ဝတ္ထုတိုများစုစည်းမှု့

စုအတွက် ချစ်သက်လက်ဆောင်

[ အောက်ပါဝတ္ထုမှာ အမေရိကန် စာရေးဆရာကြီး အာစတိုင်း ကောလ်ဒ်ဝဲလ်၏ ဝတ္ထုတို ဖြစ်သည်။ အမေရိကန်ပြည် ဈေးဆိုင်များနှင့် ဈေးရောင်းသူများ၏ အကြောင်းကို ဤဝတ္ထုတိုတွင် တွေ့နိုင်သည်။ ကောလ်ဒ်ဝဲလ်သည် ဤဝတ္ထုတို၌ ဈေးရောင်းသူတို့ ဈေးဝယ်ကို မြူဆွယ်ကြပုံ၊ သူတို့ပစ္စည်း ရောင်းပြီးသည်နှင့် တစ်ပြိုင်နက် ဈေးဝယ်သူကို ပမာမခန့် လုပ်တတ်ပုံ၊ ဈေးဆိုင်ရှင်များ၏ “ဘုရားပြီး ငြမ်းဖျက်” လုပ်တတ်ပုံတို့ကို ခပ်သွက်သွက် ခပ်မြူးမြူး ရေးထားသည်။ ကော်လ်ဒ်ဝဲလ်၏ ခပ်မြူးမြူး ခပ်သွက်သွက် ခပ်ဆတ်ဆတ် အရေးအသားကို ရအောင် တတ်နိုင်သမျှ အားထုတ် ထားပါသည်။

ကော်လ်ဒ်ဝဲလ် (၁၉၀၃- ) ကို ထင်ရှားသော မျက်မှောက်ခေတ် စာရေးဆရာကြီးများက ဝတ္ထုတို အတတ်ပညာကို ကောင်းစွာနိုင်သူ ဖြစ်သည်ဟု ဆိုကြသည်။ အမေရိကန်ပြည်ထုတ် မဂ္ဂဇင်း များစွာ၌ ဝတ္ထုတို များစွာကို ရေးခဲ့သည်။ ဝတ္ထုတိုများ အပြင် “ဂေါ့ဒ်စ်လစ်တဲအေကား” “တိုဘက်ကိုး ရုတ်ဒ်” စသော ဝတ္ထုကြီးများ ကိုလည်း ရေးခဲ့သေးသည်။

ကော်လ်ဒ်ဝဲလ်သည် သူ့ဝတ္ထုများကို အမေရိကန် တောင်ပိုင်းကို နောက်ခံထား၍ ရေးခဲ့သည်။ သူ့ဝတ္ထုများ၌ နီဂရိုးများ၊ ဆေးရွက် စိုက်သူများ၊ လယ်သမားများ၊ မိန်းမပျက်များ၊ ကြော်ငြာ ကိုယ်စားလှယ်များ စသည့် အောက်ဆုံးလွှာနှင့် အလတ်တန်းလွှာ အောက်လွှာ လူတန်းစားများသည် ဇာတ်ဆောင်များ ဖြစ်လာကြသည်။ ဤဝတ္ထု၌ မြို့ကလေး တစ်မြို့မှ လူလတ်တန်းစား အိမ်ထောင်စုကလေး တစ်စု အကြောင်းကို ဖော်ပြထားသည်။ ]

* * *

(၁)

စု၏ မွေးနေ့ကို သူ မမေ့။ ဘယ်မေ့နိုင်ပါ့မလဲ။ မနက် အလုပ်သွားခါနီးတုန်း သူ့ကို စောစောပြန်ခဲ့ဖို့ မှာလိုက်သည် မဟုတ်လား။ ယနေ့ညတွင် ဧည့်ခံပွဲ လုပ်မည်။ ဧည့်ခံပွဲအမီ ရေမိုးချိုးချိန်၊ အဝတ်အစား လဲချိန် ရအောင် စောစောပြန်ခဲ့ရမည်ဟု စုက တဖွဖွ ပြောလိုက်သည်။ စုက သူ့မွေးနေ့ ပါတီသို့ ရင်းနှီးသော မိတ်ဆွေ တစ်သိုက်ကို ဖိတ်ထားသည်။ မွေးနေ့ပါတီကို ညနေ ခြောက်နာရီခွဲတွင် ကော့တေးလ် တိုက်၍ စမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့အလုပ်မှ စောစောပြန်ပြီး ငါးနာရီခွဲထက် နောက်မကျဘဲ အိမ်ကို အရောက်ပြန်ခဲ့မည်ဟု သူ ကတိပေးခဲ့သည်။

“မောင့်ကို တစ်ခုတော့ သတိပေးလိုက်မယ်နော်။ ဒါပဲ” စုက သူ့ကို တစ်ချက်လွှတ် အမိန့် ထုတ်လိုက်သည်။ “မောင် ဒီနေ့ ဒီပြင် သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်၊ ရုံးဆင်းတော့မှ တာရာဗစ် ရိပ်သာလမ်းမက အပေါစား စတိုးဆိုင်တွေက ပစ္စည်းတွေကိုတော့ လက်ဆောင်အဖြစ် ဝယ်မလာခဲ့နဲ့၊ အဲဒီ အပေါစားဆိုင်တွေက ဈေးဝယ်နေတုန်း အစောင့်ခိုင်း၊ ဝီစကီကလေး ထုတ်တိုက်ပြီး ဧည့်ခံတာကို မက်မနေနဲ့။ ပစ္စည်းတွေက သိပ်ကောင်းတာ မဟုတ်ဘူး။ အရက်ကလေး မူးအောင်တိုက်၊ မူးလည်း မူးရော အပေါစားပစ္စည်းတွေကို နွားမရွှံ့ပိတ် ရောင်းလိုက်တာ။ အဲဒီဆိုင်က ပစ္စည်းမျိုးတွေတော့ မကြိုက်ဘူး။ လက်ဆောင်ပေးဖို့ ဝယ်မလာခဲ့နဲ့။ မနှစ်က စုမွေးနေ့တုန်း ကလည်း သူ အဲဒီဆိုင်က ပစ္စည်းတွေ ဝင်ဝယ်ရင်း အရက်မူးလို့ လမ်းမှာ ပုလိပ်ဖမ်း ခံရပြီးပြီ။ နောက်တစ်နေ့ မနက်ကျတော့ သတင်းစာထဲတွေ ထဲမှာ သူ့ဓာတ်ပုံကြီးနဲ့။ ဓာတ်ပုံ ထဲမှာလည်း စပ်ဖြဲဖြဲနဲ့ မရှက်တဲ့ အတိုင်း။ ဒီနှစ် ဒါမျိုး ထပ်ဖြစ်လာရင်တော့ စုမွေးနေ့ အထိမ်းအမှတ်ကို သူဒီလိုပဲ အရက်တွေ မူးမူးပြီး ကျင်းပတယ်လို့ လူတွေက ထင်ကြတော့မှာ။ သူကလည်း စု တစ်နှစ်ထက် တစ်နှစ် အသက်ကြီး လာတာကို ဝမ်းသာမှာပါ”

“ဒီမှာ စု စိတ်ချ၊ အဲဒီဆိုင်တွေ ဘက်ကို မောင် မသွားဘူး။ ခြေတစ်လှမ်း လှမ်းတိုင်း ငါ့မိန်းမက သေသေချာချာ မှာလိုက်ပါလားလို့ သတိထားပြီး သွားမှာ”

သူက စုကို အလေးအနက် ကတိပေးခဲ့သည်။ စုက သူ့ကို မယုံသလိုဖြင့် တိတ်ဆိတ်စွာ နားထောင်နေသည်။

“ဒါတွင် မကဘူး။ မောင်က စုမွေးနေ့ ကျင်းပတိုင်း စုအသက်ကို တစ်နှစ် ထပ်မတိုးဘဲ၊ တစ်နှစ် ထပ်နုတ်တယ် စုရ။ မွေးနေ့လုပ်တိုင်း တစ်နှစ်တစ်နှစ် ပိုငယ် သွားတယ်လို့ပဲ ထင်တာ။ ဒါကြောင့် မောင့်မယားရဲ့ မွေးနေ့ အထိမ်းအမှတ် ကျင်းပဖို့ မောင်အမြဲ လှုံ့ဆော် နေတာပေါ့။ ကဲ- ဒီတစ်ခါ မွေးနေ့ကျင်းပရင် စု ဘယ်နှစ်နှစ်အထိ ပြန်ငယ်သွားပြီ မှတ်သလဲ။ ဆယ့်ခြောက်နှစ်သမီး ပြန်ဖြစ်သွားပြီ စုရ။ နောက်တစ်နှစ် မွေးနေ့လုပ်ရင် ဆယ့်ငါးနှစ်သမီး မဟုတ်ဘူးလား စု”

“တော်ပါ ပိုမနေစမ်းပါနဲ့ ” စုက မူနွဲ့လိုက်သည်။ “စုအသက် နှစ်ဆယ့်ခြောက်နှစ် ရှိသွားပြီ ဆိုတာ လူတိုင်း သိတယ်။ ရုပ်လည်း ကြည့်ဦးမှပေါ့”

ရုံးမှ နေ့လယ် အားလပ်ချိန် ဆင်းတော့ စုအတွက် လက်ဆောင်ဝယ်ဖို့ စိတ်ကူးမိသေးသည်။ မွေးနေ့ပါတီသို့ လာမည့် ဧည့်သည်များ ရှေ့တွင် ကိုယ့်မယားကို မွေးနေ့လက်ဆောင် ပေးရခြင်းသည် လင်မယား အချစ်ကိုလည်း ပေါ်လွင် လေးနက်စေသည်။ လင်နှင့် မယားကြားတွင် တယုတယ ရှိပုံကို ဖော်ပြရာလည်း ရောက်သည်။ သို့ရာတွင် သူသည် လက်ဖက်ရည်ဆိုင်တွင် အချိန်ကြာကြာ ထိုင်လိုက် မိသည့်အတွက် နေ့လယ်ပိုင်းတွင် စုဖို့ လက်ဆောင်ဝယ်ချိန် မရလိုက်။ နှစ်နာရီခွဲတွင် ရုံးသို့အရောက် ကမန်းကတန်း ပြန်ရသည်။ ယနေ့ညနေ ရုံးစောစော ဆင်း၍ စုဖို့ လက်ဆောင် ဝယ်ရန်ဟု စာရွက်ကလေး တစ်ရွက်တွင် ရေးမှတ်ကာ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

ရုံးဆင်း၍ တာရာဗစ်ရိပ်သာ လမ်းမကြီးတစ်လျှောက် သူ လျှောက်လာသည့် အခါတွင် လေးနာရီခွဲတိတိ ရှိလေပြီ။ သူသည် လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး ရုံးချိန်တွင် သူ့ကား ရပ်ထားသည့် နေရာသို့ လာခဲ့သည်။ ရိပ်သာလမ်းမကြီး ဘေးတစ်ဖက် တစ်ချက်တွင် ဆိုင်ငယ်များ ဖြင့် ပြည့်လျက် ရှိသည်။ ထိုဆိုင်ငယ်များကို စုက အပေါစား ပစ္စည်းများ ရောင်းသည့်ဆိုင်ဟု ခေါ်လေ့ ရှိသည်။ ထိုဆိုင်များတွင် လက်အိတ်များ၊ ဖိနပ်များ၊ မိန်းမဝတ် အသုံးအဆောင်များကို ခင်းကျင်းပြသ ထားသည်။ စုနှင့် အနေတော် ဝတ်နိုင်သော ဝတ်စုံတစ်စုံကို သူ ဝယ်ချင်သည်။ အိမ်ရောက်မှ မကိုက်၍ ပြန်လဲရသည့် အဖြစ်မျိုးကို သူ မကြိုက်။ သူသည် ကျောက်မျက် ရတနာဆိုင် ပြတင်းများကိုပင် မကြည့်။ ရတနာဆိုင်ထဲသို့ ဝင်မိလျှင် ပစ္စည်းတွေက အရည်အသွေး ကောင်းသလောက် ဈေးကြီးသည်။ သို့ရာတွင် မယားအလှဖို့ ဆိုတော့ ဝယ်ချင်သည်။ ဝယ်ဖြစ်လျှင် သူနဂို မှန်းထားသည့် ငွေထက် အကုန်အကျ များမည်။ သူ မှန်းထားသည်က တစ်ရာ့ လေးငါးဆယ်တန်လောက်။

မော်တော်ကား ရပ်ထားရာ အနီးတွင် စတိုးဆိုင် တစ်ခုကို သူ သတိပြုမိသည်။ ဆိုင်မှန်ပြတင်းတွင် လှလှပပ ခင်းကျင်း ပြထားသည့် မိန်းမဝတ် အောက်ခံ တစ်ထည်ကို သူ မြင်သည်။ စုကတော့ သည်လို ဆိုင်မျိုးက ဝယ်သည်ကို ကြိုက်ချင်မှ ကြိုက်မည်။ သို့ရာတွင် အချိန်မရှိတော့။ အိမ်သို့ ငါးနာရီခွဲအရောက် ပြန်ရဦးမည်။

သူသည် ဆိုင်တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်ခဲ့သည်။ ဆိုင်ထဲတွင် ဈေးဝယ်မည့်သူ တစ်ယောက်မျှ မရှိ။ တန်းစီ မစောင့်ရဘဲ တစ်ယောက်တည်း စိတ်ချလက်ချ ရွေးဝယ်နိုင်မည့် ဆိုင်မျိုး ကို ဝင်မိသည့်အတွက် ဝမ်းသာသလိုပင် ဖြစ်မိသေးသည်။ ခပ်တောင့်တောင့် အသက် လေးဆယ်ကျော် မိန်းမတစ်ယောက် ဆိုင်နောက်ခန်းမှ ခပ်ပြုံးပြုံး ထွက်လာသည်။

“မင်္ဂလာ ရှိသောနေ့ပါရှင်” ဆိုင်မှ အရောင်းစာရေးမက ရဲတင်းသွက်လက်စွာ နှုတ်ဆက်သည်။

“ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ” သူသည် သူ့ဘေး ပတ်ပတ်လည်ရှိ မိန်းမ အသုံးအဆောင်များကို ကြည့်ကာ ရှိန်းတိန်းတိန်း ဖြစ်နေသည်။

“ကျွန်မက ဆိုင်ရှင်ပါ။ နာမည်က မစ္စ ဂါးထရုပါ” အမျိုးသမီးက ဆိုသည်။ “ဘာပစ္စည်း လိုချင်ပါသလဲရှင်။ နောက်ဆုံးပေါ် မိန်းမဝတ် အသုံးအဆောင် အကုန်ရှိပါတယ်။ စိတ်ချလက်ချ ကြည့်ပါ”

“ကျွန်တော့် မိန်းမကို ဘာလက်ဆောင် ပေးရ ကောင်းမလဲလို့ လိုက်ကြည့် နေတာပါ” သူက တိုတိုနှင့် လိုရင်းကို ပြောသည်။ “ဒီနေ့ ကျွန်တော့်မိန်းမ မွေးနေ့ပါ၊ အတိုင်းတွေ ဘာတွေ မယူဘဲ အဆင်သင့် ဝတ်နိုင်တဲ့ ပစ္စည်း တစ်ခုလောက် လိုချင်လို့ ပါ။ အချိန်လည်း သိပ်မရှိတော့ဘူး။ ခပ်မြန်မြန် ရှာပေးစမ်းပါ”

“ဟုတ်ကဲ့ ရပါတယ်” အမျိုးသမီးက သဘောပေါက်ဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်သည်။ “ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါရှင် ‘လျှပ်တစ်ပြက်’ အတွင်းမှာ ရပါစေ့မယ်။ ခဏကလေး ကြာရင် အိမ်ကို ပြန်ရုံပါပဲ”

အမျိုးသမီးက ကန့်လန့်ကာ ကာထားသည့် နောက်ဘက်ခန်းထဲသို့ ခေါ်သွားသဖြင့် လိုက်သွားရသည်။ ကတ္တီပါ ကန့်လန့်ကာ အနက်ကြီး ဆီးသည့် အနားသို့ ရောက်လျှင် အမျိုးသမီးက ရပ်လိုက်၏။

“ဒါထက် ရှင့်အမျိုးသမီးက ရင် သိပ်မကြီးပါဘူးနော်။ သာမန်လောက်ပဲ မဟုတ်ဘူးလား” အမျိုးသမီးက ထိပ်တန်း လျှို့ဝှက်ချက် တစ်ရပ်ကို မေးသည့်နှယ် နှစ်ကိုယ်ကြား လေသံကလေးဖြင့် မေးသည်။

“ဟုတ် ဟုတ်ကဲ့ သာမန်လောက်ပါပဲ” သူက ခုထားသော အမျိုးသမီး၏ အဖုအဖောင်းတွေကို တစ်ချက်မျှ ကြည့်၍ ပြောလိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ “သာမန် ဆိုပေမယ့် ဒီက အစ်မကြီး သာမန်လောက်တော့ မရှိတတ်ဘူး ခင်ဗျ”

“အို အို ဟုတ်ပါပြီ။ ဒီလောက်ဆိုရင် ကျွန်မ မှန်းလို့ ရပါပြီ” အမျိုးသမီးက ပြောပြောဆိုဆို ဖြင့် ကန့်လန့်ကာကို ဖယ်လိုက်ကာ အထဲသို့ ဝင်လိုက်လာရန် ခေါ်သည်။ “ဒီပြင် ခေတ်ဆန်ဆန် ပစ္စည်းတွေလည်း ရှိပါတယ်ရှင်၊ စိတ်ချလက်ချ ဝယ်နိုင်ပါတယ်”

“သိပ် ဈေးကြီးတာ တွေလည်း မလိုချင်ဘူး ခင်ဗျ” သူက စကားလုံးကို ရွေး၍ ပြောသည်။ “အလွန်ဆုံး တစ်ရာ့ လေးငါးဆယ်တန် လောက်ပေါ့”

“အို ခုကတည်းက ဈေးကြီးတာ မကြီးတာတွေကို စဉ်းစားမနေပါနဲ့ ဦးရှင်၊ ပစ္စည်းကို အရင် ကြည့်ပါဦး” အမျိုးသမီးက သူ့စကားကို ကန့်ကွက်သယောင် ပြောသည်။ “တန်ဖိုးက အရေးကြီးတာ မဟုတ်ပါဘူး။ လက်ဆောင်ပစ္စည်းက ဘယ်လောက် အသုံးဝင်တယ် မဝင်ဘူး ဆိုတဲ့ အချက်က ပဓာနပါ။ မဟုတ်ဘူးလား”

သူသည် အခန်းထဲသို့ ဝင်လိုက်လာသည်။ အခန်းထဲတွင် တောက်ပသားနားစွာ ပြင်ဆင် ခင်းကျင်း ထားသည်။ ကြမ်းခင်း ကော်ဇောထူကြီးမှာ ပန်းရောင်နုနု၊ ကုလားထိုင်နှင့် နှစ်ယောက်ထိုင် ထိုင်ခုံများက ပန်းရောင်ရင့်ရင့်၊ နံရံက ပန်းရောင် မနုမရင့်၊ ခပ်မှိန်မှိန် မီးရောင်က မျက်နှာကြက်တွင် ပန်းနုရောင် ရွှေမှုန်တွေ ကြဲထားသလို လင်းနေသည်။

“ရှင့်မိန်းမက ဂရုတစိုက် အလှပြင်လေ့ ရှိတယ်နော်” အမျိုးသမီးက လျှို့ဝှက်ချက် တစ်ခုကို မေးသလို ခပ်တိုးတိုး မေးပြန်သည်။ “ကျွန်မ ဆိုလိုတာက ဒီလိုပါလေ။ သူက အရောင် နုနုလေးတွေ၊ လွင်လွင်ကလေးတွေကို ကြိုက်တတ်သလားလို့ ပြောတာပါ”

“ဟုတ်တယ်။ ဟုတ်တယ်၊ သူက အရောင်နုနု အဆင်လှလှကလေးတွေကို သဘောကျ တယ်” သူက ဂုဏ်ယူ၍ ပြောသည်။

“အို ဟုတ်လား” အမျိုးသမီးက သက်ပြင်းချ၍ ပြောသည်။ “ကဲ ဒီမှာ ခဏထိုင်ပါနော်၊ ရှင် ကြိုက်တဲ့ အဆင်အသွေးကို ရွေးနိုင်အောင် ‘လျှပ်တစ်ပြက်’ အတွင်း ကျွန်မ အပြခိုင်းပေးပါ့မယ်။ ကျွန်မဆိုင်က ရောင်းတဲ့ အဝတ်အစားဆိုရင် စံပြဝတ်တာ ကြည့်ပြီးမှ ရောင်းတယ်ရှင့်။ လူကိုယ်တိုင် ခါးမှာ ဝတ်ထားတာ မြင်ရမှ ပိုပြီး စိတ်ကြိုက် ရွေးနိုင်တာပေါ့”

မစ္စ ဂါးထရုသည် အခန်းပြင်သို့ ထွက်သွားသည်။ သို့ရာတွင် သိပ်မကြာခင်၊ ငွေဗန်းတစ်ခုတွင် ပုလင်းတစ်လုံးနှင့် ဖန်ခွက်ကို ထည့်၍ ပြန်ဝင်လာသည်။ ထို့နောက် နောက်မှီမြင့်မြင့်နှင့် ကုလားထိုင် ဘေးက စားပွဲပေါ်တွင် ငွေဗန်းကို တင်ကာ ဝီစကီကို ဖန်ခွက်ထဲသို့ ငှဲ့လိုက်သည်။

“ကဲ ဒီမှာ ထိုင်ပါဦးရှင်” အမျိုးသမီးက ဖိတ်မန္တက ပြုသည်။ “ယောက်ျားတွေ ဈေးဝယ်လာရင် ကျွန်မဆိုင်က ဒီလိုပဲ ဧည့်ဝတ်ပြုနေကျပါ။ ယောက်ျားတွေက ဒီလို အသေးအဖွဲက အစ ဂရုစိုက်တာလေး တွေကို သဘောကျတတ် တယ်လေ။ ကြိုက်သလောက် သုံးဆောင်ပါနော် အားမနာပါနဲ့”

အမျိုးသမီးသည် အခန်းပြင်ဘက်သို့ ထွက်သွားပြန်သည်။ သူသည် စားပွဲဘေး ကုလားထိုင်တွင် ဝင်ထိုင်ရင်း နာရီကို ကြည့်လိုက်သည်။ ငါးနာရီ ထိုးနေပြီ။ စု ရောက်လာပြီး သူ ဈေးဝယ်နေပုံကို မြင်ပါက မည်သို့ ပြောမည်နည်း။ သို့ရာတွင် သူ့လက်သည် ဖန်ခွက်ဆီသို့ လှမ်းမိလျက်သား ဖြစ်ကာ ဖန်ခွက်ထဲက ဝီစကီကို သောက်ချလိုက်သည်။ အတန်ကြာသွားသည်။ ထိုင်စောင့်ရမည့် အတူတူ နောက်တစ်ခွက် သောက်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ခွက် သောက်ပြီးနောက် ဖန်ခွက်ကို စားပွဲပေါ် သို့ ပြန်တင်မည်အပြု အနက်ရောင် ကတ္တီပါ ခန်းဆီသည် ဟလာကာ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ပေါက် သွယ်သွယ် မိန်းမပျိုတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။ မိန်းမပျိုက ပြုံး၍ ခေါင်းညိတ် နှုတ်ဆက်သဖြင့် သူကလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကုလားထိုင်ကို မှီ၍ ထိုင်လိုက်ပြီး သူ့ရှေ့မှ လုပ်လဲ့လုပ်လီ ဖြတ်လျှောက် သွားသည့် မိန်းမပျိုကို ငေးကြည့်နေသည်။ အခန်းအစွန်သို့ ရောက်လျှင် မိန်းမပျိုသည် လုပ်လီလုပ်လဲ့ ပြန်လျှောက်လာကာ သူ့ထံသို့ တန်းတန်း မတ်မတ်ကြီး ရောက်လာသည်။ မိန်းမပျို၏ ကိုယ်ပေါ်တွင် ပေါင်ရင်းလောက်သာ ရှည်သော အနီရဲရဲ ဂါဝန်ကို ဝတ်ထားသည်။

“ဒီပုံမျိုးဆိုရင် ဘယ့်နှယ်လဲ သဘောကျပါသလား” မိန်းမပျိုက သူ့ရှေ့တွင် ကိုယ်ကို ဖြည်းညှင်းစွာ လှည့်ပြသည်။ ဂါဝန်ကို ဝယ်သူက အနီးကပ် သေသေချာချာ ကြည့်ရန် ဖြစ်သည်။

“ဒါက ကျွန်မတို့ ဆိုင်က ချုပ်တဲ့ ‘လျှပ်တစ်ပြက်’ ဂါဝန်လေ” မိန်းမပျိုက ရှင်းပြသည်။ ဘယ်အမျိုးသမီး ဝတ်ဝတ် အောက်က ခုတာတွေ ဘာတွေ မလိုတော့ဘူး အစ်ကိုရဲ့။ ပုံစံအသစ်။ လက်ဆောင်ပေးဖို့ ဒီဆိုင်ကို ယောက်ျားတွေ လာဝယ်တာ မနည်းတော့ဘူး။ အစ်ကို့မိန်းမက ညီမတို့ အလုံးအရပ်လောက်ပဲနော်။ ညီအရပ်က ( – ) ရှိတယ် အစ်ကိုရဲ့”

“အင်း ဟုတ်တယ်၊ ညီမ ကိုယ်လုံးကိုယ်ပေါက် လောက်ပဲ” သူက စဉ်းစားရင်း ပြောသည်။ ထို့နောက် ဝီစကီကို ဖန်ခွက်ထဲသို့ ထည့်လိုက်ပြန်သည်။ “ဟုတ်တယ်၊ ညီမရဲ့ အလုံးအပေါက်မျိုး”

“ဒီအင်္ကျီက သိပ်ပေါ်ပြူလာဖြစ်တာ အစ်ကိုရဲ့” မိန်းမပျိုက ဂါဝန်ကို ခါးတွင် တင်းအောင် ဆွဲရစ်ရင်း ပြောသည်။ မစ္စ ဂါးထရုက ဒီအင်္ကျီကို ‘လျှပ်တစ်ပြက်’ အင်္ကျီတဲ့ လေ။ နာမည်ပေး ထားတာ။ ဝတ်ရင်လည်း ‘လျှပ်တစ်ပြက်’ အတွင်း ဝတ်နိုင်တယ်၊ ချွတ်ရင်လည်း ‘လျှပ်တစ်ပြက်’ အတွင်း ချွတ်နိုင်တယ်တဲ့။ အစ်ကို့မိန်းမနဲ့ ဆိုရင် သိပ်လိုက်မှာ ပဲနော်”

“အို သိပ်လိုက်” သူက ပြုံး၍ ပြောသည်။

သူသည် မိန်းမပျိုက ခပ်ဝေးဝေးသို့ ဆုတ်သွားသည် အထိ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

“ဒီပြင်ပုံစံကို ကြည့်ချင်သလား အစ်ကို၊ ပုံအမျိုးမျိုးကို မြင်ရတော့ စိတ်ကြိုက် ရွေးနိုင်တာပေါ့၊ ဟုတ်ဘူးလား အစ်ကို” မိန်းမပျိုက ပြောသည်။

“ဟုတ်တာပေါ့” သူက မိန်းမပျိုကို ပြုံးပြုံးကြီး ကြည့်၍ ပြောသည်။

မိန်းမပျိုသည် ကန့်လန့်ကာနောက်သို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။ မိန်းမပျို ဝင်သွားသည် နှင့်တစ်ပြိုင်နက် သူသည် ဝီစကီ တစ်ခွက်ကို ငှဲ့ကာ တစ်ချက်တည်း မော့ချလိုက်ပြန်သည်။ ဖန်ခွက်ကို ငွေဗန်းထဲသို့ ထည့်မည်အပြု ဆိုင်ရှင်အမျိုးသမီး ထွက်လာသည်။

“မစ္စ ဂါးထရု ရယ်လေ” အမျိုးသမီးက မျက်စကလေးချီ၍ ပြောလိုက်သည်။ “ဂျင်းနက်က ရှင့်ကို ဂရုတစိုက် ဝတ်ပြရဲ့လားလို့ ‘လျှပ်တစ်ပြက်’ လောက် လာကြည့်တာ”

သူက အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ရန်ကောဟု ဆိုသည့်နှယ် မျက်မှောင်ကုတ်၍ ခေါင်းညိတ်ပြသည်။ “ကျွန်မတို့ ဆိုင်က နောက်ဆုံးပေါ် ပုံစံကလေးတွေကို ပြရအောင် ‘လျှပ်တစ်ပြက်’ အတွင်း ဂျင်းနက် ရောက်လာလိမ့်မယ်နော်၊ ဆိုင်ပိတ်ချိန်တော့ လွန်နေပြီ။ အပြင်က တံခါးတောင် ပိတ်လိုက်ပြီးပြီ။ နောက်ထပ် ဈေးဝယ်မယ့်သူ မလာတော့ ပိုပြီး စိတ်အေးလက်အေး ရွေးနိုင်တာပေါ့ရှင်။ ကဲ နောက်ထပ် သုံးဆောင်ပါဦးနော်၊ ဘာမှ အားမနာပါနဲ့”

အမျိုးသမီး ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် စိတ်ပျက် လက်ပျက်ဖြင့် နာရီကို ငုံ့ကြည့်လိုက်သည်။ ငါးနာရီခွဲနေပြီဟု တွေ့ရသည်နှင့် တစ်ပြိုင်နက် သူသည် ဝီစကီတစ်ခွက်ကို ငှဲ့၍ သောက်လိုက်ပြန်သည်။ ယခုအချိန်၌ သူသည် ထွေစပြု လာလေပြီ။ ဝီစကီ ဘယ်နှစ်ခွက် သောက်ပြီးပြီဟု မသိတော့။ စု ရောက်လာ၍ သူ့ကိုမြင်လျှင် မည်သို့ပြောမည် မသိ။ သူသည် ကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်ကာ အနက်ရောင်ကတ္တီပါ ခန်းဆီးကို မျက်တောင်မခတ် ကြည့်နေသည်။ ထိုစဉ် မိန်းမပျိုသည် နောက်တစ်ဖန် ထွက်လာပြန်သည်။ သည် တစ်ကြိမ်တွင်မူ မိန်းမပျိုသည် စောစောကထက် ကျပ်၍ စောစောကထက် တိုသော ဂါဝန်ကို ဝတ်ထားသည်။ မိန်းမပျိုက လုပ်လဲ့လုပ်လီ လျှောက်လာသော အခါ၌ သူသည် အားမလို အားမရဖြစ်ကာ တင်ပါးကို ကုလားထိုင်စွန်းသို့ ရွှေ့၍ တင်ပါးလွှဲ ထိုင်လိုက်သည်။ မိန်းမပျိုက ကိုယ်ကို လှည့်ပတ်ပြသည့် အခါတွင် ယခင်ကထက် ပို၍လှ ကျက်သရေ ရှိနေသည် ဟုပင် ထင်မိသည်။ သူသည် မိန်းမပျိုကိုယ်မှ မျက်လုံးကို မခွါဘဲ ငွေလင်ဗန်းထဲက ဖန်ခွက်ကို လက်ဖြင့်စမ်း၍ ယူသည်။ ဖန်ခွက်ကို စမ်းတွေ့၍ သောက်ရန် ပါးစပ်နားသို့ တေ့လိုက်သော အခါ၌ ဖန်ခွက်ထဲတွင် အရက်တစ်စက်မျှ ငှဲ့ပြီးသား မရှိတော့သည်ကို တွေ့ရသည်။ ထို့ကြောင့် သူသည် မိန်းမပျို မမြင်အောင် ဖန်ခွက်ကို လင်ဗန်းပေါ်သို့ မသိမသာ ပြန်ထားလိုက်သည်။

“အဲဒါက ဘာလဲဟင်၊ ဘာခေါ်သလဲ” သူက မိန်းမပျိုကို မျက်တောင်မခတ် ကြည့်ရင်း မေးသည်။

“ဟင် အစ်ကိုကလည်း လုပ်ပြီ၊ သိရက်သာနဲ့ ” မိန်းမပျိုက ညှို့ယူသော အပြုံးကလေးဖြင့် ပြောသည်။ “လက်ထိုးဇာနက်နဲ့ ချုပ်ထားတဲ့ ‘ကိုကိုမကြည့်ဝံ့’ ဆိုတဲ့ အင်္ကျီလေ အစ်ကိုရဲ့။ သိပ်လှပြီး သိပ်ကြည့်လို့တော့ ကောင်းတယ်နော်”

“အို အလွန်လှ အလွန်ကြည့်လို့ ကောင်း၊ ညီမနဲ့ကျတော့ ပိုပြီးတောင် ကြည့်လို့ ကောင်းသေး” သူက မဆိုင်းမတွ အဖြေပေးသည်။

“အစ်ကို့ဇနီးကတော့ သိပ်သဘောကျမှာ ပဲနော်”

“အစ်ကို့မိန်းမမှာ ဒီလိုအင်္ကျီမျိုး မရှိဘူး ထင်တယ်” သူက ခေါင်းယမ်း၍ ပြောသည်။ “ရှိတယ် ဆိုရင်လည်း အစ်ကို့ကိုတော့ ဝတ်မပြဖူးသေးဘူး၊ မရှိသေးဘူး ဆိုရင်လည်း ဒါမျိုး တစ်ထည်တော့ ဝယ်ပေးရမယ်”

“အို အစ်ကို့မိန်းမက သိပ်ကြိုက်မှာ သေချာတယ်။ အစ်ကိုကလည်း ဝယ်ပေးလိုက်ပေါ့ အစ်ကိုရဲ့”

သူ၏ လက်သည် အိတ်ကပ်ဆီသို့ ရောက်သွားသည်။ “ဘယ်လောက်လဲ”

“ညီမလည်း ကောင်းကောင်း မသိဘူး” မိန်းပျိုက အနက်ရောင် ကတ္တီပါ ခန်းဆီးဘက်သို့ လှည့်သည်။ “ညီမက ဒီမှာ စံပြမယ် လုပ်ပြရုံပါ။ ဈေးနှုန်းတွေ ဘာတွေကတော့ မစ္စ ဂါးထရုက သိမှာ။ အစ်ကို ခဏစောင့်ဦးလေ”

သူက ရုတ်တရက် ထ၍ မိန်းမပျိုလက်ကို လှမ်းဆွဲလိုက်သည်။ သို့ရာတွင် မမီတော့။ မိန်းမပျိုသည် ကတ္တီပါခန်းဆီး နောက်ကွယ်သို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။ ခန်းဆီးကြားမှ မစ္စ ဂါးထရု ချက်ချင်း ပေါ်လာကာ အခန်းထဲသို့ ဝင်လာသည်။

မစ္စ ဂါးထရုက သူ့ကို လက်ကမ်းပေးရင်း –

“ဈေးနှုန်းကတော့ သုံးရာ့ငါးဆယ်ပါ။ သိပ်လှတဲ့ အင်္ကျီလေးနော် ရှင့်မိန်းမတော့ သိပ် သဘောကျမှာပဲ”

“ကောင်းပြီလေ၊ ဒီအင်္ကျီကိုပဲ ယူမယ်” သူက စိတ်အားထက်သန်စွာ ပြောသည်။ သူ့အသံသည် ကျယ်သွားသည်။ “ကဲ ဘယ်မလဲ”

“ရပါတယ်ရှင်” အမျိုးသမီး၏ လက်သည် ရှေ့သို့ တိုးလာ၏။ “သုံးရာ့ငါးဆယ်နော်”

သူသည် ပိုက်ဆံကို ခပ်သွက်သွက် ရေပြီးနောက် ပေးလိုက်သည်။ မစ္စ ဂါးထရုက နောက်သို့ ဆုတ်ကာ အခန်းထဲသို့ ဝင်သွားသည်။ သူသည် ငွေလင်ဗန်း တင်ထားသည့် စားပွဲနားသို့ သွားကာ ဝီစကီတစ်ခွက်ကို တုန်တုန်ယင်ယင်ဖြင့် ငှဲ့သည်။ ဝီစကီတစ်ခွက် ကုန်သွားသည့် အခါ၌ အမျိုးသမီးသည် အထုပ်တစ်ထုပ်ကို ကိုင်ကာ သူ့အနားသို့ ရောက်နေလေပြီ။ အမျိုးသမီးက အထုပ်ကို သူ့လက်ထဲသို့ ထိုးထည့်လိုက်သည်။

“ကဲ ဒီအပေါက်က ထွက်” အမျိုးသမီးက ခပ်ဆတ်ဆတ်ပြောကာ သူ့ကို တံခါးပေါက်ဆီသို့ ခေါ်သွားသည်။

“ခဏလေးပါ” သူက ခပ်ကျယ်ကျယ် ပြောသည်။ “ကျွန်တော် ခဏလောက် နေချင်သေးလို့ပါ။ စောစောက အမျိုးသမီးနဲ့”

“ခြောက်နာရီ ထိုးပြီရှင့်။ ဆိုင်ပိတ်ချိန်တောင် လွန်နေပြီ” အမျိုးသမီးက ခပ်မာမာပြောကာ သူ့ကို အပြင်သို့ တွန်းထုတ်နေသည်။ “ကဲ အေးအေးဆေးဆေး ကြွ”

တံခါးမကြီးနားသို့ အရောက်တွင် အမျိုးသမီးက သူ့ကိုတစ်ချက် ဆောင့်တွန်းလိုက်သည်။ ချက်ချင်းပင် သူသည် ဆိုင်ပြင်ဘက် ပလက်ဖောင်းသို့ ရောက်သွားသည်။ ဆိုင်တံခါးသည် ဂျိန်းခနဲ မြည်၍ ပိတ်သွားသည်။ ဆိုင်ထဲက မီးများလည်း ငြိမ်းသွားသည်။ ဆိုင်ဝက မှန်သေတ္တာသည်လည်း ကန့်လန့်ကာဖြင့် ဆွဲဖုံးပြီး ဖြစ်နေသည်။ သူသည် ဆိုင်မှန်တံခါး လက်ကိုင်ဘုကို လှည့်ကြည့်သည်။ တံခါးကို တွန်းကြည့်သည် မရ။ ထို့ကြောင့် မှန်တံခါးထူထူကြီးကို တအားကန် ဖွင့်လိုက်သည်။ ဆိုင်ရှေ့ မှန်နံရံသည် တုန်ခါသွားသည်။

“ဗျိုး အထဲကို ကျုပ်ခဏ ဝင်စရာ ရှိတယ်လို့ ပြောနေတာ မကြားဘူးလားဗျ။ တံခါးဖွင့်ပါ”

သူက အပြင်ဘက်က အော်သည်။

အထဲမှာ ဘာသံမျှမကြားရ။ သူသည် မှန်တံခါးကို တဘုန်းဘုန်း မြည်အောင် ကန်ဖွင့်နေသည်။ ပလက်ဖောင်းပေါ်မှ လမ်းသွား လမ်းလာများသည် ဝိုင်းအုံလာကာ သူ့ကို အထူးအဆန်း သဖွယ် ကြည့်နေကြသည်။ အတန်ကြာသော် သူ့အနီးတွင် လူအုပ်ကြီး ဖြစ်လာသည်။

သူက တံခါးကို တဘုန်းဘုန်း မြည်အောင် ကန်မြဲ။ ဆိုင်ရှေ့သို့ ရဲကားတစ်စီး ထိုးဆိုက်ကာ ရဲသားနှစ်ယောက် ခုန်ဆင်းလာပြီးသူ့ကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်လိုက်သည်။

“ကဲ ကိုယ့်လူ၊ လိုက်ခဲ့” ရဲသားတစ်ဦးက ဆိုသည်။ “ဒီစတိုးဆိုင်ရှင် အမျိုးသမီးက တယ်လီဖုန်းနဲ့ လှမ်းတိုင်ထားတယ်။ လူတစ်ယောက် အရက်မူးပြီး သူ့ဆိုင်မှန်တံခါးကို ရိုက်ခွဲနေတယ်တဲ့။ လက်စသတ်တော့ ကိုယ့်လူကိုး။ ကဲ ကဲ ကားပေါ်တက်”

သူ့လက်ထဲက အထုပ်ကလေးသည် ပလက်ဖောင်းပေါ်သို့ ကျသွားသည်။ ရဲသားတစ်ဦးက အထုပ်ကိုကောက်ကာ မသင်္ကာသလို ကြည့်သည်။

“ဒါက ဘာထုပ်လဲ၊ ဒီဆိုင်က ဝယ်တာလား”

သူက မည်သို့မျှ အဖြေမပေးမီ အခြားရဲသားတစ်ဦးက သူ့ကိုဆွဲလှည့်ကာ သူ့မျက်နှာကို စေ့စေ့ကြည့်သည်။

“အံမယ် မနှစ်က ဒီနေရာမှာ မူးပြီး ရမ်းနေလို့ ရဲဌာနကို ရောက်လာတာ ကိုယ့်လူပဲ မဟုတ်လား။ ဟုတ်တာပေါ့။ ကိုယ့်လူပုံကြီး မနက်ကျတော့ သတင်းစာတွေထဲ ပါလာတာ မမှတ်မိဘဲ ဘယ်နေပါ့မလဲ။ မနှစ်ကလည်း ဒီနားက စတိုးဆိုင် တစ်ဆိုင်မှာ ပစ္စည်းတစ်ခု ဝင်ဝယ်ပြီး ခုလိုမူးပြီး ရမ်းဖူးတယ် မဟုတ်လား။ အဲဒီတုန်းကလည်း ကိုယ့်လူမိန်းမရဲ့ မွေးနေ့ဆို။ ဘာလဲ ကိုယ့်လူက မိန်းမမွေးနေ့ကို အချုပ်ခန်း ထဲမှာချည်း ကျင်းပချင်တယ် ဟုတ်လား”

“ဟုတ်တယ်ဗျ။ ကျုပ် မိန်းမမွေးနေ့” သူကပြုံးဖြီးဖြီးဖြင့် ရဲကားဆီသို့ အသာတကြည် လိုက်သွားရင်း ပြောလိုက်သည်။ “ဘာလဲဗျ။ တစ်နှစ်တစ်ကြိမ် ကိုယ့်မိန်းမ မွေးနေ့လေး လုပ်တာမှ လွတ်လွတ်လပ်လပ် မလုပ်ရတော့ဘူးလား”

(A Gift For Susie by Erskine Caldwell)

မြသန်းတင့်

(၂၀ ရာစုနှစ် ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတိုများ)