ လူကြီးတွေရော ကလေးတွေပါ ဓာတ်ပုံကို ကြည့်ချင်ကြလှပြီ။
အင်္ဂါနေ့ည အဘိုး အိပ်ရာဝင်သည့် အခါ၌ (အသက် ၇၀- အဘိုးကြီးများ ထုံးစံ ညဉ့်နက် မခံနိုင်တော့) ဒတ်၊ ပီယက်နှင့် ဟန့်တို့ က ဧည့်ခန်းကို ပြင်ဆင် မွမ်းမံကြသည်။ မျက်နှာကြက်တွင် ပန်းစက္ကူ ကြိုးများ တန်းသည်။ ပူဖောင်းများ ချည်သည်။ မင်္ဂလာဆောင် တစ်ခုအတွက် ပြင်ဆင်ထားသည် ဖြင့်ပင် တူသေးသည်။ မှန်ပေါ်တွင် ငွေရောင်စာလုံးများ ရေးထားသည့် စက္ကူကတ်တစ်ခု ချိတ်ထားသည်။ “သားသမီး မြေးများနှင့်အတူ အသက်ရာကျော် ပျော်ရွှင်စွာ နေနိုင်ပါစေ” ဟု ရေးထားသည်။ အမေ ဆုံးသွားသည့် ကုလားထိုင် နောက်မှီနှင့် လက်တင်များတွင် စက္ကူနှင်းဆီ ပန်းခွေများ တင်ထားသည်။
သူတို့တစ်တွေ ပြင်ဆင် နေကြသည်ကို အဘိုးကြီး မရိပ်မိစေရန် ဖိနပ်ချွတ်၍ သွားကြရသည်။ အဘိုးကြီး နိုးမည် စိုးသဖြင့် နံရံများတွင် သံမရိုက်။ ဆံညှပ်များနှင့် တွယ်ကြသည်။ ဂျက်နှင့် မေရီတို့ အိမ်ပြန်ကြသော အခါ ဆံပင်တွေ ဖိုးရိုးဖားရားနှင့် ပြန်သွားကြရသည်။ သူတို့ ခေါင်းတွင် ပါသမျှ ဆံညှပ်တွေ ကုန်ခဲ့ပြီ။
မွေးနေ့နံနက် ရောက်သော အခါ၌ နေရောင်သည် သက္ကလတ် ခန်းဆီးများမှ အခန်းတွင်းသို့ လျှောကျလာသည်။ ပြတင်းပေါက်များ တွင်လည်း ပန်းတွေ ဝေနေသည်။ အားလပ်ရက်များတွင် ဖြစ်ပေါ်လေ့ ရှိသည့် ပေါ့ပါးရွှင်လန်း စိတ်များ မဝင်အောင် နတ်သိကြားသော်မှ ဆင်းတား၍ ရနိုင်မည် မဟုတ်။ ပန်းစက္ကူကြိုးများ၊ ပူဖောင်းများဖြင့် ရွှင်မြူးဖွယ် ကောင်းနေသည့် ဧည့်ခန်းသည် ထိုမင်္ဂလာနေ့ နံနက်တွင် လှပခံ့ညားနေသည်။
နံနက်ကိုးနာရီ၌ အိပ်ရာထဲတွင် ရှိနေသေးသည့် အဘိုးထံ လက်ဖက်ရည် တစ်ခွက် ခွက်ကြီးဖြင့် ပို့လိုက်သည်။ ပေါင်မုန့် ထောပတ်သုတ် နှစ်ချပ်လည်း ပါသည်။ နံနက် ၁၀-နာရီ ဓာတ်ပုံ ရွေးပြီးသည် အထိ အဘိုးကို အပေါ်ထပ် အိပ်ခန်းထဲတွင် ထားရဦးမည်။ နံနက် ၁၀- နာရီတွင် ဓာတ်ပုံဆိုင် မျက်နှာချင်းဆိုင် ဆေးဆိုင်ရှိ ဒတ်ထံ ပို့မည်ဟု ဓာတ်ပုံဆရာက ကတိပေးထားသည်။ ဓာတ်ပုံဆရာ ကတိတည်ကောင်း ပါ၏။
တစ်အိမ်လုံး ဝတ်ကောင်းစားလှ ဝတ်ထားကြသည်။ ဂျက်၏ သားက အဘိုးရှေ့တွင် ရွတ်ပြရမည့် ကဗျာကို ရွတ်ပြနေသည်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော အဘိုး ခြေသံကို ကြားရသည်။ မည်မျှ စောင့်ရဦးမည်နည်းဟု မေးသည်ကလည်း နှစ်ကြိမ်ရှိပြီ။
