တမာနုချိန်စစ်တမ်း
အ
ညာသား ဖြစ်၍လားမသိ။ ကျွန်တော်သည် နွေဆန်လျှင် အညာကိုလွမ်းတတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့ လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ “ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထွေးလျက်”နေသော စပ်ကူးမပ်ကူးအချိန်ကလေး။
ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှန်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင့်ဆင့်တို့၏ နှစ်ပတ်လည်ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် ထန်းလက်ညိုညိုများကိုရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ သဇင်ကြွင်းက ဖန်ခွက်ထဲမှနောက်ဆုံးနှင်းစက်ကို အငမ်းမရ မော့နေဆဲ။ ကျေးဖိုက ကျေးမ၏မီးနေခန်းနားတွင် တရစ်သီသီ။ နှစ်ပတ်လည်လှေပြိုင်ပွဲဝင်မည့် ယောက်မက ထမနဲအိုးထဲတွင် လှော်တက်လေ့ကျင့်ခန်းဆင်းစ။ အင်ကြင်းနီအပျိုပေါက်က နှုတ်ခမ်းဆိုးဆေးကို မဆိုးတတ်ဆိုးတတ် ဆိုးလျက်။ အပြင်ခန်းသို့ ထွက်သွားသော နေလူပျိုသိုးသည် အတွင်းခန်းသို့ဝင်ရန် အီကွေတာခါးပန်းကို ကျော်နေဆဲ။ ကောင်လေးများက ထရိုက်ဇာဆွယ်တာပါးပါး လှလှကလေးများကိုခေါက်သိမ်း၍ ပရုတ်လုံးထည့်လျက်။ ပက်ကြားအက်နေသော အပျိုမလေး၏ပါးပြင်တွင် ဂလစ်ဆရင်းအလှဆီပြယ်ကာစ။ တစ်နှစ်လုံးအလေလိုက်နေသော မာဃကြယ်သည် အချစ်ဦးစန္ဒာကို မျက်နှာငယ်ကလေးဖြင့် ပြန်ကပ်ချိန်။ ကောက်လှိုင်းစည်းက သူ့စင်ပေါ်တက်ခွေပြီး သူ့တလင်းကိုလွမ်းလွမ်းဆွေးဆွေးကြည့်လျက်။ ကျောင်းပြေးက မှတ်စုစာအုပ်ငှားပြီး စိန္တိတကထာ(၄၇)ကို ပုံဆွဲတုန်း။ ညားကာစဇနီးမောင်နှံ စိတ်ကောက်ပြီး သူတို့ခုတင်ပေါ်မှဆင်းသွားသော အချမ်းဓာတ်ကို အိပ်ခန်းထဲတွင်လိုက်ရှာနေစဉ်။ ပြက္ခဒိန်ဟောင်းက ဘော်တယ်ကုလား၏ ဂုန်နီအိတ်ထဲတွင်လိုက်သွားပြီး တစ်ရွက်လှန်ထားသောပြက္ခဒိန်သစ်က နံရံပေါ်တွင် အပြုံးလဲ့လဲ့။ ပြင်ဦးလွင်မြို့မှ ဆင်းလာကာစ စထရော်ဘယ်ရီသီးက ထင်းရှုးသေတ္တာကြားထဲမှနေပြီး ရေခဲသေတ္တာထဲကနို့စိမ်းဘူးကို စောင့်ကြည့်နေဆဲ။ တမာပင်က ဝစ်လစ်စလစ်ချွတ်ချလိုက်ပြီး မလုံ့တလုံရွက်နုကို ခြုံနေဆဲ။ ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူးအညာကို လွမ်းနေသည်။
နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော်လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည် ထင်သည်။ အညာသားက အညာကိုလွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်း ခေါ်နိုင်လိမ့်မည်ထင်ပါ၏။ ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော်မပြောတတ်။ ကျွန်တော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ။ အညာနွေ၏အလင်္ကာ။ တစ်နှစ်၌ ကျွန်တော်သည် နွေဦးပေါက်ခါစ တပို့တွဲလဆန်းတွင် အညာသို့ပြန်ရောက်သွားသည်။ ချမ်းမြညနှင့် ပူအိုက်နေ့ကို တစ်လှည့်စီကြုံရသည်။ သို့ရာတွင် တပို့တွဲညများသည် ခိုက်ခိုက်တုန်အောင်လည်း မချမ်းတော့။ တပို့တွဲနေများသည်လည်း ပူလောင်လောင်မဖြစ်သေး။ နေလို့ကောင်းရုံ၊ လမ်းလျှောက်လို့ကောင်းရုံ၊ အိပ်လို့ကောင်းရုံ၊ စားလို့ကောင်းရုံသာဖြစ်သည်။
ကျွန်တော်ရောက်နေစဉ် အမေသည် ကျွန်တော်ကြိုက်တတ်သော အညာဟင်းတစ်ခွက်ကို ချက်ကျွေးသည်။ အခြားမဟုတ်ပါ။ အမဲခြောက်ကို ခရမ်းချဉ်သီးနိုင်နိုင် ငရုတ်သီးနိုင်နိုင်ထည့်၍ ဆီးသီးဖြင့်ချက်သော စပ်ချဉ်ဟင်းဖြစ်ပါသည်။ အမေသည် ထိုဟင်းနှင့်လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်း ပြင်ဆင်ပါသည်။ ထိုအတို့မှာ တမာရွက်ဖြစ်ပါသည်။ တမာချဉ်ဟု ရန်ကုန်ကခေါ်သော ကုလားတမာရွက်ကြမ်းများကို မန်ကျည်းသီးဖြင့်ပြုတ်ထားသည့် အရာမျိုးမဟုတ်။ မြန်မာတမာ၊ တောတမာဟုခေါ်ကြသော တမာရွက်နုနုကလေးများကို အခါးပေါ့အောင် ရေနွေးဖြင့်ဖျောထားသည့်တမာရွက်တို့ ဖြစ်ပါသည်။ တမာတွေ ဘယ်နှစ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ ရေတမာ၊ ကုလားတမာ၊ တောင်တမာ၊ သင်္ဘောတမာ၊ တောတမာ၊ မြန်မာတမာ စသဖြင့်အမျိုးမျိုးခေါ်ကြပါသည်။ အညာတွင်မူ တမာရွက်တို့စားလျှင် မြန်မာတမာခေါ် တောတမာကိုသာ တို့စားတတ်ကြသည်။ အခြားတမာများကိုမူ တို့စားခြင်းမရှိပါ။ ရန်ကုန်တွင်ဖြစ်စေ၊ အောက်အရပ်တွင်ဖြစ်စေ ကျွန်တော် ရောက်လေရာရာတွင် တမာပင်ကိုလိုက်ရှာတတ်ပါသည်။ သို့ရာတွင် ဆယ်ပင်လျှင် တစ်ပင်မျှပင် တမာကို မတွေ့ရပါ။ တမာသည် အပူပိုင်းတွင်သာပေါက်သည့်အပင်ဖြစ်သောကြောင်း ရှားပါးနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အညာတွင်မူ တမာပင်ကို ရှောင်၍မလွတ်ပါ။ ကျွန်တော်တို့မြို့အဝင်တွင် အင်္ဂလိပ်လက်ထက်ကစိုက်ထားခဲ့သော တမာတန်းရှိပါသည်။ ပခုက္ကူသို့အထွက် ပေတစ်ရာလမ်းတစ်လျှောက်တွင် တမာပင်တွေကိုချည်း တန်းစီစိုက်ထားသည်။ တော်တော်နှင့်မဆုံးနိုင်။ နှစ်မိုင်သုံးမိုင်လောက်တော့ ရှိမည်ထင်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့တစ်တွေကျောင်းပြေးလျှင်လည်း တမာတန်းကိုပြေးကြသည်။ တမာသီးတွေလှိုင်လှိုင်ပေါသည့် ကဆုန်နယုန်သို့ရောက်လျှင် တမာပင်တွေပေါ်တက်ပြီး တမာသီးတွေကိုခူးကာ စစ်တိုက်တမ်းကစားကြသည်။ တမာသီးကလည်း ပေါသလားမမေးနှင့်။ တစ်ပင်တစ်ပင်ကို တင်းပေါင်းဆယ်ရာချီ၍ရသည်။ စက်မှုလုပ်ငန်းသာဖွံ့ဖြိုးလျှင် အညာကတမာပင်များသည် အလွန်အဖိုးတန်သော ဓာတုဗေဒကုန်ကြမ်း ပစ္စည်းများဖြစ်လာပေလိမ့်မည်။ သင်္ကြန်ကျခါနီးသည်နှင့် တမာပန်းတွေပွင့်ကြလေပြီ။ တမာရနံ့သည် နည်းနည်းတော့ရိုင်းသည်ဟု ကျွန်တော် ထင်သည်။ သို့ရာတွင် နံစော်သောပန်းဟူ၍ လောကတွင်မရှိ။ ထို့ကြောင့် တမာပန်းရနံ့သည်လည်း ရိုင်းသည့်တိုင် မွှေးမြဲတော့မွှေးပါသည်။
အတာအိုးထိုးလျှင် အမေက တမာခူးခိုင်းလေ့ရှိသည်ကို ကျွန်တော်သတိရမိပါသည်။
ကျွန်တော်တို့မြို့က တမာတန်းဘေးတွင် ခံပင်၊ ခံစပ်ပင်တွေပေါက်နေသည့်တောင်ကုန်းကလေးတွေရှိသည်။ ထိုတောင်ကုန်းကလေးများ ပေါ်က ခံစပ်ချုံလေးများတွင် စွေးတို့၊ ဗွတ်ဖင်နီတို့၊ ဗွတ်ကလုံတို့ စသည့်ငှက်ကလေးတွေ နေတတ်ကြသည်။ ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင်အသိုက်မလုပ်ဘဲ ပင်နိမ့်ကလေးများတွင်အသိုက်လုပ်တတ်ကြပါသည်။ တမာတန်းက တမာပင်တွေမှာ စစ်တိုက်တမ်း ကစားပြီးသည်နှင့် ကျွန်တော်တို့သည် ခံစပ်ကုန်းသို့သွား၍ ဗွတ်ဖင်နီကလေးများ၊ ဗွတ်ကလုံကလေးများကို ဖမ်းတတ်ကြသည်။ ဗွတ်ကလုံ ဗွတ်ဖင်နီတို့ဥချိန်မှာလည်း တပို့တွဲလ ဖြစ်သည်။ ကျွန်တော်သည် တစ်ခါတွင် ဗွတ်ကလုံတစ်ကောင်ကိုမိလာခဲ့ပါသည်။ အသိုက်ထဲတွင် ဥဥနေစဉ် ဖမ်းလာခဲ့ခြင်းဖြစ်ပါသည်။ ဗွတ်ကလုံသည် တေးဆိုသောငှက်မျိုးဖြစ်၍ အင်္ဂလိပ်လိုက Bulbul ဟု ခေါ်ကြပါသည်။ ကျွန်တော် ဖမ်းလာသည့် ဗွတ်ကလုံငှက်မကလေးမှာ အိမ်ရောက်၍ လှောင်အိမ်ထဲထည့်ထားလိုက်သောအခါတွင် တေးဆိုခြင်းမပြုတော့ပါ။ မကြာမီ သေသွားပါသည်။ သစ်သီးဝလံ စသည်တို့ကို ကျွေးသော်လည်း ကောင်းစွာမစားတော့ပါ။ လွတ်လပ်မှုကိုဆုံးရှုံးပြီး သဘာဝမကျစွာဖြင့် နေရသဖြင့် စိတ်ညစ်ပြီးသေသွားဟန်တူပါသည်။
ကျွန်တော်တို့မြို့အဝင်က တမာတန်းနှင့်ပတ်သက်၍ ကျွန်တော့်တွင်သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲ ဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း (၈)ရက်နေ့လောက်စပြီး ကဆုန်လပြည့်အထိ ကျင်းပတတ်သည်။ ရွှေမြင်တင် ဘုရားဈေးပွဲကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်းရောက်နေကြသည်။ ဘုရားပွဲဈေးမစခင်ကတည်းက တောကလာသည့်ဈေးသည်တွေ ပြည့်နေလေပြီ။ ထိုဈေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆန်၊ ကြိမ် စသည့် လယ်ယာနှင့်သစ်တောထွက်ပစ္စည်းတွေ ပါလာတတ်သည်။ မြို့ကလာသည့် ဈေးလှည်းများမှာ အထည်အလိပ်၊ အလှကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ်အလှကုန်ပစ္စည်း၊ ငါးပိ၊ ငါးခြောက် စသည့် ကုန်ခြောက်ပစ္စည်းများပါလာတတ်သည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပါသည်။ စက်မှုလုပ်ငန်း အသေးစားနှင့်လယ်ယာတို့ ဈေးကွက်ပြိုင်ရာလည်းဖြစ်သည်။
နောက်သတိရနေသေးသည့်ရှုခင်းမှာ တမာတန်းနားက တမာပင်တစ်ပင်ပေါ်တွင် မိန်းကလေးတစ်ဦး ကြိုးဆွဲချ၍ သေနေသည့်ရုပ်ပုံဖြစ်သည်။ ထိုမိန်းကလေး၏အမည်ကို ကျွန်တော်မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက်(၁၈)နှစ်၊(၁၉)နှစ် အရွယ်။ မိန်းကလေးသည် အရှက်ထက် အသက်ကိုမငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အရှက်ကို ထိန်းသိမ်းပုံမှာ အံ့သြလောက် ပါသည်။ မိန်းကလေးသည် သေပြီးသည်၏ အခြားမဲ့မှာပင် သူ့အရှက်ကိုထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးကထဘီကို သေသေသပ်သပ်စည်းသွားခဲ့သည်။ လောကတွင် လူအမျိုးမျိုး ရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော်လည်း အရှက်မရှိကြပါ။ အချို့မှာ အသက်ရှင်လျက်ရှိစဉ်တွင်သာ အရှက်ရှိပြီး သေသည်နှင့် အရှက်ကိုပါ ခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက် ချီးကျူးဖို့ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာအကောင်းဆုံးမှာ အသက်ရှင်လျက်ရှိစဉ်မှာရော သေသည်၏အခြားမဲ့မှာရော မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏အရှက်ကိုထိန်းသိမ်းသွားကြသော လူမျိုးဖြစ်ပါသည်။ တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျိုသည် အပေါ်ယံရွှေမှုန်ကြဲအထဲက နောက်ချေးခံထားသူ လူကြီးလူကောင်းအမည်ခံတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်။
တမာတန်းကို လွမ်းစရာ ကျန်သေးသည်။ ငယ်ငယ်(၇)နှစ်သားလောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှ ထွက်ပြေးခဲ့ဖူးပါသည်။ အိမ် ထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့် ထွက်ပြေးကြခြင်း ဖြစ်ပါသည်။ ထိုနေ့က မိုးဖွဲကလေးတွေ ကျနေပါသည်။ တမာပန်းနုတွေကလည်း သင်းနေပါသည်။ ကျွန်တော်သည် တမာတန်းကို အဆုံးအထိမရောက်ဖူးသေးပါ။ သုံးလေးမိုင်ဝေးသဖြင့် မရောက်ဖူးသေးခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် တမာတန်းကို အဆုံးအထိသွားကြည့်ချင်လာပါသည်။ တမာပန်းနုက ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းနေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့်အထင်တွင် ပခုက္ကူရောက်သည်အထိ တမာပင်တွေကို တန်းစီပေါက်လိမ့်မည်ဟု ထင်နေပါသည်။ ထိုတမာတန်းတစ်လျှောက်ကို ကျွန်တော်သွားကြည့်ချင်နေပါသည်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တမာတန်း ပေတစ်ရာအတိုင်းလျှောက်လာခဲ့ကြပါသည်။ လမ်းတွင် ခွဖြင့် ငှက်ပစ်လိုက်၊ ရေအိုင်တွေ့လျှင် ဝင်ဆော့လိုက်ဖြင့်။ သို့ရာတွင် လေးမိုင်လောက်လျှောက်မိသည့်အခါ တမာတန်းသည် ဆုံးသွားပါသည်။ ရှေ့တွင် တမာပင်တွေ မရှိတော့ပါ။ ဤတွင် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သည်လိုတမာတန်းများ လမ်းတစ်လျှောက်တွင်ရှိရဦးမည်ဟု တွေးကာ တမာတန်းရှာပုံတော် ဆက်လက် ထွက်ခဲ့ကြပါသည်။ ဆယ့်ငါးမိုင်လောက်ရောက်သည်အထိ တမာတန်းကို မတွေ့တော့ပါ။ ဤတွင် ကျွန်တော်တို့ ကြောက်လာပြီး အားငယ်လာကြပါသည်။ ထိုစဉ်က ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်မှ လှည်းနှစ်စီးပေါ်လာပြီး လှည်းပေါ်မှ လူကြီးတစ်ယောက် ဆင်းလာပါသည်။ ထိုလူကြီးမှာ ကျွန်တော်တို့အိမ်နီးနားချင်း လက်ဖက်ကုန်သည် တစ်ယောက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ (၇) နှစ်အရွယ်ကလေးနှစ်ယောက်ကို လူသွားလူလာပြတ်သည့် ပေတစ်ရာကြီးပေါ်တွင် မြို့မှ ဆယ့်ငါးမိုင်ခရီးအကွာ၌ တွေ့ရသည့်အခါ အံ့အားသင့်နေပါသည်။ သူက အကျိုးအကြောင်းကိုမေးသည့်အခါတွင် ကျွန်တော်တို့ကောင်းကောင်းမဖြေနိုင်ပါ။ ဤတွင် သူရိပ်မိလိုက်ပါပြီ။ သူသည် လမ်းဘေး နဘူးချုံမှ ကြိမ်တစ်ချောင်းကိုချိုး၍ ကျွန်တော်တို့နှစ်ယောက်ကို တစ်ချက်စီရိုက်ပြီး လှည်းပေါ်သို့အတက်ခိုင်းပါသည်။ သည်အရွယ်မှာ အိမ်ပြေးရသလောဟုဆိုကာ တော်တော်လည်းစိတ်ဆိုးနေဟန်တူပါသည်။ ညနေပိုင်း အိမ်သို့ပြန်ရောက်သည့်အခါတွင် တစ်မြို့လုံးလိုက်ရှာပြီး မတွေ့သဖြင့် လူပျောက်မှုဖြင့် ဂါတ်တိုင်ထားပါသည်။ လက်ဖက်ကုန်သည်က အိမ်သို့သွားအပ်သည့်အခါတွင် အဖေသည် စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်ကို တိုင်တွင်ကြိုးတုပ်ပြီး ရိုက်ပါသည်။ ကျွန်တော်သည် နောက်ကြီးပြင်းလာသောအခါတွင် အိမ်မှ နှစ်ခါလောက်ထွက်ပြေးဖူးပါသေးသည်။ တမာတန်းကပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီးသည်အထိ ပါလာသလားမဆိုနိုင်ပါ။
တမာတန်းနှင့်ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာကျန်သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရသော ကျွန်တော်တို့ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကိုတင်ဦး၏ သင်္ချိုင်းရှိသောကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့် ဆယ်မိုင်ခန့်ဝေးသောရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်းဝတွင်ဒူးထောက်ခိုင်းပြီး ဓားဖြင့်ခုတ်သတ်လိုက် ပါသည်။ သူ့အလောင်းကို ထိုရွာအနီးကကျင်းထဲတွင် ဂျပန်က မြှုပ်ပစ်ခဲ့ပါသည်။ စစ်ကြီးပြီးသွား၍ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့သော အခါတွင် ကျွန်တော်တို့သည် ကိုတင်ဦး၏အရိုးကိုသွား၍ဖော်ကာ မီးသဂြိုဟ်ပြီး တမာတန်းဘေးက ခံစပ်ကုန်း တောင်ကမူကလေးပေါ်တွင် အုတ်ဂူကလေးတစ်ခု လုပ်ကြပါသည်။ ထိုစဉ်က မြို့ပိုင်နှင့် အင်္ဂလိပ်အလိုတော်ရိလူကြီးမင်းများက မြို့ထိပ်တွင် သင်္ချိုင်းဂူလုပ်ရမည်လောဟု ဆိုကာ ကန့်ကွက်တားမြစ်ခဲ့ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့လူငယ်များသည် သူတို့တားမြစ်ချက်ကိုဖီဆန်ကာ ကိုတင်ဦး၏အရိုးပြာများ ကို ထိုတောင်ကမူကလေးပေါ်တွင် ဂူသွင်းကြပါသည်။
ထိုတစ်ခေါက် အညာသို့ရောက်စဉ် ကျွန်တော်သည် ရေနွေးကြမ်းနှင့် အမဲခြောက်ဖုတ်ကို စာအုပ်နှင့်တွဲဖက်မြည်းရင်း အိမ်နောက်က တမာပင်ကလေးကို ကြည့်နေမိပါသည်။ အမေက အမဲခြောက်စပ်ချဉ်ဟင်း၊ တမာရွက်တို့ဖြင့်ကျွေးသဖြင့် တမာတန်းကိုသတိရကာ တမာပင်ကလေးကို မော့ကြည့်မိလိုက်ဖြင်းဖြစ်ပါသည်။ တမာရွက်တွေကြွေနေသည်မှာ သုံးလေးရက်ရှိပါပြီ။ ရိုးတံပြိုင်းပြိုင်းဖြစ်နေသော တမာပင်ကိုကြည့်၍ ကျွန်တော် နွေလွမ်းဝေဒနာဝင်လာပါသည်။ သည်နေ့မော့ကြည့်လိုက်တော့ နှစ်ရက်သုံးရက်ခန့် ရိုးတံပြိုင်းပြိုင်း ဖြစ်နေသော တမာပင်ကလေးတွင် ရွက်နုတွေထွက်နေသည်ကို ကျွန်တော် မြင်နေပါသည်။ ပြက္ခဒိန်ကိုမော့ကြည့်လိုက်တော့ ဖေဖော်ဝါရီ (၂၄) ရက်။ ကျွန်တော်သည် နေ့စဉ်မှတ်တမ်းစာအုပ်ကို ထယူကာ အိမ်နောက်ဖေးက တမာပင်ကလေး ရွက်နုတွေစထွက်တဲ့နေ့ဟု မှတ်ထား လိုက်ပါသည်။ အခြားသောတမာပင်များကို ကြည့်လိုက်တော့လည်း ရွက်နုတွေဆင်စပြုနေပါသည်။ တမာပင်တို့သည် တပို့တွဲလ ပြည့်ကာနီးနှင့် လပြည့်ကျော်တို့တွင် ရွက်နုဆင်သည်ကို ကျွန်တော်တွေ့ရပါသည်။
ရှေးစာဆိုတို့က တမာကို မကောင်းသည့်ဘက်တွင် ဥပမာတင်စား၍သုံးခဲ့ကြပါသည်။ တမာလို မခါးနဲ့၊ ပျားလိုချိုဟု ပြောကြပါသည်။ တမာရောယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ဟု ဆိုကြပါသည်။ သို့ရာတွင် ယင်းမှာ တစ်ဖက်သတ်ကျသော နိဂုံးချုပ်နည်းဟုထင်ပါသည်။ တမာသည် အဆင်းမလှသော်လည်း အရိပ်ကိုပေးပါသည်။ တမာပန်းရနံ့သည် ရိုင်းသော်လည်း မွှေးမြဲ မွှေးပါသည်။ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်း ရွက်နုထွက်ပါသည်။ တမာသည် ခါးသည်ဟုဆိုသော်လည်း ခံတွင်းမြိန်စေပါသည်။ နောက်ပိုင်းတွင်မူ ကဗျာဆရာတို့က တမာပန်းကို ဖွဲ့လာကြပါသည်။ တမာသည် အညာ၏ပုံရိပ်ဖြစ်လာပါသည်။ ချိုပြုံးက “တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ”ဟု တမာကို လွမ်းတစွာညည်းပါသည်။
တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက်ဖြစ်ပါသည်။ ကျွန်တော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်းဖြစ်ပါသည်။
မြသန်းတင့်
၁၉၈၉