ဝတ္ထုတိုများစုစည်းမှု့

ထောက်ချုပ်ကြီး ဦးရွှေဖြုတ်

ရူးမေးနီးယန်း စာရေးဆရာကြီး ကာရေဂျလီ (၁၈၅၂-၁၉၁၂)

စတော့ဟုန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးကြီးက ၁၉၆၂ ခုနှစ်ထဲတွင် ယဉ်ကျေးမှု နှစ်ပတ်လည်များ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အနှစ် ၅၀ ပြည့်၊ ၁၀၀ ပြည့် စသည်ဖြင့် အစွန်းထွက်နှစ် မရှိသော အထိမ်းအမှတ် နေ့များကို ကျင်းပရန် ဖြစ်သည်။ ယင်းအထဲတွင် အမေရိကန် စာရေးဆရာကြီး အိုဟင်နရီ၏ အနှစ်တစ်ရာပြည့်၊ အင်္ဂလိပ် စာရေးဆရာကြီး ချားလ်(စ်)ဒစ်ကင်၏ အနှစ် ၁၅၀ ပြည့်၊ ရုရှား စာရေးဆရာကြီး ဟာဇင်၏ အနှစ် ၁၅ဝ ပြည့်၊ ပြင်သစ် အဘိဓမ္မာဆရာကြီး ရူဆိုး၏ အနှစ် ၂၅၀ ပြည့်၊ တရုတ်စာဆိုကြီး တူဖူး၏ အနှစ် ၁၂၅၀ ပြည့်၊ ရူးမေးနီးယား စာရေးဆရာကြီး လူကာ ကာရေဂျလီ၏ အနှစ် ၅၀ ပြည့်နှင့် မြန်မာ ပြဇာတ်ရေး ဆရာကြီး ဦးပုည၏ အနှစ် ၁၅၀ ပြည့်တို့ ပါဝင်ကြသည်။ ယင်းနှစ်ပတ်လည် ပွဲသဘင်များကို အတိုင်းတိုင်း အပြည်ပြည်တွင် ကျင်းပကြမည် ဖြစ်ပေသည်။

ယင်းတို့အနက် စာရေးဆရာကြီး ကာရေဂျလီ၏ ဝတ္ထုတစ်ပုဒ်ကို ဖော်ပြလိုက်ပေသည်။ ကာရေဂျလီသည် ၁၈၅၂ ခုနှစ်တွင် မွေးဖွား၍ ၁၉၂၁ ခုနှစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ယခု သူ ကွယ်လွန်သည်မှာ အနှစ် ၅၀ ပြည့်ပေပြီ။ ကာရေဂျလီသည် ပြဇာတ်ရေးဆရာကြီးနှင့် စာရေးဆရာကြီးဖြစ်သည်။ သူ၏ ပြဇာတ်များ၊ ဝတ္ထုများတွင် ရူးမေးနီးယား လူ့အဖွဲ့အစည်း အတွင်း ကမောက်ကမ ဖြစ်နေပုံများကို ထုတ်ဖော် သရော်လေ့ ရှိသည်။ သူ၏ ပြဇာတ်များကို ဥရောပနိုင်ငံ တော်တော်များများတွင် ရုံတင်ပြသခဲ့ဖူးသည်။ ဝတ္ထုတိုများကိုလည်း ဘာသာပေါင်း များစွာသို့ ပြန်ဆိုပြီး ဖြစ်သည်။ သူ့ပြဇာတ်များကို ပြင်သစ် ပြဇာတ်ရေးဆရာကြီး မော်လျဲ၏ ပြဇာတ်များနှင့် တန်းတူ ထားထားကြသည်။ ကာရေဂျလီ၏ A Reporter ဆိုသော ဝတ္ထုတိုကလေးကို ဖော်ပြလိုက်ပေသည်။

(စာရေးသူ}]

* * *

ထောက်ချုပ်ကြီး ဦးရွှေဖြုတ်

——————————-

(၁)

လွန်ခဲ့သော ၁၀ နှစ်လောက်က ကျွန်တော်သည် ‘ပြည်သူ့ မျက်လုံး’ သတင်းစာကြီး၏ အယ်ဒီတာချုပ် ဖြစ်၏။ ‘ပြည်သူ့မျက်လုံး’ သတင်းစာသည် အစိုးရကို ဝေဖန်ဖွင့်ချ တိုက်ခိုက်နေသော ထိပ်တန်း အတိုက်အခံ သတင်းစာကြီး တစ်စောင် ဖြစ်သည်။ သို့ဖြင့် အစိုးရ၏ ‘ပျော့ကွက်’ ကို လိုက်နှိုက်ကာ မညှာမတာ ရေးခဲ့သဖြင့် စောင်ရေ တိုးသည်ထက် တိုးလာကာ လူကြိုက်များသော သတင်းစာကြီး တစ်စောင် ဖြစ်လာ လေသည်။

ကျွန်တော်တို့ သတင်းစာသည် ခေါင်းကြီးဝိုင်းမှသော် လည်းကောင်း၊ သတင်းနှင့် မှတ်ချက်အခန်းမှသော် လည်းကောင်း၊ ဆောင်းပါးခန်းမှသော် လည်းကောင်း၊ အကွက်ရသမျှ အစိုးရကို ဖွင့်ချဖော်ထုတ် တိုက်ခိုက်တတ်သည်။ ထိုမျှ မကပါ။ သတင်းရေးရာ၌လည်း ကိုယ်လိုသည့်ဘက်ကို လိုသလို ရေးလိုက်ပြီး၊ မလိုသည့်ဘက်ကို မလိုသလို ရေးတတ်ပါသေးသည်။ ကျွန်တော်တို့ တိုက်မှ သတင်းထောက်များသည် ဤလို အတတ်ပညာ၌လည်း တစ်ဖက်ကမ်း ခတ်ကြပါပေသည်။

အယ်ဒီတာများကကော … အယ်ဒီတာများကလည်း ဤအတတ်မျိုး ဆိုလျှင် မသင်ရဘဲ တတ်နေကြပါသည်။ ကိုယ် မလိုလားသည့် ပါတီ အဖွဲ့အစည်း တစ်ခုခု၊ သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ သတင်းတစ်ပုဒ် ရလာလျှင် မထည့်ဘဲ ချောင်ထိုး ထားလိုက်ပါသည်။ မထည့်၍ မဖြစ်လျှင် သတင်းခေါင်းစဉ်ကို ကို့ရို့ကားယားလုပ်၍ တပ်ပေးလိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ သတင်းစာကို သတင်းစာဖတ် ပရိသတ်ကသော် လည်းကောင်း၊ နိုင်ငံရေးသမားများကသော် လည်းကောင်း စိတ်ဝင်စားကြသည်။ ကျွန်တော်တို့ သတင်းစာ ဆရာများ အချင်းချင်းက ပင်လျှင် မနာလိုဝန်တို ဖြစ်တတ်ကြသေးသည်။ အတွင်းကျသော နိုင်ငံရေး သတင်းဦး၊ သတင်းထူးများကို ကျွန်တော်တို့ အများဆုံး ရရှိတတ်သည်။ အထက်တန်းလွှာက အညှီအဟောက် သတင်းများ ဆိုလျှင်လည်း ကျွန်တော်တို့ လက်မလွှတ်ပါ။ ဤလို သတင်းတွေကို ဘယ်ကရသလဲဟု သတင်းစာဆရာ အချင်းချင်းကလည်း နောက်ယောင် ခံလိုက်ကြကာ၊ စုံထောက်ဘက်ကလည်း မျက်ခြည်မပြတ် လိုက်ကြသည်။ သို့ရာတွင် သည်သတင်းတွေကို ကျွန်တော်တို့ ဘယ်သူ့ထံမှ ဘယ်ပုံဘယ်နည်း ရကြသည်ကို ဘယ်သူမျှ နောက်ယောင်ခံ၍ မရပါ။

အမှန်မှာ အစိုးရပါတီ၏ အတွင်းကျကျ နိုင်ငံရေး သတင်းများနှင့် အထက်တန်းလွှာ အညှီအဟောက် သတင်းများကို ကျွန်တော်တို့ ရပုံမှာ ခက်ခက်ခဲခဲ ရယူခြင်း မဟုတ်ပါ။ ဝန်ကြီးများအတွက် ‘အမြှောင်မယား’ ရှာပေးရသော ပင်စင်စား အထက်တန်း အရာရှိကတော်ဟောင်းကြီး တစ်ဦးထံမှ ရရှိခြင်း ဖြစ်ပါသည်။

အမျိုးသမီးကြီးမှာ အသက် ၅၀ လောက် ရှိပါပြီ။ ဝန်ကြီးတစ်ဦးနှင့် အကြောင်းအပေါင်း သင့်သဖြင့် စက်မှုသွင်းကုန်လိုင်စင် တော်တော်များများကိုလည်း ရရှိကာ၊ မြို့လည်လမ်း တစ်လမ်းတွင် သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီကြီးတစ်ခု တည်ထောင်ထားသော ကုန်သည်ကြီး တစ်ဦးလည်း ဖြစ်ပါသည်။ အမျိုးသမီးကြီးမှာ ဝန်ကြီးအား ‘အမြှောင်မယား’ များကိုလည်း ရှာပေးတတ်သဖြင့် အမျိုးသမီးကြီး၏ အိမ်မှာ ဝန်ကြီးနှင့် ရွှေလမ်း၊ ငွေလမ်း ဖောက်ထားသောအိမ် ဖြစ်ပါသည်။ နိုင်ငံရေး ပြဿနာများ ရှုပ်ထွေးနေချိန်များသော် လည်းကောင်း၊ ကတ်ဘိနက် အစည်းအဝေးကို နာရီပေါင်းများစွာ ထိုင်ရသဖြင့် ပင်ပန်းနွမ်းနယ်လာသည့် အခါများ၌ လည်းကောင်း၊ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှု ကြီးထွား၍ အစိုးရအဖွဲ့ အကြပ်အတည်း တွေ့နေချိန်များ၌သော် လည်းကောင်း၊ ဝန်ကြီးသည် အမျိုးသမီးကြီး အိမ်သို့ လာရောက်ကာ သူ၏ အမြှောင်မယားကလေးဖြင့် အပန်းဖြေရင်း၊ ကတ်ဘိနက် အခက်အခဲတွေကို ထုတ်ဖော်ညည်းညူ တတ်ပါသည်။ အမျိုးသမီးကြီးမှတစ်ဆင့် အတွင်းရေးကိစ္စ၊ ဝန်ကြီးအချင်းချင်း ကိစ္စများကို ထုတ်ပြော တတ်ပါသည်။ သို့ဖြင့် အတွင်းကျသော နိုင်ငံရေး သတင်းများ၊ အထက်တန်းလွှာ အညှီအဟောက် သတင်းများကို ဝန်ကြီးနှင့် အမျိုးသမီးကြီးထံမှ ကျွန်တော်တို့ ရရှိခဲ့ကြခြင်း ဖြစ်၏။

အပြန်အလှန် သဘောဖြင့် ကျွန်တော်တို့ ဘက်ကလည်း အမျိုးသမီးကြီး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ‘လူကြော်ငြာ’ လုပ်၍ ပေးရပါသည်။ ဥပမာ နိုင်ငံခြားမှ ဧည့်သည်ကြီးတစ်ဦး ရောက်လာလျှင် အမျိုးသမီးကြီးနှင့် နိုင်ငံခြား ဧည့်သည်တော်ကြီး လက်ဆွဲနှုတ်ဆက်နေသော သတင်းဓာတ်ပုံကို မျက်နှာဖုံးမှ ထည့်ပေးလိုက်ပါသည်။ သူက ဧည့်ခံပွဲတစ်ခု ကျင်းပလျှင်လည်း အလယ်ခွဖောင်တွင် ဖြစ်စေ၊ သို့မဟုတ် ထင်ရှားသော ကျောဘက်အဖုံးဖြစ်စေ အသားပေး၍ ထည့်ပေးလိုက်ပါသည်။ ဤကား ကျွန်တော်တို့နှင့် အမျိုးသမီးကြီး၏ ဆက်ဆံရေးဖြစ်၏။

ဝန်ကြီးနှင့်ကား တိုက်ရိုက် မဆက်သွယ်ပါ။ ဝန်ကြီးထံက ရသော သတင်းများအတွက် ကျွန်တော်တို့က ဝန်ကြီးအား ပြန်ပေးရသော အဖိုးအခမှာ ဝန်ကြီး၏ မကောင်းသတင်းများကို ထိန်ချန်ထားခဲ့ခြင်း ဖြစ်၏။ ကတ်ဘိနက်ကို ဘယ်မျှပင် တိုက်ရိုက်ပုတ်ခတ် ရေးသားစေကာမူ၊ ဝန်ကြီးကိုတော့ ဝကွက် ချန်ပစ်ခဲ့ပါသည်။ ထိုမျှမက အကွက်ရလာလျှင် သူ့ကိုပင် အမွှမ်းတင်ပေး လိုက်ပါသေးသည်။ သို့ဖြင့် ဝန်ကြီးလည်း နာမည်ကောင်းရ၍ အမျိုးသမီးကြီးလည်း ‘ကြော်ငြာ’ ရကာ ကျွန်တော်တို့ သတင်းစာလည်း စောင်ရေတိုးကာ လူကြိုက် များလာပါသည်။

တချို့ကမူ ကျွန်တော်တို့ သတင်းစာသည် ဝန်ကြီး၏ သတင်းစာ၊ ဝန်ကြီးရှယ်ယာ အများဆုံးပါသော သတင်းစာဟုပင် ပြောကြပါသည်။ အမှန်ကတော့ ဝန်ကြီး ရှယ်ယာ မပါပါ။ ဤနားလည်မူဖြင့်သာ ‘အလဲအလှယ်’ လုပ်ကြခြင်း ဖြစ်ပါသည်။

(၂)

ယခုတလောကား ကျွန်တော်တို့အဖို့ ‘စကု’ ရှားနေသည်။ သူများနည်းတူ သတင်းများချည်း ရနေသည်။ သတင်းဦး သတင်းထူး မရှိ။ အထက်တန်းလွှာ အညှီအဟောက် သတင်းကလည်း ခိုင်လုံအောင် မရ။ ကတ်ဘိနက် အတွင်းရေးများကို ပေးလေ့ရှိသော ဝန်ကြီးကလည်း မစ်ရှင်တစ်ခုဖြင့် နိုင်ငံခြားသို့ ထွက်သွားသည်မှာ ယခုတိုင် ပြန်မရောက်သေး။ အမျိုးသမီးကြီးထံမှ ရရှိသည့် အထက်တန်းလွှာ အညှီ့အဟောက် သတင်းများကလည်း မခိုင်လုံ။ ထို့ကြောင့် ကျွန်တော်တို့ သတင်းစာများ ယခုတစ်လော၊ မစိုပြေလှဘဲ ခြောက်သွေ့သွေ့ ဖြစ်နေသည်။ ရေးဖော်ရေးဖက် သတင်းစာများကမူ …

“မီးသတ်ကား တစ်စင်းလောက် လွှတ်လိုက်ရမလားဗျို့၊ ဝန်ကြီးလဲ နိုင်ငံခြားထွက်ရော ခင်ဗျားတို့ သတင်းစာလဲ ဖုတ်တထောင်းထောင်းနဲ့ ဖြစ်ရော မဟုတ်လား၊ ဟဲ … ဟဲ … မီးသတ်ကား တစ်စင်းလောက် လွှတ်လိုက်ရင်တော့ စိုပြေကောင်းပါရဲ့ဗျာ၊ ဟဲ … ဟဲ…” ဟု တယ်လီဖုန်းမှ လှမ်း၍ ခနဲ့ကြပါသည်။

သတင်းရှား၍ စိတ်တိုရသည့်အထဲ ခနဲ့နေပြန်သဖြင့် အော်ပစ်လိုက်ကာ တယ်လီဖုန်းကို ဂျောက်ခနဲ ချလိုက်သည်။ ကျွန်တော့် စားပွဲပေါ်တွင် ပုံနေသော သတင်းများကို ကောက်၍ ဖတ်ကြည့်မိ ပြန်သည်။ သတင်းများကိုလည်း ကြည့်ပါဦး …

ယနေ့နံနက် ကတ်ဘိနက် အစည်းအဝေး ကျင်းပခြင်း

+ + +

နိုင်ငံတော် ဝန်ကြီးချုပ်သည် အအေးဓိကာ နှာစေး၊ ချောင်းဆိုး ဖြစ်နေသည့်အတွက် မနက်ဖြန် တနင်္ဂနွေနေ့၌ အနားယူလိမ့်မည်ဟု သိရ၏။ တနင်္လာနေ့၌ နေပြန်ကောင်းပါက ခါတိုင်းကဲ့သို့ပင် ရုံးပြန် တက်လိမ့်မည်ဟု သိရလေသည်။

+ + +

ယနေ့ နံနက် ၁၀ နာရီက သာသနာရေးဌာန ဝန်ကြီးသည် နိုင်ငံခြား ဧည့်သည်တော်များနှင့်အတူ စေတီတော်ကြီးကို သွားရောက် ဖူးမျှော်ကြသည်ဟု သိရ၏။

+ + +

ယမန်နေ့ည သန်းခေါင်ကျော်ခန့်က ……….. ရွာနေ၊ လယ်သမား ငဘအိမ်သို့ လူဆိုးတစ်စု ဝင်လာပြီး ပြန်ပေးဆွဲသွား၏။ တပ်မတော်နှင့် ရဲများက လူဆိုးများနောက်သို့ လိုက်ပါသွားကြသည်။

+ + +

ကုန်သွယ်မှုဝန်ကြီးဌာန ရုံးအုပ် ဒေါ်……….. အား အတွင်းဝန်ကလေး အဖြစ် ခန့်ထားလိုက်ပြီး၊ လက်ထောက်အတွင်းဝန် ဦး ……….. အား လစ်လပ်သော အတွင်းဝန် ဦး ……….. ၏ နေရာတွင် အတွင်းဝန်အဖြစ် ခန့်အပ်လိုက်သည်ဟု သိရ၏။

+ + +

ကျွန်တော်သည် စိတ်ရှုပ်ရှုပ်ဖြင့် သတင်းတွေကို ခဲနီပြာတံကြီးဖြင့် ခြစ်ချလိုက်သည်။ ဘာမျှ စိတ်ဝင်စားစရာ မရှိ။ သည်တုန်းမှာ သတင်းထောက်ချုပ် ကိုရွှေအုပ် ဝင်လာသည်။ ကိုရွှေအုပ်မှာ အသက် ၄၀ ကျော်လောက် ရှိပြီ။ ၁၉၄၆ ခုနှစ်လောက် ကတည်းက သတင်းထောက် လုပ်ခဲ့သူ ဖြစ်၏။ သတင်းထောက် သက်တမ်း ရှည်လှပေပြီ။

“ဘယ့်နှယ် … ကိုရွှေဖြုတ် ဘာတွေ ထူးသလဲ၊ ဆိုစမ်းပါအုံး”

အမှန်အားဖြင့် သူ့နာမည်မှာ ကိုရွှေအုပ် ဖြစ်သည်။ သို့ရာတွင် သတင်းနောက်တွင် ဖြုတ်လိုဝဲ၍ လိုက်တတ်သူ ဖြစ်သဖြင့် သူ့ကို ကျွန်တော်တို့ တိုက်သားတွေကရော၊ သတင်းထောက် လောက ကပါ ဦးရွှေဖြုတ်ဟု ခေါ်ကြသည်။

“မစားသာဘူး … ခုတလော သိပ်ခြောက်တယ်”

သူသည် ဝဖိုင့်ဖိုင့် ကိုယ်ခန္ဓာကြီးကို သယ်ကာ ကုလားထိုင်တွင် ဝင်ထိုင်ရင်း ကင်မရာကြီးကို စားပွဲပေါ်သို့ ချလိုက်၏။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေလေသည်။

“ဒီအတိုင်းတော့ မနိပ်ဘူး ကိုရွှေဖြုတ်ရေ … နိုင်ငံရေးသတင်း ဆိုလို့လဲ ဘာမှမရ၊ အညှီအဟောက်ကလေးကလဲ မရှိ၊ ခင်ဗျား ခုတစ်လော ပေးနေတဲ့ သတင်းမျိုးတွေနဲ့သာ၊ စခန်းသွားနေရရင် မကြာခင် ပြုတ်မယ်၊ ဒါ သတင်းတဲ့လား၊ ခင်ဗျားပေးတဲ့ သတင်းတွေကိုပဲ ပြန်ဖတ်ကြည့်ပါအုံး”

ကျွန်တော်က စောစောက ခဲနီပြာတံဖြင့် ခြစ်ထားသော သတင်းပုဒ်တိုတွေကို သူ့ရှေ့ ထိုးပေးလိုက်သည်။ ကိုရွှေဖြုတ်သည် ညစ်ထပ်ထပ် လက်ကိုင်ပုဝါကို ထုတ်ကာ ဂုတ်က ချွေးတွေကို သုတ်ရင်း စိတ်မသက်မသာဖြင့် သူ့သတင်းတွေကို လှမ်းကြည့်နေ၏။ ကျွန်တော်က ဖျတ်ခနဲ ကောက်ယူလိုက်ပြီး …

“ကြည့်လေ … (ယနေ့ နံနက် ကတ်ဘိနက် အစည်းအဝေး ကျင်းပခြင်း) တဲ့၊ ဒါတော့ ခင်ဗျားပြောမှ သိရမှာလားဗျ၊ စနေနေ့တိုင်း ကတ်ဘိနက် ထိုင်နေတာပဲ၊ (နိုင်ငံတော် ဝန်ကြီးချုပ်သည် အအေးမိကာ နှာစေး၊ ချောင်းဆိုး ဖြစ်နေသည့်အတွက် မနက်ဖြန် တနင်္ဂနွေနေ့၌ အနားယူလိမ့်မည်ဟု သိရ၏) တဲ့၊ တနင်္ဂနွေနေ့ပဲ အနားမယူလို့ ရုံးတက်ရအုံးမှာလားဗျ၊ အမယ် … အအေးမိတာတောင် ပါလိုက်သေး၊ လေချုပ်သေးသလားလို့ မစုံစမ်းခဲ့ဘဲ ကိုးဗျ၊ နေပြန်ကောင်းရင် တနင်္လာနေ့ ရုံးတက်မယ် ဆိုတာကကော၊ ဟုတ်မှ ဟုတ်ကဲ့လား၊ ပြန်ပေးဆွဲတာကကော ဘာထူးလို့လဲ၊ တောကလယ်သမား ပြန်ပေးဆွဲတာ ဘာလုပ်မှာလဲ၊ ဘယ်သူက စိတ်ဝင်စားမှာလဲ၊ ရုံးအုပ်ကနေ အတွင်းဝန်ကလေး အဖြစ် ရာထူး တက်ရတာကကော ဘာများထူးလို့လဲ၊ ဟင် … ကိုရွှေဖြုတ်၊ ခင်ဗျား ကျုပ်တို့ သတင်းစာကလေး မြန်မြန်ပြုတ်အောင် လုပ်နေတာလားဗျာ၊ ဟုတ်မှလဲ လုပ်ပါ …”

“မဟုတ်ပါဘူး၊ ဆရာရဲ့ …”

ကိုရွှေဖြုတ်က လေပျော့လေးဖြင့် ဖြေသည်။

“မဟုတ်ရင် ဘာလို့ ဒီသတင်းတွေ ယူလာရသလဲဗျ၊ ကျုပ်လိုချင်တာက အတွင်းကျကျ နိုင်ငံရေးသတင်းတွေ လိုချင်တယ်၊ ဘယ်ပါတီထဲမှာ ဘယ်သူ့အုပ်စုနဲ့ ဘယ်သူ့အုပ်စုဟာ ချနေတယ်၊ ဘယ်အတိုက်အခံ နိုင်ငံရေးသမားက ဘယ်ဝန်ကြီးဆီက သွင်းကုန်လိုင်စင် ဘယ်လောက်ရသလဲ ဆိုတာ သိချင်တယ်၊ ဘယ်ပါတီခေါင်းဆောင်က ဘယ်သူ့ကို ဘယ်လို ခွေ့လိုက်တယ် ဆိုတာမျိုး လိုချင်တယ်၊ သူဌေးကတော်နဲ့ ဒရိုင်ဘာ ဇာတ်လမ်းမျိုး၊ ဆေးဆရာနဲ့ အတွင်းဝန်ကတော် ဇာတ်လမ်းမျိုးတွေ လိုချင်တယ်”

ကျွန်တော်က စိတ်ပါလက်ပါဖြင့် ကျွန်တော် လိုချင်သည့် သတင်းမျိုး တွေကို ပြောပြ၏။ ကိုရွှေဖြုတ်သည် ခေါင်းကို တဂျစ်ဂျစ်မြည်အောင် ကုတ်ရင်း …

“ဒီသတင်းမျိုး သိပ်ရှားနေတယ် ဆရာရဲ့ …”

“ရှိရမယ်ဗျ၊ ရှိရမယ်၊ လူ့လောကကြီး ရှိနေသရွေ့ ညစ်တာ၊ လိမ်တာ၊ ကောက်တာတွေ ရှိရမယ်၊ မုန်းတာ၊ ကြိုက်တာ၊ အမြင်ကပ်တာတွေ ရှိရမယ်၊ ဘာလို့ မရှိရမလဲ၊ ခင်ဗျား မလိုက်နိုင်လို့ ဖြစ်ရမှာပေါ့၊၊ ဒီအတိုင်းသာ ဆိုရင်တော့ မဖြစ်ဘူး ကိုရွှေဖြုတ်၊ သတင်းစာတိုက် သုံးလေးတိုက်၊ ခွလုပ်ဖို့သာ စိတ်ကူးပေတော့ …”

“လိုက်တော့ လိုက်ကြည့်ရအုံးမှာပေါ့ ဆရာ …၊ ဒါပေမဲ့ ကျွန်တော်တော့ သိပ်မထင်လှဘူး”

“လုပ်ပါဗျ၊ ဒီလိုမှပေါ့၊ ကဲ … ကြွပေတော့၊ နိုင်ငံရေးရပ်ကွက်တွေကို မွှေစမ်းပါ၊၊ အတွင်းဝန်ရုံးထဲမှာ တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်စမ်းပါ၊ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ရင်လဲ၊ ဘယ်သူက ခေါင်းဆောင်ကြီးကို ဘယ်လိုပြောတယ် ဆိုတာမျိုး ဆွပေးပြီး အစ်အောက် ထုတ်ယူစမ်းပါ၊ အဲဒီအခါမှာ သတင်းတွေ စက်နဲ့ လှည့်ထုတ်သလို ထွက်လာလိမ့်မယ်၊ ကဲ … သွား … အချိန်မရှိဘူး၊ အလယ်ခွဖောင်နဲ့ မျက်နှာဖုံးသတင်း လိုတယ်”

ကိုရွှေဖြုတ်သည် အားတက်သွားဟန် လက္ခဏာဖြင့် ထွက်သွားသည်။ ညနေပိုင်းတွင် ဘီအက်(စ်)အေ ဆိုင်ကယ်သံ တဖုတ်ဖုတ်ဖြင့် တိုက်သို့ ပြန်လာ၏။ သူ့မျက်နှာသည် အင်မတန် အရေးကြီးသော သတင်းကို ‘စကု’ ရခဲ့သည့်အတွက် မာန လျှမ်းနေဟန် ရှိ၏။ မာနကြီးမယ် ဆိုလျှင်လည်း ကြီးလောက် ပါပေသည်။ ကိုရွှေဖြုတ်သည် စိတ်ဝင်စားစရာ ကောင်းသည့် သတင်းကြီးများကို အရေးကြီးသော နိုင်ငံရေးခေါင်းဆောင် တစ်ဦးထံမှ ရခဲ့သောကြောင့်ပေတည်း။ သတင်း၏ ဇစ်မြစ်ကိုကား ထုတ်ဖော် မပြောပါ။ သူရခဲ့တဲ့ သတင်း အချို့ကို ကြည့်ပါဦး။

၁။ ကတ်ဘိနက် သဘောကွဲနေပြီ။

၂။ ကတ်ဘိနက် ဖျက်သိမ်းမည်လော။

၃။ အစိုးရက စစ်သားဦးရေနှင့် စစ်မှုထမ်းသက်ကို တိုးမြှင့်ရန် ရည်ရွယ်နေသည်။

၄။ နိုင်ငံခြား သံတမန် အချို့ကို နှင်ထုတ်မည် ဆိုခြင်း။

၅။ သတင်းစာဆရာကြီး ဆေးလိပ်သမလေးနှင့် လက်ထပ်မည်။ ဆရာဝန်မကြီးကို ကွာမည်။

သူ့သတင်း ခေါင်းစည်းတွေကို ဖတ်ပြီး ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။

“နိပ်လိုက်လေဗျာ … ဒီလိုမှပေါ့၊ ကတ်ဘိနက်သတင်းကို ရှေ့မျက်နှာဖုံး ပို့မယ်၊ စစ်တပ်တိုးမဲ့ သတင်းကို အလယ်ခွဖောင်၊ သတင်းစာဆရာကြီး သတင်းကို နောက်ကျောအဖုံး အားလုံး ‘စကု’ ရိုက်ပစ်လိုက်မယ်၊ နေပါအုံး ဒီသတင်းတွေက ဘယ်သူ့ဆီက ရလာတာလဲ …”

“ဒါတော့ ကျွန်တော် မပြောနိုင်ဘူး ဆရာ၊ ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်ကြီး တစ်ဦးဆီက ဆိုတာလောက် သိရင် တော်ရောပေါ့ ဆရာ၊ သူ့ဆီကရကြောင်း ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးခဲ့လို့ပါ၊ ကျွန်တော်က ဆရာ့ကို ပြောကြောင်း သူသိသွားရင် ကျွန်တော် ဘယ်ကောင်းတော့မလဲ၊ နောက်လဲ သတင်းရတော့မှာ မဟုတ်ဘူး”

ကျွန်တော်က လက်ကာပြလိုက်ပြီး …

“နိုး … နိုး … တော်ပါပြီ။ တော်ပါပြီ၊ ဒီနေ့ ဦးရွှေဖြုတ် သတင်းကတော့ ထူးရောပဲဗျို့၊ ဒါမျိုးမှ သတင်း ခေါ်တာဗျ၊ ကဲ … ကဲ … အနားယူတော့၊ ခင်ဗျားလဲ မောရော့မယ်၊ ဒီအတိုင်းဆိုရင် သတင်းစာလောကမှာ တောက်ပလာမယ့် ကြယ်တပွင့်ပေါ့၊ ဟား … ဟား”

(၃)

သည်လိုဖြင့် ကျွန်တော်တို့ သတင်းစာသည် အရှိန်ပြန်၍ ရလာ၏။ နှစ်ပတ်လောက် အတွင်းမှာ စောင်ရေသည် တရှိန်ထိုး တက်လာ၏။ အရင်တုန်းက ကျွန်တော်တို့ သတင်းစာသည် စောင်ရေ ခြောက်ထောင်ကျော် လောက်သာရှိ၏။ (အပြင်ဘက်တွင် တစ်သောင်းကျော်ဟု ပြောထားပါသည်။)

သတင်းတွေ ရှားလိုက်သည့် အချိန်တစ်ဝိုက်က လေးထောင်လောက် အထိ ဆင်းသွား၏။ ယခုတစ်ဖန် ယခင်စောင်ရေထက် သီသီမျှပင် ပိုလာ ပေသေးသည်။ ကျွန်တော်တို့ သတင်းစာ၏ သက်တမ်းတွင် ဤမျှလောက် စောင်ရေသို့ တစ်ခါမျှ မရောက်ခဲ့ဘူးပါ။ ကိုရွှေဖြုတ်၏ ကျေးဇူးပေတည်း။ ကိုရွှေဖြုတ်သည် အရေးကြီးသော သတင်းကြီးတွေကိုချည်း ရခဲ့၏။ နောက်တစ်နေ့ နံနက် သတင်းစာတွေ လှန်လိုက်လျှင် တခြားဘယ် သတင်းစာတွင်မှ သည်လိုသတင်းမျိုး မရ၊ ကျွန်တော်တို့ တစောင်ထဲ ရေးပုံကလည်း ကဗျာဆန်ဆန်၊ ဝတ္ထုဆန်ဆန်၊ နောက်ဆုံးပေါ် ရေးနည်း၊ သူ့သတင်း အတွင်းသားနှင့် သူ့ရေးပုံကို ကြည့်ပါဦး …

‘မနေ့က မြို့တော်ကြီးတွင် နေပွင့်လျက် အသာယာကြီး သာယာနေပါသည်။ သို့ရာတွင် အစိုးရအဖွဲ့၏ အတွင်းရေးကား မြို့တော်၏ ကောင်းကင်လို မပွင့်လင်းဘဲ မုတ်သုန်ဦး၏ ကောင်းကင်လို အုံ့မှိုင်း ဆိုင်းညိုလျက် ရှိနေပါသည်။ နိုင်ငံတော်၏ ဦးစီးဦးကိုင် အစိုးရအဖွဲ့၏ သောကြာကြယ်ကြီးမှာ တဖြည်းဖြည်း မှုန်၍ မှုန်၍၊ မှုန်၍ မှုန်၍၊ ဝါး၍ ဝါး၍ လာနေပါချေပြီ၊ သောကြာကြယ်ကြီး မှုန်ပုံကို သင်တို့၏ ချစ်စွာသော သတင်းထောက်သည် နေပြည်တော်၏ ထောင့်ကြိုထောင့်ကြားတွင် ပြေးရင်း လွှားရင်းဖြင့် မြင်ခဲ့ရပါသည်။ ခိုင်လုံသော ဌာနများက ကြားခဲ့ရပါသည်။ သတင်း ဖြစ်ပွားသော နေရာမှာ သမ္မတအိမ်တော်၊ ဖြစ်ပွားသည့် အချိန်ကာလမှာ မနေ့က နံနက် ၁၀ နာရီ၊ မိနစ် ၂၀ နှင့် စက္ကန့် ၄ စက္ကန့်တိတိ၊ မနေ့က မြင်ကွင်းကို ပြန်ပြော၍ ဇာတ်ကြောင်းနှင်ရမည် ဆိုလျှင် …

(အဆက် မနက်ဖြန်)’

ဤတွင် ကျွန်တော်တို့ သတင်းကိုဖြတ်ကာ ‘ချို’ ထားလိုက်ကြသည်။ ပရိသတ်က ဘာများ ရေးပါလိမ့်ဟု မျှော်ကြရန်ဖြစ်၏။ နောက်တစ်နေ့ထုတ် ကျတော့မှ …

‘ကြမ္မာငယ် ယိုယွင်း၊ ဘယ်နတ်တို့ဖန်တဲ့ ခင်းရယ်လို့တော့ မသိ နိုင်ငံတော်၏ ဦးစီးဦးကိုင်ဖြစ်သော သမ္မတကြီးသည် ဂြိုဟ်မင်းတို့မွှေ ကံကြမ္မာ ခေရရှာသော တိုင်းပြည်ကြီး၏ စိတ်မကောင်း၊ စိတ်မချမ်းမြေ့ဖွယ် အခြေအနေကို ရိပ်စားသိရှိ နေခဲ့သည်မှာ ကြာခဲ့ပြီဟု တစ်ခုသော ရပ်ကွက်က ဆိုပါသည်။ အနှီသို့ … အနှီသို့ … ဖြစ်ရခြင်း၏ အကြောင်းရင်းသည် ဝန်ကြီးချုပ် ဦးအာဏာအစိုးရကြောင့် ဖြစ်ရသည်ကို သိရှိသဖြင့် ဦးအာဏာ အစိုးရအား နိုင်ငံတော်သမ္မတကြီးက ရွှေစိတ်တော် ငြိုကာ အလိုတော်မတူ ဖြစ်ခဲ့ရသည်မှာလည်း ကြာခဲ့ပါပြီဟု အခြားတစ်ခုသော ရပ်ကွက်က ထပ်လောင်း၍ အခိုင်အမာ ဆိုလိုက်ကြပါသည်။ ဦးအာဏာ အစိုးရ၏ ဝါဒလမ်းစဉ်ကို မကျေနပ်ကြောင်းကို ပြောင်ပြောင်တင်းတင်း ရှင်းရှင်းလင်းလင်း ပြောချသင့်သည်။ အချိန်ကိုသာ သမ္မတကြီးက စောင့်ဆိုင်း နေခဲ့သည်။

‘မနေ့ကတော့ လည်တိုင်ကျိုးမတတ် စောင့်ရသည့် အချိန်သည် ဆိုက်ရောက်ခဲ့ပါပြီ။ နံနက် ၁၀ နာရီ ၁၀ မိနစ် ကျိုင်းတွေ၊ သိုင်းတွေ ကိုင်၍ ရွှေဗောင်းတော် တလူလူ မဟုတ်သော်လည်း စတင်းဂန်းတွေ၊ ဘရင်းဂန်းတွေ လွယ်၍ သံခမောက် တလက်လက် ဆောင်းထားသည့် ကားတစ်စီးပြည့် ကိုယ်ရံတော် တပ်သားများ ခြံရံသည့် ဝန်ကြီးချုပ် ဦးအာဏာ၏ နောက်ဆုံးပေါ်ပုံစံ ကားကြီးသည် အိမ်တော်ဝင်းထဲသို့ တရှိန်ထိုး ဝင်သွားသည်။ သည်အချိန်၌ နိုင်ငံတော်သမ္မတကြီးသည် ဧည့်ခန်းသို့ပင် မဆင်းလာတော့ဘဲ အိမ်တော်အပေါ်ထပ် သီးသန့်ခန်းသို့ ဝန်ကြီးချုပ် ဦးအာဏာကို အခေါ် ခိုင်းလိုက်သည်။ မဟော်ဂနီရောင် တောက်နေသော ကျွန်းသားတစ်ဝက် မှန်တစ်ဝက် တံခါးကြီး ပိတ်စေပြီး ခရီးရောက်မဆိုက် မိန့်ခွန်းတော် ချွေလိုက်သည်။ ဝန်ကြီး ဦးအာဏာအစိုးရ၏ ‘လူလယ်လုပ်ရေး’ ဝါဒကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။

‘သမ္မတကြီးသည် နာရီဝက်မျှ ခရားရေလွှတ် တတ္ဗတ်တွတ်နှင့် ဖြစ်ကြောင်းကုန်စင် ဝမ်းထဲတွင် မကြည်မလင်၊ မစင်မဖိတ် မြိုသိပ်ထားရသမျှ ဖော်ထုတ်၍ အန်ချတော့သည်။ ဝန်ကြီးချုပ် ဦးအာဏာသည် လက်နှစ်ဖက်ကို နောက်ပစ်၍ မျက်လွှာအစုံကို ချကာ ခေါင်းငုံ့လျက် နားထောင်နေသည်။ သူ့မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်နေသည်။ နောက်ဆုံး၌ ၎င်းပြည်တွင်းတွင် ဖြစ်ပျက် နေသမျှသော အခြေအနေ အရပ်ရပ်၊ ပြဿနာ အမျိုးမျိုးကို စိစစ်ဝေဖန် တင်ပြပြီးနောက် သည်အခြေအနေကို သည်အတိုင်း လက်ပိုက် ကြည့်မနေနိုင်၊ မထိန်းနိုင်လျှင် ကတ်ဘိနက်ကို ဖျက်ပါတော့ဟု ပြတ်သား တင်းမာစွာပင် ဆိုလိုက်သည်။ ၁၀ နာရီ ၅၀ မိနစ်နှင့် ၁၅ စက္ကန့်တွင်မူ ဝန်ကြီးချုပ် ဦးအာဏာသည် သမ္မတအိမ်တော်မှ ထွက်ခွာလာခဲ့သည်။ ဝန်ကြီးချုပ် ဦးအာဏာ၏ ညှိုးငယ် ဆွေးလျသော မျက်နှာကို တံခါးစောင့်ကလေးပင် သတိထားလိုက်မိပါသည်။’

ထိုနေ့ထုတ် သတင်းစာကား ကျွန်တော်တို့ သတင်းစာ သက်တမ်းတွင် အအောင်မြင်ဆုံး ဖြစ်၏။ မြို့တော်ထုတ် သတင်းစာမှာ မိနစ်အနည်းငယ်အတွင်း တစ်စောင်မျှ လက်ကျန်မရှိအောင် ကုန်သွားလေသည်။ ထို့ကြောင့် နောက်ထပ်တစ်ထောင် ထပ်မံရိုက်ကာ၊ နေ့လည်ပိုင်း အထူးထုတ်အဖြစ် ထုတ်ရသေးသည်။ သို့ရာတွင် အထူးထုတ် ငါးထောင် ထပ်မံရိုက်နှိပ်သည်ဟု နောင်နေ့တွင် ကြေညာပါသည်။

ကျွန်တော်သည် ဤမျှလောက် အရေးကြီးသော သတင်းကို ကိုရွှေဖြုတ် ဘယ်လိုလုပ်ပြီး လိုက်ပါလိမ့်ဟု စဉ်းစားမိ၏။

ထို့ကြောင့် ဤမျှလောက် အရေးကြီးသော သတင်းမျိုးကို “ဘယ်ပုံ ဘယ်နည်းရလဲ” ဟု ကိုရွှေဖြုတ်ကို ထပ်၍ မေးကြည့်သည်။ သို့ရာတွင် ကိုရွှေဖြုတ်ထံမှ အဖြေမရပါ။ ခိုင်လုံသော ဌာနတစ်ခုကဟုသာ ဆိုပါသည်။ ကျွန်တော်သည် မရအရ စုံစမ်းရန် ဆုံးဖြတ်ကာ၊ သူ့အရိပ်အခြေကိုသာ အကဲခတ်၍ နေသည်။

နောက်တစ်နေ့ နံနက်မှာ မိုးသည်းထန်စွာ ရွာလျက်ရှိ၏။ နံနက် လင်းကတည်းက ရွာသောမိုးမှာ ၁၀ နာရီအထိ မစဲသေး။ ကိုရွှေဖြုတ်သည် မိုးကာအင်္ကျီ ဖို့ရိုးဖားယားကြီး ဝတ်၍ ပေါက်လာလေသည်။

“ဆရာရေ … မနေ့က သတင်းအဆက်ကလေးတော့ ထပ်လိုက်လိုက်အုံးမယ်၊ သမ္မတနဲ့ ဝန်ကြီးချုပ် ကိစ္စလေ၊ ကျွန်တော် တိုက်ကိုလာတော့ ဝန်ကြီးချုပ်ကား အိမ်တော်ထဲ ဝင်သွားတာ မြင်လိုက်တယ်။ ကဲ … လစ်လိုက်အုံးမယ်၊ တစ်နာရီအတွင်း သတင်းအစုံအလင်နဲ့ ပြန်ခဲ့မယ်”

ကိုရွှေဖြုတ်သည် ဘီအက်(စ်)အေ ဆိုင်ကယ်သံ တဖုတ်ဖုတ်ဖြင့် ထွက်သွား၏။ ကျွန်တော်သည် တက္ကစီတစ်စင်းကို ခေါ်ကာ ကိုရွှေဖြုတ် နောက်သို့ မယောင်မလည် လိုက်လာခဲ့သည်။ ကိုရွှေဖြုတ် ဘယ်လိုပင် ဖုံးသော်လည်း ပေါ်ရမည် မဟုတ်လော …

ကိုရွှေဖြုတ်သည် ကုက္ကိုင်းလမ်းမကြီး အတိုင်း မြို့ဘက်သို့ ထွက်သွားသည်။ ကျွန်တော်ကလည်း ကိုက် ၁၀၀ လောက်အကွာမှနေ၍ လိုက်သည်။ ဂွတ်တလစ် လမ်းဆုံတွင် သူ့ဆိုင်ကယ်က မီးနီ ပျောက်သွားပြီး၊ ကျွန်တော်က ပိတ်မိနေ၏။ မီးစိမ်း ပြသောအခါ နောက်က ဒလကြမ်း လိုက်ရသည်။ ဘောင်ဒရီလမ်းနှင့် ကုက္ကိုင်းထောင့်တွင် သူ့ဆိုင်ကယ် ကို မြင်ရသည်။ ကိုရွှေဖြုတ်သည် ရွှေဂုံတိုင်အဝိုင်းနားတွင် ခေါက်ဆွဲဆိုင် ရှေ့တွင် ဆိုင်ကယ်ရပ်ကာ ခေါက်ဆွဲဆိုင်ထဲသို့ ဝင်သွား၏။ ကျွန်တော်သည် ကားကို ကုက္ကိုင်းလမ်းဆုံတွင် ရပ်ကာ စောင့်နေသည်။ မိနစ် ၂၀ လောက်ကြာမှ ထွက်လာပါသည်။ နံနက်စာ စားသလား မပြောတတ်ပါ။ သူသည် ဆိုင်ကယ်ပေါ်သို့ ပြန်တက်ကာ ဘောင်ဒရီလမ်းအတိုင်း အနောက်သို့ စီးသွားပြန်သည်။ ကျွန်တော်ကလည်း နောက်ကလိုက်သည်။ ဦးဝိစာရအဝိုင်း၊ ဝိဇယရုံနားသို့ ရောက်သောအခါ ကိုရွှေဖြုတ် ပျောက်သွားပါသည်။ ကျွန်တော်သည် ကားကို အရပ်ခိုင်းကာ ကိုရွှေဖြုတ်ကို လှမ်း မျှော်ကြည့်မိပါသည်။ သို့ရာတွင် မတွေ့ရတော့ပါ။ ဘိုင်စကုတ်ရုံ လူအုပ်တွေထဲတွင် သူ့လူနှင့် ချိန်းတွေ့ကြလေ သလော၊ သို့တည်းမဟုတ် ဘောင်ဒရီလမ်းပေါ်က အိမ်တစ်အိမ်တွင် ချိန်းတွေ့ကြသလော။ သူ့လူသည် ဝန်ကြီးလော၊ ပါလီမန် အမတ်လော၊ ပါလီမန် အတွင်းဝန်လော၊ ကိုယ်ရံတော်လော၊ အတွင်းရေး အတွင်းဝန်လော၊ သို့မဟုတ် ကားမောင်းသည့် ဒရိုင်ဘာလော။

ကိုရွှေဖြုတ်ကို မမြင်ရတော့သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ကာ ပြန်တော့မည် အပြုတွင် လက်ဖက်ရည်ဆိုင်ထဲမှ ယာဉ်ထိန်းရဲ တစ်ဦးနှင့် ထွက်လာသော ကိုရွှေဖြုတ်ကို မြင်လိုက်ရသည်။ ကိုရွှေဖြုတ်သည် စီးကရက်ဘူးကို ဖောက်ရင်း ယာဉ်ထိန်းရဲနှင့် စကားကောင်းလာ၏။ ယာဉ်ထိန်းရဲဆီက ရသော သတင်းလောဟု ကျွန်တော် တွေးမိပြန်သည်။ ကိုရွှေဖြုတ်သည် စီးကရက်ကို မီးညှိ၍ ဖွာကာ၊ ရဲကိုနှုတ်ဆက်ပြီး အိမ်တော်ဘက်သို့ စီးသွားပြန်သဖြင့် ကျွန်တော်သည် နောက်က လိုက်လာခဲ့ရပြန်သည်။ အိမ်တော်ဝင်းရှေ့ ရောက်သော် ကိုရွှေဖြုတ်သည် တာဝန်ကျရဲမှူးကို လက်ပြနှုတ်ဆက် လိုက်သည်။ ရဲမှူးဆီက ရသလောဟု ကျွန်တော် တွေးမိပြန်သည်။ သို့ရာတွင် ဆိုင်ကယ်ပေါ်မှ မဆင်းပါ။ စက်အရှိန်မသတ်ဘဲ နှုတ်ဆက်နေခြင်းသာ ဖြစ်ပါသည်။ နောက်မှ ကိုရွှေဖြုတ်သည် ပြန်လှည့်လာကာ အိမ်တော်ဝင်းတည့်တည့် ခရေပင်တွေ မိုးအုပ်နေသည့် လမ်းကလေးအတိုင်း စီးသွားပြီး မနောဟရီ လမ်းထောင့်က ကာကာကုလားဆိုင် ရှေ့တွင်ရပ်ကာ ဆိုင်ထဲသို့ ဝင်သွားလေသည်။ ကျွန်တော်သည် ပန်ချာပီကုလားကြီး မောင်းလာသော ဆလွန်းတက္ကစီ ထိုင်ခုံကြားထဲတွင် ဝင်ထိုင်လိုက်ပြီး သူ့အရိပ်အခြေကို ကြည့်နေ၏။ ကိုရွှေဖြုတ်သည် ကာကာဆိုင်၌ လက်ဖက်ရည် တစ်ခွက်ကို သောက်ပြီးနောက် ဆိုင်ရှေ့ ခရေပင်အောက်က ခုံတန်းလျားကလေးတွင် ထိုင်ကာ စီးကရက်ကို စိမ်ပြေနပြေ သောက်နေပါသည်။ ဧကန္တ တစ်ယောက်ယောက်ကို စောင့်တာပဲ၊ ဘယ်သူများ ပေါ်လာလေမလဲ၊ ဒီလောက် အရေးကြီးသော သတင်းကို ပေးနိုင်သူဟာ ဘယ်သူများ ဖြစ်လေမလဲ။

ကျွန်တော် ရင်ထဲ၌ ထိတ်နေပါသည်။ မိုးစဲသွားပြီဖြစ်၍ နေပွင့်လာပါသည်။ မိုးဆမ်းပြီး နေရောင် လွှမ်းလိုက်သောအခါ ပတ်ဝန်းကျင်သည် စိုပြေဝင်းထိန်လျက် ရှိပါသည်။ မျက်နှာဖြူတစ်ယောက်၏ ခြံဝင်းထံမှ ငန်းများအော်သံကို ကြားရပေသည်။

ကိုရွှေဖြုတ်သည် အိတ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်ကာ၊ ထိုင်၍ ရေးနေပါသည်။ ဘာတွေ ရေးသည်ကိုတော့ ကျွန်တော် မသိပါ။ ကျွန်တော်သည် ကူရှင်ကြားထဲတွင် ထိုင်ရင်း စီးကရက်ကို ဖွာနေမိပါသည်။ စီးကရက်တစ်လိပ် ကုန်၍ လှမ်းကြည့်လိုက်သောအခါ ကိုရွှေဖြုတ်၊ မှတ်စုရေးပြီးပါပြီ။ ကာကာကုလားကို ပိုက်ဆံရှင်းကာ ဆိုင်ကယ်ကိုနှိုးပြီး အိမ်တော်ဘက်သို့ လှည့်သွားပြန်ပါသည်။ အိမ်တော်ဝင်းဝတွင် ရဲမှူးကို ဆိုင်ကယ်ပေါ်မှလှမ်း၍ နှုတ်ဆက်ပါသည်။ နောက် လာလမ်းအတိုင်း ပြန်ထွက်သွားပါသည်။

ကျွန်တော်သည် သူ့နောက်က လိုက်လာရင်း ဘယ်သူ့ကိုများ သွားတွေ့အုံးမလို့လဲဟု တွေးနေမိသည်။ ကိုရွှေဖြုတ်မှာ မော်တော်ဆိုင်ကယ်ကို တအားနင်းကာ အသုတ်နှင်နေသည်။

လား … လား … လက်စသတ်တော့ မောင်မင်းကြီးသား တိုက်ကို ပြန်တာကိုး၊ တိုက်ရှေ့တွင် ဆိုင်ကယ်ကိုရပ်ပြီး ဝင်သွားပါသည်။ ကျွန်တော်လည်း တက္ကစီခရှင်းကာ ဝင်လိုက်သွားပါသည်။

“ကဲ … ဆိုစမ်း၊ ကိုရွှေဖြုတ် ဘာတွေ ထူးသလဲ”

“ဟဲ … ဟဲ … ခြားနားတာကတော့ ဆရာတို့ မြင်တဲ့အတိုင်းပါပဲ။ ချယ်ရီသဘောဆွမ်း ဖိနပ်ဆေး ဆိုတာလိုပေါ့ ဆရာ …”

သူက ဟာသစွက်ကာ ခပ်ပိုင်ပိုင် ပြောပါသည်။ နောက် အိတ်ထဲက သူ့မှတ်စုကို ထုတ်ပြသည်။ သူ့မှတ်စုတွင် …

‘နိုင်ငံတော်သမ္မတကြီးနှင့် ဝန်ကြီးချုပ် ဦးအာဏာတို့၏ သဘောထားကွဲလွဲချက်ကို မနေ့က သတင်းစာတွင် ဖော်ပြခဲ့ပြီးပါပြီ။ ယနေ့တော့ သင်တို့၏ ချစ်လှစွာသော သတင်းထောက်၏ ကြိုးပမ်းချက်ဖြင့် ပိုမိုပြည့်စုံသော ဇာတ်ကြောင်းကို ပြန်ပြောင်း ပြောနိုင်ပါပြီ။ ဇာတ်ကြောင်းနှင်သည့် ခရီး၏ စခန်းနိဂုံး လမ်းအဆုံးတွင်မူ ကတ်ဘိနက် အကြပ်အတည်းကြီးက မားမား ရပ်နေပါပြီ။

‘ဇာတ်လမ်းအစုံအလင် ဖြစ်ကြောင်းရယ်မှ ကုန်စင်ကို ပြောရလျှင်ကား ပန်းနုရောင် ခေါင်းပေါင်း၊ သက္ကလပ်အင်္ကျီ သမင်ရောင်၊ ရွှေတောင်လုံချည် ကွက်ကျဲ၊ နိုင်လွန်ခြေအိတ် မီးခိုးရောင်နှင့် ဂျွန်ဝှိုက် ရှူးဖိနပ်ကို ဝတ်ဆင်ထားသော ဝန်ကြီးချုပ် ဦးအာဏာသည် ယနေ့ နံနက် ၈ နာရီက သမ္မတအိမ်ထက်သို့ ရောက်လာပါသည်။ သူ့မျက်နှာမှာ ညှိုးသမ်းနွမ်းနယ်ကာ ကိုယ်ဟန်မှာလည်း ပန်းလျသည့် အသွင်ကို ဆောင်နေသည်။ သမ္မတကြီးသည် ဝန်ကြီးချုပ် ဦးအာဏာအား ချက်ချင်းတွေ့ဆုံခွင့် မပေးဘဲ ဧည့်ခန်းထဲတွင် နာရီဝက်ကြာမျှ စောင့်ဆိုင်းနေစေသည်။ ဧည့်ခန်းထဲမှာတော့ ဝန်ကြီးချုပ် တစ်ယောက်တည်း ထိုင်လိုက်ထလိုက် လမ်းလျှောက်လိုက်ဖြင့် ဂနာမငြိမ်ဘဲ ဖြစ်နေသည်။ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၂၅ ကြိမ် အသက်ရှူ၍ နာရီဝက်အတွင်း အကြိမ်ပေါင်း ၆၀၀ အသက်ရှူသည့်ကြားထဲက ဝန်ကြီးချုပ် ဦးအာဏာသည် အကြိမ် ၁၅၀ ထက်မနည်း သက်ပြင်း ရှည်ကြီး ချနေရှာပါသည်။ ဝန်ကြီးချုပ် တစ်ယောက်တော့ဖြင့် သမ္မတအိမ်တော်၏ ဧည့်ခန်းတွင် ဆောက်တည်ရာမရ ဖြစ်နေပုံကို အိမ်တော်စားပွဲထိုးကလေး ဟာမက်က အစ သတိထားလိုက်ပါသည်။ တစ်ခါတစ်ရံတော့လည်း ဝန်ကြီးချုပ်၏ မျက်နှာမှာ ဝင်းထိန်လို့ နေပါသည်။ ၁၀ နှစ်၊ ၁၀ မိုး စိတ်တိုင်းကျ အုပ်စိုးရသည့် ‘ရွှေခေတ်’ကြီးကိုတွေး၍ ကြည်နူးဟန် ရှိသလား မဆိုနိုင်ပါ။

‘နံနက် ၈ နာရီခွဲပြီး ၃ မိနစ် အချိန်တွင်မူ ဝန်ကြီးချုပ်သည် သမ္မတကြီး၏ ဖိတ်ခေါ်ချက်အရ အပေါ်ထပ် သီးသန့်အခန်းထဲသို့ ဝင်သွား၏။ သမ္မတကြီးကမူ တိုင်းပြည် အခြေအနေ ဆိုးရွားနေပုံကိုသာ ပြောပြကာ ဝန်ကြီးချုပ်၌ တာဝန် လုံးဝရှိသည်ဟု အခိုင်အမာ စွဲဆိုလိုက်သည်။ ဝန်ကြီးချုပ်ခမျာမှာ မျက်ရည်တွေလည်ကာ အသံတွေ တုန်လာတော့သည်။

‘ “ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူး သမ္မတကြီး၊ အတတ်နိုင်ဆုံးတော့ ထိန်းတာပဲ၊ ခုလို …”

‘တိတ်ဆိတ်နေပါသည်။ ဝန်ကြီးချုပ်သည် ရှေ့သို့ ဆက်မပြောနိုင်တော့ဘဲ ခေါင်းကိုငုံ့ထားသည်။ သမ္မတကြီးကို စူးစိုက်ကြည့်ကာ …

‘ “ခုလို … ဘာဖြစ်သလဲ … ဆိုပါအုံး …”

‘အမှန်ကတော့ ဝန်ကြီးချုပ် ပြောဆိုသော စကားလုံးများမှာ “ခုလို ဝန်ကြီးချုပ် ရာထူးက ထွက်ပေးရမယ် ဆိုတော့ …” ဆိုသော စကားလုံးများ ဖြစ်ပါသည်။ သို့ရာတွင် ဝန်ကြီးချုပ်ခမျာ ဆက်မပြော နိုင်ရှာတော့ပါ။ ရာဇဣန္ဒြေ မျက်နှာဖုံးကိုပင် မစွပ်နိုင်တော့ဘဲ မိန်းမအိုကြီး ငိုကြွေးသလို ချုံးချ ငိုကြွေးလိုက်ပါသည်။

‘အစိုးရ၏ (လူလယ်လုပ်သော လမ်းစဉ်) မှာ သချုႋင်းသို့ ခြေတစ်ဖက် လှမ်းနေပါပြီ။ ကတ်ဘိနက်ကို ပြုပြင်ဖွဲ့စည်းရေး ဆိုသည်မှာလည်း အရာမထင်တော့ဘဲ ဖာထေးသလိုသာ ဖြစ်ပါတော့မည်။ အဝတ်စုတ်ကို ပြန်ဖာထေးရန် ဆိုသည်မှာလည်း မဖြစ်နိုင်တော့ပါ။ သို့ဖြစ်လေရာ “လှေကြုံစီးပါတီ”၏ ဇာတ်လမ်းသည် နိဂုံးကမ္ပတ် အဆုံးသတ်သို့ ရောက်ချိန်နီးလာပါပြီ။’

“ကောင်းလိုက်လေဗျာ … တယ်အဖိုးတန်တဲ့ သတင်းပဲ၊ ကျုပ်အစက ခင်ဗျားကို ဒီလောက် တိတိကျကျ လိုက်နိုင်လိမ့်မယ် မထင်ဘူး၊ ကြည့်စမ်းပါအုံး၊ ဝတ်တဲ့ အဝတ်အစားတင် မကဘူး၊ ခြေအိတ်က နိုင်လွန်ခြေအိတ်၊ ရှူးဖိနပ်က၊ ဂျွန်ဝှိုက်လို့တောင် အတိအကျပါလိုက်သေး၊ တစ်မိနစ်လျှင် အကြိမ်ပေါင်း အသက် ၂၅ ကြိမ် အသက်ရှူပြီး ဘယ်နှစ်ခါ သက်ပြင်းချတယ် ဆိုတာတောင် ပါလိုက်သေး၊ သတင်းထောက်ဆိုတာ ဒီလို အသေးစိတ်မြင်ပြီး ဒီလို တိကျမှပေါ့ဗျ၊ ခင်ဗျားလို သတင်းထောက်ကို ရတာ၊ ကျုပ်တို့ ကံကောင်းတာပဲ၊ ဒါပေမဲ့ ဒီသတင်းနဲ့ ပတ်သက်လို့ ပြောချင်တာကလေး တစ်ခုတော့ ရှိသဗျ … ဟဲ … ဟဲ …”

“ဘာပြောချင်တာလဲ …”

“ဒီသတင်းကို ဘယ်ကရတယ် ဆိုတာ ခင်ဗျား ဘယ်လောက်ဖုံးဖုံး ဖုံးလို့တော့ မရဘူးဆိုတဲ့ အချက်ပဲ ခင်ဗျ …”

“ဒီလိုအစ်လို့ ဘာရမလဲ … ဆရာသမားရယ်”

“မအစ်ပါဘူးဗျာ … မယုံရင် လောင်းကြေးစားကြေး”

“ကြိုက်ရာလောင်းဗျာ”

“ဟိုက်စွမ်မှာ ထမင်းကျွေးရင် တော်ပါပြီဗျာ”

“စိမ်လိုက် …”

ထမင်း အလကားစားရပြီဟု ဦးရွှေဖြုတ် ထင်ဟန်ရှိပါသည်။

“ကဲ … ဒီသတင်းကို ခင်ဗျား ဘယ်က ရတယ်ဆိုတာ ပြောရတော့မလား”

“သိရင် ပြောလေ၊ ဖြန်းမယ်တော့ မကြံနဲ့နော် ဆရာသမား”

“အို … အို … မဖြန်းပါဘူး၊ လာပါ … လာပါ … ကျွန်တော် ပြောပါ့မယ်”

ကျွန်တော်သည် ဦးရွှေဖြုတ်အား ကျွန်တော့်အခန်းထဲသို့ ခေါ်လိုက်ပါသည်။ သမ္မတကြီးနှင့် ဝန်ကြီးချုပ်တို့ နှစ်ယောက်ချင်း တွေ့စဉ်က အခန်းတံခါး ပိတ်သည်ထက် ပို၍ လုံခြုံအောင် အခန်းတံခါးကို ပိတ်ကာ မင်းတုန်းထိုးလိုက်ပြီး …

“တကယ် ပြောရမလား …”

“သိရင်ပြောပေါ့ ဆရာသမားရဲ့ …”

“ပိပါပေတယ်ဗျာ၊ ကျုပ်ဖြင့် လက်ဖျားခါလို့ မဆုံးဘူး၊ တကယ်ပါပဲ …”

“ဘယ်က ရသလဲသာ ပြောပါ”

“သိချင်ရင် ပြောရတာပေါ့ဗျာ၊ ဒီသတင်းကို ပေးတဲ့လူက ဝန်ကြီး တစ်ယောက်လား၊ အတွင်းဝန် တစ်ယောက်လား၊ ပါလီမန်အမတ် တစ်ယောက်လား၊ အတိုက်အခံ နိုင်ငံရေးသမားလား ဆိုတော့ …”

ကျွန်တော်က စကားကိုဖြတ်ကာ ဦးရွှေဖြုတ်ကို လှမ်းကြည့်လိုက်ပါသည်။ ဦးရွှေဖြုတ်ကား ထမင်းတစ်နပ် စားရလေပြီဟု တွေးကာ မျက်နှာ တစ်ခုလုံး ဝင်းထိန်နေပါသည်။

“အဲဒီလူတွေ တစ်ယောက်မှ မဟုတ်ဘူးဗျ။ ဘယ်သူက ပေးလိုက်တဲ့ သတင်းလဲဆိုတော့ … မနော်ဟရီ လမ်းထောင့်နဲ့ အနော်ရထာ လမ်းထောင့်က ကာကာ လက်ဖက်ရည်ဆိုင် ရှေ့က စားပွဲခုံကလေးက ပေးလိုက်တဲ့ သတင်း မဟုတ်ဘူးလား၊ ဟဲ … ဟဲ … ခရေပင်အောက်က စားပွဲခုံကလေး လေဗျာ၊ မြောင်းကလေးပေါ် ခွပြီး တင်ထားတဲ့ စားပွဲခုံကလေး …”

ဦးရွှေဖြုတ်၏ မျက်နှာသည် သူ့သတင်းထဲတွင် ပါသည့် ဝန်ကြီးချုပ်၏ မျက်နှာထက် ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်ဟု ထင်ရပါသည်။

“ဒါပေမဲ့ စိတ်မပျက်ပါနဲ့ဗျာ၊ ခင်ဗျားကြောင့် ကျုပ်တို့သတင်းစာ တက်လာတယ် ဆိုတာကတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး၊ ကိုင်း … ခင်ဗျားသတင်း နောက်ဆက်တွဲကလေးကို လိုက်စမ်းပါအုံး၊ ဥပဒေနဲ့ မငြိစွန်းသေးသမျှတော့ ဒီလို လန်ကြုပ်သတင်းကလေးတွေ၊ ဘာလေးတွေတော့ ထည့်ပေးနေရအုံးမှာပဲ၊ ခင်ဗျားရှုံးပေမယ့် ညစာတော့ မကျွေးပါနဲ့တော့၊ ခင်ဗျားရဲ့ ဉာဏ်သွားပုံကလေးကို ပူဇော်တဲ့အနေနဲ့ ကျုပ်ကပဲ ကျွေးပါရစေ”

ဦးရွှေဖြုတ်သည် ရှက်ပြုံးပြုံး၍ ထွက်သွားပါ သတည်း။

မြသန်းတင့်

မူရင်း – ရူးမေးနီးယန်း စာရေးဆရာကြီး L. Caragiale ၏ A Reporter

ဇူလိုင်လ၊ ၁၉၆၂