၁၀ နာရီ ဒင်ခနဲ ထိုးသည်နှင့် ဒတ်သည် အိမ်ရှေ့ ခြံကလေးထဲသို့ ဝင်လာသည်။ သူ့လက်ထဲတွင် ဟာလာဟင်းလင်း။ မျက်နှာထားက သုန်သုန်မှုန်မှုန်။
“ဟောတော့ ဘယ်မလဲ ဓာတ်ပုံ”
ဂျက်က အလန့်တကြား မေးသည်။
“နင့်ဆီကို လာမပို့ဘူးလား”
“ဟယ်၊ ဓာတ်ပုံ မရဘူးလား။ အဲဒါမှ ဒုက္ခပဲ။ ဘာဖြစ်လို့ မရခဲ့တာလဲဟဲ့။ ပြောစမ်းပါအုံး။ ဘယ့်နှယ် ငူတူတူကြီး ရပ်နေတာလဲ”
မေရီက မေးသည်။
“ခွေးသား ဓာတ်ပုံဆရာ”
ဒတ်က လက်သီးဆုပ်၍ ကျိန်ဆဲသည်။
“ဓာတ်ပုံတော့ ပို့ပါတယ်။ ဒါပေမဲ့ လက်ကျန် လက်ငင်းပေးမှ ဓာတ်ပုံ ပေးမတဲ့”
“လက်ငင်းပေးမှ”
“ဟုတ်တယ်၊ ကျွန်တော်တော့ ဒီကောင့် သွားတွေကို ရိုက်ချိုး ပစ်ချင်တယ်။ သူ့ပိုက်ဆံကလေးကို မပေးတော့မဲ့ အတိုင်းပဲ”
“နို့ နင်က စိုက်မပေး လိုက်ဘူးလား”
ထရွန်က မသိဟန်ဖြင့် မေးသည်။ စင်စစ် ဓာတ်ပုံလက်ထဲ မရောက်မချင်း စိုက်ရမည့် ပိုက်ဆံကို မပေးဟု ဆုံးဖြတ်ပြီး ဖြစ်သည်။
“ဓာတ်ပုံ ရလာတော့ အားလုံး ပေးမှာပေါ့ဟဲ့”
“တော်စမ်းပါ”
ဒတ်က အော်သည်။
“ခင်ဗျားတို့ ကလည်း ခင်ဗျားတို့ပဲ။ ခဏတစ်ဖြုတ်တောင် အိတ်ထဲက စိုက်ထားချင်ကြတာ မဟုတ်ဘူး။ ကျုပ်က ဘယ်က ပိုက်ဆံနဲ့ သွားစိုက် ထားရမလဲ။ ဆေးဆိုင်က ပိုက်ဆံတွေနဲ့ စိုက်ထားရမှာလား”
“ကဲ ကဲ၊ တော်ကြပါတော့”
ဖရန့်က ဝင်ဖြန်သည်။
“ဆေးဆိုင်က ငွေတွေကို စိုက်သုံးရမယ်လို့ နင့်ကို ဘယ်သူကမှလဲ မပြောသေးပါဘူး။ ဓာတ်ပုံ ပျက်သွားရင် ပိုက်ဆံမပေးနဲ့လို့ ဓာတ်ပုံဆရာက ပြောလိုက်တယ် မဟုတ်လား။ ဓာတ်ပုံ ပေးပေးချင်း ငွေပေးရမယ် ဆိုတော့ ဘယ်ဖြစ်မလဲ။ ကောင်းမှန်း ဆိုးမှန်းမှ မသိရသေးဘဲ။ ဝက်ထီး ဝက်မမှန်း မသိရသေးဘဲ ဘယ့်နှယ်လုပ် ဝယ်နိုင်ပါ့မလဲ”
“အင်း အဲဒါကမှ ဓာတ်ပုံ ရတာထက် ပိုအံ့ဩစရာ ကောင်းနေတာ”
စိုက်ပေးဖို့ စိတ်ကူး မထည့်သည့် ပီယက်က ပြောသည်။
ထိုစဉ် ဟန့် ဝင်လာသည်။
“ဘယ်မလဲ ဓာတ်ပုံ”
ဟန့်က ဓာတ်ပုံရိုက်ဖို့ ပထမဆုံး စိတ်ကူးရသူလည်း ဖြစ်၊ စရန်ငွေ စိုက်ပေးရသူလည်း ဖြစ်သည့်အတွက် ပိုင်စိုးပိုင်နင်း မေးသည်။
“ဘယ်မလဲ လုပ်မနေနဲ့ တော်ရေ့”
ဂျက်က ဝင်ဖြေသည်။
“ရှင့်ယောက်ဖ ဓာတ်ပုံဆရာက ကျန်တဲ့ ငွေ လက်ငင်းပေးမှ ဓာတ်ပုံပေးမတဲ့”
“ဒီတော့”
“ဒီတော့ ဘာမှ မရခဲ့ဖူးပေါ့”
ဒတ်က ပြောသည်။
“ပေးစရာ နှစ်ဆယ့်ခုနစ်ကျပ်ခွဲမှ မရှိတာ။ ဓာတ်ပုံဆိုင်က ကောင်လေးက ပြန်ယူ သွားတာပေါ့”
“သေလိုက်ပါတော့ကွာ”
ဟန့်က ပြောသည်။
“မင်းနဲ့ သိတယ် မဟုတ်လား။ ဒီလောက်တော့ ကြည့်လုပ်ခဲ့ပေါ့ကွာ”
“သူက မပေးဘူး ဆိုတာ ငါက ဘယ့်နှယ် လုပ်ရဦးမလဲ။ ဆိုင် လိုက်သွားတော့လည်း ဓာတ်ပုံဆရာက မရှိဘူး။ ညနေကျမှ ပြန်လာမတဲ့။ ကိုယ်စိုက်စရာ ရှိတာ စောစောစီးစီး စိုက်ထားကြရင် ဒီလိုတောင် ဖြစ်စရာ မလိုဘူး။ ငါလည်း ရှက်လိုက်တာ”
“ငါ့ မပြောနဲ့လေ။ ငါက စရန်စိုက် ပေးခဲ့သားပဲ။ မင်း ကြိုးစားရင်”
“မင်းကိုက ဂြိုဟ်မွှေတာ”
ဒတ်က ပြန်အော်သည်။
“အစကတည်းက ကုလားထိုင်တစ်လုံး ဝယ်ပေးရအောင်ပါလို့ ပြောသားပဲ။ ကုလားထိုင် ဆိုရင် ခုလို မကြည့်ဘဲနဲ့ ပိုက်ဆံ ပေးရတာမျိုးလည်း ရှိမှာ မဟုတ်ဘူး”
သူတို့ ရန်ဖြစ်နေကြစဉ် ကျွီခနဲ မြည်၍ တံခါးပွင့်လာကာ အဘိုး အထဲဝင်လာသည်။ လှေကားထိပ်ကနေ အော်ခေါ်နေသည်မှာ သုံးလေးကြိမ် ရှိပြီ။ ဘယ်အချိန်လောက် ဆင်းလာရမည်ကို သိချင်လှပြီ။ အောက်တွင် ဘာကြောင့် ပူညံပူညံ ဖြစ်နေကြသည်ကို သိချင်လှပြီ။
“ငါ့ကို မေ့များ နေကြသလားလို့ ဆင်းလာ ရတာဟေ့”
အဘိုးက ပြုံး၍ ပြောသည်။ မုတ်ဆိတ်တွေ ရိတ်ထားပြီး ဖြူဖွေးနေသော လည်စည်းကို စည်းထားသည်။ မနက်စာစားစဉ် ပထမဆုံး လက်ဆောင်အဖြစ် ယူလာခဲ့သော ဆေးတံအသစ်ကို ခဲထားသည်။ ဧည့်ခန်းထဲက အဆင်အပြင်များကို မှုန်မွဲသော မျက်လုံးများဖြင့် ကြည့်သည်။
“ကွန်ဂရက်ကျူလေးရှင်း ဖေဖေ”
ဂျက်က နှုတ်ဆက်ပြီး အသားပတ်သဖြင့် ကွဲအက်နေသော ပါးပြင်ကို နမ်းလိုက်သည်။
“ပျော်ရွှင်တဲ့ မွေးနေ့ ဖြစ်ပါစေ”
ထို့နောက် တစ်ယောက်တစ်လှည့် နှုတ်ဆက်ကြသည်။ မွေးနေ့ဆုတောင်းစကား ပြောကြသည်။ အဘိုးက ကုလားထိုင်တွင် ထိုင်ကာ မှန်ပေါ်တွင် ချိတ်ဆွဲထားသည့် စာတန်းကို ကြည့်သည်။ ခေါင်းတဆတ်ဆတ် ညိတ်ရင်း သူ့ကို အရေးတယူ ပြုကြသည့် သားသမီးများ၊ မြေးများကို ကျေးဇူးတင်စကား ပြောသည်။ ထို့နောက် ထူးခြားသည့် မွေးနေ့လက်ဆောင်ကို ရှာကြည့်သည်။ ဓာတ်ပုံဆရာ၏ ညစ်ပတ်မှုနှင့်တကွ၊ ဓာတ်ပုံမရသည့် အဖြစ်အပျက် အလုံးစုံကို ပါးစပ်ပေါက် ခြောက်ပေါက်ဆီမှ တစ်ပြိုင်တည်း ကြားရသည်။
သို့ရာတွင် ညနေရောက်သော် ထိုအဖြစ်အပျက်ကို အားလုံး မေ့သွားကြပြီ။ သားသမီးများ၊ မြေးများ စိတ်မပျက်စေရန် အတွက် လည်းကောင်း၊ သူတို့၏ လက်ဆောင်ပစ္စည်း ဂုဏ်သိက္ခာ မညှိုးမှိန်စေရန်အတွက် လည်းကောင်း ကျသင့်ငွေ အားလုံးကိုမူ အဘိုးက စိုက်၍ ပေးလိုက်ရပါ သတည်း။
* * *
[ဟော်လန်ပြည်သား စာရေးဆရာကြီး ဟာမင် ဟေဂျာမင်း (၁၈၆၄-၁၉၂၄) ၏ ဝတ္ထုတို တစ်ပုဒ် ဖြစ်သည်။ ဟေဂျာမင်းသည် ဝတ္ထုနှင့် ပြဇာတ် အများအပြားကို ရေးခဲ့သည်။ နောင်တွင် အမ်စတာဒမ်မြို့၌ ကိုယ်ပိုင်ဇာတ်ရုံ တစ်ရုံကို တည်ထောင် အုပ်ချုပ်ကာ ပြဇာတ်များကို ကိုယ်တိုင်ရေး၍ တင်ဆက်ခဲ့သည်။ အများအားဖြင့် အလတ်တန်း အောက်လွှာများ၏ ဘဝကို ဖော်ပြလေ့ရှိသည်။
ယခုဖော်ပြသည့် “အဘိုးအတွက် မွေးနေ့လက်ဆောင်” ဝတ္ထုတိုမှာ အလတ်တန်း အောက်လွှာ အိမ်ထောင်စု တစ်ခု၏ အဖြစ်အပျက်ကလေး တစ်ခုကို ဖော်ပြထားသည်။ ဟေဂျာမင်း၏ ကလောင်သည် သွက်သည်။ ခပ်မြူးမြူး ရေးနိုင်သည်။ သားသမီးတစ်သိုက် သူတို့ အဖေကို မွေးနေ့လက်ဆောင် ပေးရန် စီစဉ်ရာ၌ တစ်ဦးကို တစ်ဦး တွက်ကတ်ကြပုံ၊ တွန့်တိုကြပုံတို့မှာ သံဝေဂ ရဖွယ်လည်း ကောင်းသည်။ ရွှင်မြူးဖွယ်လည်း ကောင်းသည်။
သားသမီး တစ်ခုက အဖေ့မွေးနေ့တွင် သားသမီး မြေးမြစ်တစ်တွေ စု၍ ဓာတ်ပုံ ရိုက်ကြသည်။ မူလ သဘောတူညီချက်မှာ ဓာတ်ပုံရိုက်ခကို မျှတခွဲဝေခံကာ အဘိုးကို လက်ဆောင်ပေးရန် ဖြစ်သည်။ အချိန်တန်၍ ဓာတ်ပုံရွေးမည် ပြုသည့်အခါတွင် မည်သူကမျှ ဓာတ်ပုံရိုက်ခ စရိတ် မထုတ်ကြ။ တစ်ယောက်နှင့် တစ်ယောက် တွက်ကတ် နေကြသည်။ နောက်ဆုံး၌ အဘိုးသည် သားသမီး မြေးမြစ်များက သူ့မွေးနေ့တွင် ပေးသော လက်ဆောင်အတွက် ကုန်ကျစရိတ်ကို သူ့အိတ်ထဲမှ စိုက်ထုတ် ပေးလိုက်ရသည်။
အလွန် အရေးမကြီးသော ကိစ္စကလေး တစ်ခုကို စာတစ်ပုဒ် လုပ်၍ ဖွဲ့ဆိုရာ၌ လူ့သဘာဝကို ပေါ်လွင်အောင် ဖွဲ့နိုင်သည်မှာ ဟေဂျာမင်း၏ ဝတ္ထုတို အတတ်ပညာဟု ဆိုနိုင်သည်။]
(Grandfather’s Birthday Present by Herman Heijermans. )
မြသန်းတင့်
(၂၀ ရာစုနှစ် ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတိုများ)