စတုတ္ထတန်း တစ်နေရာ
ကျွန်တော် မုန့်ဟင်းခါး ရောင်းလာတာ အနှစ်သုံးဆယ် ကျော်ပြီ။ ကျော်ပြီဆို သုံးဆယ့်ငါးနှစ် တင်းတင်းတောင် ပြည့်တော့မယ်။ အသက်အစိတ် အိမ်ထောင်ကျပြီး ကတည်းက မုန့်ဟင်းခါး ရောင်းလာတာ။
ကျွန်တော်က အညာသား။ အညာ မုန့်ဟင်းခါးနဲ့ ရန်ကုန် မုန့်ဟင်းခါး မတူဘူး။ အညာမှာ ငါးရှားတယ်။ ဒီတော့ အညာ မုန့်ဟင်းခါး ဆိုတာ ဟင်းရည် မပါတဲ့ မုန့်ဟင်းခါး လက်သုပ်။ မုန့်ဟင်းခါးဖတ်ရယ်၊ ဆီချက်ရယ်၊ ပဲမှုန့်ရယ်၊ ငံပြာရည်ရယ်၊ ငရုတ်သီးမှုန့်ရယ်။ ဒါတွေ ကြိုက်တဲ့သူကို၊ ကုလား ဘယာကြော် ကြိုက်တဲ့သူကို ကုလား ဘယာကြော် ကျွတ်ကျွတ်ကလေး တွေကို ချေထည့်ပေးတယ်။ ဘယာကြော်ကို မကြိုက်ဘူး ဆိုရင် ဝက်သားလုံးတို့၊ ဝက်အူချောင်း တို့ကို ချေထည့်ပေးတယ်။ ပြီးတော့မှ နံနံပင်တို့ ဘာတို့ အုပ်ပေးတယ်။ အာခေါင်ခြောက် မနေအောင် ဆိုပြီး ကြက်ရိုးပြုတ်ကို ကုလားပဲ ကျဲကျဲကလေးနဲ့ ကျိုထားတဲ့ ဟင်းချို ပေးတယ်။ ကျွန်တော်တို့ အညာမှာ မုန့်ဟင်းခါး ဆိုရင် လက်သုပ်ပဲ ရှိတယ်။ အောက်မှာလို၊ ရန်ကုန်မှာလို ငါးခူတို့၊ ငါးကျည်းတို့ကို ပြုတ်၊ ကြက်သွန် ဥကြီးတွေ ထည့်၊ ငှက်ပျောအူ တွေကို ထည့်တဲ့ ဟင်းရည်နဲ့ စားရတဲ့ မုန့်ဟင်းခါးမျိုး မရှိဘူး။
အောက် မုန့်ဟင်းခါး၊ ရန်ကုန် မုန့်ဟင်းခါးကို ကျွန်တော်တို့ အညာက တစ်ပင်တိုင် မုန့်ဟင်းခါးလို့ ခေါ်တယ်။ ဒါမျိုး ကျွန်တော်တို့ အညာမှာ မရှိဘူး။
ကျွန်တော်တို့ အညာမှာ နေခဲ့တဲ့ ကာလ တစ်လျှောက်လုံး တစ်ပင်တိုင် မုန့်ဟင်းခါးကို တစ်ခါမှ မစားဖူးဘူး။ မုန့်ဟင်းခါး လက်သုပ်ကိုပဲ စားခဲ့ဖူးတယ်။
တစ်ပင်တိုင် မုန့်ဟင်းခါးလို့ ခေါ်တဲ့ ရန်ကုန် မုန့်ဟင်းခါးကို ရန်ကုန် ရောက်မှပဲ စားဖူးတော့တယ်။ အဲဒီတုန်းက ရန်ကုန်မှာ စမ်းချောင်း ရပ်ကွက်ဟာ မုန့်ဟင်းခါး ကောင်းတယ်လို့ နာမည်ကြီးတယ်။ ရှမ်းလမ်းက ဒေါ်အမာတို့ရဲ့ မုန်ဟင်းခါး နာမည်ကြီး နေတဲ့ အချိန်ပေါ့။ နောက်တော့ ဒေါ်ပုရဲ့ မုန့်ဟင်းခါး နာမည်ကြီးတယ်။ နောက် ကျိုက်လတ် ဦးတင်ရဲ့ မုန့်ဟင်းခါး နာမည်ကြီးတယ်။ မြို့ထဲမှာလည်း ဟင်္သာတ မသန်းကြည်ရဲ့ မုန့်ဟင်းခါး နာမည်ကြီးတယ်။ သူကတော့ မုန့်ဟင်းခါးကို ငါးခူတို့၊ ငါးကျည်းတို့ ထည့်မချက်ဘူး။ ငါးသလောက်နဲ့ ချက်တာ။
အညာက ရောက်ခါစမှာ ရန်ကုန်မှာ နာမည်ကြီးတဲ့၊ အဲဒီ မုန့်ဟင်းခါး တွေကို ကျွန်တော် စားကြည့်တယ်။ လက်သုပ်ကို စားနေကျ ဆိုတော့ ရန်ကုန်က တစ်ပင်တိုင် မုန့်ဟင်းခါးကို စားရတာ သိပ် အာသာ မတွေ့ဘဲ ဖြစ်တယ်။ နောက်တော့ စားရင်း စားရင်းနဲ့ ရန်ကုန် မုန့်ဟင်းခါးကို ကျွန်တော် ကြိုက်သွားတယ်။ အဲဒီတုန်းက အကောင်းဆုံး မုန့်ဟင်းခါးဟာ တစ်ပန်းကန် တစ်မတ်ပဲ ရှိတယ်။ အကြော် ပါပြီးသား။ ဒီအထဲမှာ ဘဲဥတို့၊ ငါးဖယ်တို့ ထည့်ဦး။ သုံးမူးပဲ ပေးရတယ်။ နောက်တော့ သုံးဆယ့် ငါးပြားပဲ ပေးရတယ်။
မော်တင်ကို ဘုရားဖူး သွားရင်း မြောင်းမြ မုန့်ဟင်းခါးကို စားကြည့်တယ်။ ပုသိမ်ဈေးထဲက မုန့်ဟင်းခါးကို စားကြည့်တယ်။ သူတို့လည်း ကောင်းတာပဲ။ ငါးကလည်း လတ်လတ်ဆတ်ဆတ်။ ငံပြာရည်ကလည်း ကောင်းတော့ ဘာမှ ပြောစရာ မရှိဘူး။
ဘိုကလေး ရောက်တော့ ဘိုကလေး မုန့်ဟင်းခါးကို စားကြည့်တယ်။ ငါးနဲ့ ချက်တာ မဟုတ်ဘူး။ ပုစွန်ဥနဲ့ ချက်တာ။ ဒါလည်း ကောင်းတာပဲ။ မုန့်ဟင်းခါး ကြိုက်တဲ့ ကျွန်တော်ဟာ ရောက်လေရာရာ မြို့တိုင်းမှာ မုန့်ဟင်းခါးကို စားဖြစ်အောင် စားတာပဲ။ နေ့တိုင်း ဆက်စားတယ်။ ဘယ်တော့မှ မမုန်းဘူး။ လိပ်သားနဲ့ ချက်တဲ့ မုန့်ဟင်းခါး ကိုလည်း စားဖူးတယ်။ ပိုပြီးတောင် ချိုသေးတယ်။
ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ မုန့်ဟင်းခါး ကြိုက်တဲ့ အကောင်ကို ပြောချင်တာပါ။ မုန့်ဟင်းခါး ကြိုက်လို့လား မသိဘူး။ ကျွန်တော် အိမ်ထောင် ကျတော့လည်း မုန့်ဟင်းခါးသည်ရဲ့ သမီးနဲ့ အိမ်ထောင်ကျတယ်။
အဲဒီတုန်းက စမ်းချောင်း ဗားကရာ လမ်းလေးက ကျူးကျော်တဲတန်း တွေမှာ နေတယ်။ တောင်ဥက္ကလာတို့၊ မြောက်ဥက္ကလာတို့၊ သာကေတတို့ မပေါ်သေးဘူး။ ကျွန်တော်က ကားတာယာ ဆိုင်မှာ လေထိုးပေးတဲ့ အလုပ်သမား။ ကျွန်တော်နဲ့ တဲချင်း ကပ်လျက်မှာ မုန့်ဟင်းခါးသည် ဦးကုလားကြီး နေတယ်။ ဦးကုလားကြီး တစ်ယောက်တည်း မဟုတ်ဘူး။ သူ့မိသားစုပါ နေတယ်။ သူ့သားက ကျွန်တော်နဲ့ ရွယ်တူ။ သူ့သမီးက ကျွန်တော့်အောက် ငယ်ရင် နှစ်နှစ်လောက် ငယ်မယ်။
ဦးကုလားကြီးက မုန့်ဟင်းခါးသည် ပေမဲ့ ဒေါ်အမာတို့၊ ဒေါ်ပုတို့လို ဆိုင်ကြီး ကန္နားကြီးနဲ့ ရောင်းတဲ့ မုန့်ဟင်းခါးသည် မဟုတ်ဘူး။ အထမ်းနဲ့ ရောင်းတဲ့ မုန့်ဟင်းခါးသည်။ မနက်လင်းတာနဲ့ ဦးကုလားကြီး ဆိုင်းထမ်းကို ထမ်းပြီး မုန့်ရောင်း ထွက်တာပဲ။ ရှေ့ဆိုင်းထမ်းမှာ မုန့်ရည်အိုး ပါတယ်။ မီးဖိုလည်း တစ်ခါတည်း ပါတယ်။ နောက်အဆိုင်းမှာ ကြက်တူရွေးတန်း ရိုက်ထားတဲ့ သေတ္တာကလေး ပါတယ်။ သေတ္တာထဲမှာ ပန်းကန် ခွက်ယောက်တို့၊ ဇွန်းတို့ ထည့်တယ်။ အပေါ်မှာ မုန့်ဟင်းခါးထဲ ထည့်တဲ့ ငရုတ်သီးမှုန့် ပန်းကန်တို့၊ အသင့် လှီးထားတဲ့ နံနံပင် ပန်းကန်တို့၊ အကြော်ထည့်တဲ့ ခြင်းတို့၊ ငံပြာရည် ပုလင်းတို့ ပါတယ်။ အဲဒီ ဆိုင်းထမ်းမှာ ငုတ်တုတ် ကုလားထိုင်ကလေး နှစ်လုံး သုံးလုံးကိုလည်း ချိတ်ထားတယ်။ ပန်းကန်ဆေးဖို့ ဘာလီပုံး ကိုတော့ လက်ကပဲ ဆွဲသွားတယ်။ ရောက်ရာ ရေဘုံပိုင်တို့၊ အိမ်တို့မှာ ရေသစ် လဲတယ်။
သူ့ မုန့်ဟင်းခါးက တစ်ပန်းကန်မှ ဆယ့်ငါးပြားရယ်၊ ဆယ့်ငါးပြား ဆိုတာ အများဆုံး။ မုန့် ခပ်များများ၊ ပဲကြော် တစ်ခုနဲ့ ဟင်းရည် ခပ်များများ ထည့်ရင် ဆယ့်ငါးပြားပဲ ပေးရတယ်။ ဟင်းရည် ဆိုတာကလည်း ငါးနည်းနည်းနဲ့ ပဲမှုန့် ခပ်များများ ထည့်ထားတဲ့ ဟင်းရည်ကျဲ။ ကလေးတွေ ကျတော့ ဆယ့်ငါးပြားဖိုး မစားနိုင်ဘူး။ ဒီတော့ သူတို့ကို ဆယ်ပြားနဲ့ ရောင်းတယ်။ အကြော် မပါတော့ဘူး။
အများအားဖြင့်တော့ ဦးကုလားကြီးက မူလတန်း ကျောင်းတွေနားမှာ သွားရောင်းတယ်။ တစ်ခါတစ်ခါမှာ ကျန်းမာရေး ဌာနက လာစစ်လို့ မှတ်ပုံ မတင်ဘဲ ရောင်းတဲ့ အတွက် ဒဏ်ရိုက်ခံရတာ တွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီလို လာစစ်တာက နည်းတော့ အများအားဖြင့် မူလတန်း ကျောင်းနားမှာပဲ ရောင်းတယ်။ သူ့ဖောက်သည် ကလေးတွေပဲ များတာကိုး။ အကြော်ကလည်း တခြားအကြော် မပါဘူး။ ပဲကြော်ပဲ ပါတယ်။ မုန့်အချိန် လေးငါးပိဿာ လောက်တော့ ကုန်တယ်။
ကျွန်တော်က အဲဒီတုန်းက တစ်နေ့မှ တစ်ကျပ်ခွဲ နှစ်ကျပ်လောက် ရတယ်။ ဒီတော့ ဦးကုလားကြီးရဲ့ မုန့်ဟင်းခါးလောက်ပဲ စားနိုင်တာပေါ့။
အဲဒီတုန်းက ရန်ကုန်မှာ မုန့်ဟင်းခါးဆိုင် သုံးမျိုးလောက် ရှိတယ်။
တစ်မျိုးက စောစောက ကျွန်တော် ပြောခဲ့တဲ့ ဒေါ်အမာတို့၊ ဒေါ်ပုတို့၊ ကျိုက်လတ် ဦးတင်တို့ စတဲ့ ဆိုင်တွေ။ အဲဒီ ဆိုင်တွေကို ကားကြီး ကားငယ်တွေနဲ့ လာစားကြတယ်။ ချိုင့်ကြီး ချိုင့်ငယ်တွေနဲ့ လာဝယ်ကြတယ်။ ရန်ကုန်မြို့ ဆိုတဲ့ မြို့က တော်တော်လည်း ရူးတဲ့ မြို့။ စားသောက်ဆိုင် တစ်ဆိုင် နာမည်ကြီး သွားပြီဆိုရင် တစ်မြို့လုံးက လာပြီး ကားကြီး ကားငယ်နဲ့ လာစားကြတာပဲ။
ဒုတိယတန်း မုန့်ဟင်းခါးဆိုင် တစ်မျိုး ရှိသေးတယ်။ အဲဒီဆိုင်တွေ ကတော့ ကျွန်တော် ပြောခဲ့တဲ့ ဒေါ်အမာတို့၊ ဒေါ်ပုတို့၊ ကျိုက်လတ် ဦးတင်တို့၊ ဟင်္သာတ မသန်းကြည် တို့လောက် နာမည်လည်း မကြီးဘူး၊ ကောင်းလည်း မကောင်းဘူး။ ဈေးတို့ နာမည်ကြီး လက်ဖက်ရည် ဆိုင်တို့ အနားမှာ ကပ်ပြီး ရောင်းတဲ့ ဆိုင်။
ရန်ကုန် လူထုက မနက် အိပ်ယာက နိုးရင် လက်ဖက်ရည် ဆိုင်ကို ရောက်လာတာပဲ။ လက်ဖက်ရည် ဆိုင်နားမှာ ခပ်သင့်သင့် မုန့်ဟင်းခါးဆိုင် တစ်ဆိုင်လောက် ဖွင့်နိုင်ရင် အလုပ်ဖြစ်တယ်။ ညံ့လို့တော့ မဖြစ်ဘူး။ စားပျော် သောက်ပျော်တော့ ရှိရမှာပေါ့။
လက်ဖက်ရည် မသောက်ခင် ဗိုက်ထဲမှာ တစ်ခုခု အဆာပြေကလေး စားလိုက်ချင်တယ်။ ထမင်းကြော်လေး ဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေး ဖြစ်ဖြစ် ထည့်လိုက်ချင်တယ်။ ပြီးတော့မှ လက်ဖက်ရည် အချိုကလေးနဲ့ ပိတ်လိုက်။ ဒါ ရန်ကုန် လူထုရဲ့ အကျင့်ပဲ။
ဘယ်လောက်ပဲ ဆင်းရဲတဲ့လူ ဖြစ်ဖြစ် ဒီလောက်ကလေး ကိုတော့ စားလိုက်ချင်တယ်။ ပိုက်ဆံ ရှိတဲ့လူ ကလည်း မနက်လင်းရင် မုန့်ဟင်းခါး ကလေးတော့ စားလိုက်ချင်တယ်။ အဲဒီလို ဈေးနားမှာ၊ လက်ဖက်ရည် ဆိုင်ကြီးတွေ နားမှာ ကပ်ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်က နာမည်ကြီးဖို့ ဒီလောက် မလိုဘူး။
အတော်အသင့် စားကောင်းရင် ဖြစ်တယ်။ သန့်သန့်ပြန့်ပြန့် ရှိရမယ်။ သန့်ပြန့်ရမယ် ဆိုတာ ပန်းကန်တို့ ဇွန်းတို့ အပဲ့အရွဲ့ မပါဘဲ သန့်ရှင်းရမယ်။ ဆိုင် အခင်းအကျင်း သန့်ရှင်းရမယ်။ ရောင်းတဲ့ မုန့်ဟင်းခါးသည် ကလည်း အသက် သိပ်မကြီးတဲ့ အမျိုးသမီး ဖြစ်ရမယ်။ ဖြစ်နိုင်ရင် ကောင်မလေး ခပ်ငယ်ငယ်လေး ရောင်းရမယ်။ ဒီလောက်ဆိုရင် တော်တော်တန်တန် မုန့်ဟင်းခါးဆိုင်လောက် အလုပ်ဖြစ်တယ်။
နောက်တစ်မျိုး ကတော့ ဦးကုလားကြီးလို လည်ပြီး အထမ်းနဲ့ ရောင်းတဲ့ မုန့်ဟင်းခါးသည်မျိုး။
သူကတော့ တတိယတန်းမှာ ရှိတယ်။ သူ့ဖောက်သည်တွေ ကလည်း ကလေးတွေနဲ့ တစ်နေ့လုပ် တစ်နေ့စားရတဲ့ လက်လုပ်လက်စား များတယ်။
ဦးကုလားကြီးက တတိယတန်းစား မုန့်ဟင်းခါးသည်မျိုး။ သူလည်း မဆိုးပါဘူး။ မိသားစု တစ်စုတော့ စားလောက်ပါတယ်။
ကျွန်တော်တို့နဲ့ ဦးကုလားကြီးတို့ တဲချင်းကပ် နေတုန်းမှာ ဦးကုလားကြီး သမီးအငယ် လှရီနဲ့ ချစ်ကြိုက်ပြီး ညားသွားကြတယ်။ ကျွန်တော်တို့ ညားပြီး မကြာဘူး၊ ကျွန်တော်လုပ်တဲ့ တာယာ လေထိုးတဲ့ ဆိုင်လည်း တခြားပြောင်း သွားတယ်။ လူပျိုတုန်း ကတော့ တာယာ လေထိုးဆိုင်မှာ ကျွန်တော် တစ်ယောက်တည်း စောင့်အိပ်တာပဲ။ ကျွန်တော်နဲ့ လှရီ ညားပြီးတော့လည်း ပိုင်ရှင်က ကျွန်တော်တို့ နှစ်ယောက်ကိုပဲ အစောင့်ခိုင်းတယ်။
ဒီတော့ ကျွန်တော့်မှာ နေရေးထိုင်ရေး မပူရဘူး။ တစ်ဖက်ခန်း ကလည်း ကိုယ့်ယောက္ခမ အခန်းဆိုတော့ နှစ်အိမ့်တစ်အိမ်လို ဖြစ်ပြီး ကျယ်ကျယ်လွင့်လွင့် နေထိုင်တယ်။ တာယာ လေထိုးတဲ့ ဆိုင်ပိုင်ရှင်က ဆိုင်ကို ရောင်းပြီး တခြားကို ပြောင်းသွားတော့ ကျွန်တော်တို့ နှစ်ယောက်မှာ နေစရာ မရှိတော့ဘူး။ ဒီတော့ ယောက္ခမ တဲကလေးမှာပဲ ပြန်နေရတယ်။
ဒီတုန်းမှာ ကျွန်တော့် ယောက္ခမ ဦးကုလားကြီးက မုန့်လုပ်ဆောင်း ကုန်းမှာ အိမ်ကလေး တစ်အိမ် ဝယ်ဖြစ်လိုက်တယ်။ မုန့်ဟင်းခါး ရောင်းရင်း ချွေချွေတာတာနဲ့ စုဆောင်းပြီး ဝယ်တာပါ၊ အိမ်ကလေးက သိပ်တော့ မကြီးဘူး။ ပေနှစ်ဆယ် ပတ်လည်၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ်ကလေး။
တစ်နေ့တော့ ကျွန်တော်လည်း သူတို့နဲ့ အတူ ပြောင်းခဲ့ ရတာပေါ့။ ကိုယ့်ဘာသာကိုယ် နေနိုင်တဲ့ အင်အားမှ မရှိသေးတာ။ ဒါပေမဲ့ ယောက္ခမ အိမ်မှာ နေရတာ စားရတာ ကျွန်တော် ရှက်တယ်။ အလုပ်ကလည်း မရနိုင်ဘူး။ ဒီတော့ ဦးကုလားကြီးက မိသားစု အားလုံး အလုပ်ရအောင် ရှိတဲ့ ငွေကလေးနဲ့ မုန့်ဟင်းခါး ဆိုင်ကလေး တစ်ဆိုင် ဖွင့်တယ်။ မုန့်လုပ်ဆောင်းကုန်း ရပ်ကွက် အတွင်းက နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို မှီပြီး ဖွင့်တာ။ အမိုးကို ပလတ်စတစ်ကလေး မိုး၊ ခုံတန်းလျားကလေး တစ်ခု၊ မုန့်ပန်းကန်တို့ ဘာတို့ တင်ဖို့ စားပွဲခုံကလေး တစ်ခု ကျွန်တော်တို့ သမီးယောက္ခမ နှစ်ယောက် ကိုယ်တိုင် ရိုက်ကြတယ်။ ပန်းကန်ခွက်ယောက် အသစ်ကလေး နည်းနည်းပါးပါး ဝယ်တယ်။ မုန့်ထည့်ဖို့ မုန့်ဇလုံတို့၊ ဆီချက်၊ ငရုတ်သီးမှုန့် ထည့်ဖို့ ဇလုံ အသစ်ကလေးတွေ၊ စားပွဲခင်းဖို့ ဖယောင်းပုဆိုးကလေး တစ်ထည်၊ လက်သုတ်ပဝါကလေး ခြောက်ထည်၊ ငံပြာရည်တို့၊ အချဉ်ရည်တို့ ထည့်ဖို့ ပုလင်းကလေး လေးငါးလုံးလောက် ဝယ်တယ်။ မုန့်ဟင်းရည်ကို ကျွန်တော့် ယောက္ခမ ဦးကုလားကြီး ကိုယ်တိုင် ချက်တယ်။ ငါးနည်းနည်း ပိုထည့်၊ ငံပြာရည် ခပ်ကောင်းကောင်း ကလေးနဲ့ ဆိုတော့ သူ့မုန့်ဟင်းခါးက အထမ်းရောင်းတုန်းက လက်ရာထက် ပိုကောင်းလာတယ်။
ဦးကုလားကြီး မုန့်ဟင်းခါး ရောင်းလာတာ ဆယ့်လေးငါးနှစ် ရှိပြီလေ။ မုန့်ဟင်းခါး ကောင်းကောင်း ချက်တတ်တာပေါ့။ အထမ်းသမား ဘဝတုန်းကတော့ သူ့ ဖောက်သည်နဲ့သူ လိုက်အောင် ငါး လျှော့တန် လျှော့၊ ခပ်လတ်လတ် ငံပြာရည်ကို သုံးတန် သုံး၊ မုန့်ဖတ် ဆိုရင်လည်း ဈေးနည်းနည်း၊ နန်းကြီး မုန့်ဖတ်ကို သုံးရတာပေါ့။ ခုလို ဆိုင်အဖြစ် ဖွင့်လိုက်တော့ မုန့်ဖတ်ရော၊ ဟင်းရော၊ အကြော်ရော ပိုပြီး ကောင်းအောင် လုပ်တယ်။ ဈေးကိုလည်း အရင်တုန်းကလို အနည်းဆုံး ဆယ်ပြား မဟုတ်တော့ဘဲ ဆယ့်ငါးပြား သတ်မှတ်လိုက်ပြီး အများဆုံး တစ်မတ်အထိ မြှင့်လိုက်တယ်။ အကြော် မပါဘဲ မုန့်နဲ့ ဟင်းရည်ချည်း ဆိုရင် ဆယ့်ငါးပြား၊ ပဲကြော်နဲ့ ဆိုရင် ပြားနှစ်ဆယ်၊ ဘူးသီးကြော်တို့ ဘာတို့နဲ့ ဆိုရင် တစ်မတ်၊ ဘဲဥတစ်ခြမ်း ထည့်ရင် သုံးဆယ့်ငါးပြား၊ အဲဒီလို ဈေးတင်လိုက်တယ်။ ငါးဖယ်ကြော်တို့ ဘာတို့တော့ မထည့်နိုင်သေးဘူး။ ငါးဖယ်ကြော်နဲ့ ဆိုရင် ပထမတန်း ဆိုင်ကြီးတွေမှာ ငါးမူး ရောင်းတယ်။ ကျွန်တော်တို့လို ဆိုင်မျိုးဆိုရင် ပြားလေးဆယ်လောက် ရောင်းရမယ်။ ပြားလေးဆယ်နဲ့ ရောင်းရရင် သိပ်မကိုက်ဘူး။ ငါးမူး ရောင်းရင်လည်း ကိုယ့်ဆိုင်မှာ ဘာ လာစားတော့မှာလဲ။ အကောင်းစား ပထမတန်း ဆိုင်ကြီးတွေမှာ သွားစားတော့ မှာပေါ့။ ဒါကြောင့် ငါးဖယ်ကြော်နဲ့ မရောင်းဘူး။ ဘဲဥနဲ့ ပြင်တဲ့ပွဲကို အမြင့်ဆုံး တင်ထား လိုက်တယ်။
ကျွန်တော့် ယောက္ခမ ဦးကုလားကြီးက ဟင်းချက်ပေးတယ်။ ကျွန်တော်၊ ကျွန်တော့် မိန်းမက မုန့်ပြင်ပေးတယ်။ ကျွန်တော်က မုန့်ပန်းကန် လိုက်ချတယ်။ ပန်းကန် ဆေးဖို့တော့ မိန်းမကြီး တစ်ယောက် သတ်သတ် ငှါးထားရတယ်။
ကျွန်တော့် ယောက္ခမ ဦးကုလားကြီးဟာ အသက်ကလည်း ကြီးလာတော့ မုန့်ဆိုင်မှာ ထိုင် မရောင်းနိုင် တော့ဘူး။ အိမ်က မုန့်ဟင်းရည် ချက်ပေးရုံလောက်ပဲ လုပ်တော့တယ်။ နောက်ပိုင်းကျတော့ ကိုယ်တိုင်တောင် မချက်တော့ဘူး။ ငါး အစပ်တို့၊ ငံပြာရည် အစပ်တို့ လောက်သာ စီမံလုပ်ပေး တော့တယ်။
သူ့ကြီးကြပ်မှု အောက်မှာ ကျွန်တော်တို့ လင်မယား ချက်ကြတယ်။ အများဖြင့်တော့ ကျွန်တော် ချက်တာပဲ များတယ်။ အလှူအတန်းတို့၊ ဆွမ်းကျွေးတို့က အော်ဒါတို့ ဘာတို့ မှာရင်လည်း ချက်ပေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မုန့်ဟင်းခါး ဆိုင်ကလေးဟာ ဒုတိယတန်းဆိုင် အဆင့်ကို ရောက်လာတယ်။ ကျွန်တော်တို့လည်း မုန့်လုပ်ဆောင်းကုန်း ထဲမှာပဲ အိမ်ကလေး တစ်လုံး ဝယ်နိုင်ခဲ့တယ်။ သားတွေ သမီးတွေလည်း ရလာတော့ ကိုယ့်အိမ်ကလေးနဲ့ ကိုယ် သတ်သတ် နေချင်တယ်လေ။
အဲဒီ အချိန်လောက်တုန်းက မုန့်ဟင်းခါး ကလည်း တကယ် ရောင်းကောင်းတာ။ စမ်းချောင်း တစ်ဝိုက်က ပွဲဈေးကလေးတွေမှာ ဆိုရင်လည်း ကျွန်တော်တို့ လိုက်ရောင်းတယ်။ ကျွန်တော့် ယောက္ခမ ဦးကုလားကြီး ကတော့ မုန့်ဟင်းခါး မရောင်းတော့ဘူး။ အသက်လည်း ကြီးပြီတဲ့။ သိပ် အပင်ပန်း မခံနိုင်တော့ဘူးတဲ့။ သူတို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် အေးအေးဆေးဆေးပဲ နေတော့မယ်တဲ့။ အိမ်ကလေး တစ်ခြမ်းကို ငှါးတော့ လခ ငါးဆယ်လောက် ရတယ်။ စာတိုက်မှာ အဘွားကြီး စုထားတဲ့ ငွေကလေး နည်းနည်းပါးပါး ရှိတယ်။ ပြီးတော့ အရပ်ထဲမှာလည်း တိတ်တိတ်ပုန်း အပေါင်လေး ဘာလေး ခံတယ်။ ဒီတော့ သူတို့ လင်မယား နှစ်ယောက် စားရေး သောက်ရေးအတွက် ဘာမှ မပူရဘူး။
ဒီလို ရောင်းကောင်း နေတုန်းမှာ ကျွန်တော်တို့ နားက လက်ဖက်ရည်ဆိုင် ပြုတ်သွားတယ်။
သူ ပြုတ်သွားတာ ဘာမှ မဆန်းပါဘူး။ ပြုတ်မှာပေါ့။ အနေအထိုင်မှ မတတ်ပဲကိုး။ အနေအထိုင် မတတ်ဘူး ဆိုတာက ဒီလိုလေ၊ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ အကျင့်လို့ ဆိုရမလား မသိပါဘူး။ လက်ဖက်ရည်ဆိုင်က နည်းနည်းရောင်းလို့ ကောင်းလာတော့ လူက နည်းနည်း အပျော်အပါး များလာတယ်။ မယားငယ် ယူလာတယ်။ သားတွေကလည်း မော်တော်ဆိုင်ကယ် ကလေးတွေ တဖုတ်ဖုတ်နဲ့ လမ်းသလားတယ်။ ကျောင်းလည်း ကောင်းကောင်း မနေရဘူး။ သားတစ်ယောက်က ဆိုရင် လမ်းသရဲ ဖြစ်ပြီး အရပ်ထဲမှာ ခဏခဏ ရန်ဖြစ်၊ ခဏခဏ ရဲစခန်းရောက် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ မိန်းမကလည်း လေးကောင်ဂျင် လှည့်တယ်။ နောက်တော့ လက်ဖက်ရည် ဖျော်တဲ့ ကောင်လေးနဲ့ လိုက်ပြေးတယ်။ ဒီတင် မိသားစု ကိုးရိုးကားရား ဖြစ်ပြီး ဆိုင်ပြုတ်သွားတယ်။
ဆိုင်ပြုတ် သွားရုံတင် မကတော့ဘူး။ သူတို့ မိသားစု တစ်ခုလုံး ဖရိုဖရဲ ဖြစ်ပြီး နောက်ဆုံးတော့ အိမ်ကလေးပါ ရောင်းပြီး တခြားကို လွင့်သွားကြတယ်။
သူ ဆိုင်ပြုတ်တာက သူ့အကြောင်းနဲ့ သူ။ ဒါပေမဲ့ သူ့ဆိုင်ကို မှီပြီး မုန့်ဟင်းခါးဆိုင် ဖွင့်နေတဲ့ ကျွန်တော်ပါ နည်းနည်းပါးပါး ထိခိုက်လာတယ်။ မုန့်အရောင်း ကျသွားတယ်။ ခါတိုင်း မနက်ပိုင်းတင် အချိန် တစ်ဆယ်လောက် ကုန်တာဟာ မကုန်တော့ဘူး။ ခြောက်ပိဿာလောက် ခုနစ်ပိဿာ လောက်ပဲ ကုန်တော့တယ်။
ကျွန်တော့်မှာလည်း စားတဲ့ ပါးစပ်ပေါက်တွေ တိုးလာတယ်။ သားတွေ သမီးတွေက ကြီးလာတော့ ကလေးတုန်းကထက် ပိုပြီး အကုန်အကျ များလာတယ်။ ကျောင်းစရိတ်၊ အဝတ်အစားဖိုး ပိုလာတယ်။ ဒီအထဲမှာ ဆိုးတဲ့သား တစ်ယောက်လည်း ပါလာတော့ ပိုပြီး ဒုက္ခရောက်တာပေါ့။ ဒီကောင် သုံးတာကိုက နည်းလို့လား။ အိမ်က ဟိုပစ္စည်းယူ ခိုးပေါင်၊ ဒီပစ္စည်း ခိုးပေါင်နဲ့။ နောက်တော့ အိမ်က ထွက်ပြေးတယ်။ တစ်နှစ်လောက် ကြာတော့ ဒီကောင် ပြန်ရောက်လာတယ်။ ပြန်ရောက်လာ တော့လည်း လက်ခံရ ပြန်တာပေါ့။ အရင်တုန်း ကလောက် မဆိုးပေမဲ့ ဆိုးတော့ ဆိုးတုန်းပဲ။
ဒီတုန်းမှာ ကံဆိုးချင်တော့ မုန့်လုပ်ဆောင်းကုန်း မီးကြီးလောင်လို့ ကျွန်တော့်အိမ် ပါသွားတယ်။ အိမ်ပေါ်က ကျောကော့ပြီး ဆင်းခဲ့ရတယ်။ ဘာမှ မရလိုက်ဘူး။ မီးဘေး ဒုက္ခသည် အဖြစ် နေနေရင်း မုန့်ဟင်းခါး ဆိုင်ကလေး ပြန်ဖွင့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အရင်းအနှီး မရှိဘူး။ ဒီတော့ ကျွန်တော် မုန့်ဟင်းခါး အထမ်း ပြန်ရောင်းတယ်။ ဒီလောက်တော့ ရှာလို့ရတယ်။ ဆိုင်းထမ်း ကလေးနဲ့ ပန်းကန် ခွက်ယောက်ကလေး နည်းနည်း ပြန်စုတယ်။
ဒါပေမဲ့ အဲဒီ အချိန်မှာ ခေတ်ပြောင်း သွားပြီလေ။ ခေတ်ပြောင်းသွားတာကို ကျွန်တော် မသိလိုက်ဘူး။
မုန့်ဟင်းခါး တစ်ပန်းကန်ကို အနည်းဆုံး တစ်ကျပ် ဖြစ်လာတယ်။ အကြော်နဲ့ ဆိုရင် ငါးမတ်။ နောက် တစ်ပန်းကန်ကို တစ်ကျပ်ခွဲ၊ နောက် နှစ်ကျပ်မတ်တင်း၊ နောက် နှစ်ကျပ်၊ နောက် နှစ်ကျပ်တစ်မတ်၊ နှစ်ကျပ်ခွဲ၊ သုံးကျပ်အထိ ဖြစ်လာတယ်။
မုန့်ဟင်းခါးဆိုင်တွေ ကလည်း ရန်ကုန်မှာ မှိုလိုပေါက် မတတ်ပဲ။ လမ်းထိပ်တိုင်းမှာ ရှိတယ်။ လက်ဖက်ရည် ဆိုင်ကြီးတိုင်း နားမှာ ရှိတယ်။ သူတို့ အနားကို ကျွန်တော် တိုးလို့ မရဘူး။ မကပ်နိုင်ဘူး။
ဘယ့်နှယ် တိုးလို့ ရမှာလဲ။ ဆိုင်ကြီးတွေက တကယ့် ဆိုင်ကြီးတွေ။ တချို့ဆိုရင် တိုက်ခန်းကြီး တွေနဲ့ ။ ပိုက်ဆံ ရှိတဲ့လူ ကလည်း မုန့်ဟင်းခါး ရောင်းတယ်။ ပင်စင်စား အရာရှိကြီး ကလည်း မုန့်ဟင်းခါး ရောင်းတယ်။ သူတို့ ဆိုင်တွေက ခမ်းနားတယ်။ စတိုင်ကျတယ်။ ရေနွေးကြမ်း ဆိုရင် တရုတ် ဓာတ်ဘူး၊ ပဒုမ္မာ ဓာတ်ဘူးနဲ့။ လက်ဖက်ရည်ကြမ်း ပန်းကန် ဆိုရင်လည်း တရုတ် လက်ဖက်ရည်ကြမ်း ပန်းကန်နဲ့။ ဆိုင်ခန်းထဲမှာ ဆိုရင် ပန်ကာနဲ့။ မုန့်ဟင်းခါးထဲ ထည့်တဲ့ အကြော်ကလည်း မျိုးစုံ။ ဘူးသီးကြော်လား၊ ဘဲဥလား၊ ငါးဖယ်ကြော်လား၊ အီကြာကွေးလား၊ မန္တလေး ပဲကြော်လား၊ အစုံရှိတယ်။ ကြိုက်တတ်ရင် ပဲသီးစိမ်းတို့ ဘာတို့ ဆိုတာတွေ ကိုလည်း ထည့်ပေးသေးတယ်။
အဲဒီ ဆိုင်ကြီးတွေကို ကျွန်တော် သွားစားကြည့်တယ်။ အမှန်ကတော့ ဒီလောက် မကောင်းပါ ဘူးဗျာ။ ဟင်းရည် ဆိုရင်လည်း အချိုမှုန့်တွေ ကဲထားလိုက်တာ ချိုအီကြီး။ အုန်းနို့တို့ ဘာတို့၊ မြေပဲဆံတို့ကို ထည့်ထားတော့ သာတောင် အီသေးတယ်။ တချို့ ဆိုရင်လည်း ငါးပိရည်ကျို ထည့်ထားတယ် ထင်တာပဲ။ ငါးပိရည်ကျိုနံ့ ထွက်နေတယ်။ ဟင်းရည်ကလည်း ကျဲတောက်တောက်နဲ့။
ရန်ကုန် စားသုံးသူကလည်း ခမ်းခမ်းနားနား ဆိုရင် အထင်ကြီးတယ် ထင်တာပဲ။ သူတို့ ဆိုင်တွေမှာပဲ လူတွေ ကြိတ်ကြိတ်တိုး နေတယ်။ မတ်တတ်ရပ်ပြီး စားတဲ့သူ၊ ကားပေါ်မှာ ထိုင်ပြီး စားတဲ့ သူတွေနဲ့ တန်းစီရ မတတ်ပဲ။
မုန့်ဟင်းခါးတင် မကဘူး အုန်းနို့ ခေါက်ဆွဲတို့၊ နန်းကြီးတို့၊ ရှမ်းခေါက်ဆွဲတို့ပါ ရောင်းတော့ သူတို့ ဆိုင်မှာ လူက အမြဲစည် နေတာပေါ့။
တစ်ခါတလေ ကျတော့ ကျွန်တော် တွေးပြီး ဝမ်းနည်းတယ်။ ကျွန်တော်ဟာ တစ်သက်လုံး မုန့်ဟင်းခါး ရောင်းစားတဲ့ ကောင်။ ခု အသက်ခြောက်ဆယ် ပြည့်တော့မယ်။ ဒါပေမဲ့ ဒီခေတ်မှာ ကျွန်တော် မတိုးနိုင်ဘူး။ ကျွန်တော်တင်လား ဆိုတော့ မဟုတ်ဘူး။ ကျွန်တော့်လို တစ်သက်လုံး အစဉ်အဆက် မုန့်ဟင်းခါး ရောင်းတဲ့ ဆိုင်တွေလည်း မှိန်ကုန်ပြီ။ နောက်ပေါ်တဲ့ ရွှေကြာပင်တွေက မင်းမူနေတယ်။ ပိုက်ဆံရှိတဲ့ လူတွေ၊ အရာရှိပြုတ်တွေက မုန့်ဟင်းခါး ထရောင်းတော့ မုန့်ဟင်းခါး ချက်တဲ့ အတတ်ပညာမှာ ကျွန်တော်တို့ထက် မသာသည့်တိုင် သူတို့က နာမည်ရှိတယ်၊ သိပ်ကောင်းတယ်၊ အဆောင်အယောင် သာတယ်။ ဒီတော့ ကျွန်တော်တို့ထက် ပိုရောင်းရတယ်။
မုန့်ဟင်းခါးကတော့ မကောင်းပါဘူး။ သူတို့လိုသာ ပိုက်ဆံရှိရင် အရင်းအနှီး တတ်နိုင်ရင် ကျွန်တော် သူတို့ထက် ကောင်းအောင် ချက်တတ်တာပေါ့။
တလောကတော့ မုန့်ထုပ်လာတဲ့ စက္ကူတစ်ရွက် တွေ့လို့ ဖတ်ကြည့်တယ်။ မုန့်ဟင်းခါးသည် အကြောင်း ရေးထားတဲ့ ဝတ္ထုဗျ။ စာတို့ ဘာတို့ သိပ်မဖတ်ပါဘူး။ ဒါပေမဲ့ မုန့်ဟင်းခါးသည် အကြောင်း ရေးထားတော့ ကိုယ်နဲ့ ဆိုင်လို့ ဖတ်ကြည့်တယ်။ ဝတ္ထုက ‘တတိယတန်းမှာ တစ်နေရာ’၊ ရေးတဲ့ စာရေးဆရာက သိန်းဖေမြင့်တဲ့။ ၁၉၅၀ ခု တစ်ဝိုက်လောက်က မုန့်ဟင်းခါး အထမ်းသည် တစ်ယောက် အကြောင်းကို ရေးထားတာ။ အဲဒီဝတ္ထုတိုလေးကို ကျွန်တော် ကြိုက်လိုက်တာဗျာ။ ကျွန်တော်တို့ အကြောင်းများ ရေးထားသလား အောက်မေ့ရတယ်။
ခု ကျွန်တော်ကတော့ တတိယတန်း မှာတောင် မရှိတော့ဘူးဗျ။ စတုတ္ထတန်းကို ရောက်နေပြီ။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပင်စင်စား အရာရှိရဲ့ ဆိုင်က ပထမတန်းဆိုင်၊ ဒုတိယတန်း မှာတော့ အရင်းအနှီး အသင့်အတင့်လည်း ရှိ၊ ကိုယ်တိုင်လည်း မုန့်ဟင်းခါးချက် ကောင်းတဲ့ ဆိုင်မျိုးတွေ၊ တတိယတန်း မှာတော့ လက်ဖက်ရည် ဆိုင်ကြီးတို့၊ ဈေးတို့ အနားမှာ ကပ်ရောင်းတဲ့ ဆိုင်တွေ၊ စတုတ္ထတန်း မှာတော့ ကျွန်တော်တို့လို အထမ်းနဲ့ ရောင်းတဲ့ အသည်တွေ။
ကျွန်တော့်အထင် ပြောရရင်တော့ ရန်ကုန်မှာ မုန့်ဟင်းခါးသည် လောကကြီးဟာ ကမောက်ကမ ဖြစ်နေတာပဲဗျာ။ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်တွေကို ဝင်လုပ် နေကြတော့ ကမောက်ကမ ဖြစ်တော့တာပေါ့။
စတုတ္ထတန်းက နေပြီး ပဉ္စမတန်း အထိ ထိုးကျ မသွားပါစေနဲ့ လို့သာ ဆုတောင်း ရတော့မှာပဲ။
မြသန်းတင့်
သာရ မဂ္ဂဇင်း၊ မေ၊ ၁၉၈၈